Show contents

(င)

ချိုမာဆီမှာ မှော်စွမ်းအားနဲ့ တန်ခိုးရှင် ရှိမနေဘူး ဆိုတာကို အဖြစ်မှန်က သက်သေပြသွားတယ်။ ညစာစားဖို့ ထိုင်နေကြတဲ့အချိန် ဟင်းတွေတောင် စုံအောင် ရောက်လာမသေးဘူး။ ထမင်းကို မခူးခပ်ရသေးဘူး။ အရင်ဆုံး လာချတဲ့ ဟင်းခွက်တစ်ခွက်ကို နှိုက်မြည်းပြီး ချိုမာတစ်ယောက် ကမ္ဘာပျက်သွားရှာတယ်။

ငရုတ်သီးစားမိလို့ ဗိုက်နာလာတာ။

သူ ဗိုက်နာနေတဲ့ပုံက လန့်ဖျပ်နေတဲ့ ပုဇွန်တစ်ကောင်လို ခန္ဓာကိုယ်က လေးကိုင်းသဏ္ဌာန် ကွေးညွတ်နေတယ်။ တကယ်လို့သာ ခါးကို ကွေးညွတ်ထားတဲ့ပုံက ဟန်ဆောင်ပန်ဆောင် လုပ်လို့ ရတယ် ဆိုရင်တော့ နဖူးပြင်ပေါ်က ဘူးသီးလုံးလောက်ရှိတဲ့ ချွေးသီးချွေးပေါက်တွေကတော့ ဘယ်လိုနည်းနဲ့မှ အင်ထုနိုင်မှာ မဟုတ်ဘူး။ အင်မဟုတ်ဘူး ဆိုမှတော့ အစစ်ပဲ ဖြစ်ရတော့မှာပေါ့။ အစစ်ဆိုမှတော့ သူ့အတွက် ဆရာဝန် ခေါ်ပေးရတော့မှာ မဟုတ်လား။ မြသန္တာက သူ့ကို ဆေးရုံခေါ်သွားပေးဖို့ ဟိဟာရကို အတင်းအကျပ် တောင်းဆိုနေတယ်။

မြသန္တာက ပြောတယ်။ “သူက မြွေပွေး ဖြစ်နေရင်တောင် ကျွန်မ သူ့ကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး”

ဟိဟာရက သူ့ကို ပြုံးစိစိကြည့်ရင်း ပြောတယ်။ “မြသန္တာရေ၊ ခင်ဗျားရဲ့ စကားက သူစိမ်းသိပ်ဆန်တာပဲ။ တကယ်လို့ သူက မြွေပွေးဆိုရင် ကျုပ်က သူ့ကို ပိုလို့တောင် ကယ်တင်ချင်သေးတယ်”

ဟုတ်တယ်။ ဟိဟာရအဖို့ သူ အသက်ရှင်နေမှ ဖြစ်မယ်။ ဒါပေမယ့် ဆေးရုံ သွားသင့်၊ မသွားသင့် ဆိုတာကိုတော့ သူက ချိုမာကို သူ့ဘာသာ ဆုံးဖြတ်ခိုင်းတယ်။ ဒါကလည်း အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူး။ သူက ချိုမာကို စမ်းသပ်ချင်လို့ပဲ။ တကယ်လို့သာ ချိုမာက ဆေးရုံသွားဖို့ပဲ အားသန်နေရင် ဒါ ချိုမာရဲ့ အကြံအဖန်ပဲ ဖြစ်ရမယ်လို့ သူက တွက်ဆလိုက်မယ်။ ချိုမာက အများ သတိမထားမိတဲ့ အချိန်မှာ ဗိုက်နာစေမယ့် ကြောက်စရာ ပစ္စည်းတစ်ခုခုကို သောက်မျိုထားပြီး ငရုတ်သီးတစ်တောင့်ကို ဗန်းပြလို့ အပြင်လောကနဲ့ ဆက်သွယ်နိုင်မယ့် အခွင့်အရေးတစ်ခု ဖန်တီးနေတာလည်း ဖြစ်နိုင်သေးတာပဲ မဟုတ်လား။ ချိုမာက ဘယ်ဆေးရုံကို ပို့ပေးပါဆိုပြီး သူ့စိတ်ကြိုက် နာမည်တစ်ခုကို ပြောလာလိမ့်မယ်လို့တောင် ဟိဟာရက တွက်ဆထားခဲ့တယ်။ အဲဒီလိုဆိုရင်တော့ သူ့ကို သံသယဝင်ဖို့ လုံးဝ ခိုင်လုံသွားပြီလေ။ အဲဒီဆေးရုံမှာ သူ့ရဲ့ အပေါင်းပါတွေ ရှိကို ရှိနေနိုင်တယ်။

ဒါပေမယ့် ချိုမာက ဆေးရုံပို့ပေးဖို့ မတောင်းဆိုခဲ့ဘူး။ အဲဒီအပြင် သူ့ရဲ့ ရောဂါဝေဒနာကို အရေးမပါသလိုတောင် လုပ်နေသေးတာ။ “ကိစ္စ မရှိပါဘူး” သူက ဟိဟာရနဲ့ မြသန္တာတို့ကို အဲဒီလို ပြောတယ်။ “ရောဂါဟောင်းပါ။ ဆေးသောက်ရင် ပျောက်ပါတယ်”

ပြီးတော့ တကယ့်ကို နာတာရှည် ရောဂါသည်တစ်ယောက်လို ဘာဆေးသောက်ရမှာလဲ ဆိုတာကို သိနေတဲ့အပြင် ဆေးကိုလည်း ဘယ်သွားသွား ကိုယ်နဲ့မကွာ အမြဲဆောင်ထားတယ်။ ဆိုတော့ … သူက ဟိဟာရနဲ့ ဦးဟန်ထွန်းကို အကျပ်ရိုက်သွားအောင် တစ်စက်ကလေးမှ မလုပ်ခဲ့ဘူး။ ဗိုလ်ဝတုတ်ကပဲ ချိုမာရဲ့ အိပ်ခန်းကို သွားပြီး သူ့အိတ်ထဲက ဆေးလုံးကို ပြေးယူပေးလိုက်ရတယ်။

မကြာပါဘူး။ ပြန်ရောက်လာတော့ စားပွဲပေါ်မှာ ဟင်းအမယ်တောင် မစုံသေးဘူး။ ချိုမာက သီးခြားတစ်နေရာ ထိုင်ပြီး ဆေးကို စောင့်နေတယ်။ မြသန္တာက မီးဖိုချောင်ထဲ ကိုယ်တိုင်ဝင်သွားပြီး ရေနွေးဖြူတစ်ခွက် သွားယူပေးတယ်။ ဆေးသောက်ဖို့ ချိုမာကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးနေတယ်။ ဆေးကလည်း အတော်စွမ်းပုံပဲ။ သောက်ပြီး ဘယ်လောက်မှ မကြာလိုက်ဘူး။ ချိုမာရဲ့ ကျုံ့ယုံ့နေတဲ့ မျက်မှောင်တွေက သိသိသာသာ ပြေကျသွားတယ်။ နဖူးထက်က ချွေးသီးချွေးပေါက်တွေကလည်း တစ်ဝက်လောက် လျော့ပါးသွားတယ်။ အားလုံး ထမင်းစားပြီးတဲ့အချိန်ရောက်တော့ သူ့ကိုယ်မှာ ရောဂါဝေဒနာက ယူပစ်သလို ပျောက်သွားခဲ့ပြီ။ လမ်းလျှောက်ရတာလည်း ဘာပြဿနာမှ မရှိတော့ဘူး။ အရင်လို ခြေပစ်လက်ပစ် မသွားနိုင်သေးဘူး ဆိုပေမယ့် ကိုယ့်ခြေကိုယ့်လက်နဲ့တော့ အမှီအတွယ် မပါဘဲ သူ့ဟာသူ လုံးဝ သွားနိုင်နေပြီ။ ဟိဟာရက ဗိုလ်ဝတုတ်ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့ပေးဖို့ စီစဉ်ပေးပေမယ့် သူက ငြင်းဆန်လိုက်တယ်။ အားနာပါးနာ ပြောနေတာ မဟုတ်ဘူး။ တကယ်ကို ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်တာ။ ဇီဇာကြောင်တဲ့ ကလေးတစ်ယောက် အတိုင်းပဲ။ အနည်းဆုံးတော့ ဟိဟာရရဲ့ စိတ်ထဲမှာ အဲဒါကို ဇီဇာကြောင်တယ်လို့ ထင်လိုက်မိတာပဲ။

ချိုမာက ပြောတယ်။ “ကျွန်မ အားလုံးနဲ့အတူတူ သွားတာပဲ ကောင်းလိမ့်မယ်။ နို့မို့ တစ်ချိန်ကျရင် ကျွန်မကို မြွေပွေးပါလို့ စွပ်စွဲချင်စရာ အကြောင်းတစ်ခု တိုးလာလိမ့်မယ်”

ဟိဟာရက ရယ်တယ်။ “ဒါဆို ခင်ဗျား ဆေးရုံကို မသွားဘူးဆိုတာကလည်း အပြစ်ကင်းစင်ကြောင်း ပြချင်လို့ ဆိုပါတော့”

ချိုမာက ပြောတယ်။ “ဟုတ်တယ်”

ဟိဟာရက ထပ်မေးတယ်။ “ဒီတော့ အပြစ်ကင်းရှင်းဖို့က အသက်ထက် ပိုအရေးကြီးတယ်ပေါ့”

ချိုမာက ပြောတယ်။ “ဟုတ်တယ်”

ဟိဟာရက ရယ်တယ်။ “ဒါဆိုလည်း လာပါဗျာ။ အတူတူ သွားကြတာပေါ့”

အတူတူ လျှောက်သွားကြရော။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *