Show contents

(ဂ)

အဲဒီလူက အသက်ငယ်ရွယ်ဆဲဖြစ်တဲ့ ဘကျော်ပဲဆိုတာကို ကျွန်တော် သိတယ်။ ဒေါ်ချိုမာက အပြင်မှာ တခြားယောက်ျားတစ်ယောက်နဲ့ ပလူးပလဲ လုပ်နေတယ်လို့ သတင်းကြားတာကြောင့် သူက ရုံးအထိရောက်လာပြီး ပြဿနာလာရှာခဲ့တာ။ အဲဒါက တကယ်တော့ ဒေါ်ချိုမာနဲ့ (ငယ်ရွယ်တဲ့) ဘကျော်တို့ရဲ့ လံကြုပ်ဇာတ်လမ်းတစ်ပုဒ်ပဲ။ ရည်ရွယ်ချက်က ဒေါ်ချိုမာကို အိမ်ကနေ နှင်ချပြီး ညအချိန်မှာ ရုံးထဲ နေနိုင်အောင် အကွက်ဆင်ထားကြတာ။ ဒါမှ ရုံးကိစ္စတွေကို အချိန်မရွေး မျက်စိဒေါက်ထောက်ပြီး ကြည့်နေနိုင်မှာ မဟုတ်လား။ နောက်တော့ ဌာနမှူးက ဒေါ်ချိုမာအတွက် အပျိုဆောင်မှာ အခန်းလွတ်တစ်ခန်း စီစဉ်ပေးပြီး အဲဒီမှာပဲ နေထိုင်ခွင့် ပြုလိုက်တယ်။ ဒါနဲ့ နာမည်ခံ တစ်ခုလပ်တစ်ယောက် ဖြစ်သွားပြီး နေ့ခင်းနေ့လယ်ကျမှ အိမ်ပြန်ပြီး ကလေးတွေကို သွားတွေ့ရတယ်။ (တကယ်တော့ အဲဒါက အိမ်ကို သတင်းသွားပို့တာပါ)

အဲဒီအကြောင်းတွေ အကုန်လုံးကို အဲဒီအခါက မြသန္တာက ဘာမှ သိထားခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် သူက ချိုမာကို အသနားတွေ ပိုနေခဲ့တယ်။ အဲဒီနေ့ညက ချိုမာအဖို့ အိမ်ပြန်ရခက်နေလို့ အိမ်မဲ့ရာမဲ့ ဖြစ်နေတာကြောင့် သူက သူ့အိမ်က ကားဆရာကို လှမ်းခေါ်ပြီး ချိုမာကို သူ့အိမ်မှာ အိပ်ဖို့ တစ်ညတာ ခေါ်သွားခဲ့တယ်။ ချိုမာကလည်း သူ့လံကြုပ်ဇာတ်လမ်းကို ပိုပီပြင်အောင် ဆိုတဲ့ စိတ်ကူးနဲ့ သူ့ရဲ့ အကူအညီကို လက်သင့်ခံခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုပြီး နီးကပ်ရင်းနှီးလာတယ်။ နောက်ပိုင်းမှာ ဌာနက ချိုမာအတွက် အခန်းတစ်ခန်း စီစဉ်ပေးတော့ အဲဒီအခန်းက မြသန္တာရဲ့ အခန်းနဲ့ မနီးမဝေးမှာ ဖြစ်နေတာမို့ အတူတကွ ရုံးတက်ရုံးဆင်း လုပ်ခဲ့ကြတယ်။ ချီးပါမကြုံ သေးပေါက်ကြုံရတာကြောင့် သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကလည်း ပိုပိုပြီး ခိုင်မြဲလာတယ်။ အတူထွက်အတူဝင်၊ အတူစားအတူလုပ်နဲ့ ညီအစ်မနှစ်ဖော်လို ဖြစ်လာကြတယ်။

(အသံသွင်းမှတ်တမ်း)

အဲဒီတုန်းက ငါက အိမ်ကို မကြာခဏ ပြန်တတ်တယ်။ အဖေကလည်း ငါ ပဲခူးမှာ တာဝန်ကျပြီး သိပ်မကြာဘူး။ ရန်ကုန်ကနေ ပဲခူးကို ပြောင်းလာတယ်။ ဒါမှလည်း အိမ်ပြန်ဖို့ အကြောင်းပြချက် ပေးစရာ ရှိမှာ မဟုတ်လား။ ဒါကြောင့် ငါ့လက်ထဲမှာ သတင်းတစ်ခုခု ရပြီဆိုတာနဲ့ အိမ်ကို ဖုန်းဆက်ပြီး ကားဆရာကို လာကြိုခိုင်းလိုက်တယ်။ ရုံးပိတ်ရက်လို နေ့မျိုးကျမှပဲ သတင်းရှိရှိ မရှိရှိ၊ ငါ အိမ်ပြန်ပြီး နှပ်နေတယ်။ ရုံးထမင်းကို စားရတာ ငါ့အတွက် ဘယ်မှာလာပြီး အဆင်ပြေနိုင်ပါ့မလဲ။ ရုံးပိတ်ရက်တွေမှာ ငါ အိမ်ပြန်လို့ရှိရင် သူ့ကိုလည်း ခေါ်သွားတတ်တယ်။ သူက ငါ ခေါ်တိုင်းလိုက်တာတော့ မဟုတ်ဘူး။ ငါနဲ့ အိမ်လိုက်ဖူးတဲ့အကြိမ်ရေက အများကြီး မရှိဘူး။ တဖြည်းဖြည်းနဲ့ သူက ငါ့အဖေနဲ့လည်း ရင်းနှီးလာတယ်။ အဖေက သူ့ရဲ့ တည်ငြိမ်အေးဆေးမှုနဲ့ ဖာသိဖာသာ နေတတ်မှုတွေကို သဘောကျနေတယ်။ ငါ့ရဲ့ ပါတနာအဖြစ် လက်တွဲအလုပ်လုပ်ဖို့ အင်မတန်မှ လိုက်ဖက်ညီတယ်လို့ သူက ယူဆတယ်။ ဒါကြောင့် အဖေက ငါ့ကို အကြံပေးတယ်။ မချိုမာကိုပါ လုပ်ဖော်ကိုင်ဖက်အဖြစ် လက်တွဲခေါ်နိုင်အောင် ကြိုးစားသွားဖို့ပေါ့။ အဲဒီတုန်းက သူ့ကို မြေအောက် ကွန်မြူနစ်တစ်ယောက်ပါလို့ ငါတို့ လုံးဝ သိမထားကြဘူး။

တကယ်ဆိုရင်လည်း သူက ကွန်မြူနစ်တစ်ယောက် ဖြစ်နေလို့လည်းပဲ သူက ငါတို့နဲ့ ရင်းနှီးခင်မင်ဖို့ ဆန္ဒရှိနေခဲ့တာပေါ့။ သူက အစပိုင်းမှာ ငါ့ကို အေးတိအေးစက် ဆက်ဆံတယ် ဆိုတာကလည်း ငါ့ကို ချဉ်းကပ်နိုင်ဖို့အတွက် သူ့ရဲ့ နည်းပရိယာယ်တစ်ခုပဲ။ သူက ငါနဲ့ ငါ့အဖေဆီကနေ ဗဟိုအစိုးရရဲ့ သတင်းပုလင်းတွေကို နှိုက်ထုတ်ချင်လို့လေ။ ဒီမြေအောက်လုပ်ငန်းက အခုလို ဟန်ဆောင်မှု၊ သိုသိပ်ဖုံးဖိမှုတွေနဲ့ သူ့ကို ကိုယ်မသိ၊ ကိုယ့်ကို သူမသိ၊ အလုပ်လုပ်နေရတာ မပင်ပန်းလွန်းဘူးလား။ အစကတည်းက အဲဒီလိုမှန်းသိရင် ပွင့်ပွင့်လင်းလင်းသာ ပြောချလိုက်၊ ပြီးရော။ ဘာလုပ်ဖို့ ဒီလောက်တောင် ဝေ့လည်ကြောင်ပတ် လုပ်နေစရာ လိုပါဦးတော့မလဲ။ မဟုတ်လည်း ငါတို့ရဲ့ ဘုံရည်မှန်းချက်က ဂျပန်တွေကို ဒီမြေပေါ်ကနေ တိုက်ထုတ်ပစ်ဖို့ပဲဥစ္စာ။ ဒါပေမယ့် မဟုတ်သေးဘူးလေ။ လူတိုင်းက ဟန်ကိုယ့်ဖို့ထားပြီး ကိုယ့်ကိုယ်ကိုယ် မျက်နှာဖုံး စွပ်ထားချင်ကြတာ မဟုတ်လား။ ကိုယ်ဘာကောင်လဲ ဆိုတဲ့ အမှန်တရားကို ဘယ်သူကမှ တစ်စွန်းတစ်စလေးတောင် အပေါက်ကြား မခံနိုင်ကြဘူး။ ပေါက်ကြားသွားခဲ့ရင် ခေါင်းပြုတ်သွားနိုင်တယ်လေ။

***

ကျွန်တော်က မနေနိုင်တော့လို့ အဖွားမြသန္တာကို ဖြတ်မေးလိုက်တယ်။ “အဖွားက ဘယ်အချိန်ကျမှ သူ့ကို ကွန်မြူနစ်မှန်း သိသွားခဲ့တာလဲ”

“နေလစံအိမ်ထဲ ရောက်ပြီးတော့မှပေါ့” အဖွားအိုက ခပ်ပြတ်ပြတ် ပြန်ဖြေတယ်။

“ဒီလောက်တောင် အကြာကြီး ပေါင်းလာတာကို အဖွားက နည်းနည်းလေးမှ မရိပ်မိခဲ့ဘူးလား”

“မင်း ဘယ်လိုထင်လဲ” အဖွားအိုက ကျွန်တော့်ကို ပြန်မေးနေတယ်။

ကျွန်တော် ဘာပြန်ဖြေရမှန်း မသိဘူး။

အဖွားမြသန္တာက ထပ်မေးတယ်။ “မင်းက ငါ့ကို အဲဒီလောက်တောင် အသုံးမကျဘူးလို့ ထင်နေတာလား။ ကြေးနန်းဝှက်စာလေး တစ်စောင်ကိုတောင် မဖြေတတ်တော့ဘူးတဲ့လား”

သူ ပြောနေတာက ရန်ကုန်က ရောက်လာတဲ့ ကြေးနန်းကို။

အဖွားမြသန္တာက ကျွန်တော်ကို ပြောပြတယ်။ အဲဒီကြေးနန်းထဲမှာ ဝှက်စာတွေ ထပ်ဆင့် ခံထားပေမယ့် အဲဒီလို ကမြောက်ကခြောက်မျိုးက သူ့အတွက်တော့ ချိုင်းပလေးပဲ။ “မင်း မမေ့နဲ့ဦး။ ငါ့ကို အင်္ဂလန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က သင်တန်းပေးထားခဲ့တာ။ အဲဒီလို ကလေးကလားမျိုးကိုတောင် မဖြေရှင်းတတ်ရင် အင်္ဂလန် စစ်ထောက်လှမ်းရေးအဖွဲ့ကို အရှက်ခွဲသလို ဖြစ်နေမှာပေါ့။ ငါ အဲဒီလောက် ညံ့နေပါ့မလား။ ငါ အဲဒီလောက်တောင် ညံ့နေခဲ့ရင် ဒီနေ့အထိ အသက်ရှင်နေနိုင်ပါဦးမလား”

အဖွားအိုက ကျွန်တော်ကို မျက်စောင်းထိုးရင်း မေးခွန်းတစ်ခု ပစ်သွင်းလိုက်တယ်။ သူက ကျွန်တော်ကို ပြောပြတယ်။ သူ အဲဒီကြေးနန်းစာကို သူ့ဖာသာသူ ဝှက်စာဖော်ထားပြီးသား။ ကျွန်တော်ရဲ့ ဝတ္ထုထဲကလို မဖော်နိုင်လို့ ဒေါ်ချိုမာဆီမှာ အကူအညီ သွားတောင်းခဲ့တာ မဟုတ်ဘူးတဲ့။

ကျွန်တော် မနေနိုင်လို့ သူ့ကို မေးကြည့်တယ်။ “အဖွားက ကိုယ့်ဟာကိုယ် ဝှက်စာဖြေပြီးပြီဆိုရင် ဘာဖြစ်လို့ ဒေါ်ချိုမာဆီကို သွားမေးနေရသေးတာလဲ”

အဖွားအိုက ခနဲ့ပြုံးပြုံးတယ်။ “နင်က ငါ့ကို မေးတယ်မဟုတ်လား။ ဒီလောက် အချိန်တွေ အကြာကြီး ပေါင်းလာခဲ့ကြတာ မချိုမာကို ကွန်မြူနစ်တစ်ယောက်မှန်း မရိပ်မိဘူးလား။ တကယ်ဆို မင်းရဲ့ မေးခွန်းကို ငါ ဖြေပြီးသွားပြီ။ မင်းပဲ စဉ်းစားကြည့်။ ငါသာ မရိပ်မိဘူးဆိုရင် သူ့ကို တကူးတက သွားမေးနေပါဦးမလား”

မြေအောက်လုပ်ငန်းကို နှစ်ရှည်လများ လုပ်လာခဲ့ရတဲ့ အကြောင်းကြောင့် ဖြစ်မယ် ထင်တယ်။ အဖွားအိုက စကားပြောရင် တောင်ဝေ့မြောက်ဝေ့နဲ့ လိုရင်းကို မရောက်တော့ဘူး။ စကားထာဝှက်သလို ကျွန်တော်ဖြင့် သူ လုပ်တာနဲ့ မူးချာလည် လိုက်နေပြီ။ သူ ဆိုလိုချင်တာက ဒီလိုပါ။ အဲဒီအချိန်တုန်းက အဖွားမြသန္တာက ဒေါ်ချိုမာရဲ့ ဇာတိရုပ်ကို သံသယ ရှိနေခဲ့တယ်။ အဲဒီလို သံသယ ရှိနေလို့လည်းပဲ ကြေးနန်းဝှက်စာကို ဖြေပြီးတဲ့အခါမှာ ဖိုးစီနဲ့ ပဲခူးရဲ့ မြေအောက်ကလာပ်စည်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အကြောင်းကိစ္စကို တွေ့ရှိသွားတာကြောင့် ကြေးနန်းဝှက်စာကို မဖော်တတ်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်ချိုမာကို အကူအညီ တောင်းချင်ယောင် ဆောင်ခဲ့တယ်။

“အဲဒါကို အကူအညီ သွားတောင်းတယ် မခေါ်ဘူး။ ကံစမ်းကြည့်တာ။ တကယ်လို့သာ မချိုမာက တကယ်ပဲ ကွန်မြူနစ် ဖြစ်နေခဲ့ရင် ငါ ကောင်းမှုတစ်ခု လုပ်လိုက်မိပြီပဲ ဆိုရတော့မှာပေါ့” အဖွားအိုက အဲဒီလို ရှင်းပြတယ်။ ချောင်းတစ်ချက်ဟန့်ပြီး သူက နောက်ထပ် ရှင်းပြပြန်တယ်။ “ဒါပေမယ့် ငါက အဲဒီကိစ္စကို အရင်းတည်ပြီး မချိုမာက ကွန်မြူနစ် ဟုတ်မဟုတ် ဆိုတဲ့အချက်ကို သက်သေယူကြည့်တာပါ။ အမှန်အတိုင်း ဝန်ခံရရင် သူ့အပေါ် သံသယ ဝင်လို့သာ ဝင်နေရတာ။ ငါ့မှာ ဘာသက်သေမှ ရှိတာ မဟုတ်ဘူး။ ပြောရရင် ငါကိုယ်နှိုက်က သူ့ကို ကွန်မြူနစ်တစ်ယောက်ရယ်လို့ စိတ်ထဲမှာ တစ်စက်ကလေးမှ မခံစားရဘူး။ ငါ့အဖေရဲ့ စကားတစ်ခွန်းကြောင့်သာ ငါ သံသယဝင်ခဲ့မိတာ”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *