Show contents

(ခ)

၁၉၄၂ ခုနှစ်ရဲ့ မိုးရာသီနေ့တစ်နေ့။

မြသန္တာ ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။ အဲဒီအချိန်က မော်လမြိုင်မှာ စစ်အုပ်ချုပ်ရေးနဲ့ပဲ အုပ်ချုပ်နေတုန်း။ ဒါပေမယ့် သူ့အဖေ ဆာဘိုးလွန်းက ယာယီမြို့တော်ဝန် အနေနဲ့ တာဝန်ယူပေး နေရတယ်။ တကယ်ကတော့ လူသိများတဲ့ မြို့မျက်နှာဖုံး လူကြီးတစ်ယောက်ကို လူလုံးပြထားတာမျိုး သက်သက်ပါပဲ။ မြို့ထဲက သူငယ်ချင်းမတစ်ယောက်ဆီကနေ သူ အိမ်ပြန်ရောက်တော့ ခြံဝင်းထဲက ပန်းရုံအောက်မှာ ထိုင်နေတဲ့ အဖေ့ကို တွေ့လိုက်ရတယ်။ သူ့အနားမှာ သက်လတ်ပိုင်းအရွယ် လူငယ်တစ်ယောက်က ထိုင်လို့။ အဖေက ပုံမှန်အားဖြင့်ဆိုရင် ဆေးလိပ်သောက်လေ့ မရှိဘူး။ တစ်ခါတလေကျမှ ဆေးပြင်းလိပ်ကြီးတစ်လိပ်ကို ဟန်ပါပါ ခဲထားတတ်တယ်။ သူဌေးကြီးစတိုင်မျိုး အပြည့်ဖမ်းတာလို့ ပြောရင် ပိုမှန်လိမ့်မယ်။ ဒါပေမယ့် ဒီနေ့ကျတော့ သူ့အနားမှာ ကတ္တရာပုံး မီးမြှိုက်ထားသလို မီးခိုတွေ အူထနေတာကို မြင်လိုက်ရခြင်းအားဖြင့် အဖေတို့ ပြောနေကြတဲ့ စကားတွေက စိတ်မသက်သာစရာ အကြောင်းတွေ ဖြစ်မှန်း မြသန္တာက လုံးဝဥဿုံ နားလည်သဘောပေါက်လိုက်တယ်။ အတော်ကြီးကို စိတ်မသက်သာစရာ အကြောင်းအရာတွေ ဖြစ်ချင် ဖြစ်နေမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေရဲ့ သုန်မှုန်နေတဲ့ မျက်နှာထား၊ ထိလုခမန်း ကော့ညွတ်နေကြတဲ့ မျက်မှောင်တစ်စုံ၊ ဝင်းဝင်းတောက်နေတဲ့အကြည့်၊ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း စတာတွေကို သူ သတိထားလိုက်မိတယ်။ အဖေကို အိမ်မှာ အဲဒီလိုပုံစံမျိုးနဲ့ တွေ့ရလေ့ ရှိတာမဟုတ်ဘူး။ ဟိုးအရင်က သူ့ရဲ့ သစ်ဂိုဒေါင်တွေ မီးလောင်ပြာကျလို့ သိန်းသန်းနဲ့ချီပြီး ဆုံးရှုံးသွားခဲ့တာတောင်မှ သူ အဲဒီလို မဖြစ်ခဲ့ဖူးဘူး။ အခုတော့ အပြင်က ပြန်လာတဲ့ သမီးကိုတောင် နှုတ်ဆက်ဖော် မရတော့ဘူး။

သမီးဖြစ်သူ မြသန္တာရဲ့ မှတ်ဉာဏ်ထဲမှာ အဖေ သူ့ကို အဲဒီလို မခေါ်မပြောဘဲ ဘာသိဘာသာ နေခဲ့ဖူးတာဆိုလို့ တစ်ကြိမ်ပဲ ရှိခဲ့ဖူးတယ်။ အဲဒီနေ့ … စစ်မီးတွေ ကူးစက်လာတော့မှာမို့ ရန်ကုန်မှာ ကျောင်းတွေ ပိတ်တာနဲ့ သူ မော်လမြိုင်ကို ပြန်ရောက်လာတဲ့နေ့။ အဲဒီနေ့က သူ သီချင်းတညည်းညည်းနဲ့ အိမ်ပြန်ရောက်တော့ သူ့အဖေက သူ့ကို မြင်ပါလျက်နဲ့ မျက်နှာလွှဲနေခဲ့တယ်။ အဝေးက အမောတကောနဲ့ ပြန်ရောက်လာတဲ့ သမီးကိုတောင် ကြိုဖော်မရဘူး။ မကြိုတဲ့အပြင် သမီးကို မြင်တာနဲ့ မျက်နှာလွှဲပြီး အိမ်ထဲကို လှည့်ဝင်သွားခဲ့တယ်။ တကယ်တော့ အဖေက သမီးကို မုန်းလို့ နာကြည်းနေလို့ မဟုတ်ဘူး။ သမီးကို ဘယ်လို မျက်နှာပြရမှန်း မသိလို့၊ အတိအကျ ပြောရရင် သမီးကို ဘယ်လို စကားစရမှန်း မသိလို့။ ဘာဖြစ်လို့လဲ ဆိုတော့ သမီး ပြန်မရောက်ခင် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ သမီးရဲ့ အမေက ဂျပန်ရဲ့ ဗုံးဒဏ်ကြောင့် အသက်ပျောက်သွားခဲ့ရတယ် မဟုတ်လား။

ဧည့်သည်က အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ ခေါင်းပေါ်မှာကတော့ အင်္ဂလိပ်လူကြီးလူကောင်းတွေ ဆောင်းလေ့ရှိတဲ့ ဦးထုပ်မျိုးပဲ။ နှာခေါင်းပေါ်မှာက ဝိုင်းစက်နေတဲ့ မျက်မှန်ကို တပ်ထားတာကြောင့် ကြည့်ရတာ လျှို့ဝှက်နက်နဲနေတယ်။ စားပွဲပေါ် တင်ထားတဲ့ သားရေအိတ်ကို ကြည့်ခြင်းအားဖြင့် ဒီလူဟာ စစ်တပ်က အရာရှိတစ်ယောက် မဟုတ်နိုင်ဘူး။ ရဲဘက်၊ ထောက်လှမ်းရေးဘက်က လူတစ်ယောက်ပဲ ဖြစ်ရမယ်လို့ မြသန္တာက အကြမ်းဖျင်း တွက်ဆနိုင်ခဲ့တယ်။ သူ့ပုံစံက အရပ်လေးမျက်နှာကို ကျီးကြည့်ကြောင်ကြည့်နဲ့မို့ ထောက်လှမ်းရေးက လူပဲ ဖြစ်မယ်လို့ မြသန္တာ ရိပ်စားမိတယ်။ ဘာအကြောင်းများ တိုင်ပင်နေကြတာပါလိမ့်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါက လူကြီးတွေရဲ့ အလုပ်ကိစ္စဆိုတော့ သူက သူ့အဖေကို အနှောင့်အယှက် မပေးတော့ဘဲ အိမ်ထဲကိုပဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တယ်။

သူ့ကို နို့စို့ကလေးဘဝကတည်းက ထိန်းကျောင်းလာပေးခဲ့တဲ့ ကြီးမေက သူ ဝင်လာတာကို မြင်လိုက်တယ် ဆိုရင်ပဲ သူ့ဆီ ပျာပျာသလဲ ရောက်ချလာတယ်။ သူ့မျက်နှာမှာ ချွေးတွေ ရွှဲရွှဲစိုနေတာ မြင်တော့ ချည်တဘက်တစ်ထည်ကို အပြေးသွားယူပြီး သူ့ကို အလျင်အမြန် ကမ်းပေးလိုက်တယ်။ သူက ချည်တဘက်ကို လှမ်းယူပြီး တစ်ဖက်က ချွေးသုတ်နေရင်းနဲ့ ကြီးမေကို မေးလိုက်တယ်။ “အဲဒီလူကြီးက ဘယ်သူလဲ”

ကြီးမေက ခေါင်းခါပြတယ်။ “မသိဘူးအေ … ညည်းအဖေက ငါ့ကို သူတို့အနား မလာရဘူးလို့ အမိန့်ထုတ်ထားတယ်”

မြသန္တာက ချွေးသုတ်ပြီးသွားတော့ တဘက်ကို ကြီးမေဆီ ပြန်ပေးလိုက်တယ်။ “သူ ရောက်တာ ဘယ်လောက်ကြာပြီလဲ၊ ကြီးမေ”

ကြီးမေက တစ်ခဏ စဉ်းစားလိုက်တယ်။ “ထမင်းတစ်အိုးချက်လောက်တော့ ကြာရောပေါ့”

ပြောနေတုန်းမှာပဲ မြို့ပြင် သာသနာပြုကျောင်းကနေ နာရီခေါင်းလောင်းသံ ထွက်ပေါ်လာတယ်။ မွန်းတည့်လို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံ ၁၂ ချက်။ မော်လမြိုင်မှာက မိုးမရွာတဲ့ အချိန်တွေဆိုရင် ရာသီဥတုက အိုက်ပြုတ်ပြုတ်နဲ့။ ဧည့်သည်ကလည်း မပြန်သေးတော့ သူတို့လည်း နေ့လယ်စာ စားလို့ မရသေးဘူးပေါ့။ မြသန္တာက မျက်နှာသစ်၊ ခြေလက်ဆေးကြောပြီးတော့ ခုတင်ပေါ် တအောင့်တနား ကျောဆန့်နေဖို့ ဆုံးဖြတ်လိုက်တယ်။ စာအုပ်ဖတ်နေရင်း ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။ သူ ခုတင်ပေါ်က ထပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ တိုက်ဆိုင်စွာနဲ့ပဲ ခြံပေါက်ဝမှာ ဧည့်သည်ကို နှုတ်ဆက်နေတဲ့ အဖေ့ကို လှမ်းမြင်လိုက်ရတယ်။ အဲဒီလူရဲ့ လက်တစ်ဖက်က အဖေရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အဖေရဲ့ ပခုံးပေါ် တင်ထားတယ်။ ပခုံးကို ပုတ်ရင်းပုတ်ရင်း စကားပြောလို့ပေါ့။ အဖေရဲ့ ပုံပန်းသဏ္ဌာန်က စိတ်မရှည်တဲ့ပုံ ပေါက်နေပြီး တစ်ချိန်တည်းမှာပဲ အဲဒီလူရဲ့ နှစ်သိမ့်အားပေးမှုကို ကျေကျေနပ်နပ် လက်ခံနေတဲ့ ပုံမျိုး။

မြသန္တာအတွက် အအံ့ဩကြီး အံ့ဩသွားစေတဲ့ အချက်ကတော့ ပုံမှန်ဆိုရင် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေလေ့ရှိတဲ့ အဖေက အိမ်ထဲဝင်လို့ သမီးကို မြင်လိုက်ရတဲ့အခါမှာ တစ်ချက်ကလေးတောင် ပြုံးယောင်မပြခဲ့ဘူး။ ဘယ်က ဧည့်သည်လဲလို့ မေးလိုက်တဲ့အခါမှာလည်း အဖေက စကားရောဖောရောနဲ့ စကားလမ်းကြောင်းကို လွှဲပစ်ခဲ့တယ်။ ထူးခြားမှုကတော့ ဆက်လက် ဖြစ်ပေါ်နေတုန်းပဲ။ ညစာစားကြတဲ့အခါမှာ အဖေက ခါတိုင်းလို စကားသိပ်မပြောတော့ဘဲ သူ့ကို ဟင်းတွေချည်း အဆက်မပြတ် ထည့်ပေးနေတော့တယ်။ အမေ မျက်ကွယ်ပြုသွားတဲ့နောက်မှာ အစ်ကိုနှစ်ယောက်ကလည်း နိုင်ငံရပ်ခြားမှာ ရောက်နေတော့ မြသန္တာက အဖေ့အနားမှာ ရှိနေတဲ့ တစ်ဦးတည်းသော ဆွေမျိုးသားချင်းလို ဖြစ်နေတယ်။ အဖေတစ်ခု သမီးတစ်ခုဘဝဆိုလည်း မမှားဘူးပေါ့။ ဒါကြောင့် အဖေလုပ်သူက သမီးအပေါ်မှာ လိုလေသေးမရှိအောင် အစစအရာရာ အလိုလိုက်အကြိုက်ဆောင်ပြီး ပိုးဥသလို ဥထားခဲ့တော့ မြသန္တာက ကလေးပီပီ အဖေ့အပေါ် နွဲ့ဆိုးဆိုးချင်တာ သဘာဝကျပါတယ်။ အဖေက သူ့အရှေ့မှာ အဲဒီလို အိုက်တင်ကြီး တစ်ခွဲသားနဲ့ သုန်မှုန်နေပြီးတော့ ဘာမေးမေး လိုချင်တဲ့အဖြေကို မရတဲ့အခါကျတော့ သူက စိတ်ကောက်ပြီး ထမင်းပန်းကန်ကို ပစ်ချလို့ ထမင်းစားခန်းထဲကနေ ထွက်သွားတော့တယ်။

အဖေက ထမင်းစားပြီးတဲ့နောက်မှာ သူ့အခန်းကိုသွားပြီး သူ့ကို သွားချော့တယ်။ မန်းလေပြဲလေ ဆိုတာလိုပဲ သူ့ရဲ့ ဒေါသတွေက အခုမှ တကယ် ပွင့်ထွက်လာတယ်။ အဖေကို ကက်ကက်လန်အောင် ရန်တွေ့တော့တာပဲ။ “အဲဒါ ဘယ်ကလူမို့လို့ သမီးကိုတောင် အဖက်မလုပ်ရတော့တာလဲ။ ပြောစမ်းပါဦး။ ဘယ်လောက်များ အရေးပါနေလို့လဲလို့”

သမီးက အဲဒီလို နှုတ်ခမ်းတလန် ပန်းတလန် ရန်တွေ့နေတာကို အဖေက စိတ်မဆိုးတဲ့အပြင် မျက်နှာကို အောက်ချပြီး ခေါင်းကို ငုံ့ထားတယ်။ သမီးရဲ့ အရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် ဝင်ထိုင်ပြီး တိုးလျတဲ့အသံနဲ့ စကားဆိုတယ်။ “သမီး၊ ဒယ်ဒီ သမီးကို ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး”

သမီးကတော့ နည်းနည်းလေးမှ မလျှော့သေးဘူး။ “အရှိအရှိတိုင်း ပြောပေါ့”

အဖေက သမီးရဲ့လက်ကို ဆုပ်ကိုင်ပြီး ခေါင်းကိုသာ တွင်တွင်ခါယမ်းနေတယ်။ ပါးစပ်ကတော့ ဘာစကားမှ ထွက်ကျမလာဘူး။

တစ်ခုခု ဖြစ်နေပြီ ဆိုတာကိုတော့ မြသန္တာ ရိပ်စားမိလိုက်တယ်။ အဖေရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ “ဒယ်ဒီ၊ ဘာတွေ ဖြစ်နေတာလဲ”

အဖေက သက်ပြင်းချပြီး မျက်လုံးကို စုံမှိတ်ထားတယ်။ “မိုးပြိုတော့မယ် ကိစ္စပဲ”

တစ်ခဏကြာတော့ မျက်စိကို ပြန်ဖွင့်ပြီး လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ စကားဆက်တယ်။ “သမီးလေး၊ မိုးပြိုလာမယ် ဆိုရင်တောင် ဒယ်ဒီက ပိုင်ဆိုင်ထားသမျှ စည်းစိမ်အားလုံးနဲ့ မိုးကောင်းကင်ကြီးကို ခုခံပေးထားနိုင်ပါသေးတယ်။ အခု ဒီတစ်ခါတော့ … ဒယ်ဒီ … သမီးကို မကယ်နိုင်တော့ဘူး။ ဒယ်ဒီတို့မှာ တခြား ရွေးချယ်စရာတွေ မရှိတော့ဘူး။ သူ့စကားကို နားထောင်ရုံပဲ ကျန်တော့တယ်”

မြသန္တာက ဆတ်ကနဲ မတ်တတ်ထရပ်လိုက်တယ်။ “ဒယ်ဒီပြောနေတာက မနက်က လာသွားတဲ့လူလား”

“အင်း”

“သူက ဘယ်သူလဲ”

“သူက ဘယ်သူမှ မဟုတ်ပါဘူး။ အဓိကက သူ ကိုယ်စားပြုထားတဲ့သူပဲ”

“သူက ဘယ်သူ့ကို ကိုယ်စားပြုတာလဲ”

“ဒယ်ဒီတို့ရဲ့ နိုင်ငံ၊ စစ်မီးတောက်လောင်နေတဲ့ ဒီနိုင်ငံပေါ့”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *