Show contents

(င)

မြသန္တာက ကရော်ကမည် ရမ်းသမ်း ပြောနေတာ မဟုတ်ဘူး။ သူ ပြောတဲ့စကားတွေက ကွင်းဆက်ကိုမိလို့။ “မာစတာက သိဦးမယ် မထင်ဘူး။ တကယ်တော့ ဗိုလ်လေးထွန်းမြင့်လည်း ကြေးနန်းဝှက်စာကို ဖတ်ဖူးတယ်။ တပ်ကြပ်ကြီးက ပြောတယ်။ သူ ဗိုလ်မှူးကို သံကြိုးစာ ပေးတော့ အနားမှာ ဗိုလ်လေးလည်း ရှိတယ်တဲ့။ ပြီးတော့ သူက အရင်ဖတ်ပြီးမှ ဗိုလ်မှူးကို တစ်ဆင့်ပေးတာတဲ့လေ”

“ခင်ဗျား ဘာပြောချင်တယ် ဆိုတာကို ကျုပ် သိပါတယ်” ဟိဟာရက ဖြတ်ပြောတယ်။ “ခင်ဗျား ပြောချင်တာက သူ့ကိုလည်း မြွေပွေးအဖြစ် သံသယဖြစ်ထိုက်တယ်လို့ ဆိုလိုချင်တာ မဟုတ်လား”

“ဟုတ်တယ်” မြသန္တာက မမှိတ်မသုန် ပြောတယ်။ “ကျွန်မက ဘာကြောင့် သံသယ အဖြစ်ခံရတာလဲ ဆိုတော့ အဲဒီသံကြိုးစာရဲ့ အကြောင်းအရာကို သိနေလို့ပဲ မဟုတ်ဘူးလား။ ဒီလိုဆိုမှတော့ သူလည်း သိထားတာပဲလေ။ သူ့ကို ဘာဖြစ်လို့ သံသယ မဖြစ်ရမှာလဲ။ သူက ဘာကောင်မို့လို့လဲ”

ဟိဟာရက သူ့ကို ဖျောင့်ဖျတယ်။ “ဟုတ်ပါပြီဗျာ။ ဒီကိစ္စကို ရှည်ရှည်ဝေးဝေး မပြောပါရစေနဲ့တော့။ ခင်ဗျားကို မကွယ်မဝှက်တမ်း ပြောပြရရင် သူ့ကိုလည်း ကျုပ်တို့ အရင်က သံသယဖြစ်ခဲ့ဖူးပါတယ်။ ဒီမှာကြည့်။ ဘာလို့ ထင်လဲ” ဒီအခန်းထဲမှာ အသံဖမ်းစက်ထားပြီး ဟိုဘက်တိုက်ကနေ သူတို့ရဲ့ စကားပြောသံတွေကို တစ်ချိန်လုံး ဖမ်းနားထောင်နေတယ် ဆိုတာကို ဟိဟာရက အမှန်အတိုင်း ပြောပြလိုက်တယ်။ “ဒေါ်ချိုမာက ခင်ဗျားကို ပြောမပြဘူးလား။ ကျုပ်တို့လည်း ဗိုလ်လေးကို တိတ်တဆိတ် အကဲခတ်နေကြတယ် ဆိုတာလေ”

မြသန္တာက ခေါင်းကို အားရပါးရ ခါယမ်းလိုက်တယ်။ မျက်နှာက တအံ့တဩနဲ့။

ဟိဟာရက ဆက်ပြောတယ်။ “အခု ကျုပ် ဘယ်သူ့ကိုမှ သံသယ မဝင်တော့ဘူး။ ဗိုလ်ကြီးအောင်သူက သူ့အသက်နဲ့ ရင်းပြီး သက်သေခံသွားခဲ့ပြီ။ ဒေါ်ချိုမာက မြွေပွေးပဲ။ အခုလက်ရှိ ပြဿနာက သူ့ကို ဝန်ခံဖို့၊ ပွင့်လင်းဖို့၊ ဖြောင့်ချက်ပေးဖို့။ ခင်ဗျားက ဒေါ်ချိုမာနဲ့ ဒီလောက်တောင် ရင်းနှီးနေတာ။ သူ မူမမှန်တာ ဘာတစ်ခုမှ တွေ့မထားဘူးလား။ သေချာ စဉ်းစားကြည့်စမ်းပါဦး။ တချို့ကိစ္စတွေက မစဉ်းစားရင် ထွက်မလာတတ်ဘူး။ စဉ်းစားလိုက်တော့ အောင်မလေး တ,သွားရတတ်တာမျိုး”

မြသန္တာက တောင်တွေးမြောက်တွေး၊ ဟိုတွေးဒီတွေး တွေးကြည့်လိုက်ပေမယ့် အဆုံးသတ် ရလဒ်အနေနဲ့ ခေါင်းကို ဘယ်ဘက်ယမ်းလိုက်၊ ညာဘက်ယမ်းလိုက်သာ လုပ်နေတော့တယ်။ နောက်ဆုံးတော့ သူက ရဲရဲအာမခံတယ် ဆိုတဲ့ ဟန်မျိုးနဲ့ ပြောလိုက်တယ်။ “သူက သိပ်ကို မာယာများလွန်းနေရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် အဲဒီကိစ္စ (ချိုမာက မြွေပွေးပါ) ကို ကျွန်မ ဘယ်လိုမှ လက်ခံလို့ မရဘူး။ ကျွန်မရဲ့အမြင်အရတော့ သူက နိပွန်းတပ်မတော်အပေါ် သစ္စာအစောင့်သိဆုံးပဲ။ ဗိုလ်ကြီးက အသက်အသေခံပြီး သူ့ကို ကွန်မြူနစ်သူပုန်လို့ သက်သေပြသွားခဲ့တယ် ဆိုပေမယ့် အဲဒီကိစ္စထဲမှာ အကြံအဖန်တစ်ခုခု ပါနေလိမ့်မယ်လို့ ကျွန်မ သံသယဝင်မိတယ်”

စကားက ချိုမာပြောခဲ့ဖူးတဲ့ အဓိပ္ပာယ်ကို ပြန်ရောက်သွားတယ်။ ဒီတော့ ချိုမာက သူ့ကို ဒီအကြောင်း နှစ်ကိုယ်ကြား ပြောထားဖူးလိမ့်မယ်လို့ ဟိဟာရ ယူဆလိုက်တယ်။ ဒါပေမယ့် မြသန္တာကတော့ တစ်ပြားသားမှ မလျှော့ဘူး။ “ကျွန်မအဖေရဲ့ နာမည်ဂုဏ်သိက္ခာနဲ့ လောင်းကြေးထပ်ပြီး ကျွန်မ အာမခံနိုင်တယ်။ သူ ကျွန်မကို ဘာမှ မပြောပြခဲ့ဖူးဘူး”

“အတော်တော့ ထူးဆန်းတာပဲ” ဟိဟာရက အေးစက်စက် ပြန်ပြောတယ်။ “ဒါဆို ဗိုလ်ကြီးအောင်သူက ပြောတာများလား။ ခင်ဗျား ကျုပ်ကို အမှန်အတိုင်း ပြောပြ။ တကယ်လို့သာ ဗိုလ်ကြီးအောင်သူနဲ့ ဒေါ်ချိုမာအကြားမှာ တစ်ယောက်ယောက်ကို မြွေပွေးအဖြစ် ရွေးချယ်ရမယ်ဆိုရင် ခင်ဗျား ဘယ်သူ့ကို ရွေးမလဲ”

မြသန္တာက တစ်ခဏ စဉ်းစားပြီး ရုတ်တရက်ဆိုသလို စကားတစ်ခွန်း ပြောချလိုက်တယ်။ “ဗိုလ်ကြီးအောင်သူက သူ့ကိုယ်သူ သေကြောင်းကြံသွားတာ မဟုတ်ရင် ဘယ်နှယ့်လုပ်မလဲ”

“ဘာ …”

“ဦးဟန်ထွန်းက လက်လွန်သွားပြီး သူ့ကို ရိုက်သတ်လိုက်မိတာရော မဖြစ်နိုင်ဘူးလား”

“အင်း …” ဟိဟာရက ရေရွတ်လိုက်တယ်။ “ပြဿနာက ပိုပြီး ရှုပ်ထွေးလာပြီ”

“ကျွန်မက လျှောက်ပြောကြည့်တာပါ။ ဒါပေမယ့် တကယ်သာ အဲဒီလို ဖြစ်ခဲ့ရင်” မြသန္တာက ခေါင်းကို ခါယမ်းနေတယ်။ “ကျွန်မ ဗိုလ်လေးကို သံသယဖြစ်ကြည့်ချင်တယ်။ ဘာဖြစ်လို့လဲ။ အကြောင်းက … တကယ်လို့သာ ဗိုလ်ကြီးအောင်သူက လက်လွန်ခြေလွန် ဖြစ်ပြီး သေသွားခဲ့တာ ဆိုရင် သဘောက သူ နောက်ဆုံးအချိန်ထိ ဝန်မခံဘဲ တင်းခံသွားခဲ့လို့ပေါ့။ နောက်တစ်ဆင့် တက်ပြောပြရရင် သူက တကယ်ပဲ မတရား လုပ်ကြံစွပ်စွဲခံရတာ ဖြစ်နိုင်တယ်။ ဘယ်သူက သူ့ကို လုပ်ကြံစွပ်စွဲတာလဲ။ သူကတော့ မချိုမာပဲ ဖြစ်မယ်လို့ အခိုင်အမာ ယူဆထားမှာပဲ။ မာစတာလည်း အဲဒီလိုပဲ ယူဆထားလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကျွန်မအထင်တော့ ရှင်တို့အားလုံး မှားနေပြီ။ တရားခံက ဗိုလ်လေးထွန်းမြင့်ပဲ။ အဲဒီနေ့ညက လက်ရေးတိုက်စစ်တဲ့အခါမှာ သူ အကြံအဖန် လုပ်လိုက်တယ်”

“ဘာလုပ်တာလဲ”

“တခြားလူရဲ့ လက်ရေးကို ဗိုလ်ကြီးဟာနဲ့ လဲလိုက်တာပေါ့”

“တခြားလူဆိုတာ ဘယ်သူလဲ”

“သူပဲလေ”

“ဘယ်သူ”

“ဗိုလ်လေးထွန်းမြင့်ပေါ့”

“ဒါပေမယ့် အဲဒီနေ့ညက သူ့လက်ရေးစာရွက်မှ မပါဘဲဟာ”

“သူက ကြိုတင်ပြင်ဆင်ထားလို့ ရတယ်လေ” မြသန္တာက ချောင်းဟန့်ပြီး ဟိဟာရကို ကြည့်နေတယ်။ “မာစတာပဲ စဉ်းစားကြည့်။ ကျွန်မ မှတ်မိသလောက်ဆိုရင် အဲဒီနေ့ညက လက်ရေးတွေ အားလုံးကို သူကပဲ တစ်စုတစ်စည်းတည်း ဖြစ်အောင် ထိန်းသိမ်းထားရတာ။ ပြီးတော့ မာစတာကို အပ်တယ်။ အဲဒီလို မဟုတ်လား”

ဟိဟာရက ပြန်တွေးကြည့်တယ်။ တကယ်လည်း သူ ပြောတဲ့အတိုင်းပဲ။ ဒါပေမယ့် ပြဿနာက ဗိုလ်ကြီးအောင်သူက တကယ် သေသေးတာမှ မဟုတ်ဘဲ။ ဗိုလ်ကြီးအောင်သူက အခုထိ အသက်ရှင်လျက် ရှိနေသေးတယ်။ သူက အဲဒါကို သူ့လက်ရေးပါလို့လည်း ဝန်ခံထားပြီးသား။ ဒါပေမယ့် သူ့လက်ရေးကို အသုံးချပြီး သတင်းခိုးထုတ်ခဲ့တာပဲ ဖြစ်ရမယ်လို့ သူက သံသယဝင်နေခဲ့တယ်။ ဆိုတော့ကာ … မြသန္တာရဲ့ မိုက်မိုက်ကန်းကန်း ကြံဆချက်က လက်တွေ့အသုံးတည့်မှုအနေနဲ့ ဘာတန်ဖိုးမှ ရှိမနေတော့ဘူးပေါ့။

ဒါပေမယ့် အဲဒီအတွက်နဲ့ကြောင့် မြသန္တာက ဗိုလ်လေးအပေါ် ထားတဲ့ သံသယကို လက်လွှတ်ဖို့ စိတ်မကူးသေးဘူး။ “တကယ်လို့ တစ်ဦးတစ်ယောက်က ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို ခိုးကျင့်ပြီး အဲဒီလက်ရေးကလည်း ဒီလောက်တောင် တူနေတယ် ဆိုရင်တော့ အဲဒီလူက မချိုမာ မဟုတ်တာ သေချာသလောက်ပဲ”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့ဆို သူက မိန်းမ ဖြစ်နေလို့ပေါ့။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ရဲ့ လက်ရေးကို တထေရာတည်း တူအောင် လေ့ကျင့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

နောက်ဆုံးတော့ မြသန္တာက ဟိဟာရကို စိတ်ရင်းအတိုင်း ဖွင့်ပြောပြသလို ဟန်ပန်မျိုးနဲ့ ပြောလိုက်တယ်။ “မာစတာလည်း ဟိုဘက်တိုက်ကနေပြီးတော့ အကုန်လုံး ကြားပြီးလောက်ပါပြီ။ ဗိုလ်လေးက ကျွန်မကို ခေါ်ပြီး စကားပြောတိုင်း ကျွန်မ ဗရုတ်သုတ်ခတွေချည်း လျှောက်ပြောနေခဲ့တာပဲ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မ သူ့ကို မယုံကြည်လို့။ ဒါကြောင့် သူ့နဲ့ ပူးပေါင်းလုပ်ကိုင်ချင်တဲ့ ဆန္ဒမရှိဘူး။ တကယ်ပြောတာ။ တကယ်လို့သာ မြွေပွေးက ဒီတိုက်ထဲမှာ တကယ် ရှိနေမယ်ဆိုရင် ကျွန်မ ပြောရဲတယ်။ ဗိုလ်လေးကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်တော့ဘူး။ ဒီတိုက်ထဲ မရှိမှာကိုပဲ စိုးရိမ်ရမှာ”

ဒါဆို ဘယ်မှာလဲ။

မြသန္တာက ဗြဟ္မာကြီးဦးခေါင်းကို ဗိုလ်မှူးမောင်ကိုရဲ့ လက်ထဲ ထိုးထည့်ပေးလိမ့်မယ်လို့ ဟိဟာရ ထင်တောင် ထင်မထားခဲ့ဘူး။

မြသန္တာက ဘာကိုမှ အရေးမစိုက်တော့တဲ့ ပုံမျိုးနဲ့ ပြောတယ်။ “စိန်ကဲ၊ ကျောက်ကဲသာ အကဲခတ်ရလွယ်တယ်။ လူကဲခတ်ရ မလွယ်ဘူးတဲ့လေ။ ကျွန်မ ဘွင်းဘွင်းပဲ ပြောတော့မယ်။ သဘောသဘာဝအရ သံကြိုးစာကို သိထား၊ ဖတ်ထားတဲ့ လူတိုင်းက မြွေပွေးအဖြစ် သံသယရှိထိုက်တဲ့ လူတွေချည်းပဲ။ ဗိုလ်မှူးက ဘာမို့လို့ ခြွင်းချက် ဖြစ်ရမှာလဲ။ သူက ဗိုလ်မှူး ဖြစ်နေလို့လား။ သူ့ထက် ရာထူးကြီးတဲ့ လူတွေတောင် နိပွန်းတပ်မတော်နဲ့ အဓိပတိကြီးကို သစ္စာဖောက်နေတာပဲဟာ”

ဒီစကားတွေကို ကြားရတော့ ဟိဟာရတစ်ယောက် ဖျားချင်သလိုလို ဖြစ်လာတယ်။ သူ့ စိတ်ထဲမှာတော့ မအေနှမ ကိုင်တုတ်နေလေရဲ့။ မတ်တတ်ရပ်၊ လက်နောက်ပစ်ပြီး မပြောမဆိုနဲ့ ထွက်သွားရော။ သူ စိတ်ဆိုးနေတယ်။ မြသန္တာကိုတော့ မဟုတ်လောက်ဘူး။ ဒီကိစ္စကြီးတစ်ခုလုံးကို ဖြစ်ချင်ဖြစ်နေမှာ။

တစ်ချီတစ်မောင်းတော့ အကဲစမ်းလို့ ပြီးသွားပြန်ပြီ။ ချိုမာကတော့ ချိုမာပဲလေ။ မြွေပွေးက ပိုင်နိုင်ချက်ချာစွာနဲ့ အမှောင်ထုထဲမှာ ပြုံးနေတုန်းပဲ။ မြသန္တာရဲ့ သတိပေးမှုကြောင့် မြွေပွေးက ပိုပြီးလို့တောင် မှန်းဆပုံဖော်ရ ခက်လာတယ်။ ဒါပေမယ့် စိတ်ရင်းအတိုင်း ပြောရမယ်ဆိုရင် ဟိဟာရက ဗိုလ်မှူးမောင်ကိုကို ယုံတယ်။ ဒါပေမယ့် ယုတ္တိဗေဒအရ ဆိုရင်တော့ မြသန္တာရဲ့ စကားက မမှားဘူး။ သူ စိတ်တိုနေတာ အဲဒါကြောင့်ပဲ။ မြသန္တာရဲ့ သတိပေးချက်က ယုတ္တိဗေဒအရ အခြေခိုင်နေတယ်။ ဒီလိုအချိန်မှာ ချိုမာကို ဘယ်လောက်တောင် မြွေပွေး ဖြစ်စေချင်နေသလဲ ဆိုတဲ့ စိတ်ဆန္ဒကို သူ ဘယ်လိုမှ ဖုံးလို့ ဖိလို့ မရနိုင်ဘူး။ သံသယ ရှိနေရုံတင်သက်သက် မဟုတ်ဘူး။ ချိုမာကို အပြစ်ပုံချဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေ ကြုံလာရတဲ့ အခါမျိုးမှာ သူ့စိတ်ထဲ ဘယ်လောက်တောင် အလိုမကျ ဖြစ်နေခဲ့သလဲ။ ဘယ်လောက်တောင် မပျော်မရွှင် ဖြစ်နေခဲ့သလဲ။ ဘယ်လောက်တောင် အကြောင်းမဲ့ စိတ်တိုနေခဲ့သလဲ။ တစ်ယောက်ယောက်က သူ့ကို သစ္စာဖောက်သွားသလို၊ သူ့ကို စွန့်ပစ်သွားသလို ခံစားနေရတယ် ဆိုတာကို သူ သတိထားလာမိတယ်။

တကယ်ပါ။ ဟိဟာရက မြွေပွေးနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါမှာ ပြုမူခဲ့တဲ့ သူ့ရဲ့ ကိုယ်နှုတ်အမူအရာကို အခုချိန်ထိ အားမရနိုင်သေးဘူး။ လွယ်လွယ်နဲ့ အဆုံးသတ်လိုက်နိုင်လိမ့်မယ်လို့ မူလ သူ ယူဆထားတဲ့ ကိစ္စက အခုတော့ နိဂုံးမချုပ်နိုင်တဲ့အပြင် အနောက်ကိုတောင် အတော်များများ ပြန်ဆုတ်သွားသလိုပဲ။ အချိန်တွေက လွန်ခဲ့တဲ့ သုံးရက်က နေ့လယ်ခင်းကို ပြန်ရောက်သွားသလို ခံစားနေရတယ်။ အခုမှ အစပဲ ရှိသေးတယ်။ လူတွေ အားလုံးက သူ့ရဲ့ နာမည်ပျက်စာရင်းထဲမှာ ရှိနေတုန်းပဲ။ အားလုံးက သူ့ကို အမှုစစစ်ဖို့၊ သက်သေသက္ကာယစရှာဖို့ စောင့်နေကြတယ်။ ဒါပေမယ့် သူ့ခမျာ ထုတ်သုံးနိုင်တဲ့ အကွက်တွေက နည်းသထက် နည်းလာခဲ့ပြီ။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *