Show contents

(ဃ)

အဲဒီအခိုက်အတန့်မှာ ကျွန်တော်က နှစ်ပေါင်း ၆၀ လောက် အိုမင်းနေပြီဖြစ်တဲ့ ဆေးဖယောင်းလုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတယ်။ ဒေါ်ချိုမာရဲ့ သတင်းခိုးထုတ်တဲ့ နည်းပရိယာယ်ရဲ့ ထူးခြားဆန်းကြယ်မှုနဲ့ အသုံးတည့်မှုကို မအံ့ဩဘဲ မနေနိုင်လောက်အောင် ဖြစ်နေရတယ်။ ဖယောင်းခွံက မမာလွန်း မပျော့လွန်း ဆိုပေမယ့် ပြီးစလွယ် လုပ်တတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ လက်ညှိုးနဲ့လက်မကြား ထည့်ပြီး ညှစ်လိုက်ရုံနဲ့ ကျိုးကျေသွားနိုင်တယ်။ ဒါပေမယ့် ဖယောင်းခွံက အလယ်တည့်တည့်မှာ ဆက်ရာပါတော့ လက်သည်းနဲ့ ထိုးခွဲလိုက်ရင် ပုံမပျက်ဘဲ နှစ်ခြမ်းခွဲသွားလိမ့်မယ်။ ဒါဆို ဆေးလုံးကို ထုတ်ယူပြီးတဲ့နောက်မှာ ဖယောင်းခွံရဲ့ အခြမ်းနှစ်ခြမ်းကို ပြန်ကပ်ထားလိုက်ရင် မူလပုံပန်းသဏ္ဌာန်အတိုင်း ပုံမပျက်ဘဲ ဂေါ်လီလုံးပုံ ရှိနေတုန်းပဲ။ အဆင်ပြေလို့ အပူနည်းနည်း ပေးနိုင်မယ်ဆိုရင် အခြမ်းနှစ်ခြမ်းက ပြန်ဆက်သွားလို့ ပိုလို့တောင် အဆင်ပြေသွားတယ်။ ပြီးတော့ မိုးလည်း လုံသေးတယ်လေ။ တစ်ခုခု ဖွက်ထား၊ ထည့်ထားဖို့ အတော်ကို အဆင်ပြေတယ်။ နောက်ပြီး လိပ်ကြီးအတွက်လည်း ပစ္စည်းယူရတာ နည်းနည်းလေးမှ အခက်အခဲ မရှိနိုင်ဘူး။ အရေးပေါ်သတင်း ဖြစ်တဲ့အတွက်ကြောင့် ပစ္စည်းကို မြန်နိုင်သမျှ အမြန်ဆုံး ရအောင် ယူရမှာ မဟုတ်လား။ သတင်းကို အမှိုက်ပုံးထဲ ပစ်ထည့်ထားတာကတော့ အဆင်မပြေလှဘူး။ အမှိုက်ပုံးကို အချိန်မရွေး သွားသိမ်းလို့မှ မရတာ။ ဒါပေမယ့် အမှိုက်ကိုတော့ အချိန်မရွေး သွားပစ်နိုင်တယ်လေ။

လိပ်ကြီးရဲ့ နေ့စဉ်တာဝန်တစ်ခုက အလုပ်ချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ လမ်းပေါ်ကို မကြာမကြာ သွားကြည့်ပေးရတယ်။ တွေးကြည့်လို့ ရနိုင်ပါတယ်။ တကယ်လို့သာ လမ်းပေါ်မှာ ဖယောင်းခွံတစ်ခု တွေ့မြင်ရပြီဆိုရင် သူက အမှိုက်တချို့ကို သိမ်းပြုပြီး အမှိုက်ပုံးမှာ သွားပစ်လိမ့်မယ်။ ပြီးတော့ အမှိုက်ပုံးရဲ့ ဘေးနားမှာ ချိုမာပစ်ထားတဲ့ (သတင်းပါတဲ့) ဖယောင်းခွံကို မသိလိုက် မသိဖာသာ ကောက်ယူသွားမယ်။ အဲဒီအရေးကြီးသတင်းကို ယူပြီးပြီ ဆိုတာနဲ့ လိပ်ကြီးက ငန်းကြီးကို ချက်ချင်း သွားရှာလိမ့်မယ်။ သို့တည်းမဟုတ် အဖွဲ့ဆီကို တိုက်ရိုက် ဖုန်းဆက်ချင် ဆက်လိမ့်မယ်။ ကျားကြီးကို အမြန်ဆုံး ဆက်သွယ်နိုင်မယ့် နည်းလမ်းကို သုံးမှာပဲ။ အရေးပေါ်ကိစ္စကို အရေးပေါ် ဖြေရှင်းကိုင်တွယ်ဖို့ လိုလာပြီကိုး။

တကူးတက ရှင်းပြနေဖို့ လိုမယ် မထင်ဘူး။ လမ်းဝမှာ မြသန္တာ မြင်လိုက်ရတဲ့ ချိုမာပစ်လိုက်တဲ့ ဖယောင်းခွံနှစ်ခုက တကယ်တော့ လိပ်ကြီးအတွက် ချပေးထားတဲ့ အချက်ပြသင်္ကေတ တစ်ခုပဲ။ ပေးစရာ ရှိတယ်လို့ လိပ်ကြီးကို အကြောင်းကြားတာ။ အမှိုက်ပုံးမှာ ပစ္စည်းသွားယူဖို့ လိပ်ကြီးကို အကြောင်းကြားတာ။ အဲဒီအချိန်တုန်းက မြသန္တာက အဲဒါတွေကို ဂရုစိုက်နေနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး သူတို့ လမ်းနည်းနည်း ဆက်လျှောက်ပြီးတော့ ချိုမာက ဘွတ်ဖိနပ်ကြိုး ပြေချင်ယောင်ဆောင်ပြီး အမှိုက်ပုံးတစ်ပုံးရဲ့ အနားကို တမင် ချဉ်းကပ်သွားခဲ့တာကိုလည်း မြသန္တာက အရေးတယူ စိတ်မဝင်စားခဲ့ဘူး။ ချိုမာက သူ့ခြေထောက်ကို အမှိုက်ပုံးပေါ်တင်ပြီး ဖိနပ်ကြိုးကို စိမ်ပြေနပြေ ပြန်ချည်နေခဲ့တယ်။ အဲဒီလုပ်ရပ်က မြသန္တာအတွက်တော့ ဘာမှ ထူးခြားမနေဘူး မဟုတ်လား။

“ဘာထူးခြားလို့လဲ” အဖွားအိုက ကိုယ့်ဖာသာမေးပြီး ကိုယ့်ဖာသာပဲ ပြန်ဖြေလိုက်တယ်။ “သူက နေမကောင်းနေဘူး မဟုတ်လား။ ဒီတော့ အမှိုက်ပုံးတစ်ပုံးရှာပြီး ခြေထောက်တင်လိုက်တော့ ခါးကိုင်းစရာ မလိုတော့ဘူးပေါ့။ အင်မတန် ရိုးစင်းတဲ့ကိစ္စပဲ။ ဒီတော့ အဲဒီကိစ္စမှာ မဟာလျှို့ဝှက်ချက်ကြီး ရှိနေလိမ့်မယ်လို့ ငါ နည်းနည်းမှ တွေးထင်မထားခဲ့ဘူး”

ဒါကြောင့် ချိုမာက တခဏ ရပ်တန့်ပြီး ဖိနပ်ကြိုး ချည်နေတာကို မြသန္တာက အလေးဂရု ပြုမနေခဲ့ဘူး။ သူ့ဟာသူ သွားစရာ ရှိတာ ဆက်သွားနေတယ်။ နောက်တော့ သူက ချိုမာကို လှည့်ကြည့်တယ်။ ဒါကလည်း သူ့ကို သံသယရှိနေလို့ အလစ်ဖမ်းပြီး ငဲ့ကြည့်တဲ့ သဘောမျိုး မဟုတ်ဘူး။ ဒီအတိုင်းပဲ စိတ်ထဲပေါ်လာလို့ သာမန်ကာလျှံကာ လှမ်းကြည့်ရုံသက်သက်ပါပဲ။

ဒါပေမယ့် အဲဒီလို သာမန်ကာလျှံကာ လှမ်းကြည့်လိုက်တဲ့ အကြည့်တစ်ချက်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ချိုမာရဲ့ လျှို့ဝှက်ချက်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်သွားစေခဲ့တယ်။

“သူ့လက်ထဲကနေ ဖယောင်းခွံတစ်ခု ထွက်ကျသွားတာကို ငါ အခန့်သင့် မြင်လိုက်ရတယ်။ ဖယောင်းခွံက သူ့လက်ထဲကနေ ထွက်ပြီး အမှိုက်ပုံးနားကို လှိမ့်သွားတယ်” အဖွားအိုက ကျွန်တော်ကို စိတ်အားတက်ကြွစွာ ပြောတယ်။ “သူ့လုပ်ပုံက အင်မတန်မှ ပညာသားပါတယ်။ အဲဒီဖယောင်းလုံးကို တကူးတက ပစ်ချလိုက်တာ မဟုတ်ဘူး။ ဖိနပ်ကြိုးကို ချည်နေရင်းနဲ့မှ ပစ်ချလိုက်တာ။ မတော်တဆ ပြုတ်ကျသွားသလိုမျိုးပဲ”

ချိုမာရဲ့ လက်ထဲမှာ အစောကြီးကတည်းက အဲဒီဖယောင်းလုံးကို ကိုင်ဆုပ်ထားလိမ့်မယ်လို့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ ဖိနပ်ချည်နေတဲ့အချိန်မှာပဲ လက်ဖဝါးကို ဖြေလျှော့လိုက်ပြီး ဖယောင်းလုံးကို သူ့အလိုအလျောက် အမှိုက်ပုံးနား လှိမ့်သွားစေခဲ့တာပေါ့။

အဖွားအိုက ပြောတယ်။ “ငါ တွေ့လိုက်ရတာက အဲဒီအခိုက်အတန့်လေးပဲ။ တစ်စက္ကန့်လောက်ပဲ ရှိမယ်”

အဲဒီ အခိုက်အတန့်အတွင်း၊ တစ်စက္ကန့်အတွင်းမှာပဲ ချိုမာက မြသန္တာရဲ့ ယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။

“အရမ်းကို ထူးဆန်းလွန်းနေတယ်လေ” အဖွားအိုရဲ့ မျက်နှာမှာ မကျေနပ်တဲ့ အမူအရာက အထင်းသား ပေါ်လွင်နေတယ်။ “ဖယောင်းလုံးက ဘယ်နှလုံး ရှိတာမှတ်လို့။ ဘာဖြစ်လို့ တစ်ပြိုင်တည်း မပစ်လိုက်ရတာလဲ။ နှစ်ခါကြီးများတောင် ခွဲပစ်နေလိုက်သေးတယ်။ ပြီးတော့ ဒီတစ်ခေါက်က ငါ့ကို မမြင်စေချင်မှန်း သိသားလွန်းနေတယ်”

မမြင်စေချင်ကာမှ အတင်း ဖြဲကြည့်တတ်တာက လူ့သဘာဝပဲ မဟုတ်လား။ တိုက်ထဲကို ပြန်ရောက်သွားကြတော့ မြသန္တာက အခန်းသော့ကို ထမင်းစားဆောင်မှာ ကျန်ခဲ့ပါတယ်လို့ အကြောင်းပြပြီး ထမင်းစားဆောင်ဘက်ကို ပြန်ထွက်လာခဲ့တယ်။ အဲဒီလို သွားတဲ့အချိန်မှာပဲ အဲဒီ ဖယောင်းခွံ သုံးခုစလုံးကို ပြန်ကောက်လာခဲ့တယ်။ သူက ချက်ချင်း ဖွင့်မကြည့်သေးဘဲ အနောက်တိုက်ကို အရင် ပြန်လာပြီး အခန်းတံခါးကို ဖွင့်လို့ ချိုမာကို အထဲပေးဝင်လိုက်တယ်။ သူကတော့ အိမ်သာရှိရာကို လစ်သွားတယ်။ အဲဒီအချိန်က အတော် မှောင်နေပြီမို့ အိမ်သာထဲမှာလည်း မှောင်နဲ့မဲမဲပဲ။ သူက မီးဖွင့်ပြီး လက်သည်းနဲ့ ဖယောင်းလုံးကို ထိုးခွဲကြည့်လိုက်တယ်။

ပထမတစ်လုံးက အလွတ်။

ဒုတိယတစ်လုံးကလည်း အလွတ်။

တတိယတစ်လုံး (အမှိုက်ပုံးဘေးနားက အလုံး) ကြောင့် သူ ကြက်သေသေသွားတယ်။ အထဲမှာ စာရွက်ပိုင်းတစ်ပိုင်း။ အခုလို ရေးထားတယ်။

အရေးပေါ်။

ဖိုးစီ လာမယ့်ကိစ္စ ပေါက်ကြား။ ငါ့ကိုလည်း သံသယဝင်နေပြီ။ ဒီမှာ အပိတ်ခံထားရတယ်။ အခြေအနေ ထူးခြားတယ်။ တွေ့ဆုံပွဲကို ဖျက်သိမ်းပစ်ပါ။ မြွေပွေး

ဒီလိုနဲ့ ချိုမာရဲ့ လျှို့ဝှက်ချက်က မြသန္တာရဲ့အထံပါးမှာ မွေးကင်းစ ကလေးတစ်ယောက်လို ကိုယ်လုံးတီးနဲ့ ဘွားဘွားကြီး ထွက်ပေါ်လာတယ်။

ဒါပေမယ့် ပိုပြီး ထင်မှတ်မထားတဲ့ ကိစ္စက နောက်မှာ ထပ်ဖြစ်လာတယ်။ မီးရောင်က မှိန်ဖျော့နေတယ် ဆိုပေမယ့် မြသန္တာက ချိုမာရဲ့ ပိုပြီး ကြီးမားတဲ့ လျှို့ဝှက်ချက်ကို သတိထားမိသွားတယ်။ အဲဒီအခါကျမှ ဗိုလ်ကြီးအောင်သူ ဘာကြောင့် အဲဒီလိုဘဝမျိုး ကျရောက်သွားသလဲ ဆိုတာကို မြသန္တာ သဘောပေါက်သွားတော့တယ်။ လက်စသတ်တော့ ချိုမာက သူ့ကို ချောက်ချထားတာကိုး။ ဟိုစာရွက်ပိုင်းလေးကို သူ့ရဲ့ လက်ရေးလက်သားနဲ့ တူအောင် ရေးထားခဲ့တာပဲ ဖြစ်ရမယ်။ ဒါပေမယ့် အခုချိန်မှာ ဗိုလ်ကြီးအောင်သူက တစ်နေရာမှာ အဖမ်းခံထိထားတာ မဟုတ်လား။ သေတောင် သေသွားပြီလား မဆိုနိုင်ဘူး (ဗိုလ်ကြီးအောင်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ချိုမာကို မြွေပွေးဖြစ်ကြောင်း စွပ်စွဲပြစ်တင်ခဲ့တယ်လို့ ဟိဟာရက ချိုမာကို ညာပြောထားတယ်)။ တကယ်လို့သာ အခုချိန်မှာ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို ထပ်သုံးလိုက်ရင် လုံးဝ သဘာဝမကျနိုင်တော့ဘူးလေ။ မြသန္တာက စဉ်းစားကြည့်တယ်။ ဒီတစ်ခါတော့ ချိုမာက သူ့ကိုယ်ပိုင် လက်ရေးကိုပဲ သုံးရတော့မယ် ထင်တယ်။ ဒါပေမယ့် ဒီစာရွက်ပိုင်းပေါ်က စာလုံးတွေက ချိုမာရဲ့ မူပိုင်လက်ရေးနဲ့လည်း တစ်စက်ကလေးမှ တူမနေဘူး။

ဘယ်သူ့လက်ရေးလဲ။

“ငါ့လက်ရေးလေ။ ဘုရားရေ၊ ငါ့မျက်လုံးတွေကိုတောင် ငါ့ဟာငါ မယုံနိုင်တော့လောက်အောင်ပဲ။ သူက ငါ့ကိုတောင် သူ့ဓားစာခံအဖြစ်နဲ့ အသုံးချရက်တယ်” အချိန်ကာလက အဖွားအိုရဲ့ ထိတ်လန့်မှုနဲ့ အမျက်ဒေါသကို မှေးမှိန်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ သူက အတိတ်ကို နောက်တစ်ဖန် ပြန်ရောက်သွားတဲ့အလား ရှူးရှူးရှားရှားနဲ့ အော်ဟစ်ကျိန်းမောင်းနေတယ်။

မြသန္တာက လိပ်ပြာအထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်လို အချိန်တော်တော် ကြာတဲ့အထိ စိတ်နဲ့လူ မကပ်ဘဲ ငူတူတူကြီး ဖြစ်နေခဲ့တယ်။ သူ့အတွက် ရိုက်ချက်က အတော်ပြင်းတယ် မဟုတ်လား။ ကြမ်းပြင်မှာ ငုတ်တုတ်ကလေး ထိုင်ရင်း ကြက်သေသေနေတယ်။ ဘယ်လောက် ကြာသွားတယ်တောင် မပြောတတ်တော့ဘူး။ နောက်ဆုံး ချိုမာက သူ့ကို စိတ်မချလို့ အိမ်သာထဲဝင်ပြီး သူ့ကို လာရှာတော့မှ လွင့်ထွက်သွားတဲ့ လိပ်ပြာက သူ့ဆီ ပြန်ရောက်လာတော့တယ်။ လိပ်ပြာပြန်ကပ်သွားပြီးတဲ့နောက် အသိတရား ပြန်ဝင်လာတဲ့ သူ့အဖို့ သူ့ရင်ထဲက ခံစားချက်ကို စကားလုံးတစ်လုံးနဲ့ပဲ ပုံဖော်လို့ ရလိမ့်မယ်။ မုန်းတယ်။

“သူက အဖွားရဲ့ လက်ရေးကိုပါ ကြိုတင် လေ့ကျင့်ထားခဲ့တာလား” ကျွန်တော် မေးလိုက်တယ်။

“အဲဒီမေးခွန်းကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြေရမယ်ဆိုရင်တော့ မကျင့်ခဲ့လောက်ဘူးလို့ ဖြေရမှာပဲ” အဖွားအိုက ပြောတယ်။ “သူက အဲဒီစာကို ရေးတဲ့အချိန်မှာမှ လျှပ်တစ်ပြက် အတုခိုးပြီး ကောက်ရေးချထားတာ ဖြစ်မယ်။ ဒါကြောင့် ငါ အဲဒီလက်ရေးကို ချက်ချင်း မမှတ်မိဘူး။ ဒါပေမယ့် သူက ငါ့လက်ရေးလက်သားကို အလွတ်နီးပါး ရနေတာပဲ ဥစ္စာ။ ပြီးတော့ ပန်းချီလည်း သင်ထားဖူးတာ ဆိုတော့ ဖျတ်ကနဲ ကောက်ရေးလိုက်ရင်တောင် ငါ့လက်ရေးနဲ့ အတော်အတန် တူအောင် ရေးနိုင်လိမ့်မယ်”

ကျွန်တော်က ပြောတယ်။ “တကယ်လို့သာ အဲဒီစာရွက်က ဟိဟာရရဲ့လက်ထဲ ရောက်သွားခဲ့မယ် ဆိုရင် …”

အဖွားအိုက ကျွန်တော့်စကားကို ဖြတ်ပြောလိုက်တယ်။ “ငါတော့ ဒုက္ခရောက်ပြီပေါ့။ ဟိဟာရက ငါ့ကို သံသယဝင်သွားမှာ သေချာတယ်။ တကယ်လို့သာ ငါ့လက်ရေးနဲ့ လုံးဝချွတ်စွပ် တူနေရင်လည်း အကောင်းသားပဲ။ အခုလို မတူတတူ လက်ရေးမျိုးက ပိုပြီး သံသယဝင်ဖို့ လွယ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေါင်းယောင်ဆောင်တဲ့ကျီးလို ကိုယ့်ရဲ့လက်ရေးကို အများမမြင်အောင် ဖွက်ထားချင်ပါလျက်နဲ့ ဘယ်လိုမှ ဖွက်မရဘဲ ဇာတိပေါ်သလို ဖြစ်နေတာကိုး။ အဲဒီအချိန်တုန်းက ငါ သူ့ကို မုန်းလိုက်တာ။ ငါ့ကို လုပ်ရက်လေခြင်းပေါ့။ ငါ့ရင်ထဲမှာ နုံ့နုံ့ နုံ့နုံ့နဲ့ ခံစားနေရတယ်။ ညီအစ်မတွေ ဘာတွေ လာမပြောနဲ့တော့။ ရင်းနှီးခင်မင်ခဲ့တာတွေလည်း တစ်ခုမှ အမှတ်မရတော့ဘူး။ ငါ သူ့အကြောင်းကို တိုင်ပြောလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်”

ချိုမာက တစ်ခုခု လွဲမှားနေပြီ ဆိုတာကို သတိထားမိသွားတာ ဖြစ်မယ်။ သူက မြသန္တာကို အပြင်ထွက်လို့မရအောင် အပေါက်မှာ ပိတ်ရပ်ပြီး သူ့ကို ဘာဖြစ်နေတာလဲလို့ မရမက မေးတော့မြန်းတော့တာပဲ။

မြသန္တာက သူ့ကို ဆဲဆိုပြီး သူ့ရှေ့ကနေ ထွက်သွားဖို့ အော်ပြောလိုက်တယ်။

“ငါ့ကို မထိနဲ့” မြသန္တာက ချိုမာကို တွန်းဖယ်လိုက်တယ်။ “နင် အဲဒီလောက် ယုတ်မာတာ သွားသေဖို့ပဲ ကောင်းတယ်”

အကြမ်းဖျင်းအားဖြင့် ချိုမာ တွက်ဆလို့ ရသွားတာကြောင့် မြသန္တာကို အတင်းအကျပ် ပွေ့ဖက်ထားပြီး သူ့ကို ထွက်သွားလို့ မရအောင် တားဆီးထားတယ်။ အခန်းထဲမှာ အသံဖမ်းစက် ရှိနေတယ် ဆိုတာကို သူ သိထားတယ်လေ။ အခန်းထဲ ဝင်သွားပြီး မြသန္တာတစ်ယောက် အဲဒီမှာ ငိုယိုသောင်းကျန်းနေရင် ဟိုဘက်တိုက်က အဖြစ်မှန်ကို သိသွားနိုင်တယ် မဟုတ်လား။ သူက အိမ်သာရဲ့ တံခါးဂျက်ကို အတွင်းကနေ အသေပိတ်ပစ်လိုက်တယ်။ ပြီးတော့ ရေပိုက်ခေါင်းကိုလည်း ဖွင့်ပြီး ရေသံတွေနဲ့ တစ်ဝေါဝေါ ဆူညံသွားအောင် လုပ်ပစ်လိုက်တယ်။ အဲဒီအခါကျမှ မြသန္တာကို ဖြစ်ကြောင်းကုန်စင် မေးခွန်းထုတ်နိုင်တော့တယ်။

မြသန္တာက အပြင်ကို ထွက်နိုင်အောင် အတင်း ရုန်းကန်ကြိုးစားနေပေမယ့် ချိုမာကလည်း အလူးအလဲ ခုခံကာကွယ်နေတယ်။ သူတို့နှစ်ယောက်က တွန်းလိုက်ပုတ်လိုက် လူးလိုက်လွန့်လိုက်နဲ့ လုံးထွေးနေကြတယ်။ မြသန္တာက အော်ဖို့ ကြိုးစားပေမယ့် ချိုမာက သူ့ပါးစပ်ကို မရအရ ပိတ်ဆို့ထားတယ်။ ဒေါသတွေက မီးပေါင်တင်ပြီး မြသန္တာရဲ့ ခွန်အားတွေကို အားဖြည့်ပေးနေတယ်။ သို့ပေမယ့် ချိုမာရဲ့လက်ထဲကနေတော့ သူ ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့ဘူး။ တစ်ခဏကြာတော့ သူ ကြမ်းပြင်ပေါ်ကို ပျော့ခွေလို့ ပုံလျက် လဲကျသွားတယ်။ စောစောက လက်ထဲမှာ ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ ဖယောင်းလုံးနဲ့ စာရွက်ပိုင်းလေးကလည်း လက်ထဲကနေ လွတ်ထွက်သွားပြီး စာရွက်ပိုင်းလေးက ချိုမာရဲ့ မျက်စိရှေ့မှာ ဝေ့ကာဝဲကာနဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *