ပြောရရင် ဒီတစ်ခေါက် ကမယ့် ဟိဟာရရဲ့ ဇာတ်ထုပ်က အတော်တော့ လက်ဖျားခါဖို့ ကောင်းတယ်။ သူကိုယ်တိုင် ပွဲထွက်ရုံတင်မကဘဲ လူတွေအများကြီးနဲ့ မော်တော်ကားလို ပစ္စည်းကိရိယာတွေကိုတောင် အသုံးချပြီး စည်းကားသိုက်မြိုက်သွားအောင် လုပ်လိုက်သေးတယ်။ ဒါက စနစ်တကျ အကွက်ချ စီမံထားတဲ့ လုပ်ဇာတ်တစ်ပုဒ်ပေပဲ။ ခြေဆင်းကိုတော့ ဟိဟာရကိုယ်တိုင် စတယ်။ သူက ချိုမာတစ်ယောက်တည်းကို အပြင်ခေါ်ထုတ်သွားပြီး ခြံအနောက်ဘက်က တောင်ကမူပေါ်မှာ လမ်းလျှောက်ထွက်ကြတယ်။ ပန်းပင်တွေ လျှောက်ကြည့်၊ ဟိုဟိုဒီဒီ လျှောက်ပြောလိုက်ကြတာ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ကြရတဲ့ ငယ်သူငယ်ချင်းဟောင်းတွေ ပြန်ဆုံနေကြရတဲ့အလားပဲ။ နောက်ဆုံးတော့ သူတို့နှစ်ယောက်က တောင်ကမူထိပ်မှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်အောက်က ကျောက်ထိုင်ခုံတွေမှာ ထိုင်လိုက်ကြတယ်။ အဲဒီကနေ လှမ်းကြည့်လိုက်မယ် ဆိုရင် ခြံထဲက နေရာအတော်များများကို အပေါ်စီး လှမ်းမြင်နေရတယ်။ သူတို့ ထိုင်ပြီး တစ်ခဏလောက်ကြာတော့ အဖြူရောင် လူနာတင်ကားတစ်စီး ခြံအနောက်ဘက်ထဲ ရောက်လာပြီး အရှေ့တိုက်ရဲ့ အရှေ့မှာ ရပ်တန့်လိုက်တယ်။ ပြီးတော့ မာလာရဲ့ အလောင်းကို သယ်သွားပါရော။ အဲဒီအချိန်မှာပဲ ဦးဟန်ထွန်းက အစိမ်းရောင် ဂျစ်ကားတစ်စီးနဲ့ ရောက်လာပြီး အနောက်တိုက်ကလူတွေ (တပ်ကြပ်ကြီးမျိုးဇော်ရယ်၊ မြသန္တာရယ်၊ ဗိုလ်လေးထွန်းမြင့်ရယ်) ကို တင်ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားရတာလဲ၊ ဘယ်ကို ခေါ်သွားရမှာလဲ ဆိုတာကိုတော့ ဦးဟန်ထွန်းက တစ်ခွန်းမှ မဟဘူး။
အဲဒီအခြင်းအရာအားလုံးကို တောင်ကမူထိပ်မှာ ထိုင်နေကြတဲ့ ဟိဟာရနဲ့ ချိုမာတို့က အကုန်လုံး ပြတ်ပြတ်ထင်ထင် မြင်နေရတယ်။ ဟိဟာရကလည်း ဖြစ်ကြောင်းကုန်စင်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။ ဒါပေမယ့် သူ ပြောတဲ့ ဖြစ်ကြောင်းကုန်စင် ဆိုတာတွေက အကုန်လုံး မုသားတွေချည်းပဲ။ မာလာရဲ့ အလောင်းကို ဗိုလ်ကြီးအောင်သူရဲ့ အလောင်းပါလို့ ပြောတယ်။ ဟိုသုံးယောက်ကိုလည်း အိမ်ပြန်ပို့လိုက်ပြီလို့ ဆိုတယ်။
“ဘာကြောင့် အိမ်ပြန်ပို့လိုက်တာလဲ” ဟိဟာရက မေးခွန်းကို သူ့ဟာသူပဲ ပြန်ဖြေလိုက်တယ်။ “ကိစ္စတွေအားလုံး ပြီးပြတ်သွားပြီလေ။ မြွေပွေးကိုလည်း ဖော်လို့ ရသွားပြီ”
“ဘယ်သူက မြွေပွေးလဲ” ဟိဟာရက သူ့ဟာသူပဲ ဖြေလိုက်ပြန်တယ်။ “အင်း … အဲဒီအကြောင်းကို မပြောခင် ဗိုလ်ကြီးအောင်သူရဲ့ နောက်ဆုံးဆန္ဒကို အကောင်အထည် ဖော်ပေးလိုက်ချင်တယ်။ သေလွန်သူရဲ့ ကိစ္စက ရှင်သူထက် ပိုအရေးကြီးတယ်လေ။ တော်ကြာ အသေမဖြောင့်ဘဲ နေနေဦးမယ်။ ဟုတ်တယ် မဟုတ်လား၊ ဒေါ်ချိုမာ” ပြောပြီး စပ်ဖြဲဖြဲနဲ့ ချိုမာကို စိုက်ကြည့်နေတယ်။ ပြီးတော့ ဗိုလ်ကြီးအောင်သူကို ကြေးနန်းဝှက်စာ ပြောခဲ့တုန်းက အဖြစ်အပျက်တွေ အကုန်လုံးကို နောက်တစ်ခေါက် ပြန်ပြောခိုင်းတယ်။
ဟိဟာရက မျက်နှာတည်နဲ့ ပြောတယ်။ “ခင်ဗျားလည်း သိထားပြီး ဖြစ်မှာပါပဲ။ တကယ်လို့သာ ခင်ဗျားပြောတဲ့ စကားတွေက ရှေ့တစ်ခေါက်က ပြောထားတာတွေနဲ့ ကွဲပြားနေရင်၊ အလွဲအချော် ရှိနေရင် ကျုပ် ဘယ်လို တွေးမယ် ထင်လဲ”
ချိုမာက တဒင်္ဂ စဉ်းစားလိုက်တယ်။ လက်ထဲက သစ်သားဘီးကို ဆော့ကစားနေရင်းမှ တည်ငြိမ်အေးဆေးတဲ့ လေသံနဲ့ အတိတ်အကြောင်းကို ပြန်ပြောပြလိုက်တယ်။ အချိန်၊ နေရာ၊ အကြောင်းအရင်း၊ ဖြစ်စဉ်၊ ပြောစကား၊ အတွေးအထင်၊ အနေအထား၊ စတဲ့ စတဲ့ အကြောင်းအရာတွေကို တစ်ကို တစ်အတိုင်း၊ နှစ်ကို နှစ်အတိုင်း၊ တစ်လုံးတစ်ပါဒမကျန် အခြွင်းအချန်မရှိ ပြောပြနေတယ်။ အရင်ကနဲ့ ၏သည်မရွေး တူတယ်လို့ မဆိုနိုင်ငြားသော်လည်း အခြေခံအားဖြင့်၊ အနှစ်ချုပ်အားဖြင့်တော့ အတိမ်းအစောင်း မရှိဘူးလို့ ဆိုနိုင်ပါတယ်။
“မိုက်တယ်ဟေ့။ တကယ် ဆရာကျတယ်” ချိုမာလည်း ပြောလို့ပြီးရော ဟိဟာရက လက်ခုပ်လက်ဝါးတီးပြီး ပြောတော့တာပဲ။ “လက်ဖျားခါလောက်ပါပေတယ်ဗျာ။ ဒါပေမယ့် … ဗိုလ်ကြီးအောင်သူရဲ့ စကားနဲ့ ပြောရရင်တော့ ခင်ဗျားက မုသားစကားကိုတောင် အလွတ်ရအောင် မှတ်ထားနိုင်တာပဲ။ ဒီတော့ ခင်ဗျားက တော်တော်ကို အကြံကြီးတဲ့ ကောက်ကျစ်တဲ့ မိန်းမလို့ ဆိုရတော့မယ်”
“ကျွန်မ ပြောခဲ့တာ အမှန်တွေချည်းပဲ”
“အမှန်တွေ၊ ဟုတ်လား”
“ဟုတ်တယ်” ချိုမာက ဟိဟာရကို စိုက်ကြည့်နေတယ်။ “မာစတာ၊ ရှင်က ကျွန်မကို မြွေပွေးလို့ သံသယဝင်နေတာလား”
“သံသယဝင်နေတာ မဟုတ်ဘူး။ လုံးဝ သေချာနေတာ” ဟိဟာရက ပြောတယ်။ “အဲဒီလိုမှ မဟုတ်ရင် ကျုပ်က ဘာဖြစ်လို့ တခြားလူတွေကို လွှတ်ပေးလိုက်ရမှာလဲ”
ချိုမာက တစ်ခဏ တုံ့ဆိုင်းသွားတယ်။ “မာစတာ၊ ရှင်က ဘာဖြစ်လို့ …”
ဟိဟာရက သူ့စကားကို ဖြတ်ပြောလိုက်တယ်။ “ဒေါ်ချိုမာ၊ ဟန်ဆောင်မနေပါနဲ့တော့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတဲ့အကြောင်းက ကျုပ်လက်ထဲမှာ ရောက်နေပြီ”
ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာကို လှုပ်ယမ်းပြပြီး သူ့ကို ပစ်ပေးလိုက်တယ်။ “ကြည့်ကြည့်စမ်းပါဦး။ အဲဒီအထောက်အထားက လုံလောက်ရဲ့လားလို့”
ဒီမှာတင် ဇာတ်ထုပ်ရဲ့ နိဒါန်းပိုင်းက ပြီးဆုံးလို့ ဇာတ်ထွတ်ကို ဝင်ရောက်သွားတယ်။
အဖြူရောင်စက္ကူပေါ်က သွေးနဲ့ ရေးထားတဲ့ နီနီရဲရဲ စာလုံးတွေ။ မြင်ရသူအဖို့ သွေးတက်ရင်ဖို မျက်ပြူးဆန်ပျာ ဖြစ်စေမယ့် မြင်ကွင်း။ သစ်သားဘီးတစ်ချောင်းကို အဆောင်လက်ဖွဲ့ပမာ ဆုပ်ကိုင်ထားတဲ့ ချိုမာခမျာလည်း ဘယ်လိုနည်းနဲ့မှ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ သူ အထိတ်တလန့် ကောက်ကနဲ မတ်တတ်ထရပ်လိုက်မိတယ်။ … အဲဒီ ထရပ်လိုက်တဲ့ အခိုက်အတန့်က သူ့ရဲ့ ဝိညာဉ်ကို ခါထုတ်ပစ်လိုက်တဲ့အလား။ မျက်လုံးက ပြူးကျယ်ကျယ်၊ လူက ကြောင်အမ်းအမ်း၊ ကြက်သေသေသွားလိုက်တာများ ဟိဟာရတောင် ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်သွားတယ်။ အဲဒီလို တစ်ခဏလောက် ငေါင်းစင်းစင်းကြီး ရပ်နေပြီးတော့ ချိုမာက ရုတ်ချည်း တစ်စုံတစ်ခုကို သတိရသွားဟန်နဲ့ ထအော်တယ်။ “ဟာ၊ မဟုတ်သေးဘူး၊ မာစတာ။ ကျွန်မတို့ အနှပ်ခံလိုက်ရပြီ။ ဗိုလ်ကြီးအောင်သူ … ကျွန်မ အခု သူ့ကို မြွေပွေးလို့ မသင်္ကာဖြစ်လာပြီ”
“အဓိပ္ပာယ် မရှိတာ” ဟိဟာရက ဟောက်လိုက်တယ်။ “ထိုင်စမ်း … ဘာတွေလာ အရူးလုပ်နေတာလဲ။ ရူးချင်ယောင် ဆောင်မနေနဲ့။ ခင်ဗျားကသာ မြွေပွေးအစစ်။ အခုချိန် ဘာပဲပြောပြော ကျုပ် ဘာတစ်ခုမှ အယုံအကြည် မရှိတော့ဘူး”
“မာစတာ … ရှင် …” ချိုမာက နာကျင်ခံခက်တဲ့ မျက်နှာထားနဲ့ ခေါင်းကို ခါယမ်းလိုက်တယ်။ ဘယ်ကနေ ဘယ်လိုစပြီး ပြောရမှန်း မသိတော့တဲ့ ပုံမျိုး။
“ဝန်ခံလိုက်စမ်းပါ” ဟိဟာရကတော့ ဘယ်လိုပြောရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောရမယ့် စကားတွေကို နေ့ခင်းကမှ ဗိုလ်ကြီးအောင်သူနဲ့ ပြောခဲ့ဖူးသေးတာကိုး။ “အကင်းပါးသူမှန်ရင် အရိပ်သုံးပါးကို နားလည်ရတယ်တဲ့။ ခင်ဗျားက အကင်းပါးတဲ့ မိန်းမတစ်ယောက်ပါ။ အခွင့်အရေးဆိုတာ နှစ်ခါ ပြန်ရရိုး ထုံးစံ မရှိဘူးလေ။ မိုးလွန်မှ ထွန်မချမိစေနဲ့”
သူက အတင်း ဖိအားပေး အကျပ်ကိုင်နေတာမျိုး မဟုတ်ဘူး။ ချော့မြှူသိမ်းသွင်းနေတာ။ ဟိဟာရက မွေးကတည်းက အကြမ်းပတမ်း လုပ်ရတာကို သဘောကျလေ့ မရှိဘူး။ သူက အပြောအဆို နူးညံ့ညင်သာတဲ့အတွက်ကြောင့် အကျပ်ကိုင်တဲ့ အလုပ်နဲ့ သိပ်ပြီး မလိုက်ဖက်လှဘူး။ ပြီးတော့ နှစ်ပေါင်းများစွာ သတင်းထောက်အဖြစ်၊ စကားပြန်အဖြစ် လုပ်ခဲ့ဖူးလေတော့ စာပေအနုပညာက သူ့ရဲ့ ကျွမ်းကျင်ရာ လိမ္မာရာ ဖြစ်နေတယ်။ ပြောရရင်တော့ သူက လက်ရုံးရည်သမား မဟုတ်ဘူး။ နှလုံးရည်သမား သက်သက်ပဲ။
ချိုမာက ဟိဟာရကို စိုက်ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။ “မာစတာ၊ အဲဒီစကားကို ကျွန်မက ပြောရမှာပါ။ မိုးလွန်မှ ထွန်မချမိစေနဲ့ရှင့်။ အခုချိန် ဗိုလ်ကြီးအောင်သူရဲ့ အလောင်းကို လိုက်ရင် မီချင် မီနိုင်သေးတယ်။ အဲဒါကို အပြင်ထုတ်သွားလို့ လုံးဝ မဖြစ်ဘူး”
“ဘာဖြစ်လို့လဲ”
“သူက အလောင်းကို အသုံးချပြီး သတင်းပို့နိုင်တယ်လေ”
“ဘာ … ဘာပြောတယ်” ဟိဟာရရဲ့ မျက်လုံးတွေက ပြူးကျယ်သွားတယ်။
ချိုမာက ဟိဟာရရဲ့ အရှေ့ကို လျှောက်သွားပြီး သူ့ကို မေးခွန်းထုတ်လိုက်တယ်။ “မာစတာ အဲဒီအလောင်းကို စစ်ဆေးကြည့်ပြီးပြီလား”
ဟိဟာရက မျက်လုံးကို မှေးစင်းလိုက်တယ်။ “ခင်ဗျား ပြောချင်တာက သတင်းကို အလောင်းထဲမှာ ဖွက်ထားမယ် ဆိုပါတော့”
“ဟုတ်တယ်”
“အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟိဟာရက ရယ်တယ်။ “ဒါပေမယ့် ခင်ဗျား စိတ်မပူပါနဲ့။ ကျုပ် ပြောမယ်။ ကျုပ် သူ့ကိုယ်ကို စစ်ကြည့်ပြီးသွားပြီ။ ခေါင်းအစ ခြေအဆုံး၊ နှာခေါင်းပေါက်ကနေ ဖင်ပေါက်အထိ အပေါက်မှန်သမျှ အကုန် စစ်ပြီးသွားပြီ။ တကယ်လို့သာ ခင်ဗျားကို စစ်ရမယ် ဆိုရင်တော့ ခင်ဗျားရဲ့ လျှို့ဝှက်နယ်မြေကိုပါ ရှာကြည့်မိမှာပဲ။ ခင်ဗျားရဲ့ သားအိမ်ပေါက်လေ။ အဲဒီနေရာမှာလည်း ပစ္စည်းတွေ ဝှက်ထားလို့ ရနိုင်တာပဲ။ ဟုတ်တယ် မဟုတ်လား”
ချိုမာက အမြင်ကတ်ကတ်နဲ့ မျက်နှာကို တစ်ဘက်လွှဲချလိုက်တယ်။ “သူ့အလောင်းကို အစအဆုံး ပြန်စစ်ပြီးပြီဆိုမှ ကျွန်မကို လာရှာလှည့်ပေါ့။ သူ့ရဲ့ဗိုက်ထဲမှာ ပစ္စည်းကို ဖွက်ထားလောက်တယ်” ပြောပြီးတော့ လစ်ထွက်သွားဖို့ ဟန်ပြင်လိုက်တယ်။
“ဘယ်သွားမလို့လဲ” ဟိဟာရက သူသွားမယ့်လမ်းမှာ ပိတ်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားတယ်။ “စစ်ပြီးပြီ။ မရှိဘူး။ ဘာမှ မရှိဘူး။ ဟား ဟား။ ဒါတွေအားလုံးက ချိုင်းပလေးတွေ ဖြစ်သွားပြီ။ ဟိုးအစောကြီးကတည်းက လူတွေ ကစားလာကြတာ။ အခုတော့ ဘယ်သူမှ မကစားကြတော့ဘူး” ပြောပြီး ရှေ့တိုးလာတယ်။ ချိုမာကို စိုက်ကြည့်ပြီး တစ်လုံးချင်း ခပ်ဖြည်းဖြည်း ပြောလိုက်တယ်။ “ခင်ဗျား တောင့်မခံနိုင်တော့ဘူး မဟုတ်လား။ ဘာဖြစ်လို့ တောင့်ခံနေရဦးမှာလဲ။ ကျုပ် နားမလည်ဘူး။ ဒီလိုအခြေအနေမျိုး ရောက်နေမှတော့ ဝန်ခံရုံကလွဲလို့ ခင်ဗျားမှာ ဒီထက် ပိုကောင်းတဲ့လမ်း ဘာတစ်ခုမှ ရွေးစရာ မရှိတော့ဘူး”
ချိုမာက ကျောက်ခုံပေါ်ကို ရုတ်တရက် ဇွက်ကနဲ ထိုင်ချလိုက်တယ်။ ဘာမှ မပြောရသေးခင် မျက်ရည်တွေက ဖြိုးဖြိုးဖြောက်ဖြောက် လှိမ့်ဆင်းလာတယ်။ “မာစတာ၊ ကျွန်မကို ယုံပါရှင်။ ကျွန်မ သူလျှို မဟုတ်ရပါဘူး။ ဗိုလ်ကြီးက ကျွန်မကို သူလျှိုပါလို့ လက်ညှိုးထိုးကနေကတည်းက သူ့ကိုယ်သူ သူလျှိုပါလို့ ဝန်ခံ …”
ဟိဟာရက ဖြတ်ပြောတယ်။ “ကျုပ် လူသေကို ယုံတယ်။ လူရှင်ကို မယုံဘူး”
ချိုမာက တဒင်္ဂ နှုတ်ဆိတ်နေပြီးမှ အသံကျယ်ကျယ်နဲ့ ရုတ်တရက် ထပြောတယ်။ “မာစတာ၊ ဗိုလ်ကြီးရဲ့ ဗိုက်ထဲမှာ ဘာပစ္စည်းမှ ဝှက်ထားတာ မရှိဘူး ဆိုရင်တောင် သူက ကွန်မြူနစ်သူပုန်ပဲ ဖြစ်ရမယ်လို့ ကျွန်မ အခိုင်အမာ ပြောရဲတယ်။ အပြစ်ကို ဝန်မခံဘဲ သတ်သေသွားတဲ့ သူ့ကို မာစတာက အမှန်တရားအတွက် အသက်ကို စတေးသွားတယ်လို့ ယူဆနေတယ်နော်။ မာစတာရဲ့ ဉာဏ်ပညာကို အထင်အမြင် အသေးခံရမှာ မစိုးရိမ်ဘူးလား။ ကွန်မြူနစ်သူပုန်တွေထဲမှာ အဲဒီလို အပြစ်ဝန်မခံဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ သာဓကတွေမှ နည်းတာ မဟုတ်ဘူး”
ဟိဟာရက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်တယ်။ “အခု ခင်ဗျားက ကျုပ်ရဲ့ ဉာဏ်ပညာကို အထင်အမြင် သေးနေတာပဲ။ ဒါပေမယ့် ကျုပ်ကို ခင်ဗျား လှည့်စားလို့ ရမှာ မဟုတ်ပါဘူး”
ချိုမာက ဟိဟာရရဲ့ အရှေ့ကို လျှောက်သွားပြီး မျက်နှာချင်းဆိုင်လိုက်တယ်။ “ကျွန်မ မေးပါရစေ၊ မာစတာ။ ဗိုလ်ကြီးက ကျွန်မကို မြွေပွေးပါလို့ လက်ညှိုးထိုးနိုင်ဖို့အတွက် ဘာကြောင့် အသေခံတဲ့ နည်းလမ်းကို ရွေးသွားရတာလဲ။ စာနဲ့ ရေးတာပဲဖြစ်ဖြစ်၊ စကားနဲ့ ပြောတာပဲဖြစ်ဖြစ်၊ အဲဒီလောက်နဲ့ လုပ်လို့ မရဘူးလား” ခေတ္တ ငြိမ်သက်သွားတယ်။ ပြောရမယ့် စကားက ပေရှည်ဦးမှာကိုး။ “မာစတာ၊ ဒီပြဿနာကို တခြား ရှုထောင့်တစ်ခုကနေ ပြောင်းပြီး ကြည့်ကြည့်ပါလား။ မာစတာပဲ စဉ်းစားကြည့်လေ။ တကယ်လို့သာ ကျွန်မ မြွေပွေး ဖြစ်ပါတယ်လို့ သက်သေပြစရာ အခိုင်အမာ ရှိနေခဲ့မယ် ဆိုရင် မာစတာ ကျွန်မကို အခုလို ပုံစံမျိုးနဲ့ စွပ်စွဲနေပါ့မလား။ သေလမ်းကို ရွေးချယ်ခဲ့တဲ့ ကိစ္စက တကယ်တော့ သူ့အတွက် အကျိုးချည်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ သေသွားရင် ဘာသဲလွန်စမှ မရနိုင်တော့ဘူး။ လူသေသွားပြီ ဆိုတာနဲ့ လူသက်သေလည်း ဆုံးပြီ။ ပစ္စည်းသက်သေလည်း ဆုံးပြီ။ ကျွန်မအနေနဲ့ ဘူးခံငြင်းသွားလို့ ရတယ်။ ဘာပြောပြော အန်ကြိတ်ပြီး ဝန်မခံဘဲ နေလို့ရတယ်။ ဒါကြောင့် ကျွန်မသာ မြွေပွေးအမှန် ဖြစ်ရင် ဗိုလ်ကြီးက အသေခံသွားမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသေခံပြီး ကျွန်မကို စွပ်စွဲဖို့ ကိစ္စက ကျွန်မအတွက်တော့ ကောင်းကျိုးကိုပဲ ဖြစ်ပေါ်စေနိုင်တယ်။ ကျွန်မကို ရှောင်တိမ်းနိုင်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ကျွန်မက မြွေပွေးမှ မဟုတ်တာ။ သူက ဘာဖြစ်လို့ ဟုတ်တယ်လို့ ပြောနေရတာလဲ။ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတယ်။ သူကိုယ်တိုင်က မြွေပွေး ဖြစ်နေလို့ပဲ။ သူက သူ့ကိုယ်သူ အသက်မရှင်နိုင်တော့ဘူး၊ ရှင်လမ်းမရှိတော့ဘူး၊ သေဖွယ်ရာပဲ ရှိတော့တယ်လို့ တွက်ဆထားမှာပေါ့။ နောက်တော့ သူ့ရဲ့ သေခြင်းကို အသုံးချပြီး မာစတာကို အရူးလုပ်သွားခဲ့တယ်။ တကယ်လို့ အရူးလုပ်တာ အောင်မြင်သွားရင်၊ မာစတာက ကျွန်မကို မြွေပွေးအဖြစ် သတ်မှတ်ပြီး ဖမ်းမယ်၊ သတ်ပစ်လိုက်မယ် ဆိုရင် သူ့ရဲ့ ဝိညာဉ်က အဲဒါကိုကြည့်ပြီး လှောင်ရယ် ရယ်နေတော့မှာပဲ”
ဟိဟာရက ပြုံးတယ်။ “ဘာများ အကြံပြုစရာ ရှိသေးလဲ။ ဆိုစမ်းပါဦး”
ချိုမာက စိတ်ကို တည်ငြိမ်သွားအောင် ပြင်ဆင်ပြီး ဆက်ပြောတယ်။ “ကျေးဇူးပြုပြီး မာစတာ ထပ်စဉ်းစားကြည့်ပေးပါဦး။ အခု သူ ကျွန်မကို စွပ်စွဲနေတာက အပြောသက်သက်ပဲ ရှိသေးတာလေ။ ဘာအထောက်အထားမှ ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် သူကျတော့ … ကျွန်မ ထင်ပါတယ်။ မာစတာတို့ မနေ့ညက သူ့ကို ဖမ်းသွားတာ အထောက်အထား တစ်ခုခု တွေ့ထားလို့ပဲ ဖြစ်ရလိမ့်မယ်။ အဲဒါ ခဏထားလိုက်ပါဦး။ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ကို ပြောရမယ်ဆိုရင် သူ မသေဘူး၊ သတ်သေမသွားဘူးဆိုရင် သူ့ကို မြွေပွေးပါလို့ ကျွန်မ တွေးမိမှာတောင် မဟုတ်ဘူး။ ကြေးနန်းဝှက်စာထဲက အကြောင်းအရာတွေကို သူ မသိပါဘူး ဆိုတာ လိမ်ညာနေတာပါလို့ ကျွန်မ သိတယ် ဆိုပေမယ့် အဲဒီအကြောင်းတစ်ခုတည်းနဲ့ သူ့ကို မြွေပွေးပါလို့တော့ ကျွန်မ ယတိပြတ် မသတ်မှတ်ခဲ့ဘူး။ သူ ကျွန်မဆီကနေ ကြေးနန်းဝှက်စာအကြောင်း စုံစမ်းနေတာကိုက ရုံးစည်းကမ်းကို ချိုးဖောက်ရာ ကျနေတော့ သူ့ကိုယ်သူ ကာကွယ်သွားရမယ်၊ ဘာဖြစ်ဖြစ် ဝန်မခံဘူး ဆိုတာမျိုးက နားလည်ပေးလို့ ရတယ်လေ။ မနေ့က ဗိုလ်လေး ကျွန်မကိုခေါ်ပြီး စကားပြောတုန်းကလည်း ကျွန်မ အဲဒီလိုပဲ ပြောခဲ့တာပဲ။ ဒါပေမယ့် အခု သူ သေသွားပြီ၊ သွေးစာတောင် ရေးသွားခဲ့သေးတယ် ဆိုတော့ အဲဒီအချက်တွေက သူ့ကို မြွေပွေးပါလို့ ကျွန်မကို ယုံကြည်သွားအောင် လုပ်လိုက်သလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မြွေပွေး မဟုတ်ဘူးဆိုတာကို ကျွန်မကိုယ်ကျွန်မ သိနေတယ်လေ။ မြွေပွေးကသာ ကျွန်မကို မြွေပွေးပါလို့ ပြောချင်တော့မှာပဲ”
ဟိဟာရက ပြုံးလိုက်တယ်။ စကားစမလို့ ပါးစပ်ဟလိုက်ပေမယ့် ချိုမာက ပြောခွင့်မပေးဘဲ လုပြောတယ်။ “အခုလို ပြောလို့ရမယ် ထင်တယ်။ တကယ်လို့သာ သူက အသက်ကို အသေခံပြီး သူ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြချင်ခဲ့တယ် ဆိုရင်တော့ အဲဒီလို သက်သေပြချက်က ယုံကြည်နိုင်လောက်တဲ့ အနေအထားတစ်ခု ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် အခုတော့ သူက အပြစ်ကင်းစင်မှုကို လိုချင်ရုံတင် မကဘဲ ဓားစာခံတစ်ယောက်ကိုပါ ဆွဲချသွားဖို့၊ ကျွန်မကိုပါ သေဖော်ညှိဖို့ လိုလားနေတယ် ဆိုရင်တော့ ဒါကို ဘယ်လိုမှ ယုံကြည်ဖို့ မသင့်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ စောစောကလည်း ပြောခဲ့ပြီးပြီ။ ကျွန်မ မြွေပွေး မဟုတ်ဘူးဆိုတာကို ကျွန်မ သိတယ်။ အဲဒီအချက်ကို ကျွန်မပဲ သိတယ်။ မာစတာက မသိဘူး။ ဒါကြောင့် သူက မာစတာကို ခွင်ဆင်ခဲ့တာပေါ့။ ကျွန်မ မြွေပွေး မဟုတ်ပါဘူးလို့ ကျွန်မ ပြောမယ်။ အပြောသက်သက်ပဲ။ ဘာ သက်သေမှ မရှိဘူး။ မာစတာ ယုံနိုင်ပါ့မလား။ ဘယ်ယုံမလဲ။ အဲဒါ သူ ခွင်ဆင်ရတဲ့ အကြောင်းအရင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ မာစတာက ကျွန်မတို့အားလုံးကို သံသယဝင်နေတာ မဟုတ်လား။ ကျွန်မတို့အပေါ် သံသယဝင်နေတဲ့ စိတ်ကို သူက အသုံးချသွားတာ။ မာစတာနဲ့ တစ်ပွဲတစ်လမ်း လောင်းကြေးထပ်လိုက်မယ်။ ရှုံးသွားလည်း သူ့အတွက်တော့ အကြောင်းမထူးဘူး။ အနှေးနဲ့အမြန် သေရတော့မှာပဲဥစ္စာ။ တကယ်လို့ နိုင်သွားရင်ရော။ သူက အောင်နိုင်သူကြီး ဖြစ်သွားပြီ။ မာစတာကို အနိုင်ပိုင်းသွားမယ်။ ကျွန်မကို သေတွင်းပို့မယ်။ ဘယ်လောက် လှလိုက်တဲ့ အကွက်လဲ။ သူက တခြားလူကို ဘာကြောင့် မစွပ်စွဲခဲ့ရတာလဲ၊ ကျွန်မကိုပဲ ဘာကြောင့် စွပ်စွဲခဲ့တာလဲ ဆိုတာကတော့ အရှင်းကြီးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အမှန်အတိုင်း ထုတ်ပြောခဲ့လို့သာလျှင် သူ ဒီဘဝကို ရောက်သွားခဲ့တာ မဟုတ်လား။ ဒီတော့ သူ့ရဲ့ သေဆုံးခြင်းနဲ့ ကျွန်မကို ချောက်ချခဲ့တဲ့ လုပ်ရပ်အပေါ် ကြည့်ခြင်းအားဖြင့် သူဟာ မြွေပွေး ဖြစ်တယ် ဆိုတာကို ကျွန်မ အခု လုံးဝ ယုံကြည်သွားပြီ။ မာစတာလည်း အဖြစ်မှန်ကို သုံးသပ်ဆင်ခြင် ပေးနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ တစ်ပြားမှ တန်ဖိုးမရှိတဲ့ ခွေးကောင်တစ်ကောင်ကြောင့် အမှန်တရားကို ဖုံးကွယ်သွားစေတာမျိုး မဖြစ်စေချင်ဘူး။ တကယ်လို့သာ ကျွန်မက မြွေပွေးပါလို့ သူ သိထားရင် သူ အခုလို အသေခံသွားမှာ မဟုတ်ဘူးလို့ ကျွန်မ လုံးဝ ယုံကြည်တယ်။ သူက ကျွန်မရဲ့ အဆုံးသတ်ကို ကြည့်ဖို့ ထိုင်စောင့်နေမှာ။ မာစတာတို့က ကျွန်မကို ဘယ်လို ဖမ်းချုပ်သွားမလဲ ဆိုတာကို ထိုင်ကြည့်နေမှာ။ ဒါမှ သူ့အမုန်းတွေကို သင်ပုန်းချေနိုင်မှာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ သတ်သေသွားပါ့မလဲ။ ကျွန်မက သူ့အဖြစ်ကို လှောင်ပြုံးပြုံးရင်း ထိုင်ကြည့်နေမှာကို သူ ဘယ်ခံချင်ပါ့မလဲ။ သူ သေသွားတာက အကြောင်းအရင်း တစ်ခုပဲ ရှိတယ်။ အခြေမဟန်တော့ဘူး ဆိုတာကို သိနေလို့၊ ဆက်နေခွင့် မရနိုင်တော့ဘူး၊ မဟုတ်လည်း မကြာခင် သေရမယ့်အတူတူ ခပ်စောစော သတ်သေပစ်လိုက်မယ်။ ဒါဆို ဓားစာခံတစ်ယောက်ကိုလည်း ဆွဲခေါ်သွားလို့ ရသေးတယ်။ ပြီးတော့ မာစတာတို့ကိုလည်း အရူးလုပ်လို့ ရသေးတယ်။ ကျွန်မတို့ကို သပ်လျှိုမယ်။ သွေးခွဲမယ်။ အချင်းချင်း ပြန်ချအောင် လုပ်သွားတယ်”
“ပြီးပြီလား” ဟိဟာရက နားထောင်ပြီး လက်ခုပ်တီးလို့တောင် ချီးကျူးလိုက်တယ်။ “အပြောကတော့ တယ်ကောင်းပဲ။ သူများတွေက ခင်ဗျားကို စကားနည်းတဲ့သူလို့ ပြောနေကြတာ။ ပြောမယ့်ပြောတော့လည်း အတော်ကို ပြောနိုင်တာကိုး”
ချိုမာက ကြားဖြတ်ဝင်ပြောဖို့ နှုတ်ပြင်နေတာကြောင့် သူက တားလိုက်တယ်။ “အခု ကျုပ် ပြောအလှည့်။ တကယ်လို့သာ ဗိုလ်ကြီးအောင်သူ မသေသေးပါဘူးလို့ ကျုပ် ခင်ဗျားကို ပြောမယ်ဆိုရင်၊ ခင်ဗျားရဲ့ စကားလုံးကို ယူသုံးရရင်တော့ ကျုပ် ခင်ဗျားကို ခွင်ဆင်နေတာဆိုရင် ခင်ဗျား ဘယ်လိုများ ပြောချင်သေးလဲ”
ချိုမာရဲ့ ရင်ထဲ တဒုန်းဒုန်း ခုန်နေတယ်။ သူ့နှလုံးက ဟိုးအဝီစိထဲ ပြုတ်ကျသွားသလို ခံစားနေရတယ်။ တစ်ကိုယ်လုံး ဘာခံစားချက်မှ မရှိတော့သလိုပဲ။ မျက်စိထဲမှာလည်း ပြာဝေမည်းမှောင်လို့။ ဒါပေမယ့် အဲဒီဖြစ်စဉ်က အင်မတန်မှ တိုတောင်းလှပါတယ်။ နီးရာ ပလပ်ပေါက်မှာ ဓာတ်ကြိုးထိုးခံလိုက်ရသလို ချက်ချင်းပဲ အားပြန်ပြည့်သွားတယ်။ သူ့နှုတ်က ထွက်ကျသွားတဲ့ စကားသံကို သူ အခုအတိုင်း ကြားလိုက်ရတယ်။ “အဲဒီလိုဆိုရင်တော့ ကျွန်မရဲ့စကားကို ပြန်ရုပ်သိမ်းပါတယ်”
ဟိဟာရက တအံ့တဩ ဖြစ်သွားတဲ့အတိုင်း အာမေဍိတ်သံ ပြုပြီး အတင်း မရမက မေးမြန်းတော့တယ်။ “ဒါဆို ခင်ဗျားက သူ့ကို မြွေပွေးလို့ မယူဆပြန်တော့ဘူး ဆိုတဲ့သဘောလား။ သူ မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ်ဘူး။ ဒါဆို ဘယ်သူလဲ။ တပ်ကြပ်ကြီးမျိုးဇော်လား။ ဒါမှမဟုတ် မြသန္တာလား”
“ဘယ်သူ့ကိုပဲ ယိုးစွပ်ယိုးစွပ်၊ အထောက်အထားတော့ ရှိသင့်တာပေါ့” ချိုမာက ချင့်ချိန်ပြီး ပြောတယ်။ “ကျွန်မ စောစောက ပြောတယ် ဆိုတာကလည်း သူ သတ်သေသွားတဲ့ အကြောင်းကိစ္စနဲ့ ကျွန်မကို စွပ်စွဲသွားတဲ့ အကြောင်းကိစ္စပေါ် မူတည်ပြီး သူ့ကို မြွေပွေးပါလို့ ယူဆခဲ့ရတာလေ။ တကယ်လို့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ ကျွန်မရဲ့ အယူအဆက အတည်မဖြစ်တော့ဘူးပေါ့။ သူ မဟုတ်ဘူးလို့လည်း ကျွန်မ အတပ် မပြောနိုင်ဘူး။ ဘယ်သူဘယ်ဝါရယ်လို့လည်း မပြောတတ်ဘူး။ ကျွန်မ ပြောပြီးပါပြီ။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိရင် ကျွန်မ ဘယ်သူ့ကိုမှ လက်လွတ်စပယ် စွပ်စွဲနေမှာ မဟုတ်ဘူး”
ဟိဟာရက တစ်ခဏလောက် တွေးဆပြီး မတ်တတ်ထရပ်တယ်။ တောင်အောက်ကို လှမ်းကြည့်ရင်း ပြောတယ်။ “အခုချိန်ထိတော့ ခင်ဗျားရဲ့ လုပ်ပုံကိုင်ပုံက အင်မတန်မှ ပိရိတယ်လို့ ကျုပ် ယူဆတယ်။ ခင်ဗျားကို ကျုပ် သဘောကျတယ်။ ခင်ဗျားရဲ့ ဉာဏ်ပညာက ပေါ့သေးသေးတော့ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားရဲ့ စိတ်စွမ်းအင်ကလည်း အင်မတန်မှ ထက်တယ်။ ဒါပေမယ့် ခင်ဗျားကို ဖမ်းရမှာ ကျုပ် ပိုပြီး သဘောကျတယ်။ ခင်ဗျားလို အစွမ်းအစ ရှိတဲ့ ကွန်မြူနစ်သူပုန်တစ်ယောက်ကို ဖမ်းပြနိုင်မှ ကိုယ့်ကိုယ်ကိုယ် တယ်ဟုတ်ပါလားဆိုတဲ့ ခံစားချက်မျိုးကို ရနိုင်မှာ။ ခင်ဗျား သဘောပေါက်လား”
ဟိဟာရ ပြောတာ တကယ့် ရင်တွင်းစကားပဲ။ ကြည့်ရတာ ဒီဇာတ်ထုပ်က ဒီလောက်နဲ့ပဲ နိဂုံးချုပ်ရတော့မယ်။ သူ ဆက်ပြီးလည်း မကချင်တော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကပြီးသွားတဲ့ ဇာတ်ကွက်တွေ အကုန်လုံးကိုတောင် သူ ပြန်ပြီး ဘွာခတ်လိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်တောင် အုတ်အုတ်ကျက်ကျက် ဖြစ်အောင် လုပ်ပြီး ဇာတ်ထုပ်တစ်ထုပ် ခင်းပြီးခါမှ ရလဒ်က ဘာမှ ထူးခြားမလာခဲ့ဘူး။ အဲဒီအချက်ကို အရှေ့တိုက်မှာ အပိတ်ခံထားရတဲ့ ဗိုလ်ကြီးအောင်သူကပဲဖြစ်ဖြစ်၊ အရာရှိရိပ်သာမှာ ခိုကပ်စောင့်ဆိုင်းနေတဲ့ ဦးဟန်ထွန်းကပဲဖြစ်ဖြစ်၊ ကြိုတင် တွက်ဆထားခဲ့ပြီးသားပါ။
ဦးဟန်ထွန်းက တပ်ကြပ်ကြီးမျိုးဇော်၊ မြသန္တာနဲ့ ဗိုလ်လေးထွန်းမြင့်တို့ကို ကားပေါ် တင်ပြီးတဲ့နောက် ကားက တကယ်တော့ ခြံဝင်းတံခါးကိုတောင် ကျော်မောင်းမသွားခဲ့ဘူး။ အရာရှိရိပ်သာရဲ့ အရှေ့မှာတင် ရပ်ထားခဲ့တယ်။ ကိစ္စက အလျင်အမြန်ပဲ ပြီးပြတ်သွားလိမ့်မယ်လို့ ယူဆထားခဲ့တာကိုး။ နောက်တော့ အတော်ကြာတဲ့အထိ ဘာသတင်းအစအနမှ မရတော့ ညစာစားချိန်ကလည်း နီးကပ်လာပြီမို့ လူတွေကို ကားပေါ်က ဆင်းခိုင်းပြီး ထမင်းစားဆောင်မှာ စောင့်ဆိုင်းနေခဲ့ကြတယ်။ စောင့်ပြီးရင်း စောင့်နေပေမယ့် ဘာသတင်းမှ မကြားသေးတာနဲ့ ဦးဟန်ထွန်း စိတ်ပူလာတယ်။ ဒါနဲ့ ဗိုလ်ဝတုတ်ကို အစောင့်ချပြီး သူက အနောက်ခြံဘက်ကို ထွက်လာခဲ့တယ်။ သူ အနောက်ခြံဘက်ကို ရောက်ခါ ရှိသေး၊ အဝေးမှာ ရှေ့နောက် ယှဉ်ပြီး တောင်ကမူပေါ်ကနေ ဆင်းလာကြတဲ့ ဟိဟာရနဲ့ ချိုမာကို လှမ်းမြင်လိုက်ရတယ်။ နှစ်ယောက်စလုံးက မျက်နှာတွေ သုန်မှုန်လို့။ ကြည့်လိုက်တာနဲ့ ဘာအဖြေမှ ထွက်မလာခဲ့ဘူးဆိုတာ သိသာနေတယ်။ တိုက်နံရံတွေနဲ့ ကွယ်နေတာကြောင့် ပြတင်းပေါက် အတွင်းတစ်နေရာကနေ ချောင်းကြည့်နေတဲ့ ဗိုလ်ကြီးအောင်သူအဖို့တော့ အဲဒီမြင်ကွင်းကို ခဏကြာမှသာ တွေ့မြင်နိုင်လိမ့်မယ်။ ဟိုလူနှစ်ယောက်ရဲ့ ကိုယ်ဟန်ပုံပန်းသဏ္ဌာန် (ချိုမာက သူ့အနားမှာ ဘယ်သူမှ ရှိမနေတဲ့အလား သူ့ဆံနွယ်တွေကို ဖာသိဖာသာ ဆော့ကစားနေတယ်) ကို မြင်လည်းမြင်လိုက်ရရော ဗိုလ်ကြီးအောင်သူခမျာ ကမ္ဘာမြေကြီး ချာချာလည်သွားသလို ခံစားလိုက်ရတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေက ငယ်ထိပ်ကို ဆောင့်တက်ပြီး အနေကြုံ့သွားလိုက်တာများ သူ့ကိုယ်သူ ဆံပင်တစ်ချောင်း ဖြစ်သွားတယ်လို့ ထင်လိုက်မိတယ်။ ဆံပင်တောင်မှ ရိုးရိုးဆံပင် မဟုတ်ဘူး။ ချိုမာရဲ့ ခေါင်းပေါ်က ဆံပင်။ ချိုမာက အဲဒီဆံပင်ကို သစ်သားဘီးနဲ့ အားရှိပါးရှိ ဖြီးချနေတယ်။ ဆွဲချနေတယ်။ အဲဒီဆံပင်ကို သူ့ခေါင်းပေါ်ကနေ အချိန်မရွေး ဆွဲနုတ်ပြီး အရိုင်းဆူးခြုံတွေကြားထဲ ပစ်ချထားခဲ့နိုင်တယ်။
အဲဒီအချိန်က နေဝင်းဆည်းဆာအချိန်။ ရွှေအိုရောင်တောက်နေတဲ့ ဆည်းဆာနေမင်းကြီးက ပြောင်လက်တောက်ပနေတဲ့ ပိတောက်သား သစ်သားဘီးပေါ်မှာ ကခုန်လို့၊ မြူးထူးလို့၊ ဖိတ်ဖိတ်လက်လို့။ တွေ့မြင်ရသူအဖို့ ချိုမာရဲ့ လက်ထဲမှာပဲ မှော်စွမ်းအားတစ်ခုခု၊ တန်ခိုးရှင်တစ်ယောက်ယောက် ရောက်နေတဲ့အလားပဲ။