Show contents

(ခ)

အချိန်က ၁၉၄၃ ခု ၁၂ လပိုင်းရဲ့ နေသာတဲ့ နေ့တစ်နေ့။ အဲဒီအချိန်တုန်းက အမှတ် (၁) စစ်ဌာန မြေအောက်သူပုန် နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောလှက မြသန္တာကို ခေါ်ဆောင်ပြီး ကြေးနန်းဝှက်စာဌာနရှိ ချိုမာရဲ့ ရုံးခန်းထဲကို ဝင်ရောက်သွားကြတယ်။ အဲဒီအချိန်မှာ ချိုမာက ခေါင်းလျှော်ပြီးခါစ။ လက်တစ်ဖက်က စိုစိစိ ဆံပင်တွေကို ဖြီးသင်နေရင်း သတင်းစာကို ငုံ့ဖတ်နေတယ်။ သူ့ရဲ့ ဆံပင်တွေက နက်မှောင်ပြီး ပြောင်လက်နေတာ၊ ပြီးတော့ ဖြောင့်စင်းပြီး ပိုးချည်မျှင်လို့ သွယ်တန်းနေတာကို မြသန္တာ တအံ့တဩ တွေ့မြင်လိုက်ရတယ်။ အဲဒီလို ပိတုန်းဆံကေသာတွေက ချိုမာရဲ့ မျက်နှာရှေ့မှာ တွဲလဲခိုနေကြပြီး ပိတောက်သားခေါင်းဘီးတစ်လက်က အဲဒီဆံနွယ်တွေကြားမှာ ထက်အောက်စုန်ဆန် သွားလာနေတာ မြင်ရတော့ ပန်းချီကားတစ်ချပ် ကြည့်နေရတဲ့အတိုင်း ထူးခြားဆန်းကြယ်တဲ့ ကဗျာတစ်ပုဒ်လို နက်နဲတဲ့ ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ တစ်နည်းတစ်ဖုံ ပြောရမယ်ဆိုရင်တော့ မြသန္တာက သူ့ရဲ့ ဆံပင်နဲ့ ခေါင်းဘီးကို အရင်ဆုံး သိကျွမ်းခွင့် ရခဲ့တာပဲ။ သူနဲ့က နောက်မှ သိကျွမ်းခွင့် ရခဲ့တယ်လို့ ဆိုနိုင်တယ်။

လူကတော့ တစ်စက်ကလေးမှ ကဗျာမဆန်ဘူး။ မျက်ခုံးမျက်လုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်၊ အသားအရေက ဝင်းဝါဝါ၊ မျက်နှာက ရှုချင်စဖွယ် ဆိုပေမယ့် သူ့ရဲ့ မျက်နှာထားက ခပ်တည်တည် ခပ်တင်းတင်း နေလွန်းတာကြောင့် ချဉ်းကပ်ရခက်တဲ့၊ ပေါင်းသင်းဆက်ဆံရခက်တဲ့ ခံစားမှုမျိုးကို ဖြစ်ပေါ်စေတယ်။

မြသန္တာ ဒီကို ရောက်မလာခင်ကတည်းက စစ်ထောက်ချုပ်ရုံးရဲ့ ဗိုလ်ချုပ်တစ်ယောက်က ဗိုလ်မှူးစောလှဆီကို ကြိုတင်ပြီး ဖုန်းဆက်အကြောင်းကြားထားပြီးသား။ အဲဒါ မြသန္တာအတွက်တော့ အားသာချက်ကြီးတစ်ခုပေါ့။ အဲဒီအားသာချက်ကြောင့်ပဲ သူ့မျက်စိရှေ့မှာ ထိုင်နေတဲ့ အထက်အရာရှိက သူ့ကို ဖက်လဲတကင်း ကြိုဆိုနှုတ်ဆက်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာ။ ဒါပေမယ့် ချိုမာအဖို့တော့ အဲဒီအချက်က နည်းနည်းလေးမှ အရေးမပါသလိုပဲ။ ခေါင်းဖြီးမပြတ်၊ သတင်းစာဖတ်မပြတ်၊ ခေါင်းတောင် မော့ကြည့်ဖော်မရဘဲ အေးစက်စက် စကားတစ်ခွန်းပဲ ထွက်ကျလာတယ်။

“ကြိုဆိုပါတယ်”

လေသံက သူ့လက်ထဲမှာရှိတဲ့ ခေါင်းဘီးလိုပဲ။ နွေးထွေးမှုရယ်လို့ တစ်စက်ကလေးမှ မတွေ့ရဘူး။ စက်ရုပ်တစ်ရုပ်ဆီက ထွက်လာတဲ့အတိုင်းပဲ။

မြသန္တာကလည်း ပင်ကိုစရိုက်တစ်ခုကို ပုံဖော်ထားရမယ် မဟုတ်လား။ ဓနအရှိန်အဝါကို အားကိုးပြီး မောက်မာထောင်လွှားတတ်တဲ့ သူဌေးသမီးတစ်ယောက်၊ ခေါင်းမာတဲ့၊ ဂျီကျတတ်တဲ့၊ နည်းနည်းလေးမှ သေးသေးတင်မခံတဲ့၊ ဆတ်ဆတ်ကြဲ ကက်ကက်လန် ရန်တွေ့တတ်တဲ့ အခွင့်ထူးခံ မိန်းမပျိုတစ်ဦး။ ဒီတော့ သူကြင်မှကိုယ်ကြင် ဆိုသလို အထက်အရာရှိက မချိုမချဉ် ဆက်ဆံလာတော့ သူကလည်း အားမနာတမ်း ပြန်ပြောပစ်လိုက်တယ်။

“ကျွန်မဖြင့် ကိုယ့်ကို ကြိုဆိုနေတယ်လို့ တစ်စက်ကလေးမှ မခံစားရပါဘူး”

အဲဒီလို ပြောလိုက်လို့ ချိုမာတစ်ယောက် နေရထိုင်ရ ခက်သွားလိမ့်မယ် ယူဆထားတာ။

တကယ်တမ်းကျတော့ ချိုမာက ပျော့မသွားတဲ့အပြင် ပိုပြီး မာထန်တဲ့ အသံနဲ့ သူ့ကို ပြောလိုက်တယ်။

“ရှင့်ကို မကြိုဆိုတာတော့ အမှန်ပဲ။ ရှင့်ရဲ့ ဝိတ်က ကြီးလွန်းအားကြီးတော့ ဒီအဆောင်တောင် ပြိုကျသွားမှာ စိုးရိမ်ရတယ် …”

(အသံသွင်းမှတ်တမ်း)

ငါတို့ အဲဒီလို သိကျွမ်းခဲ့ကြတာပဲ။ ရန်သူတွေလို မြင်တာနဲ့ သတ်နေကြတာ။ မင်းကတော့ ထင်နေမှာပဲ။ ငါ သူ့ကို သေလောက်အောင် မုန်းနေလိမ့်မယ်လို့။ ဟင့်အင်း … လုံးဝ ပြောင်းပြန်ပဲ။ ငါ သူ့အပေါ်မှာ အမြဲတမ်း အကောင်းမြင်စိတ်ပဲ ရှိတယ်။ မထူးဆန်းဘူးလား။ တကယ်တော့ မထူးဆန်းပါဘူး။ ငါက ငယ်ငယ်လေးကတည်းက သူဌေးသမီးတစ်ယောက်လို နေခဲ့ရတော့ ဘေးနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ လူတွေအားလုံးက ငါ့ကို ကပ်ပါးရပ်ပါး လုပ်ဖို့ပဲ ကြံရွယ်နေကြတာ။ သူ့လို ငါ့ကို ဟော့ဟော့ဒိုင်းဒိုင်း ဆက်ဆံရဲတဲ့လူက မရှိသလောက် ရှားတယ်။ ရှားပါးတဲ့ပစ္စည်းက တန်ဖိုးကြီးတယ် မဟုတ်လား။ သူက ငါ့ကို အဲဒီပုံစံမျိုး ဆက်ဆံနေတော့ ငါ့အတွက်က ပိုပြီး ပျော်စရာကောင်းနေတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတယ်။ အဲဒါ ငါ့ရဲ့ ပင်ကိုခံစားချက်ပဲ။ အဲဒီလိုခံစားချက်မျိုးကို ငါလို လူမျိုးကပဲ နားလည်ပေးနိုင်လိမ့်မယ် ထင်တယ်။ တကယ်လို့သာ သူက တခြားလူတွေအတိုင်း ငါ့ကို သူဌေးသမီးတစ်ယောက်အဖြစ် ရှုမြင်ပြီး ငါ့မှာ ဝိတ်ရှိတယ်ဆိုပြီးတော့ ဘာလုပ်လုပ် ငါ့ကို ပစားပေးနေမယ်၊ ငါ့ကို ခွင့်လွှတ်နေမယ် ဆိုရင်တော့ နောက်ပိုင်းကျရင် ငါတို့နှစ်ယောက်က အခင်ဆုံး မိတ်ဆွေရင်းချာတွေ ဖြစ်လာနိုင်ကြမယ် မထင်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်အရ လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက် သူ့ကို ငါကိုယ်တိုင် ချဉ်းကပ်ဖို့၊ ဖြားယောင်းဖို့ ကြံရွယ်ကြိုးစားမှာ မှန်ပေမယ့် ဘယ်တော့မှ မိတ်ဆွေရောင်းရင်းတွေ ဖြစ်မလာနိုင်ဘူး။

တကယ်တော့ ငါ မင်းကို ပြောပြမယ်။ ငြိုးသူရန်ဖက်တွေဆိုတာ မိတ်ဆွေရင်းချာတွေဖြစ်ဖို့ အင်မတန်မှ လွယ်ကူတယ်။ စရိုက်တစ်မျိုးရှိတဲ့ လူက တခြားစရိုက်ရှိတဲ့ လူနဲ့ မိတ်ဆွေဖွဲ့ဖို့ စိတ်ဝင်စားတယ်။ အဲဒီသဘောသဘာဝပဲ။ ငါနဲ့ မချိုမာက လုံးဝကို ကွဲပြားခြားနားတဲ့ လူနှစ်မျိုး။ ငါ အမြဲတမ်း ပြောလေ့ရှိတယ်။ သူက တောင်ဝင်ရိုးစွန်းက ရေခဲတောင်မျိုး။ အပင် မပေါက်နိုင်ဘူး။ အရောင်အဆင်း မရှိဘူး။ အေးစက်နေတာမှ ခဲလို့။ ဘယ်သူမှ သူ့အနား မကပ်ချင်ကြဘူး။ ငါကျတော့ … ဟား ဟား … တာဝတိံသာက နန္ဒဝန်ဥယျာဉ်လိုပဲ။ စည်ကားလိုက်တာမှ လွန်ရော။ လူတွေက ငါ့အနားမှာ ဝိုင်းဝိုင်းလည်နေကြတယ်။ သူက ရုံးခန်းထဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ ကျောက်ချထားသလိုပဲ။ တစ်နေကုန်ရော။ နောက်ပြီး ရက်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောဘဲလည်း နေနေတတ်တယ်။ တေမိဝင်စားသလားတောင် အောက်မေ့ရတယ်။ ငါကျတော့ ဖင်မှာ ဆီသုတ်ထားသလားပဲ။ အလုပ်မရှိရင် ရုံးခန်းထဲမှာ ထိုင်နေလို့မရဘူး။ ဟိုဟိုဒီဒီ လျှောက်သွားပြီး တခြားလူတွေနဲ့ အာရိုက်တယ်။ အတင်းအဖျင်းပြောတယ်။ စကားနိုင်လုတယ်။ တစ်ချက်ကလေးမှ အငြိမ်မနေဘူး။ တစ်နည်း ပြောရရင် အဲဒါက ငါ့ရဲ့ ပင်ကိုစရိုက်ပဲ။ နောက်တစ်နည်း ပြောရရင်တော့ အဲဒါက ရန်သူကို လှည့်စားတဲ့ ငါ့ရဲ့ ဗျူဟာပဲ။ အဖေက ငါ့ကို ပြောခဲ့ဖူးတယ်။ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်က ဘယ်လိုမှ ဖုံးဖိထားလို့ မရနိုင်ဘူးတဲ့။ ဒီတော့ ဖုံးဖိထားမယ့်အစား အရှိကို အရှိအတိုင်း လွှတ်ပေးထားလိုက်။ ပြီးတော့ ငါ့ရဲ့ ထူးခြားတဲ့ မိသားစုနောက်ခံဘက်ဂရောင်းကို လူတိုင်းက သိထားကြတာ မဟုတ်လား။ ဒီတော့ ငါ့ရဲ့ ငယ်ရွယ်မှု (ကလေးဆန်မှု) နဲ့ ဝိတ်ရှိတဲ့ အကြောင်းခံတွေကို အပြည့်အဝ အသုံးချပြီး လူရည်မလည်တဲ့ သူဌေးသမီးတစ်ယောက်၊ အပျော်မက်ပြီး ဘာမထီတဲ့ လူတစ်ယောက်အဖြစ် ဟန်ဆောင်နေဖို့ အကြံပေးတယ်။ ဘာလုပ်လုပ် စည်းကမ်းတကျ မလုပ်တတ်တဲ့သူ၊ စည်းဘောင်ကလနားထဲမှာ မနေတတ်တဲ့သူ၊ စကားပြောရင်လည်း မောက်မာထောင်လွှားတဲ့သူ၊ အဲဒီလို ပုံစံမျိုး ဖမ်းထားလိုက်ရင် လူတွေက ကိုယ့်ရဲ့ စိတ်ရင်းအမှန်နဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်အမှန်ကို လွယ်လွယ်နဲ့ ခန့်မှန်းလို့ မရနိုင်တော့ဘူး။ အဲဒီတုန်းက ငါတို့ရုံးဝင်းထဲမှာ ဆက်သွယ်ရေးရယ်၊ ဝှက်စာရယ်၊ ထောက်လှမ်းရေးရယ် ဆိုပြီး ဌာနခွဲ သုံးခု ရှိတယ်။ အရာရှိ ကြီးကြီးငယ်ငယ် အားလုံးပေါင်းလိုက်ရင် အယောက် ၃၀ ကျော်ကျော်လောက် ရှိမယ်။ တစ်ပတ်တောင် မကြာလိုက်ဘူး။ ငါ သူတို့အားလုံးနဲ့ ရင်းနှီးသွားတယ်။ နည်းလမ်းက လွယ်လွယ်လေးပဲ။ မိန်းကလေးတွေဆိုရင် ပိုက်ဆံအကုန်ခံပြီး သူတို့ကို မြို့ထဲခေါ်သွားတယ်။ သူတို့လိုချင်တာ ဝယ်ပေး၊ ရုပ်ရှင်ကြည့်၊ လျှောက်လည်၊ အဲဒါတွေနဲ့ စည်းရုံးလိုက်တာပဲ။ ယောက်ျားတွေဆိုရင်တော့ ပြောင်းပြန်ပေါ့။ သူတို့ကို ပိုက်ဆံထုတ်ခိုင်းပြီး သူတို့နဲ့ လျှောက်လည်တယ်။ တစ်ခါ ငါတို့ဌာနမှာ ရှိသမျှ ရဲဘော်တွေအားလုံးကို အိမ်ဖိတ်ပြီး ထမင်းကျွေးလိုက်သေးတယ်။ အဲဒီအချိန် အဖေတို့လည်း ရှိနေတာမို့ အဖေက သူတို့တစ်ယောက်ချင်းစီကို လက်ဆောင်တွေတောင် ပေးလိုက်သေးတယ်။ ပြီးတော့ အဖေက ငါ့ကို သူတို့တစ်ယောက်ချင်းစီရဲ့ စရိုက်သဘောသဘာဝတွေကို ခန့်မှန်းသုံးသပ်ပြတယ်။ မချိုမာရဲ့ အကြောင်းကို ပြောတော့ အဖေက အကြားအမြင်ဆရာတစ်ယောက်လို ကြိုတင်ဟောကိန်းတောင် ထုတ်လိုက်သေးတယ်။ ငါတို့နှစ်ယောက်က နောင်ကျရင် မိတ်ရင်းဆွေရင်းတွေ ဖြစ်လာကြလိမ့်မယ်တဲ့။ ငါက သူ့ကို ဘာဖြစ်လို့လဲလို့ မေးကြည့်တယ်။ အဖေက ဘာပြန်ဖြေသလဲ ဆိုတော့ ငါတို့လိုချင်တဲ့ အရာအတော်များများက သူ့လက်ထဲမှာ ရှိနေတယ်တဲ့လေ။ အဖေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်က ဒီလိုပါ။ ငါ့ရဲ့ အထက်အရာရှိက ပေးတဲ့ တာဝန်တွေကို ထူးထူးချွန်ချွန် ပြီးမြောက်အောင် လုပ်ပြီး သူနဲ့ ရင်းနှီးခင်မင်မှု ရအောင် ဖန်တီးထားရမယ်။ ဒါမှ ငါက လိုချင်တဲ့ သတင်းတွေကို များများစားစား ရလာနိုင်မယ်လေ။

ဒါကြောင့် ငါက သူ့ကို ချဉ်းကပ်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့တယ်။ ဥပမာ ပြောရရင် အဝတ်အစားတစ်မျိုးမျိုး ဝယ်လာပြီဆိုရင် ငါက သူ့ကို သွားတွေ့တယ်။ အဆင်ဒီဇိုင်း၊ ဒါမှမဟုတ် အရောင်က ငါနဲ့ လိုက်ဖက်မှု ရှိမရှိ သူ့ဆီကနေ အကြံဉာဏ် တောင်းတယ်။ ပြီးတော့ အလုပ်ထဲမှာလည်း ငါက သူ့ဆီ အမြဲ သွားပြီး မေးမြန်းသင်ယူလေ့ရှိတယ်။ ကြေးနန်းတစ်စောင်ကို ဘယ်လို ဝှက်စာဖော်ရမလဲ ဆိုတာ ငါက သိနေပါလျက်နဲ့လည်း မသိချင်ယောင်ဆောင်ပြီး သူ့ဆီ သွားမေးတယ်။ အချုပ်ပြောရရင်တော့ နည်းပေါင်းစုံသုံးပြီး သူနဲ့ နီးစပ်နိုင်သမျှ နီးစပ်အောင်၊ ရင်းနှီးနိုင်သမျှ ရင်းနှီးအောင်၊ ခင်မင်လာအောင် အကြံအဖန်လုပ်တာပေါ့။ ဒါပေမယ့် ရလဒ်က မကောင်းလှဘူး။ သူကတော့ သူ့ကိုယ်ပိုင်ဟန်အတိုင်း ရေခဲတုံးကြီးလိုပဲ အမြဲ ဆက်ဆံတတ်တယ်။ ငါ့ကို သိပ်ပြီး အဖက်လုပ်လှတာ မဟုတ်ဘူး။ အလုပ်ချိန်ကလွဲလို့ တခြားချိန်တွေမှာဆိုရင် ငါ့ကို ဖုတ်လေတဲ့ငါးပိ ရှိနေတယ်လို့ အောက်မေ့တာ မဟုတ်ဘူး။ ငါ့မှာတော့ လက်မြှောက်ရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေတယ်။

***

အခြေအနေက နောက်နှစ်နှစ်ဆန်းပိုင်းမှာ အပြောင်းအလဲ ဖြစ်လာတယ်။ အဲဒီနေ့က မြသန္တာက ရုံးခန်းရဲ့ စင်္ကြံလမ်းပေါ်ကို လှမ်းဝင်ခါစ ရှိသေးတယ်။ ချိုမာနဲ့ ယောက်ျားတစ်ယောက်က ရန်ဖြစ်နေလိုက်ကြတာ ဝုန်းဒိုင်းကျဲလို့။ လူတွေအများကြီးက စင်္ကြံလမ်းပေါ်ကနေ ပွဲကြည့်ပရိသတ်အဖြစ်နဲ့ ရှုစားနေကြတယ်။ တိုးတိုး တိုးတိုးနဲ့ ထင်ကြေးတွေ အမျိုးမျိုး ပေးနေကြတာပေါ့။ တပ်ကြပ်ကြီးမျိုးဇော် တစ်ယောက်တည်းကပဲ ဝင်ဖျန်ဖြေဖော် ရတယ်။ ဒါပေမယ့် တားမရပါဘူး။ အဲဒီယောက်ျားက အတော်ကို ဒေါသကြီးတယ်။ ရှူးရှူးရှားရှားနဲ့ ချိုမာကို ဖာသည်မ၊ ကြက်မ၊ အပျက်မ စသဖြင့် ဆဲဆိုနေတယ်။ အိမ်ထဲကို ဝင်ရဲဝင်ကြည့်၊ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လေး ဘာလေးနဲ့လည်း ခြိမ်းခြောက်နေသေးတယ်။

ပါးစပ်ကနေ တစ်တစ်ခွခွ ဆဲဆိုနေတယ် ဆိုပေမယ့် သူက တကယ် လက်ပါလာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူး။ ပါတာမှ ရိုးရိုးမဟုတ်ဘူး။ တော်တော်ကို ပြင်းတယ်။ လက်ရော ခြေရော စုံလို့ပဲ။ ချိုမာခမျာ အီးအီးအားအားနဲ့ ညည်းနေရရှာတယ်။ တပ်ကြပ်ကြီးမျိုးဇော်တောင် လန့်ပြီး တစ်နေရာ ပြေးပုန်းနေရတယ်။ တခြားလူတွေကလည်း အခြေအနေ မကောင်းဘူးဆိုတာ ရိပ်မိသွားတော့ ကိုယ့်ရုံးခန်းထဲကိုကိုယ် ပြန်အောင်းနေလိုက်ကြတယ်။ တချို့ကတော့ အောက်ထပ်ကိုဆင်းပြီး လုံခြုံရေးကို သွားခေါ်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ အသားအနာခံပြီး ဝင်မဖျန်ရဲကြဘူး။ မြသန္တာက လွဲလို့ပေါ့လေ။ သူက ချိုမာဆီကို အတင်းတိုးဝင်သွားပြီး ချိုမာကို သူ့ကိုယ်နဲ့ ကာကွယ်ပေးထားတယ်။ ပြီးတော့ ပါးစပ်ကနေလည်း အဲဒီလူကို ပျစ်ပျစ်နှစ်နှစ် ဆဲနေလိုက်သေးတယ်။ အယုတ္တအနတ္တ စကားမှန်သမျှ တစ်လုံးမကျန် သူ့ဆီ မလွတ်တမ်း ပစ်သွင်းနေတယ်။ နောက်ဆုံး သူ နားမခံနိုင်လို့ ထွက်သွားတဲ့အချိန်ထိပေါ့။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *