အဲဒီနေ့က လပြည့်ကျော်တစ်ရက်နေ့ည။ ဆာဘိုးလွန်းနဲ့ တွေ့ပြီး နှစ်ရက်ကျော် တတိယမြောက်နေ့ညမှာ ဘန်းနက်အေးမောင်က ဆာဘိုးလွန်းရဲ့ ခြံကို နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ သူက ရှေ့ဆက်လုပ်ရမယ့် အစီအစဉ်တွေပါ တစ်ပါတည်း ယူဆောင်လာတယ်။ မြသန္တာတို့က သဘောတူလိမ့်မယ်လို့ အပိုင်တွက်ထားတဲ့ပုံပဲ။ ဒီတစ်ခေါက် စကားဝိုင်းမှာတော့ သူတို့နှစ်ယောက်တည်းတင် မကတော့ဘဲ ကာယကံရှင်ဖြစ်တဲ့ မြသန္တာပါ ပါဝင်လာတယ်။
အားလုံး သဘောတူညီမှု ရသွားပြီးတဲ့နောက်မှာ ဘန်းနက်အေးမောင်က တပ်ရင်းမှူးတစ်ယောက်လို ဆာဘိုးလွန်းကို အမိန့်ပေးလိုက်တယ်။ “အပြင် သတင်းလွှင့်လိုက်ပါဗျာ။ ခင်ဗျားသမီးက အင်္ဂလန်သွားပြီး သူ့အစ်ကိုနှစ်ယောက်ဆီ အလည်သွားမယ်လို့”
ဆာဘိုးလွန်းက ချက်ချင်း သဘောပေါက်သွားတယ်။ မကြာခင် သမီးက သူ့ကို ခွဲခွာသွားတော့မယ်။ “ခင်ဗျားတို့ သူ့ကို ခေါ်သွားတော့မလို့လား”
ဘန်းနက်အေးမောင်က မြသန္တာကို ပြောတယ်။ “ခင်ဗျားအတွက် အထူးသင်တန်းတစ်ခု စီစဉ်ပေးထားတယ်”
သိပ်မကြာလိုက်ဘူး။ မြသန္တာတစ်ယောက် လန်ဒန်သွားတဲ့ ပင်လယ်ကူးသင်္ဘောကြီးပေါ် လိုက်ပါသွားတယ်။ အများအမြင်မှာတော့ အလည်အပတ် ခရီးပေါ့။ တကယ်တမ်းကျတော့ အင်္ဂလန်မှာ သူလျှိုလုပ်ငန်းအတွက် လျှို့ဝှက်သင်တန်းတစ်ခု တက်ရောက်ခဲ့ရတယ်။ မြသန္တာက မော်လမြိုင်ကနေ ထွက်သွားပြီ ဆိုတာနဲ့ ဆာဘိုးလွန်းလည်း မော်လမြိုင်မှာ တွယ်တာစရာ မရှိတော့ဘူး မဟုတ်လား။ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့တော့တာပေါ့။ သမီးက အင်္ဂလန်ကနေ ပြန်ရောက်ရင် ရန်ကုန်မှာ တာဝန်ကျချင် ကျနေမှာမို့ သူ့အနေနဲ့ ကြိုတင်ပြင်ဆင်ထားပေးဖို့ ရည်ရွယ်တာလည်း ပါကောင်းပါလိမ့်မယ်။ ကံကောင်းတယ်ပဲ ပြောမလား၊ ကံဆိုးတယ်ပဲ ပြောမလားတော့ မသိဘူး။ သူ ရန်ကုန် ပြန်ပြောင်းလာပြီ ဆိုတဲ့ သတင်းကို ကြားတာနဲ့ ရန်ကုန်မြို့ရဲ့ အုပ်ချုပ်ရေး အသိုင်းအဝိုင်းက သူ့ဆီကို ပြန်လည် ချဉ်းကပ်လာကြပြန်တယ်။ ဒီတော့ သမီးအတွက် ကာဗာဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူက ဂျပန်ရဲ့ ရုပ်သေးအစိုးရနဲ့ ပလူးပလဲ ပြန်လုပ်နေရပြန်တာပေါ့။ ဗိုလ်ချုပ်ကြီးကဝါဘီရဲ့ ထောက်ခံမှုကြောင့်လည်း ဆာဘိုးလွန်းက ဂျပန်စစ်ဗိုလ်ချုပ်တွေနဲ့ အတော်အသင့် ရင်းနှီးခင်မင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ သူတို့ မိသားစုက ဂျပန်အလိုတော်ရိတွေအဖြစ် တရားဝင် ရောက်ရှိသွားတော့တယ်။
တကယ်တော့ သူတို့ သူလျှိုလုပ်ခဲ့ကြတဲ့ အစောပိုင်းနှစ်တွေ (၁၉၄၂ ခုနဲ့ ၁၉၄၃ ခု) မှာ သူတို့အတွက် ဘာအလုပ်မှ မယ်မယ်ရရ မရှိခဲ့ဘူးလို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ကနေ အိန္ဒိယကို ထွက်ပြေးသွားရတဲ့ အင်္ဂလိပ်အစိုးရက အဲဒီအချိန်အတွင်းမှာ အားမွေးတုန်းပဲမို့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ လှုပ်ရှားမှုတွေ ဘာမှ မလုပ်နိုင်သေးဘူး။ ဂျပန်တွေရဲ့ စစ်ရေးအရှိန်က အားကောင်းနေဆဲမို့ မဟာမိတ်တွေအဖို့ လက်ပိုက်ကြည့်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ကျရောက်နေတယ်။ ဒါကြောင့်လည်း သူလျှိုအဖြစ် ထည့်သွင်းခံထားရတဲ့ ဆာဘိုးလွန်းနဲ့ မြသန္တာအပါအဝင် အခြား အင်္ဂလိပ်သတင်းပေးတွေကလည်း ကိုယ့်ကိုယ်ကိုယ် အခြေခိုင်အောင် လုပ်ရုံကလွဲလို့ ဘာအလုပ်မှ မယ်မယ်ရရ မရှိကြဘူး။ အဲဒီအခြေအနေက ၁၉၄၄ ခုလောက်အထိပေါ့။
အခြေအနေက ၁၉၄၃ ခု နှစ်ကုန်ပိုင်းမှာ တမုဟုတ်ချင်း ပြောင်းလဲသွားတယ်။ အဓိကအကြောင်းချက်ကတော့ အင်ဖာတိုက်ပွဲကြောင့်ပေါ့။ ဂျပန်တွေက အိန္ဒိယနိုင်ငံကို ကျူးကျော်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ အိန္ဒိယနယ်စပ်မှာ ရှိတဲ့ အင်ဖာမြို့ကို သိမ်းဖို့ ၁၉၄၃ ခု၊ နိုဝင်ဘာလထဲမှာ စတင်ပြီး အစီအစဉ် ဆွဲလာခဲ့ကြတယ်။ အဲဒီအခါကျမှ မြသန္တာရဲ့ အရေးပါမှုက စတင် အစွမ်းပြလာခဲ့တယ်။ ပြောရမယ်ဆိုရင် မြသန္တာတို့လို မြေအောက် သတင်းပေးတွေရဲ့ လျှို့ဝှက်သတင်းတွေကြောင့်ပဲ အင်္ဂလိပ်တွေအဖို့ အင်ဖာတိုက်ပွဲနဲ့ ကိုဟီးမတိုက်ပွဲကို အနိုင်တိုက်ဖို့ ကြိုတင် ပြင်ဆင်နိုင်ခဲ့တယ်လို့ ပြောရင် မှားမယ် မထင်ဘူး။
အဲဒီ အင်ဖာ-ကိုဟီးမစစ်ဆင်ရေးက ဂျပန်အတွက်ရော အင်္ဂလိပ်အတွက်ပါ အင်မတန်မှ အရေးပါတဲ့ တိုက်ပွဲတစ်ပွဲပါ။ အဲဒီအင်ဖာ-ကိုဟီးမစစ်ဆင်ရေးကြောင့်ပဲ ဂျပန်တွေ ဦးကျိုးသွားခဲ့ရတယ်။ အဲဒီအင်ဖာတိုက်ပွဲနဲ့ ကိုဟီးမတိုက်ပွဲကြောင့်ပဲ တိုက်တိုင်းအောင်ခဲ့တဲ့ ဂျပန်တွေ ခွက်ထိုးခွက်လန် ဆုတ်ပြေးခဲ့ရတာ မဟုတ်လား။ အဲဒီစစ်ဆေးရေးမှာ ဂျပန်စစ်သားပေါင်း ၅၀၀၀၀ ကျော် သေဆုံးအသက်ပျောက်ခဲ့ရတယ်။ စစ်ချီအင်အား ၆၅၀၀၀ မှာ ၅၀၀၀၀ ကျော် အဖိတ်အစင် ရှိခဲ့တယ် ဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်ဘဲ။ အဲဒီအင်ဖာ-ကိုဟီးမတိုက်ပွဲကြောင့်ပဲ အင်္ဂလိပ်တွေရဲ့ မြန်မာပြည်ထိုးစစ်ကို ပြန်ပြီး ဖိလုပ်နိုင်ခဲ့တယ်လို့ ဆိုရလိမ့်မယ်။ အဲဒီအင်ဖာ-ကိုဟီးမတိုက်ပွဲပြီးလို့ နောက်တစ်နှစ်ခွဲ အကြာမှာပဲ မြန်မာပြည်ကို မဟာမိတ်တပ်တွေ ပြန်သိမ်းနိုင်ခဲ့တယ်လေ။ ပြောရရင် အဲဒီတစ်နှစ်ခွဲအတွင်းမှာတော့ မြသန္တာတို့လို မြေအောက်သတင်းပေးတွေအတွက် အလုပ်ရှုပ်ဆုံး အချိန်တွေပေါ့။ အဲဒီတစ်နှစ်ခွဲအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာပြည် စစ်မျက်နှာပြင်ပေါ်က တိုက်ပွဲပေါင်း တစ်ထောင်ကျော်အတွက် လိုအပ်တဲ့ စစ်ရေးသတင်းတွေကို မြသန္တာတို့လို မြေအောက်သတင်းပေးတွေက လျှို့ဝှက် ပေးပို့ခဲ့ကြရတာပေါ့။
တိုက်ပွဲတွေ အားလုံးထဲမှာ အရေးအကြီးဆုံး တိုက်ပွဲက မန္တလေးမြို့သိမ်းတိုက်ပွဲလို့ ပြောရလိမ့်မယ် ထင်တယ်။ မဟာမိတ်တပ်တွေက အထက်ဘက်ကနေ ဆင်းချလာလိုက်တာ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ကျောက်မြောင်း၊ ရွှေဘို စတဲ့ မြို့တွေအားလုံးကို သိမ်းပြီးနေပြီ။ ဒီတော့ ဂျပန်စစ်တပ်က မြောက်ဘက်ကနေ ဆင်းလာသမျှ သူ့တပ်တွေအားလုံးကို မန္တလေးမှာ စုထားလိုက်တယ်။ သဘောကတော့ မန္တလေးကနေ ခံချမယ်ပေါ့။ အဲဒီလို စိတ်ကူးနဲ့ပဲ မိတ္ထီလာနဲ့ မြင်းခြံဘက်က တပ်မတွေကိုပါ မန္တလေးမှာ စုထားလိုက်တယ်။ ဂျပန်စစ်သေနာပတိ ဗိုလ်ချုပ်ကြီးကီမူရာရဲ့ အတွေးက ဘယ်လိုလဲ ဆိုတော့ မဟာမိတ်တပ်တွေက နောက်တစ်ဆင့်အနေနဲ့ မန္တလေးကို ဝင်သိမ်းကြလိမ့်မယ်။ တကယ်လို့သာ မန္တလေးမြို့မှာ ဂျပန်စစ်တပ်က တောင့်ခံနိုင်ခဲ့ရင် မဟာမိတ်တွေရဲ့ စစ်ရှိန်ကို တန့်ထားသလို ဖြစ်သွားလိမ့်မယ်ပေါ့။
အဲဒီစစ်ရေးသတင်း (ဗိုလ်ချုပ်ကြီးကီမူရာရဲ့ တပ်တွေ နေရာချမှု အစီအစဉ်) ကို အင်္ဂလိပ် အမှတ် (၁၄) တပ်မတော်ရဲ့ စစ်ဦးချုပ် ဖီးမာရှယ် ဝီလျံစလင်းဆီကို အချိန်မီ ပို့ပေးနိုင်ခဲ့တာကြောင့် ဗိုလ်ချုပ်ကြီးစလင်းက မန္တလေးကို ချက်ချင်း ဝင်တိုက်မယ့် အစီအစဉ်ကို ပြောင်းလဲပစ်လိုက်ပြီးတော့ မန္တလေးကို ကျော်လို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းကနေ ပတ်ပြီး မြင်းခြံ၊ တောင်သာ၊ မလှိုင်နဲ့ မိတ္ထီလာမြို့တွေကို အရင် ပတ်သိမ်းပစ်လိုက်တယ်။ ရန်သူတွေလည်း အငိုက်မိသွားတာကြောင့် မြင်းခြံ၊ မိတ္ထီလာ စတဲ့ မြို့တွေကို အင်္ဂလိပ်လက်ထဲ အလွယ်တကူ ထိုးအပ်လိုက်ရတယ်။ နောက်တော့ ဗိုလ်မှူးကြီး ဗထူး ဦးဆောင်တဲ့ အထက်ဗမာပြည် ဗမာ့တပ်မတော်ကို ရှမ်းပြည်မှာ အထိုင်ချပြီး ဂျပန်တွေကို ခုခံစေတယ်။ အဲဒီလိုနဲ့ မြောက်ဘက်ကနေ ဆင်းလာတဲ့ ဗိုလ်ချုပ်ကြီး စတီးဝဲလ် ဦးဆောင်တဲ့ အမေရိကန်တပ်နဲ့ ချန်ကေရှိတ်တပ်၊ အရှေ့ဘက်က ခုခံထားတဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ ဗမာတပ်၊ တောင်ဘက်နဲ့ အနောက်ဘက်က ညှပ်ထားတဲ့ ဗိုလ်ချုပ်ကြီးစလင်းရဲ့ အင်္ဂလိပ်တပ်၊ အဲဒီလို ဘက်ပေါင်းစုံကနေ မန္တလေးမြို့ကို ညှပ်ပူးညှပ်ပိတ် ညှပ်ထားပြီးတော့မှ မဟာမိတ်တပ်တွေက မန္တလေးမြို့ကို ဝင်သိမ်းလိုက်ကြတော့ မန္တလေးက မျှော်မှန်းထားတာထက် တိုက်ရတာ ပိုလွယ်သွားတယ်။ ဒါတွေ အားလုံးက မဟာမိတ်တပ်တွေရဲ့ အောင်ပွဲလို့ ခေါ်လို့ရသလိုပဲ မြသန္တာတို့လို မြေအောက်သတင်းပေးတွေရဲ့ ကြိုးပမ်းမှု အသီးအပွင့်တွေလို့ ပြောရင်လည်း မမှားနိုင်ဘူး။
ကျွန်တော်က သိချင်ဇော အားကြီးစွာနဲ့ မေးလိုက်တယ်။ “အဖွားတို့ အဲဒီလို သူလျှိုလုပ်ပေးနေတဲ့ လူဦးရေက ဘယ်လောက်လောက် ရှိလဲ”
အဖွားအိုက ပြောတယ်။ “ငါတို့ရဲ့ လုပ်ငန်းသဘောသဘာဝအရ ငါတို့က အချင်းချင်း ဘယ်သူဘယ်ဝါရယ်လို့ သိပိုင်ခွင့် မရှိဘူး။ ဒါကြောင့် စုစုပေါင်း ဘယ်နှယောက်လောက် ရှိမလဲ ဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် ငါနဲ့ အင်္ဂလန်မှာ အတူတူ သင်တန်းဆင်းခဲ့ကြတဲ့ လူတော့ မြန်မာထဲမှာ အယောက် ၂၀ လောက် ရှိတယ်”
“ဒါဆို အဖွားတို့က မြန်မာပြည် ပြန်ရောက်တော့ တစ်ယောက်ကိုတစ်ယောက် မတွေ့ကြရတော့ဘူးပေါ့”
“ဟုတ်တယ်။ အဆက်အသွယ်လည်း မရှိတော့ဘူး။ သူတို့ ဘယ်ဌာနမှာ တာဝန်ကျနေကြသလဲ ဆိုတာလည်း ငါ မသိဘူး။ စုံစမ်းပိုင်ခွင့်လည်း မရှိဘူးလေ”
“ဒီတော့ အဖွားတို့ ဘယ်လိုပုံစံမျိုးနဲ့ သတင်းကို အပေးအယူ လုပ်ကြလဲ”
“ငါ့ရဲ့ တာဝန်ကတော့ စစ်ရေးသတင်းတွေ ထူးခြားရင် အဖေ့ကို ပို့ပေးရတာပေါ့။ အဖေကနေတစ်ဆင့်မှ အထက်ကို ဆက်ပို့တယ်။ ငါ သိသလောက် ပြောရရင် အင်္ဂလိပ်တွေက ၁၉၄၂ ခု၊ မေလထဲမှာ မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံထဲကို အပြီးအပိုင်း ဆုတ်ခွာသွားကြပြီ ဆိုပေမယ့် သူတို့က အခွင့်ရတာနဲ့ မြန်မာပြည်ကို ပြန်တိုက်ယူဖို့ အစီအစဉ် ရှိလေတော့ တပ်မတော်နဲ့ တခြား အစိုးရအမှုထမ်းတွေပဲ အိန္ဒိယကို ဆုတ်ခွာပြီး မြန်မာပြည်ဖွား စစ်ထောက်လှမ်းရေး ဝန်ထမ်းတွေကို တောရွာတွေမှာ ဇာတ်မြှုပ်ထားခိုင်းတယ်။ အဲဒီ စစ်ထောက်လှမ်းရေး အများစုကလည်း ဗိုလ်ကပြားတွေပဲ များပါတယ်။ ဥပမာ ငါ့အန်ကယ်လိုပေါ့။ သူတို့လို လူမျိုးတွေက မြန်မာပြည် အနှံ့အပြားမှာ ရှိတယ်။ ငါတို့က သူတို့ကနေတစ်ဆင့် အလုပ်လုပ်ကြရတယ်လေ။ နောက်ပိုင်း မြန်မာပြည်ကို ပြန်သိမ်းဖို့ တိကျတဲ့ အစီအစဉ်တွေ ရှိလာတဲ့အခါမှာကျတော့ အိန္ဒိယအစိုးရက လိုအပ်တဲ့ ဆက်သွယ်ရေးကိရိယာတွေကို အဆင်ပြေတဲ့ နေရာမှာ လေယာဉ်နဲ့ ချပေးပြီးတော့ ပဲခူး၊ ရန်ကုန် စတဲ့ မြို့တွေကို မြန်မာအထောက်တော်တွေရဲ့ အကူအညီနဲ့ ခြေလျင် သယ်ပို့ပေးခဲ့ကြတယ်။ ဥပမာ ပြောရရင်တော့ ကြိုးမဲ့စကားပြောစက်၊ အဲဒါကတော့ အရေအတွက်အားဖြင့် အနည်းအကျဉ်းပဲ ပါတယ်။ အဲဒီခေတ်မှာက နည်းပညာ မမြင့်သေးတော့ အဲဒီစက်မျိုးက ရန်သူမိဖို့ လွယ်တယ်။ ဒါကြောင့် ရန်သူ အထိုင်ချထားတဲ့ နေရာတွေမှာ သုံးလို့ မဖြစ်ဘူး။ ဒါကြောင့် အများဆုံး ပို့ပေးတာကတော့ ကြိုးမဲ့ကြေးနန်းစက်ပေါ့။ ၁၉၄၄ ခုအတွင်းမှာ ငါတို့ ကြိုးမဲ့ကြေးနန်းစက်တစ်လုံး ရလာလို့ ငါတို့အတွက် ဆက်သွယ်ရတာ အတော်လေး လွယ်ကူသွားတယ်။ အတော်လေး ခရီးတွင်သွားတယ်”
“အဖွားတို့က နောက်ပိုင်းကျတော့ မဟာမိတ်တပ်တွေနဲ့ တိုက်ရိုက် ဆက်သွယ်ရတာလား”
“အတိအကျ ပြောရရင်တော့ ၁၉၄၄ ခု ဩဂုတ်လ နောက်ပိုင်းပေါ့။ ၁၉၄၄ ခု ဩဂုတ်လ ၃ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို မဟာမိတ်တပ်တွေ သိမ်းနိုင်ခဲ့တယ်။ ဒီတော့ အမေရိကန်တပ်ရဲ့ ဝမ်းအိုဝမ်းဌာနချုပ်ကို မြစ်ကြီးနားမှာ အခြေနေစိုက်လိုက်ကြတယ်။ ပြောရရင် ငါတို့ အဲဒီ ဩဂုတ်လထဲမှာ စပြီး ဝမ်းအိုဝမ်းရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးပီးယားစ်နဲ့ ဆက်သွယ်ဖြစ်တယ်။ နောက်ပိုင်း ရန်ကုန် ကျသွားတဲ့အထိပဲ သူတို့နဲ့ သတင်းပေး သတင်းယူ လုပ်ဖြစ်တယ် ဆိုပါတော့ …”
“ဟင် … အဖွားတို့က အင်္ဂလိပ်သူလျှိုလည်း ပြောသေးတယ်။ ဘာဖြစ်လို့ အင်္ဂလိပ်နဲ့ မဆက်သွယ်ဘဲ အမေရိကန်တွေနဲ့ ဆက်သွယ်ရတာလဲ”
“အင်္ဂလိပ်နဲ့ မဆက်သွယ်ဘူးလို့ ငါ ပြောမိလို့လား။ မင်းက တအား လောကြီးတာပဲ။ ငါ ပြောတာလည်း ဆုံးအောင် နားထောင်ပါဦး … မြန်မာပြည် မြောက်ပိုင်းကို သိမ်းဖို့ အဓိက တာဝန်ယူရတဲ့ တပ်တွေက အမေရိကန်ဦးဆောင်တဲ့ တပ်တွေလေ။ အမေရိကန်တပ်နဲ့ တရုတ် ချန်ကေရှိတ်တပ်တွေပေါ့။ သူတို့က ဦးဆုံး မြန်မာပြည်ကို ဝင်လာပြီး မြန်မာပြည် မြောက်ပိုင်းကို သိမ်းတာ။ အဓိကကတော့ ကမ္ဘာကျော်လီဒိုလမ်းမကြီးကို ရှင်းပစ်လိုက်ချင်လို့ပဲ။ တကယ်တော့ အမေရိကန်တပ်တွေက အင်္ဂလိပ်တပ်တွေအစား မြန်မာပြည်မြောက်ပိုင်းကို သိမ်းပေးတာ ကူညီချင်လွန်းလို့တော့ မဟုတ်ဘူး။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က တရုတ်ပြည်ထဲကို ဝင်ဖို့လေ။ ဒါကြောင့်လည်း ချန်ကေရှိတ်တပ်တွေရော ပါနေတာပေါ့။ အမေရိကန်တပ်က အိန္ဒိယနယ်စပ်ကနေ လီဒိုလမ်းမကြီးအတိုင်း မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ပြီး တရုတ်ပြည်ထဲကို ဝင်ကြမှာ။ ဒါကြောင့် ခရီးသွားဟန်လွဲအနေနဲ့ မြန်မာပြည်မြောက်ပိုင်းကို သူတို့က ကူသိမ်းပေးကြတာ။ ကဲ … အဲဒါ ထားပါတော့။ တစ်ချိန်တည်းမှာပဲ ဗိုလ်ချုပ်ကြီးစလင်း ခေါင်းဆောင်တဲ့ အမှတ် (၁၄) တပ်မတော်ကလည်း ဟူးကောင်းချိုင့်ဝှမ်းကတစ်ဆင့် မြန်မာပြည် အလယ်ပိုင်းလောက်ကနေ မြန်မာပြည်ထဲကို ဖြတ်ဝင်တယ်။ သူတို့က ရွှေဘိုမြေပြန့်လွင်ပြင်ကနေ အောက်ကို ဖိဆင်းတာပေါ့”
“ဪ … ကျွန်တော် သဘောပေါက်ပြီ။ အဖွားတို့က မြန်မာပြည်မြောက်ပိုင်းနဲ့ ဆိုင်တဲ့ သတင်းတွေကို အမေရိကန် ဝမ်းအိုဝမ်း အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်ပြီးတော့ မြန်မာပြည် အလယ်ပိုင်းနဲ့ ဆိုင်တဲ့ သတင်းတွေကျတော့ အင်္ဂလိပ်တပ်ရဲ့ … အဲ … အဲဒါ ဘာအဖွဲ့ခေါ်လဲ။ အင်္ဂလိပ်တွေရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့က”
“F136၊ အရှည်ကတော့ SOE F136 ပေါ့။ SOE က အထူးစစ်ဆင်ရေးအဖွဲ့လေ”
“ဪ … ဟုတ်၊ အဲဒီ F136 အဖွဲ့နဲ့ အဖွားတို့က ဆက်သွယ်ရတယ်။ အဲဒီလို ထင်တယ်”
“အေး … ဟုတ်တယ်”
ပထမဆုံး အင်တာဗျူး (ဒုတိယမြောက်နေ့) က ဒီမှာတင် ပြီးဆုံးသွားတယ်။ အဖွားမြသန္တာက ကျွန်တော့်ကို မာမာထန်ထန် ဆက်ဆံခဲ့မိတာ စိတ်မကောင်းဖြစ်သွားလို့ ထင်ပါရဲ့။ ခြံအပေါက်ဝအထိ လိုက်ပို့မယ်တကဲကဲ လုပ်နေလို့ မနည်းကြီး တားယူလိုက်ရတယ်။ နောက်ဆုံး အိမ်ပေါက်ဝရောက်တော့ ကျေးဇူးတင်ကြောင်း သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။ အဲဒါ ကျွန်တော် ဆုပ်ကိုင်ခဲ့ဖူးသမျှ လက်တွေထဲမှာ အားမရှိဆုံး လက်တစ်ဖက်ပဲ။ အသားဆိုလို့ တစ်တုံးတလေမှတောင် မစမ်းမိဘူး။ အရိုးပေါ်မှာ အရေပဲ ရှိတယ်လို့ ထင်ရလောက်အောင် ပျော့ဖပ်နေတယ်။ ကိုယ်ငွေ့ ဒါမှမဟုတ် အလေးချိန်ရယ်လို့ ခံစားလို့ မရခဲ့ဘူး။ သူ့လက်တစ်ဖက်က ကျွန်တော့်လက်ထဲမှာ ငှက်တောင်မွေးတစ်ချောင်းလို ပေါ့ပါးနေတယ်။ လွှတ်လိုက်ရင်ပဲ အချိန်မရွေး လွင့်ပျံထွက်သွားတော့မယ့်အလား။ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ သူ့ရဲ့ မှတ်ဉာဏ်တွေက သူ့လက်လို ဖျော့တော့ချိနဲ့မနေလို့ တော်ပါသေးရဲ့။