မြသန္တာ …
မြသန္တာ …
အမယ်အိုကြီးက သရဲတစ်ကောင်လို ဘွားကနဲ ကိုယ်ထင်ပြလာတော့ ကျွန်တော့်အဖို့ စာမူကို အဆုံးသတ်လိုက်ဖို့ အခက်တွေ့နေတော့တယ်။ အဆုံးသတ်ဖို့ ကြံရွယ်ပြီးကာမှ ပြန်စခဲ့ရတဲ့ အဖြစ်။
ဒါက အတော်လေး စိတ်ကသိကအောက် ဖြစ်ရတဲ့ အတွေ့အကြုံတစ်ခုပါ။ ဒီနှစ် နှစ်ဆန်းပိုင်းလောက်မှာပေါ့။ အပိုင်း (က) ဖြစ်တဲ့ အရှေ့လေကို အခန်းဆက် ဖော်ပြပေးနေတဲ့ မဂ္ဂဇင်းတိုက်ရဲ့ စာတည်းချုပ်ဆီကနေ ဖုန်းဝင်လာတယ်။ ကျွန်တော်ရဲ့ စာမူကို မဂ္ဂဇင်းမှာ ဆက်မဖော်ပြဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း စိတ်ပျက်လက်ပျက် အကြောင်းကြားလာတယ်။ ကျွန်တော်က သူ့ကို အကျိုးအကြောင်း မေးကြည့်တယ်။ သူက ပြောတယ်။ အဲဒီဇာတ်လမ်းထဲမှာ ပါဝင်သူတစ်ဦးရဲ့ ဇာတိရုပ်ကို ပုံဖျက်ထားပြီး အဖြစ်မှန်ကို လိမ်လည်ရေးသားထားတာကြောင့် ဖြစ်တယ်တဲ့။
ကျွန်တော်က သူ့ကို ဘာမှ မထူးခြားသလို ပုံစံနဲ့ ခပ်ရွှင်ရွှင် ပြောလိုက်တယ်။ “ဒါမျိုးကိစ္စက ဆေးလိပ်ဖြတ်ရသလိုပါပဲဗျာ။ ကြုံရလွန်းလို့ အံတိုနေပါပြီ”
စာတည်းချုပ်က ကျွန်တော်ရဲ့စကားကို မရယ်နိုင်တဲ့အပြင် စိတ်လည်း ပေါ့ပါးသွားပုံ မရဘူး။ အဲဒီအပြင် ပိုပြီး လေးလေးနက်နက် ပြောလာတယ်။ “ဒီတစ်ခေါက်က အရင်လို မဟုတ်ဘူးဗျ။ ဒီလူက အတော် ဝိတ်ရှိပုံရတယ်။ တကယ်လို့ ကျွန်တော်တို့ အဲဒီဝတ္ထုကို နောက်လမှာ ဆက်ထည့်ရင် သူက ကျွန်တော်တို့ မဂ္ဂဇင်းတိုက်ကို တရားစွဲမယ်တဲ့”
သူတို့က ဘယ်သူတွေလဲလို့ ကျွန်တော် မေးကြည့်တယ်။ သူ့နာမည်က ဦး xxx တဲ့။ ကျွန်တော်က သူ့ကို ပြောပြတယ်။ ကျွန်တော့်စာမူထဲမှာ ဦး xxx ဆိုတဲ့သူမှ မပါတာပဲ။ စာတည်းချုပ်က ပြောတယ်။ အဲဒီလူက ဒေါ်မြသန္တာရဲ့ သမက်တဲ့ဗျာ။ ကျွန်တော် ခေါင်းကြီးသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျွန်တော့်စာမူရဲ့ တစ်ခုတည်းသော ပျော့ကွက်ပေပဲ။ ကျွန်တော် ဒေါ်မြသန္တာကို အင်တာမဗျူးခဲ့ရဘူးလေ။ သူက အင်္ဂလန်မှာ နေနေတာဆိုတော့ ကျွန်တော့်ဝတ္ထုကို တွေ့ရမှာလည်း မဟုတ်ဘူးလို့ လွယ်လွယ်ပဲ တွေးထားခဲ့တာ။ အခုတော့ မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြနေတုန်းပဲ ရှိသေးတယ်။ သူ့လက်ထဲကို အဲဒီစာမူက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပြီ။
ဘယ်လိုများ ရောက်သွားတာပါလိမ့်။
ဒေါ်မြသန္တာရဲ့ သမက်က မြန်မာပြည်လာပြီး ဒီမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဒီက အရာရှိတွေနဲ့ လာဆွေးနွေးနေတာ နှစ်ပတ်ကျော်လောက် ရှိသွားခဲ့ပြီ။ ဒီကြားထဲမှာ သူ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ စကားစမြည် ပြောဖြစ်ကြရင်း အဲဒီစာမူအကြောင်း ရောက်သွားကြသတဲ့။ ဒါနဲ့ သူက ထွက်ပြီးသမျှ အခန်းဆက်တွေကို အင်္ဂလန်က သူ့ဇနီးဆီကို အီးမေးလ် ပို့ပေးလိုက်တယ်။ သူ့ဇနီးကနေမှ တစ်ဆင့် သူ့အမေ၊ ဒေါ်မြသန္တာဆီ ရောက်သွားခဲ့သတဲ့။
နောက်ဆုံး ဒေါ်မြသန္တာဆီက ကျလာတဲ့ အမိန့်ကတော့ … ဆက် မဖော်ပြရဘူး။ ထည့်ရဲထည့်ကြည့်။ ထည့်ရင် ထည့်တဲ့သူကို တရားစွဲမယ် တဲ့။
ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားတယ်။ … ဗျူးစရာ ရှိတဲ့လူတွေကို စဗျူးတဲ့ အချိန်ကစလို့ ရေးပြီး၊ အချောသတ်ပြီးတဲ့အချိန်ထိ ဒီစာမူတစ်စောင် ဖြစ်လာဖို့အတွက် ကျွန်တော် အချိန် ၃ နှစ်တိတိ ပေးခဲ့ရတယ်။ ကျွန်တော့်ဘဝက (ဒေါ်)ချိုမာထက်တောင် အဖြစ်ဆိုးနေသေးပါလား။ ချိုမာက တန်ဖိုးကြီးတဲ့ အသက်တစ်ချောင်းကို ဆုံးရှုံးလိုက်ရပေမယ့် သူက အောင်နိုင်သူတစ်ယောက် ဖြစ်သွားခဲ့တယ်။ ရှင်စဉ်က သူရဲကောင်း၊ သေတော့လည်း အာဇာနည်ပဲ။ ကျွန်တော့်မှာတော့ သုံးနှစ်ဆိုတဲ့ အချိန်တွေကို ရက်ရက်ရောရောကြီး အသုံးချခဲ့ပေမယ့် ပြန်ရလိုက်တာကတော့ စကားတစ်ခွန်းတည်း။ ဆင်ပြောင်ကြီး အမြီးကျမှ တစ်တဲ့။ နောက်ဆုံးတော့ ကျွန်တော့်ပါးစပ်ကနေ စကားတစ်ခွန်းပဲ ထွက်ကျလာတော့တယ်။ “ငါလခွီးတဲ့မှ”