မာတိကာကြည့်ရန်

(ဂ)

ရာစုနှစ်ဝက်တောင် ကုန်လွန်သွားခဲ့ပြီ။ တစ်ချိန်တစ်ခါက ရှိခဲ့ဖူးတဲ့ အလှတရားတွေကို အမယ်အိုကြီးရဲ့ မျက်နှာပေါ်မှာ ဘယ်လိုမှ ဖမ်းဆုပ်လို့ မရနိုင်တော့ဘူး။ ဇရာ၊ ဇရာ။ အိုလာပြီ (၈၅ နှစ်) ဆိုတော့ ရုပ်ကလည်း အသွင်တစ်မျိုးကို ပြောင်းလဲသွားတော့တာပေါ့။ ငွေရောင်လက်နေတဲ့ ဆံပင်တွေ၊ ညီညာဖြူဖွေးနေတဲ့ သွားအတု၊ မီးစာကုန်ခါနီး ကြယ်တစ်ပွင့်လို ခပ်မှိန်မှိန် လင်းလက်နေကြတဲ့ မျက်လုံးတွေ၊ ဘယ်ဆီဘယ်ဝယ်မှန်း မသိ ငေးငိုင်နေတဲ့အကြည့်တွေ … ဒါပေမယ့် အမယ်အိုကြီးဆီက စကားသံ ထွက်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူနဲ့ မြသန္တာကို ကျွန်တော် ဆက်စပ်လို့ ရသွားတယ်။ သူက စကားပြောရင် ဝေ့လည်ကြောင်ပတ် ပြောမနေတတ်ဘူး။ ပြောစရာရှိရင် ဘယ်သူ့ကိုမှ ညှာတာထောက်ထားနေမယ့် အစားမျိုး မဟုတ်ဘူး။ သူ ကျွန်တော်ကို ပြောတဲ့ ပထမဆုံး စကားကလည်း ဒေါမာန်အပြည့်ပါတဲ့ ပြစ်တင်စကားပဲ။

“မင်းက ဘာကြောင့် အဲဒီလို အမှန်တရားကို ကပြောင်းကပြန် ရေးထားရတာလဲ။ မချိုမာကို ပုံကြီးချဲ့ရေးပြီးတော့ ငါ့ကိုကျတော့ သစ္စာဖောက်ဖြစ်အောင် ရေးထားတယ်”

အသံက ကြည်ပြတ်နေတုန်း။ အနည်းငယ် လှိုင်းထနေတယ် ဆိုပေမယ့် ဒေါသကြောင့် စူးရှနေတဲ့ သူ့ရဲ့ လေသံက ကျွန်တော်ကို အချွန်နဲ့ ဝိုင်းထိုးနေသလို။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူ့ကျန်မာရေးက ဒေါင်ဒေါင်မြည် ကောင်းနေတုန်းပါလားလို့ ကျွန်တော် မဆီမဆိုင် ကျိတ်ပြီး ဝမ်းသာသွားမိတယ်။

ဖြေရှင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျွန်တော် ပါးစပ်ဟဖို့ ဟန်ပြင်လိုက်ပေမယ့် သူက လက်ကာပြီး ကျွန်တော့်ကို တားမြစ်လိုက်တယ်။ သူ့ရင်ထဲမှာ ပြောချင်တဲ့စကားတွေ တောင်ပုံရာပုံ ရှိနေလိမ့်မယ်ဆိုတာ သိသာလှပါတယ်။ အဲဒီစကားတွေကို အရင်က သူ့ဘာသာ တစ်ယောက်တည်း ဘယ်လောက်တောင် အကြိမ်ကြိမ် အထပ်ထပ် ပြောခဲ့ပြီးပြီမှန်းတောင် မဆိုနိုင်ဘူး။ အခု အပြင်မှာ တကယ်တမ်း ပြောခွင့်ရပြီလို့လည်း ဆိုရော သူက အသံသွင်းထားတဲ့ ကက်ဆက်ခွေတစ်ခွေကို ဖွင့်ချလိုက်တဲ့အတိုင်း ရေပတ်မဝင်အောင် ဒိုးဒိုးဒေါက်ဒေါက် ပြောနေတော့တယ်။ ကျွန်တော့်ကို ဝင်လျှာရှည်ခွင့်တောင် မပေးတော့ဘူး။ သူ့ရဲ့ ရှင်းပြတ်တဲ့ စကားသံနဲ့ အတွေးအမြင်ကို ကျွန်တော် အံ့အားမသင့်ဘဲ မနေနိုင်ဘူး။ ဒီအရွယ်ကြီးတောင် ရနေမှပေါ့ဗျာ။ ဒါပေမယ့် စကားပြောတဲ့ လေသံ၊ မာန်တွေထန်တွေ၊ သူပြောတဲ့ စကားတစ်လုံးချင်းစီရဲ့ ရည်ရွယ်ချက်၊ ပြီးတော့ သူ့ရဲ့ လေ့လာဆည်းပူးနိုင်စွမ်းက ကျွန်တော့်ထက် တစ်ချက်ကလေးမှ နိမ့်ကျနေတာ မတွေ့ရဘူး။

အနိမ့်ဆုံးတော့ သူ့ကို အသက် ၃၀ လောက် နှုတ်ပစ်လို့ ရလောက်တယ်လို့ ကျွန်တော် တွေးမိတယ်။

သူက အောက်ပါအတိုင်း ကျွန်တော်ကို မနားတမ်း ပြောလာတယ်။

“မင်းက ဝတ္ထုတစ်ပုဒ် ရေးတယ် ဆိုပေမယ့် ဘယ်သူမဆို ဖတ်ကြည့်ရုံနဲ့ သိနိုင်တာပဲ။ ဒါက စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်မှ မဟုတ်တာ။ မင်းရေးထားတာက တကယ့်အဖြစ်အပျက်တစ်ခုလေ။ အဲဒီလူတွေ၊ နာမည်တွေ၊ အချိန်တွေ၊ နေရာတွေ၊ အားလုံးကို လက်တွေ့လောကနဲ့ တိုက်စစ်ကြည့်လို့ ရနေတယ်။ အထဲမှာပါတဲ့ မြသန္တာဆိုတာ ငါပဲ။ ငါလေ ငါ။ ဒါပေမယ့် ငါအစစ်လည်း ဟုတ်မနေပြန်ဘူး။ သေသွားတဲ့ မချိုမာကို ဖြစ်နိုင်ရင် သွားမေးကြည့်စမ်းပါဦး။ ငါက အဲဒီလိုလူမျိုး ဟုတ်ရဲ့လားလို့။ တကယ်တော့ အဖြစ်အပျက်က မင်းရေးထားသလို လုံးဝ မဟုတ်ဘူး။ ဟိုသတင်းကို အပြင်ထုတ်ခဲ့တဲ့သူက အမှန်တော့ မချိုမာ လုံးဝ မဟုတ်ဘူး။ ငါ ထုတ်ပေးခဲ့တာ။ မင်း သိလား”

သူ ထုတ်ပေးခဲ့တာ … ဟုတ်စ။

ခင်ဗျား ယုံလား။

ကျွန်တော်တော့ မယုံဘူး။

မယုံဘူး ဆိုတဲ့ စကားကို ပါးစပ်ကနေ ထုတ်မပြောဖြစ်ပေမယ့် ကျွန်တော်ရဲ့ မျက်နှာမှာတော့ အထင်သားပေါ်နေလောက်တယ်။

“မင်း မယုံဘူး၊ ဟုတ်လား” အမယ်အိုကြီးက ကျွန်တော်ရဲ့ သံသယကို ရိပ်စားမိသွားတယ်။ “ငါက လူအထင်ကြီးခံချင်လို့ ပြောနေတယ်လို့ မင်း ထင်နေတာ မဟုတ်လား။ လူအထင်ကြီးခံချင်ရင် ငါ ဘာလုပ်ဖို့ ပြည်ပမှာ ဇာတ်မြှုပ်ပြီး နေနေပါ့မလဲ။ မြန်မာပြည်မှာပဲ နေပြီး အစိုးရကပေးတဲ့ မော်ကွန်းဝင် ပထမအဆင့်တွေ ဘာတွေနဲ့ သာယာနေတော့မှာပေါ့။ လူအထင်ကြီးတာတွေ မလိုချင်ဘူး။ ငါ လိုချင်တာက အမှန်တရားပဲ။ သတင်းကို ငါ ထုတ်ပေးခဲ့တာ။ အဲဒါက ဖျောက်ဖျက်ပစ်လို့ မရတဲ့ အမှန်တရားပဲ။ မင်း အဲဒါကို ဖောက်လွဲဖောက်ပြန်ဖြစ်အောင် လုပ်ဖို့ မကြိုးစားပါနဲ့”

အမယ်အိုကြီးက ကျွန်တော်ဆီကို စကားလုံးတွေနဲ့ တရစပ် ပစ်ခတ်ပြန်တယ်။

“ငါ့ကို ပြောပြစမ်းပါဦး၊ ကောင်ကလေးရဲ့။ မင်းက ဘာဖြစ်လို့ ငါ့ကို သိမ်ငယ်သွားအောင် လုပ်ချင်ရတာလဲ။ ဘယ်သူက မင်းကို အဲဒီလို ရေးခိုင်းရတာလဲ။ ဟိုသေနာကောင်ကြီး ငကျော်မှ ဟုတ်ရဲ့လား”

သူက ဘကျော်ကို ပြောနေတာ။ ကျွန်တော် မငြင်းရဲဘူး။

ကျွန်တော် ခေါင်းညိတ်လိုက်တာကို မြင်တော့ အမယ်အိုကြီးက ဟွန့်ကနဲ လေကို မှုတ်ထုတ်ပြီး စိတ်ဆိုးမာန်ဆိုး ပြောတယ်။

“သေနာကြီး၊ သူပဲ ဖြစ်ရမယ်လို့ ငါ ထင်သားပဲ။ သူက နာမည်ကောင်းမှန်သမျှ ချိုမာကိုပဲ ပေးဖို့ ကြံရွယ်ထားတာ။ ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ဆိုတဲ့ သဘော။ အရှက်မရှိတဲ့ကောင်ကြီး။ သူတို့ တစ်မိသားစုလုံးကိုကျတော့ သူရဲကောင်းကြီးတွေ ဖြစ်အောင် လုပ်ပြီး တခြားလူတွေကိုကျတော့ သစ္စာဖောက်တွေ၊ အလိုတော်ရိတွေ ဖြစ်အောင် ပုံဖော်ထားတယ်။ အယုတ်တမာကောင်။ အရှက်ကို မရှိဘူး။ ငါတစ်ယောက်လုံး အရှင်လတ်လတ် ရှိနေသေးတာတောင် ဒင်းက အဲဒီလို ဗလောင်းဗလဲနဲ့ ဗရုတ်သုတ်ခ ဇာတ်လမ်းတွေ ထွင်ပြီး လျှောက်ပြောနေပြီ။ မိုးကြိုးပစ်ပြီး သေပါစေတော်။ လူညာကြီး … အယုတ်တမာကောင်ကြီး”

အမယ်အိုကြီးရဲ့ စိတ်ခံစားချက်တွေက ကြာလေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာလေပဲ။ သူ ပြောတဲ့စကားတွေထဲမှာ မကြာခဏဆိုသလို ဆဲဆိုတဲ့ အယုတ္တအနတ္တ စကားလုံးတွေ ညပ်ညပ်ပါလာတတ်တယ်။ ပြီးတော့ ဟွန့်ကနဲ ဟင့်ကနဲ တစ်ချက်ချက် မာန်ဖီနေသေးတာ။ သူ့သမီးက အနားမှာ ရှိနေလို့ တော်သေးတာပေါ့။ သူ့သမီးရဲ့ ချော့မော့ဖျန်ဖြေတဲ့ စကားတွေကြောင့် သူ့ရဲ့ ဒေါသတွေလည်း တဖြည်းဖြည်း ပြေလျော့သွားတယ်။ တဖြည်းဖြည်း တည်ငြိမ်လာတယ်။ အမယ်အိုကြီးက ကျွန်တော်ရဲ့ စာမူကို ရှာထုတ်လာပြီး ကျွန်တော်ရဲ့ အရှေ့မှာ ပစ်ချလိုက်တယ်။ ပြီးတော့ ရှူးရှူးရှဲရှဲနဲ့ အပြစ်တင်ပါလေရော။

“မင်းရေးခဲ့တဲ့ ဟာတွေက သမိုင်းရဲ့ မှတ်ကျောက်နဲ့ အစစ်ဆေးခံနိုင်လိမ့်မယ်လို့ မင်းထင်နေတာလား။ မင်း စဉ်းစားကြည့်ခဲ့ဖူးလား။ အဲဒီတုန်းက ဖြစ်ပျက်နေတဲ့ အခြေအနေမျိုးမှာ ဟိဟာရက မချိုမာရဲ့အလောင်းကို သယ်ထုတ်သွားခွင့် ပေးနိုင်ပါ့မလား။ သူက မြွေပွေးကို ဖမ်းနိုင်ဖို့အတွက်နဲ့ ငါတို့လို အရှင်လတ်လတ် လူတစ်စုကိုတောင် ဖမ်းချုပ်ထားသေးတဲ့ဥစ္စာ။ ဘာကြောင့် အလောင်းတစ်လောင်းကို သူက ထူးထူးခြားခြား မေတ္တာထားနေပါ့မလဲ။ မချိုမာက သူ့ကိုယ်သူ သတ်သေသွားပြီး သစ္စာစောင့်သိကြောင်း ပြသွားလို့ ဟိဟာရက သူ့ကို မြွေပွေး မဟုတ်ပါဘူးလို့ ယုံသွားတယ်ပဲ ထားဦး။ အဲဒီလို အခြေအနေမျိုးမှာ အလောင်းကို သယ်ထုတ်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အချိန်မရှိဘူးလေ။ ညရောက်ရင် လူဖမ်းပွဲကြီး လုပ်ရဦးမှာ။ ဘယ်သူက အဲဒီအလောင်းကိစ္စကို စိတ်ဝင်စားနိုင်မှာတဲ့လဲ။ အလောင်းတစ်လောင်းပဲ မဟုတ်လား။ တစ်ရက်လောက် ပိုထားလိုက်တော့ရော ဘာထူးသွားမှာမို့လဲ။ ပြီးတော့ မင်းစာထဲမှာလည်း ရေးထားပါတယ်။ ဟိဟာရက သူ့အလောင်းကို နေရာအနှံ့ ရှာဖွေခဲ့တယ်။ ဘာကြောင့် ရှာဖွေရတာလဲ။ မယုံလို့ပေါ့။ အနိမ့်ဆုံးကတော့ အပြည့်အဝ မယုံကြည်လို့။ မယုံကြည်ဘူး ဆိုမှတော့ ဘယ့်နှယ်ကြောင့် အလောင်းကို ထုတ်သွားခွင့် ပေးမလဲ။ သယ်ယူခွင့် မပေးလို့ဆိုပြီး ဟိဟာရကို တရားစွဲလို့လည်း ရတာမှ မဟုတ်တာ”

“အဲဒါ …” ကျွန်တော် သတိထားပြီး ပြောလိုက်တယ်။ “စစ်ဆေးပြီးသွားတော့ ဒေါ်ချိုမာရဲ့ ကိုယ်ပေါ်မှာ ဘာမှ ဖွက်ထားတာ မရှိဘူးလို့ တွေ့သွားတာကြောင့် …”

“ဒီတော့ ယုံသွားရောတဲ့လား” အမယ်အိုကြီးက ခနဲ့တဲ့တဲ့ ပြုံးနေတယ်။ “ဘာစစ်ဆေးတာလဲ။ မင်း ရေးထားတဲ့ စစ်ဆေးမှုမျိုးလား။ အဲဒီလောက် စစ်ဆေးလိုက်ရုံနဲ့ မချိုမာရဲ့ ကိုယ်မှာ သတင်းဝှက်ထားတာ မရှိပါဘူးလို့ အာမခံနိုင်သွားရောတဲ့လား။ ဟာသပဲ။ သူ့ကိုယ်မှာ သတင်းဝှက်ထားလို့ ရတဲ့နေရာတွေမှ နည်းတာ မဟုတ်ဘူး။ ဗိုက်ထဲမှာ၊ သားအိမ်ထဲမှာ၊ အူထဲမှာ၊ ကြိုက်သလို ဖွက်ထားလို့ ရတယ်။ တကယ်လို့သာ အနုစိတ် စစ်ဆေးမယ်ဆိုရင် ရင်ခွဲမှ ရမယ်။ အဲဒီလိုဆိုရင်တော့ တစ်ရက်ဆိုတဲ့ အချိန်အတွင်းမှာ ပြီးပြတ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ကျကျနန မစစ်ဆေးရသေးဘူး ဆိုမှတော့ သူ့ကို ကျကျနန ယုံကြည်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါဆို ဘယ့်နှယ်လုပ်ပြီး သူ့အလောင်းကို သယ်ထုတ်သွားခွင့် ပြုနိုင်ပါတော့မလဲ။ တကယ်လို့သာ သူက မြွေပွေး ဖြစ်နေခဲ့ရင်ရော။ အဲဒီလို အခြေအနေမျိုးမှာ နည်းနည်းလေးမှ အမှားခံလို့ ရတာ မဟုတ်ဘူးလေ။ တကယ်လို့သာ မင်းရေးထားတဲ့အတိုင်း မှန်ရင် အဲဒီပန်းချီကားက ဘာလုပ်ဖို့ လိုအပ်နေဦးမှာလဲ။ လိုကို မလိုတော့ဘူး။ အဲဒီအလောင်းကိုသာ အပြင် ထုတ်သွားလိုက်၊ ကျန်တာ ဘာမှ မလိုတော့ဘူး။ ငါ ပြောရဲတယ်။ အပြင်မှာ ရှိနေကြတဲ့ သူ့ရဲဘော်တွေက မချိုမာရဲ့ အလောင်းကို မြင်လိုက်ရရုံနဲ့ ဘာ သေတမ်းစာမှ ရေးပေးနေစရာ မလိုတော့ဘူး။ ၉၆ ပါးရောဂါနဲ့ သေတယ်ပဲ ပြောပြော၊ ကားတိုက်လို့ သေတယ်ပဲ ဆိုဆို၊ သူတို့ရဲ့ တွေ့ဆုံပွဲကို လုံးဝ ဖျက်သိမ်းပစ်မှာ သေချာတယ်။ မင်းပဲ စဉ်းစားကြည့်စမ်းပါဦး။ ဒေါင်ဒေါင်မြည်နေတဲ့ လူကောင်းတစ်ယောက်က ဒီလို အကဲဆတ်တဲ့ ကာလမျိုးမှာ ရုတ်တရက်ကြီး ခေါက်ကနဲ သေသွားတယ် ဆိုတော့ မင်း နည်းနည်းလေးမှတောင် သံသယ မဝင်မိဘူးလား။ အနည်းအကျဉ်းလောက် သံသယ ဝင်မိပြီ ဆိုရင်ပဲ တွေ့ဆုံပွဲက လုပ်လို့ မဖြစ်တော့ဘူး။ ဖျက်သိမ်းပစ်မှကို ဖြစ်မယ်။ အထင်လွဲမှားတာမျိုး ဖြစ်နိုင်တယ် ဆိုတာတောင်မှ ပွဲကို ဖျက်သိမ်းပစ်ရမှာပဲ။ အဲဒါ မြေအောက်လုပ်ငန်းတွေရဲ့ သဘာဝပဲ”

အမယ်အိုကြီးရဲ့ စကားက ကျွန်တော်ရဲ့ ရင်ကို ထိခတ်တုန်ခါသွားစေတယ်။

ထိခတ်တုန်ခါမှုကတော့ ဆက်ပြီးရင်း ဆက်ရင်းပါပဲ။

နောက်ရက်တွေမှာလည်း ကျွန်တော် သူနဲ့ နေ့တိုင်းနီးပါး တွေ့ဖြစ်ခဲ့တယ်။ ဇရာက ထောက်လာပြီ မဟုတ်လား။ သူ့နဲ့ တွေ့တဲ့အချိန်တိုင်းမှာ ကျွန်တော့်အဖို့ သူနဲ့ စကားပြောခွင့်က နာရီဝက်ပဲ အချိန်ရတယ်။ အဲဒီ စကားပြောချိန်တွေအတွင်းမှာ တစ်ခါတလေ သူက ဒရင်းဘတ်ပေါ် လှဲရင်း၊ တစ်ခါတစ်ရံ ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်း၊ ရံဖန်ရံခါတော့ ခုတင်ပေါ် ခေါင်းအုံးကို မှီထိုင်ရင်း ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ နှစ်က ကျွန်တော် ရင်းနှီးပြီးသား၊ နားလည်ထားပြီးသားလို့ ယူဆရတဲ့ ဇာတ်လမ်းထဲကို ခေါ်ဆောင်သွားတယ်။

ဒါပေမယ့် အမယ်အိုကြီးရဲ့ ပြောစကားအတိုင်းပါပဲ။ ကျွန်တော် နားလည်ထားတယ် ဆိုတာတွေက တကယ်တော့ ဖုံးကွယ်လှည့်ဖျား ခံထားရတာတွေထက် ပိုမများဘူး ဆိုတာကို သိလာခဲ့ရတယ်။ … အခု အဲဒီဇာတ်လမ်းကို ပြန်ပြင်ရေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အဲ … သမိုင်းကို မလေးစားရကောင်းလား ဆိုပြီးတော့ ကျွန်တော့်ကို ဘယ်သူတွေကများ ထပ်ပြီး အပြစ်တင်ကြဦးမလဲ ဆိုတာတော့ ကျွန်တော်လည်း မသိတော့ဘူး။ တစ်ခါတစ်ခါကျတော့ ဘယ်လို ရာဇဝင်ဗျုပ္ပတ်မျိုးကိုမှ သမိုင်းအစစ်အမှန်လို့ ခေါ်ဆိုရမလဲ ဆိုတာကိုတောင် ကျွန်တော် တကယ် မသိတော့ဘူး။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *