Show contents

(ဃ)

လုံးဝ ချုပ်နှောင်ထားတာမျိုး မဟုတ်ပေမယ့် သိပ်တော့လည်း မထူးလှဘူး။ တိုက်အပြင်ကို လုံးဝ ထွက်ခွင့် မရတော့ဘူး။ ထမင်းသွားစားရင်တောင် လုံခြုံရေးတွေက ဘယ်ညာအပြည့် ဝိုင်းရံထားကြတယ်။ အိပ်ခန်းကိုလည်း အပြောင်းအရွှေ့ လုပ်လိုက်ကြတယ်။ ချိုမာကို ဗိုလ်ကြီးအောင်သူ နေခဲ့တဲ့ အခန်းဆီကို ရွှေ့လိုက်ကြတယ်။ အခန်းအကျယ်ကြီးထဲမှာ တစ်ကိုယ်တည်း အထီးကျန်လို့ပေါ့။ အဲဒါက ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာကြောင့် ဖြစ်ပေါ်လာတဲ့ သူ့အပေါ် သက်ရောက်မှုတွေပဲ။ ဟိဟာရအဖို့ သူ့ရဲ့ လုပ်ဇာတ်ကို ပီပြင်အောင် ကပြရမယ် မဟုတ်လား။ ဒီတော့ တပ်ကြပ်ကြီးမျိုးဇော်နဲ့ မြသန္တာကိုလည်း ယုံအောင် လုပ်ပြရတော့တာပေါ့။ သဘောကတော့ သေတမ်းစာက အစစ်အမှန်ပဲ၊ ချိုမာက သူ့ရဲ့ ဇာတိရုပ်ကို ဘယ်လိုမှ ဖုံးဖိလို့ မရနိုင်တော့ဘူး။ ဒီတော့ မင်းတို့ ပြောစရာရှိတာကို ရဲရဲတင်းတင်း ပြောကြလို့ သူ့တို့ကို အသိပေးလိုက်တာပဲ။

(အသံသွင်းမှတ်တမ်း)

အဲဒီတုန်းက ငါတို့အားလုံးက ဗိုလ်ကြီးကို တကယ်သေသွားပြီလို့ပဲ ထင်ထားကြတာ။ အင်ထုထားမှန်း မသိကြဘူး။ ဒါကြောင့် ငါလည်း မချိုမာတော့ ကိစ္စတုံးပြီလို့ ယူဆနေမိတယ်။ လူတစ်ယောက်က သူ့အသက်နဲ့ ရင်းပြီး မင်းကို အပြစ်ဖို့သွားခဲ့တယ် ဆိုမှတော့ မင်းအတွက် ဘာမှ အထွန့်တက်စရာ လမ်းစမရှိတော့ဘူး။ တကယ်ပြောတာ။ အစောပိုင်းတုန်းကတော့ သူ အဲဒီလို ဒုက္ခရောက်နေတာကို ငါ ပျော်မိသလိုလိုပဲ။ ငါ တိုင်မပြောလည်း နင့်ကို တိုင်တဲ့သူက ပေါ်လာသေးတာပဲလို့ ငါ တွေးခဲ့မိတယ်။ ဒါပေမယ့် နောက်ကျတော့ သူက ငါ့ကို ပစ်မှတ်ထားပြီး မေးခွန်းထုတ်လာတော့ တစ်ခုခု လွဲနေပြီ ဆိုတာကို ငါ ရုတ်ချည်း ခံစားလာမိတယ်။ ငါ သစ္စာဖောက်လိုက်ပြီလို့ သူ သံသယဝင်နေတာ ဖြစ်ကြောင်း ငါ ခံစားလာရတယ်။ တကယ်လို့သာ သူ အဲဒီလို တကယ်ပဲ တွေးထားတာ မှန်ရင်တော့ ငါ့အတွက် အကျိုးယုတ်တာတွေ ဖြစ်လာတော့မှာ အမှန်ပဲ။ သူ စိတ်ဆိုးမာန်ဆိုးနဲ့ ငါ့ကိုပါ သေဖော်ညှိသွားရင် ဘယ့်နှယ်လုပ်မလဲ။ ဒါကြောင့် တစ်အောင့်နေတော့ ငါ သတိထားလိုက်မိတယ်။ အနေအထားက သူ့အတွက် အင်မတန်မှ အန္တရာယ်များတယ်။ ငါ့အတွက်လည်း စိတ်ချရတဲ့ အနေအထားမှာ ရှိမနေဘူး။ ငါ အဲဒီတုန်းက ဘာဖြစ်လို့ သူ့ကို မြွေပွေး မဟုတ်ပါဘူးလို့ အခိုင်အမာ ပြောခဲ့ရသလဲ ဆိုတာ အဲဒီ အကြောင်းအရင်းကြောင့်ပဲ။ အဲဒီကိစ္စက ငါနဲ့ မပတ်သက်ပါဘူးလို့ သူ့ကို အချက်ပြလိုက်ချင်တဲ့ သဘောပေါ့။

ဒါပေမယ့် ငါ သိပါတယ်။ အဲဒီလောက် လုပ်ရုံနဲ့ ငါ့အပေါ်မှာ ရှိတဲ့ သူ့ရဲ့ သံသယစိတ်ကို လုံးဝ ဖယ်ရှားပစ်လို့ မရနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါက ဟိဟာရနဲ့ ပေါင်းပြီး သူ့ကို ကျုံးသွင်းနေပါတယ်လို့ သူ့အနေနဲ့ သံသယဝင်လို့ ရနေသေးတာပဲဥစ္စာ။ အရှေ့မှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး သရုပ်ဆောင်နေတယ်လို့ သူ ထင်ချင် ထင်နေဦးမှာ။ ဘယ်လိုလုပ်မှ သူ့ရဲ့ သံသယစိတ်ကို လုံးဝ ချေဖျက်ပစ်နိုင်မှာတဲ့လဲ။ ငါ သိပါတယ်။ တစ်ခုတည်းသော နည်းလမ်းက သူ့ကို ကူပြီး ဖယောင်းလုံးတွေကို နဂိုနေရာမှာ ပြန်ထားပေးလိုက်ဖို့ပဲ။ လက်တွေ့လှုပ်ရှားပြီး သက်သေပြနိုင်မှသာ ငါ့ကို သူ ယုံလာနိုင်မှာလေ။

ဒီလိုနဲ့ အစည်းအဝေး ပြီးလျှင်ပြီးချင်းမှာပဲ အပြင်ကို လစ်ထွက်သွားဖို့ ငါ အကြောင်းရှာနေတော့တယ်။ ဒါပေမယ့် အကြောင်းပြချက်ကလည်း ရုတ်တရက် ရှာမရဘူး ဖြစ်နေတယ်။ အဲဒီတုန်းက အသံဖမ်းစက်ရဲ့ ဓာတ်ကြိုးကို ပြန်တပ်ထားပြီးပြီ ဆိုတော့ ငါတို့ကလည်း လွတ်လွတ်လပ်လပ် စကားပြောလို့ မရကြဘူး။ မချိုမာက ရုတ်တရက်ကြီး ငါ့ကို ပြေးဖက်ပြီး အော်ကြီးဟစ်ကျယ်နဲ့ ငိုယိုတိုင်တန်းပါလေရော။ ဗိုလ်ကြီးအောင်သူက သူ့ကို ချောက်ချပါတယ် ဆိုပြီး ပစ်ပစ်နှစ်နှစ် ဆဲဆိုကျိန်ဆဲနေတုန်းမှာပဲ အကြံတစ်ခု ငါ့ကို တိတ်တဆိတ် ပြောပြတယ်။ သူ့အကြံက ဘာလဲဆိုတော့ ငါ့ကို ဗိုလ်လေးထွန်းမြင့်ကို ညာခိုင်းနေတာ။ ငါနဲ့ မချိုမာနဲ့က တစ်ခန်းတည်း အတူတူ နေခဲ့ကြတာဆိုတော့ သွားတိုက်ဆေးက တစ်ဗူးတည်းကိုပဲ နှစ်ယောက်အတူ မျှသုံးခဲ့ကြတာ။ အခု ငါတို့က အခန်းခွဲပြီး နေရတော့မှာဆိုတော့ သွားတိုက်ဆေးဗူးတစ်ဗူး လိုလာပြီ။ ဒါကြောင့် ခြံရှေ့က ဧည့်ရိပ်သာမှာ သွားတိုက်ဆေးအသစ်တစ်ဗူး သွားဝယ်ဖို့ လိုအပ်လာပြီလေ။ နောက်တော့ ငါက အဲဒီ အကြောင်းပြချက်နဲ့ အပြင်ကို လစ်ထွက်သွားပြီး ဖယောင်းဆေးလုံး သုံးလုံးကိုလည်း သူ့နဂိုနေရာမှာ ပြန်ထားပေးလိုက်တယ်။ အဲဒီတုန်းက ၁၀ နာရီတောင် မထိုးသေးဘူး။

***

မြသန္တာ အပြင်ထွက်ပြီး သွားတိုက်ဆေး သွားဝယ်တဲ့ အချိန်မှာ ချိုမာက ဗိုလ်ကြီးအောင်သူရဲ့ အခန်းကျယ်ကြီးဆီကို ပြောင်းရွှေ့ပြီးသွားခဲ့ပြီ။ သူက ပြတင်းပေါက်ရဲ့ နောက်ကွယ်တစ်နေရာကနေ အဝေးထွက်သွားတဲ့ မြသန္တာကို တိတ်တခိုး ငေးကြည့်နေတယ်။ သူ့စိတ်ထဲမှာက စိမ်းသက်တဲ့ ဝမ်းမြောက်မှုနဲ့ မျှော်လင့်တောင့်တတဲ့ ခံစားချက်တစ်မျိုး ဖြစ်ပေါ်နေတယ်။ သူ ကောင်းကောင်း သိထားပြီးသားပါ။ လတ်တလောအနေနဲ့ အရေးကြီးဆုံးအလုပ်က အဲဒီဖယောင်းလုံးတွေကို အမြန်ဆုံး လွှင့်ပစ်လိုက်ဖို့ပဲ။ မြသန္တာက ဒီလို အခြေအနေမျိုးမှာတောင် ကတိတည်ပြီးတော့ အန္တရာယ်ကို မမှုဘဲ သူ့ကို ကူညီပေးနေတယ်။ သူ့ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်နေမိတာ။ နက်နက်နဲနဲ ခံစားနေရလို့လည်း သူ့ခြေနှစ်ချောင်းတောင် ထောက်တည်ရာမရဘဲ ပျော့ခွေသွားတယ်။

မြသန္တာက ဝါးရုံတောထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။ ချိုမာ သိတယ်။ ရှေ့ကို နည်းနည်းဆက်သွားလိုက်ရင် သူ အမှိုက်ပုံးတစ်ပုံးကို တွေ့လိမ့်မယ်။ အဲဒီနား ရောက်တာနဲ့ ပထမဖယောင်းလုံးခွံ (စာပါတဲ့အလုံး) ကို လူမသိ သူမသိ ပစ်ချလိုက်မယ်။ ပြီးတော့ အရှေ့ကို ဆက်သွား။ လမ်းဆုံလမ်းခွကို ရောက်ရော … သူက အဲဒီလို တွေးနေရင်း အိပ်မက်ယောင်နေတဲ့အလား ပြတင်းပေါက်နားကနေ ခွာပြီး ခုတင်ပေါ် ထိုင်ချလိုက်တယ်။ တစ်ခဏလောက် ထိုင်နေပြီးတဲ့နောက် တစ်ကိုယ်လုံး လေးလံထိုင်းမှိုင်းလာတာနဲ့ သူ့အလိုလိုပဲ ခုတင်ပေါ် ပုံလျက်သား လဲကျသွားတယ်။ ဒီခုတင်ကြီးက ကျယ်လိုက်တာ။ ကနုတ်ကနက်တွေနဲ့ ခမ်းနားလိုက်တာလည်း လွန်ရော။ အဲဒီအပေါ်မှာ လဲနေရင်း သူ့ရဲ့ ခန္ဓာကိုယ်အတ္တဘောက တဒင်္ဂအတွင်းမှာပဲ သေးကွေးသွားသယောင်၊ ပေါ့ပါးသွားသယောင်၊ ပါးလျသွားသယောင် ခံစားလိုက်ရတယ်။ ဇာပန်းထိုးထားတဲ့ ခေါင်းအုံးစွပ်ပေါ်မှာ ဆေးလိပ်ချိုးတစ်ယောက်ရဲ့ အနံ့အသက်တွေက သိသိသာသာ စွဲထင်ကျန်ရစ်နေတုန်းပဲ။ အခန်းတစ်ခန်းလုံးမှာလည်း ဆေးလိပ်နံ့တွေ နံဟောင်လို့။ ဒါ ဗိုလ်ကြီးအောင်သူ ချန်ထားခဲ့တာပဲ ဖြစ်ရမယ်လို့ သူ သိနေတယ်။ နောက်တော့ သူ ဆက်တွေးမိတယ်။ တကယ်လို့သာ ဗိုလ်ကြီးအောင်သူတစ်ယောက် အမှန်အကန် သေသွားခဲ့ပြီဆိုရင် သူ့အသက်က ဒီဆေးလိပ်နံ့လောက်တောင် တာရှည်မခံပါလားလို့ သက်သေပြနေသလိုပဲ။ ဒီတစ်နှစ်ကျော်အတွင်းမှာ သူ့ရဲ့ လက်ရေးကို အသည်းအသန် လေ့ကျင့်ခဲ့တာ အလဟဿ မဖြစ်ဘဲ နောက်ဆုံးတော့ အကျိုးကျေးဇူးကို ခံစားလိုက်ရပါကောလို့ တွေးလိုက်မိတော့ သူ့ရင်ထဲ ကျေနပ်သွားမိတယ်။ ပြတင်းအပြင်ဘက်မှာတော့ ကောင်းကင်က မှုန်မှိုင်းလို့။ ငှက်ကလေးတစ်ကောင်က အိပ်မက်တစ်ခုနှယ် သူ့မျက်စိရှေ့ကနေ ဖြတ်ပျံသွားတယ်။

ငှက်ကလေးက ချိုမာရဲ့ အတွေးရေယာဉ်ကြောကို ခြံထဲကနေ ခေါ်ထုတ်သွားပြီး မြို့ထဲကို၊ လိပ်ကြီးဆီကို ရောက်ရှိသွားတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာ သူ့အဖို့ သတ်မှတ်ထားတဲ့ အချိန်နဲ့ နေရာမှာ လိပ်ကြီးနဲ့ တွေ့ဆုံခွင့် ရခဲ့တာချည်းပဲ။ လိပ်ကြီးက သူတို့ရုံးဝင်းထဲမှာ ရှိတဲ့ ရှုခင်းတစ်ခုလိုပဲလို့ သူ တစ်ခါက တွေးခဲ့ဖူးတယ်။ ကြည့်ချင်တဲ့အချိန် သွားကြည့်လို့ ရခဲ့တာကိုး။ ဒါပေမယ့် သူတို့ ဘယ်တုန်းကမှ စကား မပြောခဲ့ဖူးဘူး။ ဆုံတွေ့ကြတဲ့ အချိန်တိုင်းမှာ မျက်လုံးတွေနဲ့ပဲ ဆက်သွယ်ခဲ့ကြတယ်။ အကြည့်တွေနဲ့ သတင်းပို့ခဲ့ကြတယ်။ အမှိုက်တွေနဲ့ သတင်းပို့ခဲ့ကြတယ်။ တစ်ခါသား သူ ရုံးဆင်းနောက်ကျလို့ အမှိုက်သွားသွန်တဲ့အချိန်မှာ လိပ်ကြီးက သူနေတဲ့ ဝန်ထမ်းတန်းလျားကို အမှိုက်သိမ်းဖို့ ရောက်နေခဲ့ပြီ။ အဲဒီတစ်ခါပဲ သူက အမှိုက်အိတ်ကို လိပ်ကြီးရဲ့ လက်ထဲ တိုက်ရိုက် ထိုးထည့်ပေးခဲ့ဖူးတယ်။

သိပ်မကြာခင်မှာပဲ မြသန္တာ ပြန်ရောက်လာတယ်။ ခိုင်းထားတဲ့အတိုင်း လုပ်ပြီးပြီဖြစ်ကြောင်း လာပြီး အသိပေးတဲ့ ကလေးတစ်ယောက်လို စင်္ကြံလမ်းပေါ်ကနေ လက်ကားယား ခြေကားယားနဲ့ ချိုမာကို ခြေဟန်လက်ဟန် လုပ်ပြတယ်။ အဲဒီအခိုက်အတန့်လေးမှာ ချိုမာရဲ့ရင်ထဲ သိမ့်ကနဲ လှိုက်ကနဲ ပျော်ရွှင်သွားမိတယ်။ ပျော်လိုက်တာမှ အရိုးအချင်တွေ ပေါ့ပါးပြီး မိုးပေါ် ပျံတက်သွားတော့မယ့် အတိုင်းပဲ။ သူ တွေးကြည့်တယ်။ လိပ်ကြီးသာ ခြံထဲကို လျှောက်ဝင်လာပါစေ။ သူ့လို သတိဝီရိယ ရှိပုံမျိုးနဲ့ဆိုရင် လမ်းပေါ်မှာ ကျနေတဲ့ အနက်ရောင်ဖယောင်းလုံး နှစ်လုံးကို သတိမထားမိဘဲ နေမှာ မဟုတ်ဘူး။ အဲဒီကနေ ဆက်ပြီး ခြေရာခံသွားမယ် ဆိုရင် … ။ ဒီခြံကြီးက အကျယ်ကြီးဆိုပေမယ့် အမှိုက်ပုံးက အများကြီး ရှိတာမှ မဟုတ်ဘဲ။ သူ ဟိုအမှိုက်ပုံးကို ရှာမတွေ့နိုင်စရာ အကြောင်းမရှိဘူးလေ။ အဲဒီလိုတွေးရင်း သူ့ခန္ဓာကိုယ်က အလိုလို ကွေးညွတ်သွားပြီး ခုတင်ပေါ် ဒူးထောက်လျက်သား ပုံကျသွားတယ်။ လက်ဖဝါးနှစ်ဖက်ကို ကြာဖူးငုံသဏ္ဌာန် လက်အုပ်ချီရင်း မျက်လုံးအစုံကို တင်းတင်း စေ့ပိတ်ထားတယ်။ ခြံထဲကို လိပ်ကြီး မြန်မြန် ရောက်လာပါစေလို့ သူ ဆုတောင်းနေမိတယ်။

မျှော်လင့်ချက်က ကြီးမားလွန်းနေတာကြောင့် ဆုံးရှုံးသွားမှာကို ကြောက်ရွံ့တဲ့စိတ်ကလည်း သူ့အလိုလို ရင်ထဲ ဖြစ်ပေါ်လာတယ်။ အဲဒီလို စိုးရိမ်နေတာကလည်း သဘာဝကျပါတယ်လို့ တစ်ခဏကြာတော့ သူ ခံစားလာမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့က အခြေအနေ မပေးတာကြောင့် လိပ်ကြီးကို ဒီနေ့ မဖြစ်မနေ အရောက်လာဖို့ သူ တိတိပပ အကြောင်းမကြားလိုက်ရဘူးလေ။ ဒါပေမယ့် အပြန်ပြန် အထပ်ထပ် ဆင်ခြင်သုံးသပ်၊ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ ဒီနေ့ လိပ်ကြီး ရောက်လာနိုင်တယ်လို့ သူ ယူဆလိုက်တယ်။ သူက သူ့ကိုယ်သူ ရေရွတ်ပြောဆိုနေမိတယ်။ တွေ့ဆုံပွဲလုပ်ဖို့ ရက်က နီးလာပြီဆိုတော့ အဖွဲ့က သူ့ဆီကနေ သတင်းအချက်အလက်တွေ အရေးပေါ် လိုချင်နေကြမှာပဲ။ ဒီလိုအချိန်မှာ လိပ်ကြီးက သူနဲ့ ဆက်သွယ်ဖို့ အချိန်မရွေး အဆင်သင့် ရှိနေရမယ် မဟုတ်လား။ အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်တော့ မဖြစ်မနေ သူ့ကို လာရှာမှာပါပဲ။ လိပ်ကြီး မနေ့က ဒီခြံထဲကနေ ပြန်ထွက်မသွားခင် ဒီနေ့ ပြန်လာနိုင်အောင်လို့ အကြံအဖန် တစ်ခုခုတော့ လုပ်ခဲ့မှာ သေချာတယ်လို့တောင် သူ တွေးနေမိတယ်။ ပစ္စည်းတစ်ခုခု တမင် ချန်ထားပစ်ခဲ့တာမျိုး၊ ဒါမှမဟုတ် ဧည့်ရိပ်သာက ဝန်ထမ်းတစ်ယောက်ယောက်ကို ဒီနေ့ သန့်ရှင်းရေး လာလုပ်ပေးမယ် ဆိုပြီး အချိန်းအချက် လုပ်ထားခဲ့တာမျိုးပေါ့။

ပြောဖို့ လိုမယ်တောင် မထင်ပါဘူး။ လိပ်ကြီးသာ ရောက်လာပါစေ။ တစ်ခဏလောက်ပဲဖြစ်ဖြစ် ရောက်လာရင်ကိုပဲ လုံလောက်သွားပြီ။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *