Show contents

(က)

စင်္ကာပူရဲ့ ၁၁ လပိုင်းက မိုးကလေး ဖျောက်တောက်ဖျောက်တောက်နဲ့ ဘယ်နားကြည့်ကြည့် စိမ်းစိုလန်းဆန်းနေတယ်။ လမ်းကြီးလမ်းငယ်တွေပေါ်မှာလည်း လူငယ်တွေက သရီးကွာတား ဘောင်းဘီတွေနဲ့ လမ်းသလားလို့။ ကလေးတချို့က ရေခဲမုန့်တောင် စားနေကြတယ်။ နေ့ခင်းပိုင်း မိုးမရွာတဲ့အချိန်ဆိုရင် ကတ္တရာလမ်းမပေါ်မှာ အခိုးအငွေ့ တရှိန်ရှိန်နဲ့ တံလျှပ်တောင် ထနေလိုက်သေး။ ဒီလိုအချိန်ဆိုရင် ကျွန်တော့်အိမ်က လူတွေကတော့ အနွေးထည်နဲ့ အိမ်ထဲမှာ ကွေးနေလောက်ရောပေါ့။ တကယ်တော့ ကျွန်တော်ရဲ့ ခရီးစဉ်က ဆောင်းရာသီမှာ စတင်ပြီး မိုးရာသီမှာ အဆုံးသတ်သွားသလိုပဲ။ ကမ္ဘာကို တစ်ပတ်ပတ်ခဲ့တာ မဟုတ်ပေမယ့် ရာသီစက်ဝန်းကို တစ်ပတ်ပတ်လိုက်သလို ဖြစ်နေတယ်။

အဖွားမြသန္တာရဲ့ သမီးက ကျွန်တော်ကို ပြောပြတယ်။ သူ့မိခင်က အသက်ကြီးပြီမို့ အအေးဒဏ်ကို မခံနိုင်တာကြောင့် ဆောင်းဝင်တော့မယ် ဆိုတာနဲ့ ရာသီဥတု ပိုနွေးတဲ့ အင်္ဂလန်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်လေ့ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်က အင်္ဂလန်မှာ အအေးလှိုင်းဖြတ်မှာကတစ်ကြောင်း၊ နောက်ပြီး ကျွန်တော့်ကိစ္စကိုလည်း ဖြတ်လိုက်ချင်တာက တစ်ကြောင်းမို့ စင်္ကာပူမှာ ဆောင်းခိုဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။ အဖွားမြသန္တာရဲ့ သမီးက စင်္ကာပူမှာလည်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိတော့ ဒီမှာလည်း သူတို့ နေဖို့ ခြံကြီးတစ်ခြံ ဝယ်ထားတယ်။ အခုတော့ အဖွားအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတော့တာပေါ့။

အဖွားကို အနီးကပ်ပြုစုဖို့ အင်္ဂလန်ကနေ ပါလာတဲ့သူက အသက် ၅၀ လောက်ရှိတဲ့ ကရင်မကြီးတစ်ယောက်ပဲ။ သူ့ကို ကျွန်တော်က အန်တီမူးရာလို့ ခေါ်တယ်။ ခန္ဓာကိုယ် သေးသေးညှက်ညှက်နဲ့။ ခပ်ငယ်ငယ်ကတော့ သူနာပြု လုပ်ခဲ့ဖူးတယ်လို့ ပြောတယ်။ နောက်တော့ အဖွားမြသန္တာရဲ့ စပယ်ရှယ်နပ်စ် ဖြစ်လာခဲ့တာ အခုဆို အနှစ် ၂၀ လောက်ရှိပြီ။ သူ့ရဲ့ လစာက တစ်လကို ပေါင် ၃၀၀၀ ဆိုတော့ မြန်မာနိုင်ငံသားအဖို့ တစ်နှစ်မှာတောင် မရနိုင်တဲ့ ဝင်ငွေမျိုးပဲ။

တတိယမြောက်နေ့မှာ ကျွန်တော် ရောက်သွားတော့ အဖွားက အောက်ထပ်ကို ဆင်းမလာသေးဘူး။ ဧည့်ခန်းထဲမှာ အန်တီမူးရာ တစ်ယောက်တည်း ရှိတယ်။ သူက အဖွားရဲ့ စာကြည့်မျက်မှန်ကို သုတ်ပြီး စားပွဲပေါ် အသာအယာ တင်ထားလိုက်တယ်။ အဲဒီဘေးနားမှာက ကျွန်တော်ရဲ့ ‘ကြမ်းကြားလေ’ စာမူ အထပ်လိုက်။ ပိတောက်သား စက္ကူဖိတုံးတစ်တုံးနဲ့ ဖိထားလိုက်တော့ ကျွန်တော့်စာမူက အတော်အတန် တန်ဖိုးတက်သွားသယောင်။

အန်တီမူးရာနဲ့ ကျွန်တော် စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောပြီးတဲ့နောက်မှာ သူက အပေါ်ထပ်တက်သွားပြီး အဖွားကို အောက်ထပ်တွဲချလာပေးတယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲမှာ ဝါးသေတ္တာလေးတစ်လုံး အတူ ပါလာတယ်။ ဝါးသေတ္တာလေးက ပေါလစ်တင်ထားလို့ ပြောင်ပြောင်လက်လက် တောက်ပနေပေမယ့် ရှေးဟောင်းပစ္စည်းတစ်ခု ဆိုတာကိုတော့ ဖုံးဖိထားဖို့ မစွမ်းသာဘူး။ အဖွားက နေရာမှာ အထိုင်ကျသွားပြီ ဆိုတာနဲ့ အဲဒီသေတ္တာကို ဖွင့်ပေးဖို့ အန်တီမူးရာကို ညွှန်ကြားလိုက်တယ်။ ကျွန်တော့်ကို လက်ယက်ခေါ်ပြီး လာကြည့်ခိုင်းတာကြောင့် ကျွန်တော်လည်း အရှေ့တိုးပြီး ငုံ့ကြည့်လိုက်တယ်။ ကျွန်တော် မြင်လိုက်ရတာက အရောင်ပြယ်နေတဲ့ ဓာတ်ပုံဟောင်းတစ်ပုံ၊ အသွားတွေ ကျိုးကျေနေတဲ့ ဘီးတစ်လက်၊ ဖောင်တိန်တစ်ချောင်း (အဖြူရောင်အဖုံးနဲ့)၊ နှုတ်ခမ်းနီတစ်တောင့်၊ ဆေးလုံးနှစ်လုံး၊ အကြွေစေ့သုံးစေ့ စတဲ့ ဗြုတ်စဖျင်းတောင်း တိုလိုမိုလီ ပစ္စည်းအစုံပဲ။ ဆံပင်တစ်ထွေးတောင် ပါလိုက်သေးတယ်။ ဓာတ်ပုံထဲမှာ ပါတဲ့သူက ပခုံးရဲ့ ဘယ်ညာနှစ်ဖက်မှာ ကျစ်ဆံမြီးနှစ်ချောင်း ချထားတယ်။ အသက် ၃၀ ဝန်းကျင်၊ မျက်နှာပုံပန်းက သနားကမား ရုပ်မျိုး။ နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး မျက်လုံးအစုံကတော့ အေးတိအေးစက်နဲ့။ လင့်အိမ်မှာ မျက်နှာငယ်နေရတဲ့ ချွေးမတစ်ယောက်နဲ့ ဆင်ဆင်တူတယ်။

အဖွားက ကျွန်တော်ကို မေးတယ်။ “အဲဒါ ဘယ်သူလဲ သိလား”

ကျွန်တော် သိတာပေါ့။ ဓာတ်ပုံကို စမြင်လိုက်ရကတည်းက ဒေါ်ချိုမာမှန်း ကျွန်တော် တန်းသိတယ်။ အဲဒီပစ္စည်းတွေက မဟုတ်မှလွဲရော ဒေါ်ချိုမာရဲ့ ကျန်ရှိပစ္စည်းတွေများလား။ ကျွန်တော်အတွက် ပဟေဠိ ဖြစ်နေစေတာက အရာဝတ္ထုနှစ်ခု – အဖြူရောင်အဖုံးနဲ့ ဖောင်တိန်ရယ်၊ အသွားကျိုးနေတဲ့ ခေါင်းဘီးရယ်။ ဘကျော်ရဲ့အိမ်မှာလည်း ကျွန်တော် အဲဒါတွေကို တွေ့ခဲ့ဖူးတယ်။ အဲဒီပစ္စည်းတွေက တစ်စုံစီ ရှိနေကြလို့များလား။

အဖွားက ကျွန်တော် ပြောတာကို နားထောင်ပြီးတဲ့နောက်မှာ ဘကျော်ကို မိုးမွှန်သွားအောင် ဆဲလိုက်ပြန်တယ်။ နောက်တော့ ကျွန်တော့်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ပြောတယ်။ “ငါ့ဆီက ဟာတွေကမှ တကယ့်အစစ်တွေ။ သူ့ဆီမှာ မရှိနိုင်ဘူး။ မင်း မြင်ခဲ့ဖူးတယ် ဆိုတဲ့ဟာတွေက အတုတွေဟဲ့။ အလကား ညာနေတာတွေ။ အဲဒီသေနာကျ ကာလနာ လူလိမ်က လျှို့ဝှက်သတင်းကိုတောင် မချိုမာက ထုတ်သွားခဲ့တာပါလို့ ဗြောင်လိမ်နေမှတော့ သူ မလိမ်ဝံ့တာ ဘာများ ရှိဦးမှာတဲ့လဲ။ အဲဒီလို ဖြီးဖြန်းလိမ်ညာနေတဲ့ နိုင်ငံရေးသမားတွေကို ငါ ကြည့်မရဆုံးပဲ”

သူ့ပုံက အတော်ကြီးကို စိတ်လှုပ်ရှားဟန် ပေါက်နေတာမို့ ကျွန်တော်က အလျင်အမြန် သူ့ကို အလိုလိုက် အကြိုက်ဆောင်ပြီး အချိုသပ်လိုက်ရတယ်။ “ဟုတ်တယ်ဗျ။ အဲဒီပစ္စည်းနှစ်မျိုးစလုံးကို အင်ထုချင်ရင် လွယ်လွယ်လေးပဲဥစ္စာ။ မြို့ပေါ်က အဟောင်းပစ္စည်းရောင်းဆိုင်မှာ သွားရှာဝယ်လို့ ရတယ်။ ကျွန်တော့်မျက်စိရှေ့မှာ မြင်နေရတဲ့ ပစ္စည်းတွေကိုပဲ အစစ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

စကားလမ်းကြောင်း လွှဲတဲ့အနေနဲ့ ကျွန်တော် မေးခွန်းတစ်ခု ဖြတ်မေးလိုက်တယ်။ “အဖွား၊ ဒေါ်ချိုမာကို ဘယ်နှခုနှစ်က စသိခဲ့တာလဲ။ တပ်ထဲကို စဝင်ဝင်ချင်းကတည်းက သိခဲ့ကြတာလား”

“အဲဒီလောက် မစောဘူး” အဖွားအိုက ဆိုဖာနောက်မှီပေါ် မှီချလိုက်ပြီး မဖြေချင့်ဖြေချင် ပုံမျိုးနဲ့ ပြန်ဖြေတယ်။

“ကျွန်တော် ကြားဖူးတာတော့ အဖွား အင်္ဂလန်ကနေ ပြန်ရောက်ရောက်ချင်းမှာ စစ်ထောက်ချုပ်ရုံးမှာ ခဏလောက် အလုပ်ဝင်လိုက်သေးတယ် မဟုတ်လား”

“ဟုတ်တယ် …”

အဖွားက ကျွန်တော်ကို ပြောပြတယ်။

သူ အင်္ဂလန်ကနေ ပြန်ရောက်တဲ့အချိန်မှာ သူ့အဖေက ဂျပန်စစ်ဗိုလ်ချုပ်တွေနဲ့ အတော်ကို ရင်းနှီးနေပြီ။ အများအမြင်မှာတော့ ဂျပန်အလိုတော်ရိကြီးပေါ့။ သူ့အဖေက စစ်ဗိုလ်ချုပ်တွေနဲ့ အရမ်းကို ရင်းနှီးလွန်းအားကြီးတော့ ဗမာရုပ်သေးအစိုးရရဲ့ ခေါင်းကြီးပိုင်းတွေ ဖြစ်ကြတဲ့ ဒေါက်တာဘမော်အပါအဝင် တခြား လူကြီးတွေကလည်း သူ့အဖေကို အရေးတယူ လူရာသွင်းပြီး ဆက်ဆံနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို လူမှန်ကြီးတောင်မှ သူ့အဖေကို တွေ့ရင် သာကြောင်းမာကြောင်းတော့ နှုတ်ဆက်လိုက်သေးတာပဲ။ ဒီတော့ ပြောရရင် သူ့အနေနဲ့ ကြိုက်တဲ့နေရာကို ခေါင်းခေါက်ရွေးပြီး အမှုဝင်ထမ်းလို့ ရတဲ့ အနေအထားမျိုး။ ဒါပေမယ့် မြသန္တာက စစ်ထောက်ချုပ်ရုံးမှာ သာမန်တပ်သားတစ်ဦးအနေနဲ့ပဲ အလုပ်ဝင်လိုက်တယ်။ သူ့ရဲ့ သဘောဆန္ဒက အောက်ခြေသိမ်းအလုပ်ကို နားလည်ချင်တာလည်း ပါသလို သူများ မျက်စိဆံပင်မွှေး စူးမှာကိုလည်း မခံချင်တာကြောင့်လည်း ပါတယ်။ နောက်ပြီး မနာလိုသူတွေ တိုးလာရင် သူ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာမယ် မဟုတ်လား။

စစ်ရုံးမှာ ၃ လလောက် အလုပ်လုပ်ပြီးခါမှ အလုပ်မရှိလို့ ပျင်းတယ်လို့ အကြောင်းပြပြီး ဖခင်ရဲ့ အဆက်အသွယ်နဲ့ မင်္ဂလာဒုံ စစ်သင်တန်းကျောင်းမှာ ကြေးနန်းနဲ့ ဝှက်စာဖော်တဲ့ ပညာရပ်ကို သွားရောက်သင်ယူခဲ့တယ်။ တကယ်တော့ အဲဒီပညာတွေကို အင်္ဂလန်မှာကတည်းက သင်ယူထားပြီးသားပါ။ မင်္ဂလာဒုံမှာ သင်တယ် ဆိုတာက ဟန်ပြသဘောမျိုးပဲ။ နောက်ပြီး အဲဒီသင်တန်းပြီးတာနဲ့ ကြေးနန်းဌာနကို တရားဝင် ကူးပြောင်းခွင့် ရသွားမယ်လေ။ အဲဒီဌာနကလည်း တော်ရုံလူမှ မဟုတ်ရင် အဝင်ခံတဲ့ ဌာနမဟုတ်ဘူး။ စစ်တပ်အနေနဲ့ သံသယရှိထိုက်သူလို့ ယူဆရင် အဲဒီဌာနကို အနားတောင် အကပ်ခံတာ မဟုတ်ဘူး။ ပြီးတော့ သူနဲ့ ကင်ပေတိုင်အဖွဲ့နဲ့ အနီးကပ် အလုပ်လုပ်ရတာဆိုတော့ ပိုပြီးတော့ အန္တရာယ်များတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတကာကို အမြဲတမ်းလိုလို သံသယမျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတတ်တဲ့ လူတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာ မဟုတ်လား။

“ရန်သူအတွက် အကဲဆတ်တဲ့ပစ္စည်းက ငါတို့အတွက်လည်း အကဲဆတ်တဲ့ပစ္စည်းပဲပေါ့” အဖွားအိုက ခပ်ဖျော့ဖျော့ ပြုံးပြီး လေးလေးနက်နက် ဆက်ပြောတယ်။ “ငါတို့အတွက်လည်း အဲဒီဌာနမှာ လူယုံတစ်ယောက် ရှိနေဖို့ လိုအပ်တာပေါ့။ ဘယ်သူ့ကို ရွေးရင် အကောင်းဆုံး ဖြစ်မလဲ။ နောက်ဆုံးတော့ ငါ့ခေါင်းပေါ်ပဲ ရောက်လာတော့တာပေါ့”

“အဖွားကိုမှ ဘာဖြစ်လို့ ရွေးပြီး ခိုင်းရတာလဲ”

“ဆာဘိုးလွန်းရဲ့သမီး ဖြစ်နေလို့ပေါ့ …” အဖွားက ဆက်ပြောပြတယ်။ အဲဒီအချိန်မှာ ဂျပန်စစ်တပ်က သူ့အဖေအပေါ် နည်းနည်းလေးမှ သံသယ မရှိကြဘူး။ ဒီတော့ အဲဒီလို ဌာနမျိုးကို ဝင်ဖို့အတွက် အဲဒီစစ်ဗိုလ်ချုပ်တွေကသာ ထောက်ခံရင် ဘာအဟန့်အတားမှ မရှိဘဲ အလွယ်တကူ ဝင်ရောက်သွားနိုင်တယ်။ နောက်ထပ် အရေးပါတဲ့အချက်တစ်ချက်က သူက သင်္ချာဘာသာရပ်ကို အထူးစိတ်ဝင်စားတယ်။ ဒါကြောင့် ဝှက်စာဖော်တဲ့ အလုပ်ကိုလည်း စိတ်ပါလက်ပါ လုပ်နိုင်တာမို့ အပြင်ပန်းအရလည်း ပိုပြီး ယုတ္တိရှိနိုင်တယ်လို့ ယူဆကြတယ်။

“ဒါနဲ့ပဲ အဖွားက ကြေးနန်းဝှက်စာဌာနကို ဝင်လိုက်တာပေါ့”

“ဟုတ်တယ်”

“အဖွားက ပဲခူးကို တန်းရောက်သွားတာလား။ ဒါမှမဟုတ် ရန်ကုန်မှာ တာဝန်ကျခဲ့သေးတာလား”

အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဖွားက အခုလို ဖြေကြားတယ်။ ကင်ပေတိုင် အရာရှိတွေက သူတို့သားအဖကို အပြည့်အဝ ယုံကြည်သေးဟန် မတူဘူး။ ဒါကြောင့် သူ့ကို ရန်ကုန်ရုံးချုပ်မှာ အလုပ်မခန့်ဘဲ ရန်ကုန်နဲ့လည်း အရမ်း မဝေးလွန်းတဲ့ ပဲခူးကို ပို့လိုက်ကြတယ်။ ပြောရရင်တော့ မခန့်ချင်ဘူးလို့ ငြင်းရမှာလည်း ငြင်းလို့ မကောင်းတော့ နယ်မှာ တာဝန်ချပေးလိုက်ရင် သူဌေးသမီးက သူ့ဟာသူ နောက်ဆုတ်သွားလိမ့်မယ်လို့ ယူဆထားကြသလား မပြောတတ်ဘူး။ ဒါပေမယ့် သူက တစ်ချက်ကလေးမှ စဉ်းစားမနေဘဲ တစ်ခါတည်း ခေါင်းညိတ်ပြလိုက်တယ်။

“ဒေါ်ချိုမာနဲ့ ပဲခူးမှာ သိကျွမ်းသွားကြတယ် ဆိုပါတော့” ကျွန်တော် မေးလိုက်တယ်။

“သိရုံကျွမ်းရုံတင် ဘယ်ကလိမ့်မလဲ”

အဖွားအိုက သက်ပြင်းတစ်ချက် ချပြီး ခေါင်းဘီးကို ဖင်ပြန်ခေါင်းပြန် လှန်ကြည့်နေတယ်။ အတိတ်က ဝေးလွင့်မှုန်ဝါးနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို အဲဒီခေါင်းဘီးနဲ့ ဖြီးသင်တော့မယ် အတိုင်းပဲ။ အဖွားအိုရဲ့ လက်က တုန်ယင်နေတယ် ဆိုတာကို ကျွန်တော် သတိထားမိတယ်။ ဇရာကလည်း စကားပြောလာပြီ မဟုတ်လား။ ခေါင်းဘီးက သူ့လက်ထဲကနေ အချိန်မရွေး လွတ်ကျသွားနိုင်ပါလားလို့ ကျွန်တော် စိတ်ပူနေတဲ့အထိပဲ။

အတော်လေးကြာမှ အဖွားအိုက စကားပြန်စတယ်။

“ငါတို့ ဒီခေါင်းဘီးကနေပဲ စပြောကြတာပေါ့။ ငါ မချိုမာကို ပထမဆုံးနေ့ တွေ့ရတဲ့အချိန်တုန်းက ဒီခေါင်းဘီးက မျက်မြင်သက်သေပဲ။ နောက်ဆုံးအကြိမ် သူ့ကို တွေ့ရတော့လည်း ဒါက မျက်မြင်သက်သေပဲ …”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *