မာတိကာကြည့်ရန်

(က)

အဖွားမြသန္တာရဲ့ လုံးချင်းတိုက်ကလေးဆီကို နောက်တစ်ကြိမ် ပြန်ရောက်သွားတဲ့အခါ ဧည့်ခန်းထဲက ဖြူဝင်းတောက်ပတဲ့ စကျင်ကျောက်စားပွဲကြီးပေါ်မှာ ရွှံ့စေးနဲ့ လုပ်ထားတဲ့ ရေနွေးခရားအိုးနဲ့ ရေနွေးခွက်တွေ အသင့်ပြင်ထားတာ တွေ့လိုက်ရတယ်။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်ရဲ့ အင်တာဗျူးကို လက်ခံဖြေကြားဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာကို ကျွန်တော် နားလည်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာပေါ်မှာတော့ မနေ့တုန်းက တွေ့ခဲ့ရသလို ဒေါသရဲ့ အရိပ်အငွေ့တွေ ယှက်သန်းနေဆဲပဲ။ ကျွန်တော်ရဲ့ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီစိုးထိတ်မှုကို ဘယ်သို့သောနည်းနဲ့မှ မဖော်ပြမိဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ဒီဇာတ်လမ်းအပေါ်မှာ အမြင်တွေ ရှုထောင့်တွေ သိသိသာသာ ကွဲပြားနေကြတယ်။ ဒါပေမယ့် ဘယ်လောက် ကွဲပြားပါတယ်ပဲပြောပြော၊ ကျွန်တော်က သူ့လို အဲဒီဇာတ်လမ်းထဲမှာ အမှန်တကယ် ပါဝင်ပတ်သက်ခဲ့ရသူမှ မဟုတ်တာပဲ။ သူက ကိုယ်တွေ့ကြုံခဲ့ရသူ၊ ဇာတ်လမ်းရဲ့ ပိုင်ရှင်တစ်ဦး။ ကျွန်တော်က တူးဖော်သူ၊ မှတ်တမ်းတင်သူ။ ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင် သီးခြား စိတ်ဝင်စားမှုတွေကို ဘေးဖယ်ထားပြီး အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့ သာမာန် ဧည့်သည်တစ်ယောက်အဖြစ် သရုပ်ဆောင်သွားဖို့ လိုအပ်လိမ့်မယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကို တကူးတက လာရောက်ရတဲ့ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က ဖြစ်ပျက်ခဲ့တဲ့ ပဟေဠိထဲက ပဟေဠိတွေကို ဖော်ထုတ်နိုင်ဖို့ ဆိုတာကိုတော့ ကျွန်တော် မေ့လို့ မဖြစ်ဘူး။ ကျွန်တော်အဖို့ ရှုထောင့်အသစ်၊ အမြင်အသစ်ကို ရမှ ဖြစ်မယ်။ ကျွန်တော်ရဲ့ ခေါင်းမာတဲ့ စိတ်ဓာတ်ကိုတောင် ကျိတ်ပြီး ကျေးဇူးတင်မိနေတယ်။ လျှို့ဝှက်ချက်အသစ်ကို ဖော်ထုတ်တူးဆွနိုင်ဖို့ရာက ကျွန်တော်ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတယ် မဟုတ်လား။

ကျွန်တော်က လိုရင်းကို တန်းသွားလိုက်တယ်။ “အဖွား၊ သတင်းကို အပြင်ထုတ်ပေးခဲ့တဲ့သူက အဖွားပဲလို့ ပြောခဲ့တယ်နော်။ အဖွား အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ကျွန်တော် သိချင်တယ်”

“မင်း မေးသင့်တာက … ငါ ဘာကြောင့် မချိုမာကို ကူညီခဲ့သလဲ ဆိုတာပဲ” အဖွားအိုက တုံ့ပြန်တယ်။

“ဟုတ်ကဲ့။ ဘာကြောင့်များလဲ”

“ငါက ဂျပန်အလိုတော်ရိ မဟုတ်ဘူး”

“ဒါဆို အဖွားက ဒေါ်ချိုမာရဲ့ ရဲဘော်တစ်ယောက်ပဲလား”

“အဲဒါ ဘယ်ရှုထောင့်ကနေ ကြည့်မလဲ ဆိုတာပေါ် မူတည်တာပေါ့။ ဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်လာရင်တော့ ငါတို့က ရဲဘော်ရဲဖက်တွေပဲ။ ဒါပေမယ့် ဖက်ဆစ်ဂျပန်တွေ မရှိရင်တော့ ငါတို့က ရန်သူတွေ”

ကျွန်တော် နားလည်သဘောပေါက်သွားတယ်။ “အဖွားက အင်္ဂလိပ်လူလား”

သူက ပြုံးလိုက်တယ်။ “အင်း၊ မင်းက အကင်းပါးသားပဲ။ ဟုတ်တယ်။ ငါက အင်္ဂလိပ်အစိုးရက လွှတ်ထားတဲ့ သူလျှိုပဲ”

ကျွန်တော် ချက်ချင်း စဉ်းစားမိသွားတယ်။ သူ့ရဲ့အဖေ၊ အင်မတန်ချမ်းသာတဲ့ သစ်စက်သူဌေးကြီးကလည်း အင်္ဂလိပ်အစိုးရရဲ့ လျှို့ဝှက်သတင်းပေးပဲ ဖြစ်ရပေလိမ့်မယ်။

အမယ်အိုကြီးက ဓာတ်ပုံအယ်ဘမ်ထဲကနေ ဓာတ်ပုံဟောင်းတစ်ပုံ ထုတ်ပြတယ်။ အဖြူအမည်းဓာတ်ပုံက ဆေးရောင်တွေတောင် အတော်လေး လွင့်နေပြီ။ “ဒီဘက်က စလွယ်ကြီးနဲ့ လူကိုသိလား။ ဒေါက်တာဘမော်လေ။ ဂျပန်စစ်တပ်အတွက် ဆန်အိတ် တန် ၁၀၀ လှူလို့ ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံပေါ့။ အဲဒီတုန်းက ဒေါက်တာဘမော်က နိုင်ငံတော်အဓိပတိအနေနဲ့ ရုပ်သေးအစိုးရ စပြီး အုပ်ချုပ်တဲ့အချိန်။ တကယ်တော့ အဲဒီဆန်အိတ်တွေအတွက် ကုန်ကျစရိတ်ကို အင်္ဂလိပ်ထောက်လှမ်းရေးအဖွဲ့က ပေးတာ။ အဖေက နာမည်ခံပေးရုံသက်သက်ပဲ”

ကျွန်တော်က မေးတယ်။ “အဲဒါ ဘယ်နှခုနှစ်လောက်ကလဲ”

အဖွားအိုက အတန်ငယ် တုန်ချိနေတဲ့ သူ့ရဲ့ လက်တစ်ဖက်နဲ့ လက်ကောက်ဝတ်ထက်က ကြက်သွေးရောင် လက်ကောက်ကို ပွတ်သပ်နေတယ်။ နောက်တော့ လက်ညှိုးက တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းအစုံဆီကို ရောက်သွားပြန်တယ်။ ဝေဝါးတဲ့မျက်လုံးအစုံကတော့ အဝေးတစ်နေရာကို ငေးကြည့်လို့။ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က အကြောင်းအရာတွေကို ပြန်လည်ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားနေသလားပဲ။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *