မိုးတဖွဲဖွဲ၊ လေတသည်းသည်းနဲ့မို့ မြင်ကွင်းတစ်ခုလုံး မှုန်မှိုင်းအုံ့ဆိုင်းနေတယ်။ ဒီကားဆရာ၊ ဒီမော်တော်ကား၊ ဒီလမ်းခရီးနဲ့ ဒီအကွာအဝေးကိုပဲ ဖြတ်သန်း မောင်းနှင်လာရပေမယ့် အရင်နေ့တွေကထက် မိနစ် ၂၀ လောက် ပိုပြီး ကြန့်ကြာသွားတယ်။ အတန်ငယ် နောက်ကျသွားပြီမို့ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်စိတ်တချို့ ပူးကပ်ဝင်ရောက်လာတယ်။ အမယ်အိုကြီးက ကျွန်တော့်ကို စိတ်များ ဆိုးနေလေမလား။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့ အသည်းနှလုံး တစ်စုံတစ်ရာက ဖိညှပ်ထားသလို ခံစားနေရပြန်တယ်။ ဘယ်လိုမှ ခါထုတ်လို့မရ၊ ကန်ထုတ်လို့ မရတဲ့ တစ်စုံတစ်ခုပေါ့ … လမ်းတစ်လျှောက်မှာ ကျွန်တော် စဉ်းစားနေခဲ့တယ်။ အဖွားမြသန္တာက အရင်နေ့တွေမှာ နိဒါန်းပျိုးနေလိုက်တာ အခုဆို ကျွန်တော့်ဝတ္ထုရဲ့ အစပိုင်းကို ဒုတ်ဒုတ်ထိ ရောက်လာခဲ့ပြီ။ ဒီနေ့ဆိုရင် ကန်လန့်ကာကြီးကို ဖွင့်ပြီး အထဲကို တန်းဝင်ရုံပဲ ကျန်တော့တယ်။ ဘာတွေများ ဖြစ်လာမှာပါလိမ့်။ သိချင်ဇော အားကြီးနေတဲ့ အဲဒီစိတ်ကြောင့် ဒီနေ့ ရရှိနိုင်လာမယ့် အကျိုးရလဒ်အပေါ် ကျွန်တော် အများကြီး မျှော်လင့်နေမိတယ်။ အများကြီး ဝမ်းမြောက်နေမိတယ်။ မကြာခင် ကျွန်တော် တွေ့ရတော့မယ့်သူက အတိတ်ခရီးကို တစ်လှမ်းချင်း ဖြတ်ကျော်လျှောက်လှမ်း လာခဲ့ရတဲ့ ဇရာအိုတစ်ယောက် မဟုတ်တော့ဘဲ အနာဂတ်ကာလကနေ ပျံသန်းရောက်ရှိလာတဲ့ အချိန်ခရီးသွားတစ်ယောက်ကို တွေ့ရတော့မယ့် အတိုင်းပဲ။
အဖွားအိုကတော့ စိတ်လက်ကြည်သာနေပုံ ရတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ စကားက ပင်မအကြောင်းအရာ (နေလစံအိမ်အကြောင်း) ကို အလျင်အမြန် ရောက်ရှိသွားတယ်။ သူက ကိုယ်တွေ့ကြုံကြိုက်ခဲ့ရတဲ့ ကာယကံရှင်တစ်ယောက် မဟုတ်လား။ နောက်ပြီး ငယ်စဉ်ကတည်းက အိမ်ကြီးခြံကြီးထဲမှာ ကြီးပြင်းလာခဲ့ရတဲ့သူ ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က နေလစံအိမ်တော်ကြီးအကြောင်း ပြောပြတဲ့အခါမှာ သူက ဘကျော်ပြောခဲ့တာတွေထက် အများကြီး ပိုပြီး စေ့စပ်သေချာတယ်။ ပိုပြီး အသက်ဝင်နေတယ်။ သူက အဆောက်အအုံရဲ့ ဒီဇိုင်းပုံစံ၊ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ နေရာအခင်းအကျင်း၊ ခြံဝင်းထဲက သစ်ပင်ပန်းမန်တွေရဲ့ ရှုခင်းရှုကွက်၊ နောက်ပြီး နေရာအနှံ့မှာ အလှဆင်ထားတဲ့ ရွှံ့ရုပ်၊ သစ်သားပန်းပုရုပ်နဲ့ ကျောက်ဆစ်ရုပ် အမျိုးမျိုးရဲ့ အသွင်သဏ္ဌာန်၊ ပါကေးကွက်တွေရဲ့ အဆင်ပုံစံ၊ နောက်ဆုံး မြင်းမိုရ်ပိတ်မှာ အလှဖော်ထားတဲ့ ကနုတ်ဒီဇိုင်းကအစ အတော်လေးကို နှံ့နှံ့စပ်စပ် စုံစုံလင်လင် နှိုက်နှိုက်ချွတ်ချွတ် ပြောပြနိုင်တယ်။
အဖွားအိုက ပြောတယ်။ ဗိုလ်မှူးမောင်ကိုက သူတို့အုပ်စုကို ညကြီးသန်းခေါင် လူစုခိုင်းတဲ့အပေါ် သူက အနည်းနဲ့အများ သံသယရှိခဲ့တယ် ဆိုပေမယ့် အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပြီးတဲ့ နောက်မှာတောင် နဝေတိမ်တောင် အူကြောင်ကြား ဖြစ်နေတုန်းပဲ။ သူက ဝန်ခံတယ်။ ဗိုလ်မှူးမောင်ကိုရဲ့ အင်္ဂုလိဝှက်စာကို မဖြေနိုင်ခင်အထိ အခြေအနေတွေက ဒီလို ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်လိုမှ ထင်မထားခဲ့ဘူး။ ဒါကြောင့် အရင်က သူ့မှာ ဘာမှ ပြောစရာ မရှိခဲ့ဘူး။ နောက်တော့ရော … နောက်တော့ ချိုမာက မြေအောက်ကွန်မြူနစ်တစ်ယောက် ဖြစ်ရမယ်လို့ သူ ချက်ချင်း တွေးမိသွားတယ်။
(အသံသွင်းမှတ်တမ်း)
ဟားဟား … အဲဒီတုန်းက ဘာပြဿနာတွေ ဖြစ်နေသလဲ ဆိုတာကို ငါ အတိအကျ မသိရသေးပေမယ့် ငါ့မျက်စိရှေ့မှာ ရှိနေကြတဲ့ … အောင်မျိုးမြချို ဒီလေးယောက်၊ ဘယ်သူက မြွေပွေးလဲ။ ငါကတော့ မချိုမာကို မသင်္ကာဘူး။ နောက်တော့ (ပထမဆုံးနေ့ရဲ့ ညနေခင်း) ဗိုလ်မှူးမောင်ကိုက အစည်းအဝေးမှာ ရန်ကုန်ကလာတဲ့ သံကြိုးစာနဲ့ သက်ဆိုင်တယ်လို့ ပြောလိုက်တဲ့အခါမှာ သူပဲ ဖြစ်ရမယ်လို့ ငါ့အဖို့ ပိုပြီး ခိုင်ခိုင်မာမာ ယုံကြည်သွားတယ်။ အဲဒါ သူ့အတွက် ငါ ဆင်ထားခဲ့တဲ့ ထောင်ချောက်ပဲဥစ္စာ။ ငါ့စိတ်ထဲ ပျော်သလိုလိုတောင် အနည်းအကျဉ်း ဖြစ်သွားလိုက်သေးတယ်။ သူ့ရဲ့ ဇာတိမှန်ကို သိလိုက်ရပြီ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဝမ်းနည်းစိုးရိမ်တဲ့စိတ်က အများကြီး ပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖို့ ဒီတောင်ကို ကျော်နိုင်မယ် မထင်တော့ဘူးလို့ ငါ ခံစားနေရတယ်။
တကယ်ပြောတာ။ အစကနဦးမှာ ဗိုလ်ကြီးအောင်သူက အရှုပ်ထုပ်ထဲ တွန်းချခံလိုက်ရတာ။ အဲဒီတိုက်ကွက်ကတော့ မချိုမာရဲ့ ပြောင်မြောက်တဲ့ ဗျူဟာပဲ။ အဲဒီတုန်းက ငါလည်း ယတိပြတ် မပြောနိုင်ခဲ့ဘူး။ ဗိုလ်ကြီးအောင်သူက မချိုမာရဲ့ ရုံးခန်းထဲကို ဝင်သွားခဲ့သလား။ ဝင်မသွားခဲ့ဘူးလား။ ငါ မမြင်လိုက်ရဘူး။ သတိလည်း မထားမိဘူး။ ဒါပေမယ့် မချိုမာရဲ့ ပြောစကားအရ ဗိုလ်ကြီးအောင်သူက သူ့ဆီကနေ ကြေးနန်းဝှက်စာရဲ့ အကြောင်းအရာကို စုံစမ်းရတဲ့ အကြောင်းအရင်းက ရာထူးအပြောင်းအရွှေ့ ရှိမရှိ သိချင်လို့ ဆိုတဲ့ အချက်ကိုတော့ ငါ သံသယ ရှိတယ်။ မချိုမာ ညာနေတာပဲ ဖြစ်ရမယ်လို့ ငါ ထင်တယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ခေါင်းမာတာ၊ ဆက်ဆံရခက်တာကို လူတိုင်းက သိထားနှင့်ပြီးသား။ ဗိုလ်ကြီးအောင်သူသာ အဲဒီကိစ္စကို တကယ် စုံစမ်းချင်ရင် သူ့ကို သွားမတွေ့သင့်ဘူး။ ငါ့ကို လာတွေ့ရမှာ။ အဲဒါက ပထမအချက်။ ဒုတိယအချက်က … ဗိုလ်ကြီးက သူ့ရဲ့ ရုံးခန်းထဲကို ဝင်သွားပြီး သူ့ကို မေးတယ်ပဲထားဦး။ ငါ သူ့အပေါ် နားလည်ထားသလောက်ဆိုရင် သူက ဖြေမှာ မဟုတ်ဘူး။ အဲဒီတုန်းက အဲဒီ သံကြိုးစာကို ငါက လက်ရေးနဲ့ ပြန်ကူးနေတုန်းပဲ ရှိသေးတယ်။ အထက်ကို မတင်ရသေးဘူး။ သူ ဘယ်လိုလုပ်ပြီး ပြောနိုင်ပါ့မလဲ။ ပြောမယ်ဆိုရင်တောင် ငါ အထက်ကို တင်ပြီးနောက်မှ ပြောတာက ပိုပြီး သဘာဝကျလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ သူ ညာနေတာပါလို့ အဲဒီတုန်းက ငါ ရာနှုန်းပြည့် ယုံကြည်ထားတယ်။ ဒါနဲ့ သူက မြွေပွေး ဖြစ်ရမယ်လို့ ငါ ဆုံးဖြတ်လိုက်တာပဲ။
နောက်တော့ မင်း စဉ်းစားကြည့်။ သူ့ကို မြွေပွေးပါလို့ သိသွားပြီးတဲ့နောက်မှာ ငါ ဘယ်လို ခံစားရမယ် ထင်လဲ။ ငါ ပြောမယ်။ အလုပ်သဘောအရပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်စိတ်ဆန္ဒအရပဲ ဖြစ်ဖြစ်၊ သူ ဆွဲစေ့ခံရမှာကို ငါ နည်းနည်လေးမှ မလိုလားဘူး။ ငါ သူ့ကို ကူညီချင်တယ်။ သူ လွတ်နိုင်လား၊ မလွတ်နိုင်ဘူးလား၊ ငါလည်း မပြောတတ်ဘူး။ အဲဒီလို ဖြစ်နိုင်ခြေက အမြင်အရ အင်မတန်မှ သေးနုပ်လှတယ် ဆိုပေမယ့် ငါကတော့ ဘာဖြစ်ဖြစ် စမ်းကြည့်ချင်သေးတာပဲ။ ဒါဆို ငါ ဘာလုပ်ပေးနိုင်မလဲ။ အမှန်အတိုင်း ဝန်ခံရရင် ဗိုလ်ကြီးအောင်သူနဲ့ တပ်ကြပ်ကြီးမျိုးဇော်ကို အကြောင်းတစ်စုံတစ်ရာ မရှိဘဲ စွပ်စွဲပြစ်တင်ဖို့ကျတော့လည်း ငါ မလုပ်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ စွပ်စွဲတာ အထမမြောက်လို့ လွတ်ထွက်သွားရင် နောက်ဆုံးကျတော့ မြားဦးက မချိုမာဆီကိုပဲ စုပြုံပြီး ရောက်ကုန်ကြတော့မှာ။ ငါ့ကိုလည်း မဲလာနိုင်တယ်လေ။ အဲဒီလိုဆိုရင် ငါက ကြားကြောင်ကနေ ငထွားခါးနာပြီး ငါ့အဖေကိုပါ ထိခိုက်လာနိုင်တယ်။ အဲဒါက မီးကို ဆော့ကစားနေသလိုပဲ။ အင်မတန်မှ အန္တရာယ်ကြီးတယ်။ ငါ မလုပ်ရဲဘူး။ ဒါဆို ငါ ဘာလုပ်နိုင်မလဲ။ အဲဒီလိုနဲ့ မင်းရဲ့ စာမူထဲမှာ ရေးထားသလို သူဌေးသမီးဂိုက် အပြည့်ဖမ်းပြီး ကြွပ်ဆတ်ဆတ် အမူအရာနဲ့ စစ်မေးတာတွေကို လက်သင့်မခံဘဲ ဘုဆတ်ဆတ်လုပ်နေခဲ့တယ်။ ဗိုလ်လေးထွန်းမြင့်ကို ဗြောင်ကျကျ ဆန့်ကျင်ခဲ့တယ်။ မေးတာ မဖြေဘူး။ ဖြေလည်း ဗရုတ်သုတ်ခတွေ လျှောက်ဖြေတယ်။ ပြောရရင်တော့ ကိုးယိုးကားယားတွေ လျှောက်လုပ်နေတာပဲ။ နောက်တော့ မင်းလည်း သိပြီးသားပါပဲ။ အဲဒီနေ့နေ့လယ်က ငါ တမင်သက်သက် ထမင်းသွားမစားခဲ့ဘူး။ လုံထိန်းတစ်ယောက်နား ချဉ်းကပ်ပြီးတော့ ကိုလွင်ဆီ ဖုန်းခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တယ်။ ငါ အဲဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်က အခြေအနေတွေကို ပိုပြီး ရှုပ်ထွေးသွားအောင်လို့ပဲ။ ဟိဟာရ ငါ့အပေါ် သံသယဝင်လာအောင် လုပ်လိုက်တာ။ သံသယ အဝင်ခံရမှာကို ငါ မကြောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ မြွေပွေး မဟုတ်ဘူး ဆိုတာကို ငါ့ကိုယ်ငါ သိနေလို့ပေါ့။ အတုကို အစစ်နဲ့တူအောင် ဘယ်လိုပဲလုပ်လုပ်၊ အတုဟာအတု၊ အစစ်ဟာအစစ်ပဲ။ စားဆီထဲ ရေရောလို့ မရဘူး မဟုတ်လား။ အဲဒီလို ဝင်ရှုပ်လိုက်ခြင်းအားဖြင့် မချိုမာအတွက် ဒီတစ်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေးတစ်ခု ရသွားစေချင်တဲ့ သဘောပဲ။ အလစ်ရတာနဲ့ သူ ထွက်ပြေးနိုင်အောင်လို့ …
***
ရည်ရွယ်ချက်က ချိုမာကို အလစ်ထွက်ပြေးနိုင်အောင် ဆိုမှတော့ မြသန္တာအဖို့ ချိုမာနဲ့ ကြိုတင် တိုင်ပင် ညှိနှိုင်းထားဖို့ လိုအပ်တာပေါ့။
ဒါပေမယ့် လုံးဝ လုံးဝ မျှော်လင့်မထားတဲ့ အချက်က မြသန္တာရဲ့ အဲဒီစေတနာ ဗရပွကို ချိုမာက တူးတူးခါးခါး ငြင်းပယ်ခဲ့တယ်။