(အသံသွင်းမှတ်တမ်း)
အင်း … အဖေက ငါ့ကို ပြောပြတယ်။ အဲဒီလူနာမည်က ဘန်းနက်အေးမောင်တဲ့။ ဗိုလ်ကပြားတစ်ယောက်ပဲ။ အခု သူက အင်္ဂလိပ် စစ်ထောက်လှမ်းရေးဌာနမှာ တပ်ကြပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတယ်။ ရာထူးကတော့ ခပ်သေးသေးပဲ။ ဒါပေမယ့် သူနဲ့ ပါလာတဲ့ စာတစ်စောင်ကတော့ ပေါ့သေးသေး မဟုတ်ဘူး။ အဲဒီစာက ဒယ်ဒီတို့ သမီးတို့ရဲ့ ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေနိုင်တယ်တဲ့လေ။
ငါသိထားရသလောက် ပြောပြရရင် ငါတို့ အဖိုးက မော်လမြိုင်မှာ အင်္ဂလိပ်တွေကို သစ်သွင်းတဲ့အလုပ် စလုပ်ခဲ့တယ်။ အဲဒီတုန်းက သီပေါမင်းတောင် ပါတော်မမူသေးဘူး။ နောက်ပိုင်း ဘုံဘေဘားမားကုမ္ပဏီနဲ့ လက်တွဲအလုပ်လုပ်ရင်း အဖိုးတို့လည်း ချမ်းသာသထက် ချမ်းသာလာကြတယ်။ အဖေ့လက်ထက်မှာကတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေက အတောင့်တင်းဆုံးပေါ့။ အဖေက အဖိုးရဲ့ လက်ငုတ်လက်ရင်း သစ်စက်တွေ၊ သစ်ကွင်းတွေကို ဆက်လက် လုပ်ကိုင်တဲ့အပြင် သူ့လက်ထက်မှာ ဆန်စက်တွေကိုပါ တည်ပြီး စတီးဘရားသားနဲ့ ပေါင်းလို့ နိုင်ငံခြားကို ဆန်တွေ တင်ပို့နိုင်ခဲ့တယ်။ ဒါကြောင့်လည်း အခြေအနေက ထင်မှတ်မထားလောက်အောင် တိုးတက်သွားခဲ့တာပေါ့။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ရဲ့ စီးပွားရေးအင်ပါယာက တော်ရုံ ကြီးတာလောက်ပဲ ကောင်းတယ်။ သိပ်ကြီးလွန်းသွားရင် စီးပွားရေးထဲ နိုင်ငံရေးတွေ ကြားညှပ်ပါလာပြီး နောက်ပိုင်း စီးပွားရေးနဲ့ နိုင်ငံရေးက ရင်ချင်းဆက်အမြွှာလို ခွဲမရတော့ဘူး။
မင်း မသိလောက်သေးဘူး ထင်ပါတယ်။ ငါ့အမေက ဗိုလ်ကပြားတစ်ယောက်လေ။ သူ့ရဲ့ မောင်လေး၊ ငါရဲ့ အန်ကယ်က အင်္ဂလိပ်စစ်တပ်ထဲမှာ ဗိုလ်မှူးအဆင့်နဲ့ ပင်စင်ယူသွားခဲ့တယ်။ အဲဒီအန်ကယ်ရဲ့ အဆက်အသွယ်ကြောင့်ပဲ အဖေက အင်္ဂလိပ်အရာရှိ အတော်များများနဲ့ ခင်မင်ပြီး နောက်ဆုံး ဆာဘွဲ့တွေရ၊ ပြီးတော့ ဘုရင်ခံရဲ့ စီးပွားရေးအကြံပေးအဖွဲ့ဝင်တွေ ဖြစ်ခဲ့သေးတယ်။ အဲဒါ ၁၉၃၀ လောက်ကပေါ့။ အဲဒီတုန်းက ငါတို့မိသားစုလိုက် ရန်ကုန်မှာ ပြောင်းနေနေကြတယ်။ ဒါပေမယ့် ၁၉၃၈ ခုနှစ်မှာ အဖေလည်း အသက် ၆၀ ပြည့်လို့ အနားယူချင်တာနဲ့ အကြံပေးအဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်လိုက်တယ်။ ပြောရရင်တော့ အဓိကအကြောင်းအရင်းက သူ အနားယူချင်လို့ ဆိုတာထက် ငါ့အမေ၊ သူ့မိန်းမ နေမကောင်းလို့လို့ ပြောရင် ပိုမှန်လိမ့်မယ်။ ၁၉၃၇ ခုနှစ်လောက်ကတည်းက စပြီး အမေက မီးယပ်ရောဂါနဲ့ တရှောင်ရှောင် ဖြစ်နေတယ်။ ဒါကြောင့် အဖေက ရာထူးက နုတ်ထွက်ပြီး တစ်မိသားစုလုံး မော်လမြိုင် ပြန်နေကြဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။
ငါတို့ရဲ့ ဘဝကို ပထမဆုံး အပြောင်းအလဲ ဖြစ်သွားစေတာကတော့ ၁၉၄၀ ခုနှစ်ရဲ့ နေ့တစ်နေ့။ အဲဒီနေ့တုန်းကလည်း မော်လမြိုင်က ငါတို့ ခြံထဲကို လူတစ်ယောက် ရောက်လာခဲ့တယ်။ အဲဒီလူက အဖေ့ကို သတင်းတစ်ခု လာပေးတယ်။ မကြာခင်အချိန်အတွင်းမှာ ဂျပန်တွေ မြန်မာပြည်ထဲကို ဝင်လာကြတော့မယ်တဲ့။ ယိုးဒယားနယ်စပ်ကနေ ကရင်ပြည်နယ်ကို ဖြတ်ပြီး ဝင်လာကြဖို့ များတာကြောင့် မော်လမြိုင်က သူတို့ရဲ့ ပထမဆုံး စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ဒါကြောင့် အဖေ့အနေနဲ့ ရွေးချယ်စရာ လမ်းနှစ်လမ်းရှိတယ်။ အဲဒီနှစ်လမ်းထဲက တစ်လမ်းကို မဖြစ်မနေ ရွေးချယ်ပါလို့ အဲဒီလူကြီးက လာအကြောင်းကြားတယ်။
ပထမလမ်းက မြန်မာနိုင်ငံထဲကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ပဲ။ ဒုတိယလမ်းကတော့ သူ့ရဲ့ ဆန့်ကျင်ဘက် မြန်မာနိုင်ငံမှာ ဆက်နေနေဖို့ပေါ့။ လမ်းနှစ်လမ်း ရှိတယ်လို့သာ ပြောရတာပါ။ တကယ်တော့ အဖေ့အတွက်က ရွေးချယ်စရာ မရှိအောင် တစ်လမ်းတည်းပဲ သွားစရာ ရှိတယ်။ သူ ဘယ်လိုလုပ်ပြီး မြန်မာပြည်က ထွက်သွားနိုင်ပါ့မလဲ။ အဲဒီအချိန်မှာ အမေက ကျန်းမာရေး မကောင်းလို့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘူးလေ။ ဒီတော့ ကုန်းကြောင်းခရီးနဲ့ မြန်မာပြည်ကနေ ထွက်သွားဖို့ မပြောနဲ့ သင်္ဘောတောင် မစီးနိုင်တဲ့ အခြေအနေမျိုးပဲ။ ဒါကိုလည်း သတင်းလာပေးတဲ့သူက ကြိုတင်တွက်ဆထားပြီး ဖြစ်ဟန်တူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တကယ်တမ်း ဆွေးနွေးပြောပြချင်တဲ့ အကြောင်းအရာက ဒုတိယလမ်း ဖြစ်နေလို့ပဲ။
ဒုတိယလမ်းက မြန်မာပြည်မှာ ဆက်နေဖို့။ ဒါပေမယ့် အဖေ့လို ဆာဘွဲ့ရတစ်ယောက်၊ ဘုရင်ခံရဲ့ ကက်ဘိနက်အဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ သူတစ်ယောက်အဖို့ ရန်သူဂျပန်တွေ ဝင်လာခဲ့ရင် ဘာဖြစ်သွားမယ် ဆိုတာ မတွေးဝံ့စရာပဲ။ ဒါကြောင့် တကယ်လို့သာ မြန်မာပြည်မှာပဲ နေခဲ့မယ်လို့ ကြံရွယ်ထားရင် အဖေ့အဖို့ ဘယ်လို အသက်ဆက်ရှင်သန်နိုင်မလဲ ဆိုတဲ့ နည်းလမ်းကို သူက အကြံပေးခဲ့တယ်။ ဟုတ်တယ်။ ဂျပန်တွေနဲ့ တစ်သားတည်းကျသွားအောင် နေလိုက်ဖို့ပဲ။ ဒါပေမယ့် အဲဒီလူက အဖေရဲ့ အကျိုးသက်သက်အတွက် လာခဲ့တာ မဟုတ်ဘူး။ သူ့မှာ အလုပ်တာဝန်တစ်ခု ပါတယ်။ အဲဒီ အလုပ်တာဝန်က အဖေ့ကို စည်းရုံးဖို့။ ဘာအတွက် စည်းရုံးမှာလဲ ဆိုတော့ အင်္ဂလိပ်အစိုးရအတွက် သူလျှိုလုပ်ပေးဖို့ စည်းရုံးမှာ။
အဲဒီလူက သူနဲ့အတူ ရူပီးတစ်သန်းတန် ချက်လက်မှတ်တစ်စောင် ပါလာတယ်။ အဲဒီပိုက်ဆံတွေက ဘာလုပ်ဖို့လဲ။ သူ့အပြောအရတော့ ဂျပန်တွေကို ပေးဖို့။ အဖေကနေတစ်ဆင့် ပေးဖို့။ ဒါမှ ဂျပန်တပ်က အဖေကို ယုံကြည်ကိုးစားလာမယ်။ ဒါမှ အဖေ့အနေနဲ့ မော်လမြိုင်မှာ ဘေးမသီ ရန်မခ ခလုတ်မထိ ဆူးမငြိဘဲ နေနေနိုင်မယ်။ ဒါနဲ့ ဂျပန်စစ်တပ်နဲ့ အဖေ ဝင်လုံးနိုင်မယ်။ ဒါမှ နောက်ပိုင်းကျရင် အဖေ့အနေနဲ့ အရေးကြီးတဲ့ စစ်ရေးသတင်းတွေကို အင်္ဂလိပ်အစိုးရဆီ လျှို့ဝှက်ပို့ပေးနိုင်မယ်။
ဟုတ်တော့လည်း ဟုတ်တယ်။ တကယ်လို့ အဖေက မော်လမြိုင်မှာ ဆက်နေနေမယ်ဆိုရင်၊ ဗမာပြည်မှာ ဆက်နေနေမယ်ဆိုရင်၊ ဂျပန်တပ်တွေကလည်း ဗမာပြည်ထဲ ဝင်လာခဲ့မယ်ဆိုရင်၊ တစ်နေ့မဟုတ်တစ်နေ့ အဖေ့ကို လာတွေ့မှာပဲ။ ဒါက ယဉ်ယဉ်ကျေးကျေး သုံးနှုန်းလိုက်တာ။ အမှန်က လာဖမ်းမှာ။ သူတို့အနေနဲ့ အဖေဟာ သူတို့ရဲ့ ဘက်တော်သား ဟုတ်မဟုတ် ဆိုတာကို တစ်နည်းနည်းနဲ့ စမ်းသပ်ကြမှာပဲ။ သူတို့က အဖေ့လို ပုဂ္ဂိုလ်တစ်ယောက်ကို ဝင်ဝင်လာချင်း သံသယမျက်လုံးနဲ့ ကြည့်ကြမှာပဲ။ သူတို့ရဲ့ ဘက်တော်သား မဟုတ်ဘူးဆိုရင်တော့ သူတို့ရဲ့ ရန်သူပေါ့။ ဒါဆို ငါတို့ တစ်မိသားစုလုံးအတွက် မတွေးဝံ့စရာပဲ။
ဒီတော့ အဖေ့အနေနဲ့ ဗမာပြည်မှာ ဆက်နေမယ်လို့ ဆုံးဖြတ်ထားရင် အဲဒီလူကြီးရဲ့ အကြံပြုချက်အတိုင်း လိုက်လုပ်ဖို့သာ ရှိတော့တာပေါ့။ တကယ်လည်း အဖေက အဲဒီအတိုင်း ဆက်လုပ်ခဲ့တာပါပဲ။ ဒါကြောင့်လည်း မြန်မာပြည်စစ်မျက်နှာပြင်ကို ကွပ်ကွဲရတဲ့ ဗိုလ်ချုပ်ယာမာရှီတား မော်လမြိုင်ကို ရောက်လာတဲ့အခါမှာ စစ်တပ်ရိက္ခာအတွက် ဆန်အိတ် တန်ချိန် ၁၀၀ ကို ပက်ကနဲ လှူပစ်ခဲ့တာပေါ့။ ဒါကြောင့် စစ်အုပ်ချုပ်ရေး ကာလအတွင်းမှာ အဖေ့ကို ယာယီမြို့တော်ဝန်အဖြစ်နဲ့ ဗိုလ်ချုပ်ကြီးက ခန့်အပ်ခဲ့တာပေါ့။
ဒါပေမယ့် ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခုက အဲဒီကာလအတွင်းမှာ ဖြစ်ပျက်သွားခဲ့တယ်။ ဂျပန်တွေက မော်လမြိုင်မြို့ကို ဝင်မသိမ်းခင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အရင်ဆုံး မြို့ကို လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ကြတယ်။ ဗုံးက ငါတို့ရဲ့ ခြံနားကိုတော့ မရောက်ပါဘူး။ ဒါပေမယ့် ကံဆိုးချင်တော့ အမေက အဲဒီနေ့ကျမှ ကျိုက်သလ္လန်ဘုရားကို သွားဖူးချင်တယ် ဆိုလို့ ရှားရှားပါးပါး မြို့ထဲကို သွားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတယ်။ ဒါနဲ့ လမ်းမှာ ဗုံးဒဏ်ကြောင့် အမေရယ်၊ အမေနဲ့အတူ ပါသွားတဲ့ အိမ်ဖော် ကောင်မလေးတစ်ယောက်ရယ် မြို့ထဲမှာတင် ပွဲချင်းပြီး ဆုံးသွားရှာတယ်။ အမေ့အတွက်ကြောင့် ဗမာပြည်ကနေ မထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ အဖေ့ခမျာ ဘယ်လောက်များ ရင်ကျိုးရှာလိမ့်မလဲ။
နောက်ပိုင်း အမေ ဆုံးသွားလို့ပဲလားတော့ မပြောတတ်ဘူး။ အဖေက သူ လုပ်စရာရှိတာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်လာတယ်။ စောစောက ပြောခဲ့သလို ဂျပန်စစ်တပ်နဲ့ အရောဝင်တဲ့ ကိစ္စကို ပြောတာ။ နောက်ဆုံး ယာယီမြို့တော်ဝန်အဖြစ် ခန့်လာအောင်အထိ သူ လုပ်ဆောင်နိုင်ခဲ့တယ်။ ပြောရရင် စစ်အုပ်ချုပ်ရေး ရပ်ဆိုင်းလိုက်တဲ့ အချိန်ထိပဲ။ ဒါတွေ အားလုံးက အဖေ့ဆီ လျှို့ဝှက်ရောက်လာတဲ့ လူကြီးတစ်ယောက်ကြောင့် ဖြစ်ပျက်ပြောင်းလဲလာခဲ့တဲ့ အရာတွေလို့ ပြောရင်လည်း မမှားဘူး။
ဒုတိယအလှည့်အပြောင်းကတော့ ၁၉၄၂ ခုထဲမှာ ဖြစ်လာတာပဲ။ အဲဒီအလှည့်အပြောင်းက အဖေ့အတွက် ဆိုတာထက် ငါ့အတွက်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ အရင်က အဖေ့ကို သူလျှိုအဖြစ် ဇာတ်သွင်းခဲ့တုန်းက အဖေ့အဖို့ အများကြီး မတုန်လှုပ်ခဲ့ဘူး။ ဒါပေမယ့် ဒုတိယအကြိမ် လာတွေ့တဲ့ ဘန်းနက်အေးမောင်နဲ့ ကျတော့ အဖေ့ရင်က တဆတ်ဆတ် တုန်ခါနေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုပါ သူလျှိုလုပ်ခိုင်းဖို့ အတင်းအကျပ် တောင်းဆိုလာလို့ပဲ။ သို့ပေမယ့် အဖေက လုံးဝ သဘောမတူခဲ့ဘူး။ သူက ငါ့ကို ဒီအရှုပ်ထုပ်ထဲ ဝင်မပါစေချင်ဘူးလေ။ ရန်သူရဲ့ တပ်ထဲမှာ သူလျှိုလုပ်ရတယ် ဆိုတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်မလဲ။ ဒါကို သူ အသိဆုံးပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ထက်မဆို သူက ပိုသိထားတယ် မဟုတ်လား။
ငါက သူ့ရဲ့ တစ်ဦးတည်းသော သမီးလေ။ အစ်ကိုနှစ်ယောက်စလုံးက နိုင်ငံခြားမှာ ပညာသင် ရောက်နေကြတယ်။ ပြီးတော့ ငါက သူတို့ အရွယ်လွန်မှ မွေးလာတဲ့ သမီးဆိုတော့ သူတို့က ငါ့ကို သမီးတစ်ယောက်လိုလည်း ချစ်ကြသလို မြေးတစ်ယောက်လိုလည်း ချစ်ကြတယ်။ အဖေက ဘယ်နှယ့်လုပ်ပြီး ငါ့ကို အဲဒီလို အန္တရာယ်မျိုးနဲ့ ရင်ဆိုင်စေချင်ပါ့မလဲ။ အဲဒီနေ့ မနက်တုန်းက အဖေက ဘန်းနက်အေးမောင်ကို ငြင်းပြီးရင်း ငြင်းနေခဲ့တယ်။ ဟိုလူကလည်း လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့သူ မဟုတ်တော့ အဖေ့ကို သဘောတူဖို့ ကြိုးစားပြီး နားချနေခဲ့တယ်။ အဖေကလည်း ခေါင်းတစ်ခါခါ၊ လည်တစ်ယမ်းယမ်းပဲ။ နောက်ဆုံးတော့ သေချာစဉ်းစားပါဦး၊ နောက်နှစ်ရက်နေမှ ပြန်လာခဲ့ဦးမယ် ဆိုပြီး ပြန်သွားလေရဲ့။
***
ဒါပေမယ့် ဆာဘိုးလွန်းအဖို့ လုံးဝ လုံးဝ ထင်မှတ်မထားတဲ့အချက်က သူက အဲဒီကိစ္စကို ယတိပြတ် ငြင်းဆန်နေခဲ့ပေမယ့် သမီးဖြစ်သူကကျတော့ သူနဲ့ သဘောထား ကွဲလွဲနေတယ်။
မြသန္တာက ဖခင်ရဲ့ ပြောစကားကို နားထောင်ပြီးသွားတဲ့နောက်မှာ ထိတ်လန့်တုန်လှုပ်ခြင်း မရှိတဲ့အပြင် ဖခင်ရဲ့ ပခုံးကို တွဲခိုပြီး ပြုံးဖြဲဖြဲ လုပ်နေတယ်။ “ဒယ်ဒီ့မျက်နှာက သုန်မှုန်ရှုံ့မဲ့နေတော့ ဘာများ ဖြစ်နေပါလိမ့်လို့ စိတ်ပူလိုက်ရတာ။ လက်စသတ်တော့ အဲဒီကိစ္စကိုး။ အဲဒါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုပဲ မဟုတ်ဘူးလား၊ ဒယ်ဒီရယ်။ အနည်းဆုံးတော့ မာမီအတွက် ပြန်လက်စားချေလို့ ရတာပေါ့။ ဒယ်ဒီကို ပြောပြရဦးမယ်။ သမီးက ဘီဒီအေထဲကို ဝင်ဖို့တောင် ပြင်ဆင်ထားတာ။ ဒယ်ဒီသိလား”
“လျှောက်မပြောစမ်းနဲ့၊ သမီး” ဖခင်က သမီးကို မျက်နှာထားနဲ့ စိုက်ကြည့်နေတယ်။ “သမီးကို အဲဒီလိုနေရာမျိုး ဒယ်ဒီက ဘယ်လိုလုပ် လွှတ်ရက်မှာလဲ။ အသက်တွေနဲ့ ရင်းပြီး လုပ်ကြရတဲ့ အလုပ်တွေပါ သမီးရယ်”
“သမီးတို့ ကျောင်းမှာ အခုဆို လူငယ်တိုင်းက ဘီဒီအေထဲ ဝင်ဖို့ပဲ ပြောနေကြတယ်။ အခုချိန်မှာ တိုင်းပြည်က သမီးတို့လို လူငယ်တွေကို အများကြီး လိုအပ်နေတာလေ” သမီးရဲ့ အသံထဲမှာ လန်းဆန်းတက်ကြွမှုက ဖုံးမနိုင် ဖိမရ အပြည့်အဝ ပါဝင်နေတယ်။
“မဟုတ်ဘူး၊ သမီး။ ဒီကိစ္စမှာ သမီး ဒယ်ဒီ့စကားကို နားထောင်မှ ဖြစ်မယ်”
“ဟင့်အင်း။ နားမထောင်ဘူး။ အဲဒါ သမီးကိစ္စ။ သမီး ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ပါရစေ …”
ဒီလိုနဲ့ ဆာဘိုးလွန်းအဖို့ ပြောရရင်တော့ ညနေခင်းအချိန်မှာ ရင်တွင်းပဋိပက္ခက နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာတယ်။ မတူတာက ဒီတစ်ကြိမ်မှာ သူ ရင်ဆိုင်နေရတဲ့သူက မျက်နှာသေနဲ့ ဘန်းနက်အေးမောင် မဟုတ်တော့ဘဲ သူ အလိုလိုက်ထားတဲ့ မိတဆိုးလေး ဖြစ်နေတယ်။ ဒါပေမယ့် ရလဒ်ကတော့ ထူးမသွားခဲ့ဘူး။ သူ ဘယ်လောက်ပဲ အာပေါက်အောင်ပြောပြော သူ့စကားလုံးတွေက တစ်ဖက်လူရဲ့ နားထဲကို ဝင်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ အခိုင်အမာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို သူ ဘယ်လိုမှ ပြင်ဆင်နိုင်ခွင့် မရခဲ့ဘူး။ အချစ်ရေးတို့၊ အနာဂတ်ရေးတို့ ဆိုတဲ့ ကိစ္စကြီးငယ်တွေမှာ မိဘနဲ့ သားသမီး၊ နှစ်ဦးနှစ်ဖက် အမြင်မတူလို့ ပဋိပက္ခ ဖြစ်ကြရရင်ဖြင့် နောက်ဆုံး အရှုံးပေးလိုက်ရတဲ့သူကတော့ အမြဲတမ်းဆိုသလို မိဘတွေဖက်ကချည်းပဲ မဟုတ်လား။