မာတိကာကြည့်ရန်

(ဃ)

ဆာဘိုးလွန်းက ဘယ်လို ပြောခဲ့လို့လဲ။

အဖွားမြသန္တာရဲ့ အတွေးအာရုံတွေက အတိတ်ကို ပျံဝဲသွားကြတယ်။

အဲဒါက ၁၉၄၄ ခုနှစ်ရဲ့ သင်္ကြန်အခါသမယပေါ့။ မြသန္တာနဲ့ ချိုမာတို့က နှစ်ဝက်နီးပါးလောက် တပူးတွဲတွဲ နေလာခဲ့ကြပြီးတဲ့နောက်မှာ ခင်မင်ရင်းနှီးမှုက အထွတ်အထိပ်ကို ရောက်လာပြီး ညီအစ်မတွေအဖြစ်တောင် ခေါ်ဆိုလို့ ရနိုင်လောက်တယ်။ သူတို့နှစ်ယောက်ရဲ့ အကြားမှာ ရှိတဲ့ လက်ပွန်းတတီး ရှိမှုကို အကြောင်းကိစ္စတစ်ခုနဲ့ သက်သေပြနိုင်တယ်။ အဲဒါကတော့ ကိုလွင်ပဲ။

ကိုလွင်က တိုးတက်တဲ့ လူငယ်တစ်ယောက်ပါ။ သူက သုခုမ အနုပညာကို စိတ်ဝင်စားတယ်။ ဒါပေမယ့် ပင်ကိုစိတ်ဓာတ်အရ ဂုဏ်ပကာသနကို မက်မောတယ်။ လူအထင်ကြီး ခံချင်တယ်။ သူ့ရဲ့ သိမ်ငယ်စိတ်ကို ဖုံးဖိကာကွယ်နိုင်ဖို့အတွက် သူက တိုးတက်တဲ့လူငယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး ဂျပန်တပ်တွေထဲမှာ ပျော်တော်ဆက် ဝင်လုပ်ခဲ့တယ်။ ဇာတ်တွေ ဝင်ကခဲ့တယ်။ သူက မြသန္တာရဲ့ ခြေရင်းမှာ ဝပ်ဆင်းသွားတယ် ဆိုတာကလည်း ဂုဏ်ပကာသနကို မက်မောလို့ ဆိုတာ ပြောစရာတောင် လိုမယ် မထင်ဘူး။ သူ့ခမျာ မြသန္တာကို တော်လှန်ရေးသမားပါ၊ အင်္ဂလိပ်သူလျှိုပါလို့ ဘယ်မှာ သိနိုင်ပါ့မလဲ။ ဒါပေမယ့် ဆာဘိုးလွန်းက အမြင်ကျယ်တော့ ကိုလွင်ရဲ့ အသုံးဝင်မှုကို ကောင်းကောင်းကြီး နားလည်သဘောပေါက်တယ်။ ကိုလွင်က ဇာတ်မင်းသားတစ်ယောက်။ လူငယ်အလိုတော်ရိတွေရဲ့ ပြယုဂ်တစ်ခု။ သူနဲ့သာ တပူးတွဲတွဲ လုပ်နေရင် သူနဲ့ တစ်တန်းတစ်စားတည်းလို့ လူတွေက အထင်ရောက်ကြမှာ မဟုတ်လား။ ဒီတော့ သူတို့ သားအဖရဲ့ ဇာတိမှန်ကို ဖုံးဖိထားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ မဟုတ်လား။ ဒါနဲ့ မြသန္တာက ကိုလွင်ကို အီစီကလီ လုပ်လာတော့တယ်။ ဖုန်းဆက်တယ်၊ စာရေးတယ်၊ ချိန်းတွေ့ကြတယ် … သမီးရည်းစားတွေ လုပ်တဲ့ ပုံစံအတိုင်း တစ်ဆင့်ချင်း တက်လှမ်းသွားတာပေါ့။ အဲဒီဇာတ်ထုပ်ကို ပိုင်နိုင်အောင် ကနိုင်ရင် သူ့ရဲ့ ဇာတိမှန်ကို ကာကွယ်တဲ့အပိုင်းမှာ အကူအညီ အများကြီး ရလာနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့ ကာယိန္ဒြေအတွက်တော့ အန္တရာယ်တွေ ရှိလာနိုင်တာပေါ့။ အထူးသဖြင့် ချိန်းတွေ့ကြတဲ့ အဆင့်ကို ရောက်လာပြီဆိုရင် လရောင်ထိန်ထိန်အောက်မှာ ဟိုလူက ခြေဆော့လက်ဆော့ လုပ်လာခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ မဖြစ်ဘူး။ အဖော်တစ်ယောက်တော့ အနားမှာ ရှိနေမှ ဖြစ်မယ်။

ဘယ်သူ့ကို အဖော်ခေါ်မလဲ။

ချိုမာ။

ချိုမာက အချိန်တိုင်းအခါတိုင်း အဖော်ပြုပေးခဲ့တယ်။

အဲဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးမှာ ချိုမာ ဝင်ပါနေပြီ ဆိုကတည်းက သူတို့နှစ်ယောက်ရဲ့ ရင်းနှီးခင်မင်မှုကို မှန်းဆလို့ ရလောက်ပါပြီ။ ဒီလောက်တောင် ရင်းနှီးနေတာပဲ။ အခါကြီးရက်ကြီးတွေမှာ ချိုမာကို တစ်ယောက်တည်း အဆောင်မှာ ပစ်ထားလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲဒီနှစ် သင်္ကြန်အခါက ချိုမာအတွက် သူ့ဘဝမှာ နောက်ဆုံး ကြုံရမယ့် သင်္ကြန်အခါပဲ။ အဲဒီအခါတော်ရက်အတွင်းမှာ သူက ဆာဘိုးလွန်းရဲ့အိမ်မှာပဲ ဖြတ်သန်းကုန်လွန်ခဲ့တယ်။

အခါကြီးရက်ကြီး ရောက်လာပြီဆိုရင် မိသားစု ရှိတဲ့သူက ဘယ်သူမဆို ကိုယ့်မိသားစုကို လွမ်းဆွတ်တမ်းတကြမှာပါပဲ။ ပြီးတော့ လင်မယားရန်ဖြစ်ပြီး အိမ်မပြန်နိုင်ဘူး ဆိုတာကလည်း လုပ်ဇာတ်တစ်ခု ဖြစ်နေလေတော့ ချိုမာတစ်ယောက် အိမ်ကို၊ သူ့မိသားစုကို၊ သူ့သားသမီးကို သတိရ လွမ်းဆွတ်နေမှာပဲပေါ့။ ဒါနဲ့ သူက နှစ်ဆန်းတစ်ရက်မတိုင်ခင် အတက်နေ့မှာပဲ အိမ်ပြန်သွားခဲ့တယ်။ မြသန္တာက သူ့ကို အိမ်ပေါက်ဝအထိ လိုက်ပို့ပေးတယ်။ ပို့ပြီး အိမ်ထဲ ပြန်ဝင်လာတော့ ဆာဘိုးလွန်းက သူ့သမီးကို အေးစက်တဲ့ လေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။

“သမီးရဲ့ မချိုမာက ကွန်မြူနစ်တစ်ယောက် ဖြစ်နိုင်လား။ သမီး ဘယ်လိုထင်လဲ”

စကားက ကြားရသူအဖို့ အထိတ်တလန့်ပဲ။ မြသန္တာက အံ့ဩတကြီးနဲ့ ဘာကြောင့် အဲဒီလို အတွေးမျိုး ပေါ်လာရသလဲလို့ ဖခင်ဖြစ်သူကို မေးလိုက်တယ်။

ဆာဘိုးလွန်းက ပြောတယ်။ “အခု ပဲခူးရိုးမထဲက ရွာတွေမှာ ဂျပန်ကို တော်လှန်ဖို့အတွက် ကွန်မြူနစ်တွေက ရွာသူရွာသားတွေကို တိတ်တဆိတ် စစ်ရေးလေ့ကျင့်ပေးနေကြပြီ။ ဒီတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုက ပဲခူးကနေ စလိမ့်မယ်လို့ ဒယ်ဒီယူဆတယ်။ ဒါကြောင့် ပဲခူးမှာရှိတဲ့ တပ်တွေထဲကို သူတို့ရဲ့ အတွင်းလူတွေ ထည့်မထားဘဲ နေမှာ မဟုတ်ဘူး”

အဲဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ချိုမာမှ ချိုမာ ဖြစ်နေရတာလဲ။

ဆာဘိုးလွန်းက ပြောတယ်။ “သူပဲ ဖြစ်ရမယ်လို့ ဒယ်ဒီ အတပ်ပြောနေတာ မဟုတ်ပါဘူး။ ဒီအတိုင်း တွေးကြည့်ရုံသက်သက်ပါပဲ။ ဒါပေမယ့် သဘောသဘာဝအရ ဝေဖန်သုံးသပ်ကြည့်ရင် ကွန်မြူနစ်တွေက သူတို့လူတွေကို ထည့်မယ်ဆိုပါတော့။ ဒါဆို စစ်ရေးအရ အရေးပါတဲ့ ဌာနတွေထဲပဲ ထည့်မှာ သေချာတယ်။ အဲဒီလို အရေးပါတဲ့ ဌာနက အများကြီး မရှိဘူး။ သမီးတို့ရဲ့ ကြေးနန်းဝှက်စာဌာန၊ ဒါမှမဟုတ် ဦးဟန်ထွန်းရဲ့ ထောက်လှမ်းရေးဌာန၊ ဒါမှမဟုတ် စစ်ဆင်ရေးဌာန၊ ဒါတွေပဲ ရှိတယ်။ အခုချိန်မှာ ဘယ်ဌာနထဲ ထည့်ထားတယ် ဆိုတာကို ဒယ်ဒီတို့ မသိရသေးပေမယ့် တကယ်လို့သာ သမီးတို့ရဲ့ ဌာနထဲမှာ ထည့်ထားခဲ့မယ် ဆိုရင်တော့ ဒယ်ဒီအထင် သမီးရဲ့ မချိုမာက ဖြစ်နိုင်ခြေ အရှိဆုံးပဲ။ သမီးတို့ဌာနထဲက တခြားလူတွေကိုလည်း ဒယ်ဒီ ကြုံခဲ့ဆုံခဲ့ဖူးပြီးသားပဲ။ အဲဒီလူတွေက အဲဒီလိုအလုပ်မျိုး လုပ်နိုင်မှာ မဟုတ်ဘူး”

လက်စသတ်တော့ ဆာဘိုးလွန်းရဲ့ ကောက်ချက်က ဝေဖန်သုံးသပ်လို့ ရလာတာကိုး။ သက်သေပြစရာ ဘာအထောက်အထားမှတော့ မရှိဘူး။ ဒါပေမယ့် အဲဒီသုံးသပ်ချက်က ကြောင်းကျိုးညီညွတ်တယ်လို့လည်း မြသန္တာကိုယ်၌က ယူဆထားတယ်။ သူတို့ဌာနထဲမှာ ရှိတဲ့ တခြားလူတွေက မှန်ရောင်ဟင်းချိုလိုပဲ အောက်ခြေအထိ တိုးယိုပေါက် မြင်နေရတယ်။ ထူးခြားနေတာကတော့ ချိုမာပဲ။ သူတို့နှစ်ယောက်က အင်မတန်မှ ရင်းနှီးခင်မင်တယ်လို့ ဆိုနိုင်ပေမယ့်လည်း မြသန္တာအဖို့ ချိုမာရဲ့ အတွင်းသဘောကို ဘယ်လိုမှ မခန့်မှန်းနိုင်ခဲ့ဘူး။ ဖခင်ရဲ့ အဲဒီစကားပါ ထည့်ပေါင်းလိုက်တော့ သူ့ကို သတိပေးလိုက်သလို ဖြစ်သွားတယ်။ အဲဒီလိုနဲ့ပဲ အဲဒီနှစ် နှစ်သစ်ကူးတဲ့ အခါသမယမှာ မြသန္တာက ချိုမာအပေါ် သံသယစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ ဒါနဲ့ အဲဒီနေ့ကစပြီး သူ့ကို တိတ်တခိုး လေ့လာစုံစမ်းနေခဲ့တော့တယ်။

ဝမ်းနည်းစရာ ကောင်းတဲ့အချက်က အဖွားမြသန္တာ ပြောခဲ့သလိုပဲ။ နေလစံအိမ်ကို မရောက်ခင် နောက်ဆုံးအချိန်ထိ သူ့ရဲ့ လေ့လာစုံစမ်းမှုက ဘာရလဒ်မှ ရမလာခဲ့ဘူး။

အဲဒီနေ့ညနေက ကျွန်တော့်ကို အဖွားအို ပြောတဲ့ နောက်ဆုံးစကားတစ်ခွန်းကတော့ လေးတွဲ့တဲ့ သက်ပြင်းချသံကြီးနဲ့အတူ ထွက်ပေါ်လာတယ်။

“မချိုမာက သူ့ကိုယ်သူ အတော် နက်နက်ရှိုင်းရှိုင်းကို မြှုပ်နှံထားခဲ့တာပဲ”

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *