ဟိုး … မလောပါနဲ့ဦး။ မြသန္တာက ပြန်ချင်သေးတာ မဟုတ်ဘူး။
တောင်းဆိုတာက တောင်းဆိုတာပဲလေ။ ရလာတဲ့ပစ္စည်းကို လက်ခံခြင်း မခံခြင်းကတော့ နောက်တစ်ကိစ္စပေါ့။
သူ ဘာကြောင့် မပြန်ချင်သေးတာလဲ ဆိုတာကို အဖွားအိုက ကျွန်တော့်ကို ခန့်မှန်းကြည့်ခိုင်းတယ်။ ကျွန်တော် ဘယ့်နှယ်လုပ်ပြီး ခန့်မှန်းတတ်မှာတဲ့လဲ။ ရမ်းသမ်းမှန်းစမ်းပြီး ပြောကြည့်တာ တစ်ခုမှ မမှန်လို့ နောက်ဆုံးတော့လည်း အဖွားအိုကပဲ ကျွန်တော့်ကို ဖွင့်ပြောပြရတော့တယ်။ သူက ပြောတယ်။ ချိုမာက သူ့ကို ကြိုမှာထားတယ်။ ဟိဟာရက ဖမ်းချုပ်ထားတဲ့ လူတွေ အားလုံးကို လွှတ်မပေးသေးဘူး ဆိုရင်တော့ သူ့အနေနဲ့ တစ်ယောက်တည်း ထွက်မသွားသင့်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ယောက်တည်းသာ အပြင်ရောက်နေပြီး ရန်သူက ညမှာ ဖိုးစီကိုလည်း ဖမ်းမမိဘူးဆိုရင် ဟိဟာရရဲ့ မြားဦးက သူ့ဆီကို ပြန်လှည့်လာနိုင်တယ်လေ။ ဒါကြောင့် မြသန္တာက ဟိဟာရကို ပြောတယ်။
“အခု မြွေပွေးကို ဖော်ထုတ်နိုင်ပြီဆိုတော့ ကျွန်မတို့အားလုံးလည်း ပြန်နိုင်ပြီ မဟုတ်လား။ ကျွန်မ အားလုံးနဲ့အတူတူ ပြန်မယ်လေ”
“ဟင့်အင်း၊ မင်းအရင်ပြန်” ဟိဟာရက သဘောမတူဘူး။ “မင်း တွေးကြည့်ဖူးလား။ တကယ်လို့သာ မြွေပွေးက တစ်ယောက်တည်း မဟုတ်ရင်ရော”
အဲဒီငနဲကြီးရဲ့ ဦးနှောက်က အဲဒီလောက် ရိုးရှင်းမနေဘူး။ သူက မြသန္တာရဲ့ လက်ကို ဆုပ်ကိုင်ထားရင်း ပြုံးစိစိလုပ်နေတယ်။ “ကျုပ် အတွေးလွန်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် သတိဆိုတာ ပိုတယ်လို့မှ မရှိတာပဲ။ မြသန္တာရေ၊ မင်းက ငယ်လွန်းသေးတော့ ဒီလောကကြီးက ဘယ်လောက်တောင် အန္တရာယ်များတယ် ဆိုတာကို သိဦးမှာ မဟုတ်ဘူး။ မင်း လွန်ခဲ့တဲ့ တစ်နာရီလောက်က မင်းရဲ့ အထက်အရာရှိကို သူလျှိုတစ်ယောက်ပါလို့ တွေးထင်ခဲ့မိလို့လား။ မထင်ရဘူး မဟုတ်လား။ ဒါကြောင့်ပေါ့။ မင်း အရင်ပြန်နှင့်။ ဒါက မင်း ရသင့်ရထိုက်တဲ့ ဆုလာဘ်ပဲ။ ကျုပ် ပေးထားတဲ့ ကတိပဲလေ”
မြသန္တာက ပြောတယ်။ “မာစတာရဲ့ ယောက်ျားကတိကို ကျွန်မ လေးစားပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလိုနဲ့ ထွက်သွားလို့ မဖြစ်သေးဘူး။ ကျွန်မ အဲဒီလောက် အ,မနေဘူးလေ။ ဆယ်နာရီလောက် စောပြန်လိုက်ရုံနဲ့ တစ်သက်လုံး ဖြေရှင်းပြလို့ မရနိုင်တော့တဲ့ ဒုက္ခတွင်းထဲမှာ ခေါင်းမဖော်နိုင်တော့တဲ့ ဘဝမျိုးကိုတော့ ကျွန်မ အရောက်မခံနိုင်ဘူး”
ဟိဟာရက မေးတယ်။ “ဘာအဓိပ္ပာယ်လဲ”
မြသန္တာက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။ “မာစတာ စဉ်းစားကြည့်ဖူးလား။ ကျွန်မ အခု ပြန်သွားခဲ့ပြီ ဆိုပါတော့။ ကွန်မြူနစ်တွေက တွေ့ဆုံပွဲကို သူ့အကြောင်းနဲ့သူ အချိန်နဲ့နေရာကို ပြောင်းပစ်လိုက်မယ် ဆိုရင် ကျွန်မ ဘယ်ဘဝ ရောက်မသွားလဲ။ ဘယ်လောက်ပဲ အာပေါက်အောင် ရှင်းပြရှင်းပြ၊ ဘယ်သူက ကျွန်မကို ယုံပါဦးတော့မလဲ”
ဟိဟာရက ပြောတယ်။ “ကျုပ် ရှိပါသေးတယ်။ ဘာကြောက်ရဦးမှာလဲ။ ကျုပ် ဒိုင်ခံပြီး ရှင်းပြပေးမှာပေါ့”
မြသန္တာက ပြောတယ်။ “ဒါပေမယ့် မာစတာက နောက်နှစ်ရက်လောက်နေရင် ပြန်တော့မှာလေ။ ကျွန်မကို တစ်သက်လုံး ကယ်ထားနိုင်တာမှ မဟုတ်တာ။ ထားပါတော့လေ။ ကျွန်မ နောက်ထပ် ဆယ်နာရီကျော်လောက် ထပ်ပြီး အောင့်အည်းသည်းခံလိုက်တာ ပိုကောင်းပါလိမ့်မယ်။ တန်ပါတယ်ရှင်”
အဲဒီစကားကို ကြားရတော့ ကျွန်တော် အူတိအူကြောင် ဖြစ်သွားတယ်။ “အဲဒီလိုဆိုတော့ အဖွားက မပြန်တော့ဘူးပေါ့။ ဒါဆို သတင်းကို ဘယ်လို ခိုးထုတ်ပေးခဲ့တာလဲ”
အဖွားအိုးက တဟားဟား ရယ်နေတယ်။ “ငါ မပြန်ဘူးလို့ ဘယ်သူ ပြောလဲ။ ငါ ပြန်ရမှာပေါ့။ တခြားနည်းတစ်နည်းကို ပြောင်းသုံးရတော့တာပဲ။ ငါက ဟိဟာရကို မပြန်တော့ဘူးလို့ ပြောစဉ်မှာပဲ ငါ့အဖေဆီကို ဖုန်းဆက်ချင်တယ်လို့ တောင်းဆိုကြည့်လိုက်တယ်။ သူက သဘောတူတယ်လေ။ ငါနဲ့ ငါ့အဖေက ဖုန်းပြောတဲ့အခါမှာ အချိန်းအချက် လုပ်ထားတဲ့ လျှို့ဝှက်သင်္ကေတတွေ၊ အထာတွေ ရှိတယ်။ ဖုန်းဝင်သွားပြီ ဆိုတာနဲ့ ငါက ဟန်ဆောင်ပြီး အဖေက ငါ့ကို အတင်းပြန်ခိုင်းနေပုံ ဖန်တီးယူလိုက်တယ်။ ငါက တမင် အသံမြှင့်ပြီး အော်ပြောလိုက်တယ်။ ‘အာ … မဖြစ်ပါဘူး ဒယ်ဒီရာ။ ဘယ်လိုလုပ်မလဲ။ သမီး ဒီမှာလည်း အလုပ်ရှိသေးတယ်လေ။ ပြန်လို့ မဖြစ်သေးဘူး’ အဖေကလည်း အလိုက်သင့် စကားပြန်တယ်။ ငါ့ကို အခုချက်ချင်း ပြန်လာဖို့ တောင်းဆိုတော့တာပေါ့။ ငါက တငြင်းတည်းငြင်း၊ သူက တောင်းဆိုပြီးရင်း တောင်းဆိုနဲ့ အခြေအတင် လိပ်ခဲတည်းလည်း ဖြစ်နေကြတယ်”
မြသန္တာ အဲဒီလို ဖုန်းဆက်နေတဲ့အချိန်မှာ ဟိဟာရကလည်း အနားမှာ ရှိနေတယ်။ ဖုန်းတောင် မချရသေးဘူး။ ဟိဟာရက အခြေအနေကို ဘေးကနေ ရိပ်စားမိနေပြီ။ ဒါကြောင့် ဖခင်ဖြစ်သူရဲ့ သဘောဆန္ဒကို လိုက်လျောတဲ့အနေနဲ့ သူ့ကို ခေါင်းညိတ်လိုက်ဖို့ ဘေးကနေ လက်ဟန်ခြေဟန်ပြပြီး ဟိဟာရက စေတနာပါပါ အချက်ပြနေတယ်။ လတ်တလော ဖြစ်ပေါ်လာတဲ့ အလုပ်ကိစ္စဆိုတော့ မြသန္တာလည်း ဘာမှ မတတ်နိုင်ဘူး။ ဘာကိစ္စလဲ။ ရန်ကုန်က အရာရှိတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို အဖေက လိုချင်နေတာ။ ဖုန်းနံပါတ်က ဖုန်းစာအုပ်ထဲမှာ၊ ဖုန်းစာအုပ်က သူ့ရုံးခန်းထဲမှာ။ ဒါကြောင့် မြသန္တာက သူ့အလုပ်စားပွဲ ရှိရာကို တစ်ခေါက်လောက် ပြန်သွားမှ ဖြစ်မယ်။
ဟိဟာရက ပြောတယ်။ “သွားသွား။ အခုပဲ သွားတော့”
မြသန္တာက ပြောတယ်။ “ကျွန်မ လုပ်စရာရှိတာ လုပ်ပြီးရင် ပြန်လာခဲ့တယ်။ တစ်နာရီလောက်ပဲ ကြာမှာပါ”
ဟိဟာရက ပြုံးပြီး ပြောတယ်။ “ပြန်မလာနဲ့တော့။ စကားနားထောင်စမ်းပါ”
ဟိဟာရက သူ့အတွက် ကားတစ်စီးတောင် စီစဉ်ပေးလိုက်သေးတယ်။
မဖြစ်ဘူး။ ကားတစ်စီး စီစဉ်ပေးရုံနဲ့ မလုံလောက်ဘူး။ လူယုံတစ်ယောက်ပါ ထည့်ပေးလိုက်မှ ဖြစ်မှာ။
အဲဒါ ဘာလုပ်ဖို့လဲ။
ဒါမှ အမြင်ရှင်းမှာ၊ သံသယကင်းမှာ မဟုတ်လား။
မြသန္တာက ဦးဟန်ထွန်းကို သူနဲ့အတူလိုက်ခဲ့ဖို့ နာမည်တပ်ပြီး တောင်းဆိုလိုက်တယ်။ သူ့ကို အဖော်အဖြစ် ခေါ်ခဲ့မှသာလျှင် အမြင်အရှင်းဆုံး၊ သံသယ အကင်းဆုံး ဖြစ်သွားနိုင်မှာ မဟုတ်လား။
ဟိဟာရက ဒီလောက် ပေရှည်နေစရာ မလိုကြောင်း ပြောနေပေမယ့် မြသန္တာကတော့ ဘူးဆို ဖရုံမသီးဘူး ဆိုတဲ့အထဲကပဲ။
မြသန္တာက ဘဲနှုတ်သီးလို ချွန်ထွက်နေအောင် ဆူထားလိုက်ပြီး တဂက်ဂက်နဲ့ ရန်တွေ့နေသလို ပြောချလိုက်တယ်။ “မာစတာပဲ စောစောတုန်းက ကျွန်မကို ပြောခဲ့တယ်နော်။ လူ့လောကက အင်မတန်မှ အန္တရာယ်များတယ်။ သတိထားနိုင်မှ တော်ခါကျမယ် ဆိုတာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပြန်ကို ပြန်လာမှာပဲ။ ပြီးတော့ ဦးဟန်ထွန်းကိုလည်း ကျွန်မနဲ့အတူ အဖော်လိုက်ခွင့်ပြုမှ ဖြစ်မယ်။ နို့မဟုတ်ရင် ကျွန်မ မသွားတော့ဘူး”
သွားပါဗျာ … သွားပါ။
နေထန်းတစ်ဖျား ရောက်ချိန် ၉ နာရီသာသာလောက်မှာ ဦးဟန်ထွန်းက ကားကို ကိုယ်တိုင်မောင်းပြီး မြသန္တာကို တင်လို့ နေလစံအိမ်ထဲကနေ ထွက်ခွာလာခဲ့ကြတယ်။
စာရှုသူအနေနဲ့ ကြိုသိထားသင့်တဲ့အချက်က ဒီတစ်ချီမှာတော့ မြသန္တာက ဖယောင်လုံးသုံးလုံးကို သယ်လာဖို့ လုံးဝ မေ့တော့မှာ မဟုတ်ဘူး။ အစောပိုင်းတုန်းက ပြောခဲ့ဖူးတဲ့ ဟိုသုံးလုံးတော့ ဘယ်ဟုတ်တော့မလဲ။ ဒီဖယောင်းလုံးသုံးလုံးကို မနေ့ညကမှ ချိုမာ သူ့ကို ပေးထားခဲ့တာ။
စာရှုသူအနေ့နဲ့ နောက်ထပ် သိထားသင့်တဲ့ အချက်တစ်ချက် ရှိနေသေးတယ်။ အဲဒီဖယောင်းလုံးတွေကို လိပ်ကြီးရဲ့ လက်ထဲ ရောက်အောင် ဘယ်ပုံဘယ်နည်းနဲ့ ပေးရမလဲ ဆိုတာကိုလည်း ချိုမာက မြသန္တာကို သင်ပေးမထားဘဲ နေမှာ မဟုတ်ဘူး။
နည်းလမ်းက နှစ်ခုရှိတယ်။ ပထမနည်းလမ်းက သူ ရုံးဝင်းထဲကို ပြန်ရောက်သွားတဲ့အခါ လမ်းပေါ်မှာ လိပ်ကြီးကို မတွေ့ရဘူးဆိုရင် လမ်းဆုံလမ်းခွ တစ်နေရာမှာ ဖယောင်းလုံးအလွတ် (သတင်းမပါတဲ့၊ လိပ်ကြီးကို အချက်ပြတဲ့) နှစ်လုံးကို အရင်ဆုံး ပစ်ထားခဲ့ရမယ်။ နောက်မှ စာရွက်ပိုင်း (သတင်း) ပါတဲ့ တတိယမြောက် ဖယောင်းလုံးကို သူတို့ရဲ့ ရုံးခန်းရှိရာ တိုက်ရဲ့ မြေညီထပ်က အမှိုက်ပုံဘေးမှာ ပစ်ထားခဲ့ရမယ်။ ဒုတိယနည်းလမ်းကတော့ တကယ်လို့သာ ရုံးဝင်းထဲမှာ လိပ်ကြီးနဲ့ ပက်ပင်းတိုးမိခဲ့ရင် အခြေအနေ ပေးတာနဲ့ တတိယမြောက် ဖယောင်းလုံးကို လိပ်ကြီးဆီရောက်အောင် ပစ်ပေးခဲ့ရမယ်။
ဒုတိယနည်းလမ်းကတော့ လွယ်လည်း လွယ်တယ်။ အန္တရာယ်လည်း ပိုကင်းတယ်။ ပြီးတော့ နှောင့်နှေးကြန့်ကြာမှုလည်း မရှိဘူး။ ဒါပေမယ့် ကံကြမ္မာက ကိုယ်ဘက်မှာ ရှိနေဖို့တော့ လိုအပ်တာပေါ့။
အဲဒီနေ့က မြသန္တာအဖို့ အထူး ကံကောင်းတယ်လို့ ဆိုရလိမ့်မယ်။ ကားက ရုံးဝင်းထဲကို ဝင်လိုက်တာနဲ့ ပင်မအဆောင်အအုံရဲ့ ပေါ်တီဂိုအောက်မှာ ထိုင်ပြီး အားအားယားယား ဆေးလိပ်ဖွာနေတဲ့ လိပ်ကြီးကို အဝေးကတည်းက လှမ်းမြင်လိုက်ရတယ်။ မြသန္တာက သူ့ရုံးခန်းကို သွားမှာဆိုတော့ ကားက အဲဒီနားကနေ မဖြစ်မနေ ကွေ့ပတ်ပြီး သွားရဦးမှာ။ အဲဒီလိုကို ကံကောင်းတာပါ။ လှမ်းပစ်ရမယ့် အရာက ကွမ်းသီးလို လုံးလုံးသေးသေးပေါ့ပေါ့ ဆိုတော့ကာ မြေပေါ် ကျသွားတဲ့အခါမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ အမှိုက်သာသာပဲ။ ဒီတော့ စာရှုသူအနေနဲ့ စိတ်သာ ချလိုက်ပါတော့။ မြသန္တာက လူမသိ သူမသိအောင် လိပ်ကြီးဆီကို ပစ်ပေးနိုင်မှာ သေချာပါတယ်။ ဒါဆို လိပ်ကြီးကရော။ လေးဘက်လေးတန်မှာ သူ့ကို စောင့်ကြည့် အကဲခတ်နေတဲ့ မျက်လုံးပေါင်းတစ်ထောင်မက ရှိနေပါစေ။ သူကလည်းပဲ အဲဒါကို လူမသိ သူမသိ ကောက်ယူသွားနိုင်မှာ သေချာနေတယ်။ ဘယ်သူက တွေးထင်ထားမှာတဲ့လဲ။ ဘာမဟုတ်တဲ့ ဖယောင်းလုံးလေးတစ်လုံးက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ဆောင်ကြဉ်းပေးထားတယ် ဆိုတာ။
ကျွန်တော့်အမြင်တော့ ဘယ်သူမှ တွေးဆနိုင်လိမ့်မယ် မထင်ဘူး။