အခြေအနေက တကယ်ကို ကြာလေ ပိုရှုပ်ထွေးလာလေပဲ။ ငါပဲ ရေလိုက်လွဲနေတာလားလို့ ဟိဟာရက မစဉ်းစားဘဲ မနေနိုင်တော့ဘူး။ ဆိုရိုးစကားတောင် ရှိသေးတယ် မဟုတ်လား။ စိန်ကဲ ကျောက်ကဲထက် လူကဲ ခတ်ရခက်တယ်တဲ့။ ဒီလောကကြီးမှာ လူတွေက မျက်နှာဖုံးအမျိုးမျိုး စွပ်ထားကြတာ မဟုတ်လား။ … သေချာ စဉ်းစားကြည့်တော့ ဗိုလ်မှူးမောင်ကိုအပေါ် သံသယ ဖြစ်ချင်စရာ အချက်တွေက တတိတိနဲ့ တိုးပွားကျယ်ပြန့်လာတယ်။ ဥပမာ ပြောရရင် လက်ရေးတိုက်စစ်တဲ့ အဲဒီနေ့ညမှာ သူက မဖိတ်ခေါ်ဘဲ ရောက်ချလာခဲ့တယ်။ ပြီးတော့ ဗိုလ်ကြီးအောင်သူရဲ့ အပြစ်အနာအဆာကို ပထမဆုံး စမြင်ခဲ့တဲ့သူကလည်း သူပဲ။ မနေ့ညကလည်း ဖုန်းဆက်လာပြီး ဗိုလ်ကြီးအောင်သူပဲ ဖြစ်ရမယ်လို့ အခိုင်အမာ ပြောသွားသေးတယ်။ … ဟူး … မလွယ်ပါလား။ ပိုပိုပြီး စဉ်းစားကြည့်လေလေ အရာရာက ပိုပြီး မိုက်မှောင်သွားလေလေပဲ။ နဂိုကတော့ ဗိုလ်ကြီးအောင်သူက မာလာရဲ့ ခေါင်းကို ပွင့်ထွက်သွားအောင် သေနတ်နဲ့ သုံးချက်ဆင့်ပစ်လိုက်ကတည်းက ဟိဟာရရဲ့ စိတ်ထဲမှာ လုံးဝ ယိမ်းယိုင်ထွေပြားခြင်း မရှိတော့ဘဲ ချိုမာတစ်ယောက်တည်းကို ပစ်မှတ်ထားလာခဲ့တယ်။ ဒါပေမယ့် သူ အယုံကြည်ရဆုံး ဆိုတဲ့ မြသန္တာကတောင် ချိုမာအတွက် အသည်းအသန် ကာကွယ်ပေးနေလေရဲ့။ ဒီနေ့ရက်တွေအတွင်းမှာ ပေါ်တင်တစ်ဖုံ တိတ်တိတ်တစ်နည်း စူးစမ်းလေ့လာထားရသလောက်ဆိုရင် သူ့အဖို့ အမှန်တကယ် စိတ်အချရဆုံးလူက မြသန္တာတစ်ယောက်တည်းပဲ ရှိတယ်။ ပြဿနာက အဲဒီမှာ စတာပဲ။ သူ ယုံကြည်ထားပါတယ် ဆိုတဲ့ လူကတောင် သူ့ကို မထောက်ခံဘူး။ ယုတ်စွအဆုံး ဗိုလ်မှူးမောင်ကိုကို ဆွဲထုတ်ပြီးတောင် ချိုမာကို ကာကွယ်ဖို့ ကြိုးစားလာတယ်။ ထပ်ထပ်စဉ်းစားကြည့်တော့ ဗိုလ်မှူးမောင်ကိုက စာသမား၊ ပေသမား၊ ပန်းချီတွေ ဘာတွေလည်း ဆွဲတတ်တာဆိုတော့ လက်ရေးတု၊ လက်မှတ်တုဆိုတာလောက်က သူ့အတွက် အခက်အခဲ မရှိလောက်ဘူး … … အဲဒီလို စဉ်းစားလိုက်မိတော့ ဟိဟာရတစ်ယောက် ထိုင်မရ ထမရနဲ့ ဖင်ထဲ လောက်ဝင်သွားသလို ဂနာမငြိမ် ဖြစ်လာတယ်။
နေ့လယ်စာ စားပြီးတဲ့နောက်မှာ ဟိဟာရက ဦးဟန်ထွန်းကို ခေါ်ပြီး ဗိုလ်မှူးမောင်ကိုဆီ သွားလည်တယ်။ အစကတော့ သူ့ရုံးခန်းမှာ တစ်ခဏ ထိုင်ပြီး နောက်တော့ သူ့အိမ်မှာ သူ့မိသားစုနဲ့အတူ ညစာစားမယ် ဘာညာ ပြောပါလေရော။ တကယ်တော့ အိမ်မှာ သူ ဘာတွေ လုပ်နေသလဲ၊ ဘာတွေ တိတ်တိတ်ပုန်း လှုပ်ရှားနေသလဲ ဆိုတာကို ရှောင်တခင် စစ်ဆေးကြည့်ချင်လို့ပဲ။ ဗိုလ်မှူးမောင်ကိုက ပန်းချီဝါသနာပါတဲ့ သူတစ်ယောက် မဟုတ်လား။ ဒီတော့ သူ့အိမ်က ကိုယ်ပိုင် စာကြည့်ခန်းထဲမှာ ပန်းချီပစ္စည်းတွေ၊ သူ နှစ်လိုအားရတဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေ ဆိုတာက ဒုနဲ့ဒေးပေါ့။ ပြီးတော့ သူ ဆွဲထားတဲ့ ပန်းချီကားတွေရော ရှိသေးတယ်။
ဟိုဟာဒီဟာတွေ လျှောက်ကြည့်၊ လျှောက်တွေးပြီး ဟိဟာရခမျာ ပိုလို့တောင် စိတ်ရှုပ်လာတယ်။ သူ့အနေနဲ့ ဗိုလ်မှူးမောင်ကိုကို သံသယ မဝင်ချင်တာတော့ အမှန်ပဲ။ ဒါပေမယ့် ဗိုလ်မှူးကို ကြည့်ရတာ တိမ်တောင်သဖွယ် မင်းရေးကျယ်၏ ဆိုတာလို နားလည်ရခက်တယ်လို့ ခံစားနေမိတယ်။ သံသယ မဝင်ချင်ဘူး ဆိုတာက ကြောက်လို့တော့ မဟုတ်ဘူး။ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ဗိုလ်မှူးမောင်ကိုရဲ့ အနောက်မှာ တစ်ထွေးလိုက်ကြီး ကပ်ပါလာမှာကို သူ အစိုးရိမ်ဆုံး။ ဘယ်သူတွေလဲ။ ဗိုလ်မှူးမောင်ကိုရဲ့ အထက်မှာ ပဲခူးစစ်တိုင်းမှူး ဗိုလ်မှူးကြီးကျော်ဇောရှိတယ်။ သူ့ရဲ့အထက်မှာက ဗမာ့တပ်မတော်ရဲ့ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း … ဟူး … မလွယ်ကြောပါလား။
ထမင်းစားပြီးတာနဲ့ နေလစံအိမ်ကို တစ်ချိုးတည်း လစ်ရော။ ပြန်ရောက်တော့ ဗိုလ်ကြီးအောင်သူနဲ့ စကားစမြည် ပြောကြည့်တယ်။ ဗိုလ်ကြီးရဲ့ စကားတွေကြောင့် အနည်းနဲ့အများတော့ သူ စိတ်သက်သာရာ ရသွားတယ်။ ဗိုလ်ကြီးအောင်သူက ဒီလို ယူဆတယ်။ ဗိုလ်မှူးမောင်ကိုက လုံးဝကို ယုံကြည်အားကိုးထိုက်တဲ့ လူမျိုး။ မြွေပွေးက ချိုမာမှ ချိုမာပဲ။ တခြား ဘယ်သူ့ကိုမှ သံသယပွားနေဖို့ မလိုပါဘူးတဲ့။
ဗိုလ်ကြီးအောင်သူက ကျိန်တောင် ကျိန်လိုက်သေးတယ်။ “မနက်ဖြန်ညကျရင် လုံးဝ အဖြေပေါ်မှာပဲ။ တကယ်လို့သာ ချိုမာ မဟုတ်ဘူးဆိုရင် ကျွန်တော် အောင်သူက ကျွန်တော်မိသားစု တစ်စုရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်ရဲတယ်”
ဗိုလ်ကြီးအောင်သူက အိမ်ထောင်သည်၊ ကလေးသုံးယောက်နဲ့။ အမေအိုကြီးလည်း ရှိသေးတယ်။ သူက အသက်ငါးချောင်းနဲ့ အလောင်းစားလုပ်ရဲတယ် ဆိုတော့ ဒီလောင်ကြေးက အတော်ကြီးကို ကြီးပေ့၊ ရက်စက်ပေ့ ဆိုတာမျိုးပဲ။ ချိုမာကရော လုပ်ရဲပါ့မလား။ အဲဒီလိုအတွေးကို ပိုက်ရင်း ဟိဟာရက ချိုမာနဲ့ တစ်ပွဲတစ်လမ်း ပွဲစမ်းကြည့်ဖို့ ပြင်ဆင်လိုက်တယ်။