Show contents

(င)

နံရံကို ခေါင်းနဲ့ ပြေးဆောင့်ခဲ့တဲ့ ချိုမာခမျာ သေချင်လို့တောင် မသေနိုင်ရှာဘူး။ ဘယ်သေပါ့မလဲ။ ကိုယ့်ဟာကိုယ် မတ်တတ်ရပ်ဖို့တောင် အနိုင်နိုင် ကြိုးစားနေရတဲ့ဟာကို။

ချိုမာက သူ့ကိုယ်သူ မသေသေးဘူး ဆိုတာ သိသွားတော့ ဟိဟာရဆီကို တိုးကပ်သွားပြန်တယ်။ သူ့ခြေထောက်ကို ဖက်ပြီး သူ့ဆီကို ပါးစပ်ထဲက သွေးတွေနဲ့ ထွေးထုတ်လိုက်တယ်။ ပြီးတော့ ခေါင်းနဲ့ ဆောင့်ရင်း ဆဲဆိုနေတယ်။ “သူတောင်းစားကြီး … မနက်ဖြန် သက်သေပြမယ် … ငါ မြွေပွေး မဟုတ်ဘူး … နင် အသေဆိုးနဲ့ သေရလိမ့်မယ် … သေခြင်းဆိုးကြီးရဲ့ …”

ဟိဟာရက ခြေထောက်ကို ဆွဲထုတ်ပြီး တစ်ချက် ဆောင့်ကန်လိုက်တယ်။ နောက် ပျစ်ကနဲ တံတွေးထွေးပြီး နေရာက လှည့်ထွက်သွားတယ်။

ချိုမာက ဗိုလ်မှူးဆီကို တွားသွားပြီး သူ့ကို ငိုယိုတိုင်တန်းနေတယ်။ “ဗိုလ်မှူး၊ ကျွန်မ မြွေပွေး မဟုတ်ဘူး။ … ကျွန်မအကြောင်းကို ဗိုလ်မှူး သိပါတယ်။ ကျွန်မကို အာမခံပေးမယ် မဟုတ်လား။ … ဗိုလ်မှူး၊ ကျွန်မ ခွေးတစ်ကောင် မဟုတ်ဘူး …”

ဗိုလ်မှူးလည်း မကြည့်ရက်နိုင်တော့တာနဲ့ ဘေးနားက ဗိုလ်လေးကို လက်ဟန်ခြေဟန် ပြပြီး ကိုယ်ကိုလှည့်လို့ ဟိဟာရနောက် လိုက်သွားတော့တယ်။ အခန်းအပြင်ကို ရောက်သွားတဲ့အထိတောင် ချိုမာရဲ့ ကွဲရှရှ အော်တဲ့အသံကို ကြားနေရတုန်းပဲ။

“ဗိုလ်မှူး၊ ကျွန်မ မြွေပွေး မဟုတ်ဘူး။ မဟုတ်ဘူး …”

ချိုမာတစ်ယောက် အသက်မပျောက်သေးပေမယ့် သေဖို့ လက်တစ်ကမ်းတောင် မလိုတော့ဘူး။ အသက်က တဲတဲလေးပဲ ကျန်တော့တယ်။ ခေါင်းကွဲသွားပြီ။ နှာရိုးကျိုးနေပြီ။ သွားတွေကျွတ်ကုန်ပြီ။ သွေးတွေက စိမ့်စမ်းရေလို တသွင်သွင် စီးထွက်နေတယ်။ အရေးပေါ်သာ မကုသပေးရင် ထွက်နေတဲ့ သွေးနဲ့တင် သွေးအိုင်မှာ နစ်ပြီး မွန်းသေသွားလောက်တယ်။

အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်လား။ သူက မြွေပွေး ဖြစ်နေပါစေ၊ ဘယ်မှာ လက်ပိုက်ပြီး ကြည့်နေနိုင်ပါ့မလဲ။ ပြီးတော့ လက်ရှိ အခြေအနေအရဆိုရင် ချိုမာက တခြားသော အချိန်တွေမှာထက် မြွေပွေးနဲ့ ပိုလို့တောင် မတူသေးတယ်။ ဒီလိုအချိန်မျိုးမှာ မြွေပွေးကသာလျှင် ချိုမာကို မြန်မြန်သေပါစေလို့ အကျိတ်အနယ် မျှော်လင့်နေမိမှာ။ ဒါပေမယ့် မြွေပွေးက သူ့ကိုယ်သူ မြွေပွေးပါဆိုတာကို လူမသိအောင် ဖုံးဖိကွယ်ကာပြီး ကယ်ချင်ယောင် ဆောင်ရဦးမှာပေါ့။ ဒါနဲ့ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ အပြင်ဘက် ဧည့်ရိပ်သာက ဆရာဝန်ကို သွားခေါ်တဲ့သူက သွားခေါ်၊ အရေးပေါ် သူနာပြု လုပ်တဲ့သူက လုပ်။ သွေးထွက်မလွန်အောင် ဒဏ်ရာတွေကို လက်နဲ့ ကိုင်သူကကိုင်၊ ဖိသူကဖိနဲ့ နောက်တော့ သူ့ကို အပေါ်ထပ် မ,တင်လိုက်ကြတယ်။

သိပ်မကြာခင်မှာပဲ သူနာပြုရဲဘော်တစ်ယောက် ရောက်လာတယ်။ တပ်ကြပ်ကြီးနဲ့ ဗိုလ်လေးက အခွင့်ရတာနဲ့ လစ်ရော။ မြသန္တာတစ်ယောက်တည်း အနားမှာ ကျန်ခဲ့ပြီး သူနာပြုရဲဘော်နဲ့အတူ ချိုမာကို ဆေးထည့်၊ ပတ်တီးစီးပေးကြတယ်။ နောက်တော့ သူနာပြုရဲဘော် ပြန်သွားတယ်။ သူကတော့ မပြန်သေးဘူး။ ရေတစ်ပုံး ခပ်လာပြီး ချိုမာရဲ့ သွေးတွေကို ဆေးကြောပေးတယ်။ ပြီးတော့ သူ တော်တော် ကြာတဲ့အထိ ထိုင်နေခဲ့တယ်။ ဒီလူတွေထဲမှာ သူတို့နှစ်ယောက်က ရင်းနှီးမှု အရှိဆုံးလို့ ဆိုနိုင်တယ်။ စောစောက ရှုပ်ယှက်ခတ်နေတဲ့ ပဋိပက္ခတွေထဲမှာတောင် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ခြင်း၊ ငြူစူစောင်းမြောင်းခြင်း မရှိကြဘူး။ နောက်ဆုံး မြသန္တာ ပြန်တော့မယ် ဆိုတော့ ချိုမာက ခုတင်ပေါ်ကနေ အားယူထထိုင်ပြီး သူ့ကို စိတ်လိုလက်ရ ကျေးဇူးတင်စကား ဆိုတယ်။ “ငါ့ကို မိတ်ဆွေအနေနဲ့ မြင်တာဆိုလို့ နင်တစ်ယောက်ပဲ ရှိတယ်။ ငါ သေသွားတောင် နင့်ကို မေ့မှာ မဟုတ်ဘူး”

ညဉ့်သန်းခေါင်ချိန်မှာ စံအိမ်ကြီးက မဟူရာကမ္ဗလာနဲ့ ဆွဲအုပ်ခံထားရသလို မှောင်နဲ့မဲမဲ။ ပြီးတော့ သုသာန်တစပြင်လို့ တိတ်ဆိတ်ငြိမ်သက်လို့။ ချိုမာက ခုတင်ပေါ်မှာ လှဲနေရင်း ပြတင်းပေါက် အပြင်ဘက်က သစ်ရွက်လေတိုးသံတွေကိုတောင် အတိုင်းသား ကြားနေရတယ်။ သူ ဘယ်လိုလုပ် အိပ်ပျော်နိုင်ပါ့မလဲ။ အိပ်ချင်စိတ်လည်း ရှိမှာ မဟုတ်ဘူး။ ခုတင်ပေါ်မှာ ဒီအတိုင်း လှဲနေရင်း မျက်လုံးနှစ်လုံးက အစွမ်းကုန် ပြူးကျယ်နေကြတယ်။ ဝိုင်းလို့စက်လို့၊ လင်းလို့လက်လို့။ မျက်လုံးအစုံကို မှိတ်လိုက်ရင်ပဲ နောက်တစ်ခါ ပြန်ဖွင့်လို့ မရတော့မှာကို ကြောက်ရွံ့နေတဲ့အလား။ ဒီနောက်ဆုံး အကြည့်တွေနဲ့ အမှောင်ထုကို အစိတ်စိတ် အလွှာလွှာဖြစ်အောင် ခွဲခြမ်းနေတဲ့အလား။

အမှောင်ထုက တစ်စတစ်စနဲ့ လွင့်ပြယ်လာတယ်။

အာကာပြင်က တစ်တိတစ်တိနဲ့ လင်းကျင်းလာတယ်။

သစ်ဆန်းလာတဲ့ နေ့တစ်နေ့က ဘယ်သူ့အတွက်မဆို နောက်ဆုံးနေ့တစ်နေ့ ဖြစ်နေတယ်။ မြွေပွေးအတွက် ဟုတ်သလို ကျန်သူ အားလုံးအတွက်လည်း ဟုတ်နေတယ်။ သူသည်လည်းပဲ မြွေပွေးအဖြစ် သံသယအဖြစ်ခံရတဲ့ တရားခံတစ်ယောက်ပါလားလို့ ရုတ်တရက် နားလည် သိရှိသွားတာကြောင့် ဖြစ်မယ် ထင်တယ်။ ဗိုလ်လေးထွန်းမြင့်တစ်ယောက် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး။ အိပ်မက်ဆိုးတွေက သူ့ကို မြွေပွေးတစ်ကောင်လို ဖက်တွယ်နှောင့်ယှက်နေခဲ့ကြတယ်။ သူ့ခမျာ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ ဘေးဘီက အသံတွေကြောင့် အိပ်မက်ထဲကနေ မကြာမကြာ လန့်နိုးလာခဲ့ရတယ်။ အိပ်မက်ထဲကနေ အပြင်ကမ္ဘာကို ရောက်လိုက်၊ အပြင်ကမ္ဘာကနေ အိပ်မက်ထဲ ပြန်ဝင်လိုက်နဲ့။ မနက် မိုးလင်းခါနီး တိုက်အပေါ်ထပ်ကနေ အသံတစ်သံ သူ ကြားလိုက်ရတယ်။ တိုတိုပြတ်ပြတ်၊ ခပ်အုပ်အုပ်ပဲ။ ပစ္စည်းတွေ တထွေးလိုက်ကြီး ကြမ်းပြင်ပေါ် ပြုတ်ကျတဲ့ အသံမျိုး။ သူက အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ တွေးလိုက်မိတယ်။ မဟုတ်သေးဘူး။ တစ်ခုခုတော့ ဖြစ်ပြီ။ ဒါနဲ့ သူ့ကိုယ်သူ အားယူပြီး အတင်းလှုပ်နှိုးလိုက်တယ်။ သူ အတန်ငယ် နိုးကြားလာတော့ ချိုမာရဲ့ နာကျင်ညည်းတွားသံကို ဝိုးတိုးဝါးတား ကြားလိုက်ရတယ်။ ဟိဟာရက သူ့ကို ဗျင်းနေပြန်ပြီ နေမှာလို့ တွေးလိုက်မိတော့ စိတ်ထဲ ပေါ့ပါးသွားပြန်တယ်။ ဒါနဲ့ အိပ်မက်ထဲ ပြန်တိုးဝင်သွားပြန်ရော။ နံနက်ခင်း သစ်ပင်ပေါ်က ငှက်တွေ ကျည်ကျည်ကျာကျာနဲ့ အော်ဟစ်နေသံတွေက သူ့ကို လှုပ်နှိုးလိုက်ချိန်မှာတော့ သူ့ရဲ့ အသိစိတ်နဲ့ ပထမဆုံး သတိထားလိုက်မိတာက ချိုမာရဲ့ နာကျင်ညည်းတွားသံပဲ။ ညက သူ့ကို ဟိဟာရက ထပ်ဗျင်းခဲ့တာပဲ ဖြစ်မယ်ဆိုတဲ့ အတွေးက အိပ်မက်ထဲကထက် ပိုပြီး ခိုင်မာသွားတယ်။

ဒါနဲ့ သူ အိပ်ရာထပြီး ပထမဆုံး အလုပ်အနေနဲ့ ချိုမာကို သွားကြည့်တယ်။

တံခါးက ဟစိလေး ပွင့်လို့။ ပွင့်ဟနေတဲ့ ကွက်လပ်ထဲကနေ နတ်ဆိုးတစ်ကောင်ရဲ့ အငွေ့အသက်တွေက အပြင်ကို ရုန်းကန်ထွက်နေသလိုပဲ။ သူက တံခါးကို တွန်းဖွင့်လိုက်ဖို့ တွန့်ဆုတ်နေတယ်။

“ဒေါ်ချိုမာ၊ ဒေါ်ချိုမာ”

သူက ချိုမာရဲ့ နာမည်ကို နှစ်ခါဆက် ခေါ်လိုက်ပေမယ့် ဘာတုံ့ပြန်မှုမှ ထွက်ပေါ်မလာဘူး။ အဲဒီအခါကျမှ တံခါးကို ညင်ညင်သာသာ တွန်းဖွင့်ပြီး အတွင်းကို ခေါင်းလျှိုကြည့်လိုက်တယ်။ ခုတင်ပေါ်မှာက ပွလန်ကျဲလို့။ လူရိပ်လူရောင်လည်း မတွေ့ရဘူး။ အတွင်းထဲကို ခြေနှစ်လှမ်း တိုးဝင်သွားလိုက်တော့မှ ကြမ်းပြင်ပေါ်မှာ မှောက်လျက်လဲနေတဲ့ ချိုမာကို ရုတ်တရက် တွေ့လိုက်ရတယ်။ တုတ်တုတ်မျှတောင် မလှုပ်တော့ဘူး။ ပြားကပ်နေအောင် အဗျင်းခံထားရတဲ့ သနားစရာ ဖားသတ္တဝါလို တစ်နေရာကို တွားသွားလိုပေမယ့်လည်း ဘယ်ဆီကိုမှ လှုပ်ရှားသွားနိုင်ပုံ မရတော့ဘူး။ သူက အရှေ့ကို တိုးသွားရင်း ချိုမာရဲ့ နာမည်ကို အဆက်မပြတ် အော်ခေါ်နေတယ်။ ခုတင်ပေါ်ကို ထူတင်ပေးလိုက်ချင်ပေမယ့် လူရုပ်မပေါ်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ချိုမာရဲ့ ပုံပန်းသဏ္ဌာန်က သူ့ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေစေတော့တယ်။

“မျက်စိ၊ ပါးစပ်၊ နှာခေါင်းပေါက်၊ နားပေါက်တွေထဲမှာ သွေးတွေချည်းပဲ။ သွေးသံရဲရဲနဲ့၊ တစ်မျက်နှာလုံးပါပဲဗျာ” ကိစ္စပြီးတော့ ဗိုလ်လေးထွန်းမြင့်က ဗိုလ်မှူးကို အစီရင်ခံနေတုန်း သူ့ပုံက နှလုံးငြိမ်သေးဟန် မတူဘူး။

ဟိဟာရ ကြားတော့ မနှေးမမြန် ပြောတယ်။ “ဒွါရကိုးပေါက်ကနေ သွေးအန်ပြီး သေတယ်ဆိုတာ အဲဒါမျိုးပေါ့။ အဆိပ်တစ်မျိုးမျိုး သောက်လိုက်တာ ဖြစ်မယ်”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *