Show contents

(ဂ)

မာလာကို နေလစံအိမ်ထဲ ခေါ်လာရတဲ့ အကြောင်းအရင်းက တစ်ခုတည်းပဲ။ မြွေပွေးကို ဖော်ဖို့။

ဘယ်သူ့ကို ကြည့်ရမှာလဲ။

အရင်ဆုံးကို ဗိုလ်ကြီးအောင်သူကို စ ကြည့်ရမယ်။ ပြီးတော့မှ ချိုမာကို ကြည့်ရမယ်။ ဒါဆို ဟိဟာရက ဗိုလ်ကြီးအောင်သူရဲ့ စကားကြောင့် ယိမ်းယိုင်သွားပြီလို့ ယူဆနိုင်တာပေါ့။

တကယ်တော့ မနေ့ည ထမင်းဝိုင်းမှာ ချိုမာရဲ့ အပြုအမူကို ကြည့်ပြီး ဟိဟာရက သူ့ကို သင်္ကာမကင်း ဖြစ်နေခဲ့တာ။ ဒါပေမယ့် နောက်ပိုင်းကျတော့ လက်ရေးတိုက်စစ်တဲ့ အပိုင်းမှာ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးသက်သေတွေကြောင့် အပျော်လွန်ပြီး ချိုမာကို ခေါက်ထားလိုက်မိတယ်။ ဒီညနေ ဗိုလ်ကြီးအောင်သူရဲ့ ခေါင်းမာပြီး ကျိုးကြောင်းစီလျော်တဲ့ ထုချေစကားတွေကို ကြားလိုက်ရတော့မှ ချိုမာအပေါ်ထားတဲ့ သူ့ရဲ့ သံသယစိတ်တွေက နောက်တစ်ကြိမ် ပြန်ပြီး အသက်ဝင်လာတယ်။ ခေါင်းထောင်လာတယ်။

ဘယ်သူမှားပြီး ဘယ်သူက မှန်သလဲ။ အောင်၊ ချို နှစ်ယောက်အကြားမှာ သူ ဗျာများနေတယ်။

ဒါနဲ့ မာလာကို သူ သတိရသွားတယ်။ သူတို့အချင်းချင်း သိကြမှာ မဟုတ်ဘူးလို့တော့ သူ မယုံဘူး။ မာလာက မြွေပွေးကို မသိဘူးပဲ ထားဦး။ မြွေပွေးကတော့ မာလာကို မသိဘဲ နေမှာ မဟုတ်ဘူး။ သိတယ်ဆိုမှဖြင့် မျက်နှာချင်းဆိုင် ဆုံကြတဲ့အခါမှာ နည်းဗျူဟာတချို့ သုံးလိုက်ရင် တုံ့ပြန်မှု မပြဘဲ နေမှာ မဟုတ်ဘူး။ ခွေးမှန်ရင် အမြီးနှန့်သတဲ့။ တစ္ဆေမှန်ရင် အလင်းကြောက်သတဲ့။ သူက မာလာကို ခွေးလို သဘောထားပြီး၊ တစ္ဆေလို မှတ်ယူပြီး စမ်းသပ်ကြည့်မယ်။ အရင်ဦးဆုံး ဗိုလ်ကြီးအောင်သူနဲ့ စမ်းရမယ်။

စွပ်စွဲတယ်၊၊ စကားနှိုက်တယ်။ ချော့မော့တယ်။ အကျပ်ကိုင်တယ်။ မက်လုံးပေးတယ်။ အကြမ်းဖက်တယ်။ … ဘီလူးဇာတ်လည်း ခင်းလိုက်တာပဲ။ ရသေ့ဇာတ်လည်း ခင်းလိုက်တာပဲ။ အနုရော အကြမ်းရော၊ အချော့ရော အမြှူရော၊ နတ်ဒိုးရော ငိုချင်းရော အားလုံးကို စုံနဖာစေ့သွားတယ်။

တုံ့ပြန်မှုက ထင်သာမြင်သာ မရှိလှဘူး။ ဒါနဲ့ အနောက်တိုက်ကို ခေါ်သွားပြီး ချိုမာနဲ့ စမ်းကြပြန်တယ်။

ဓာတ်ပြားဟောင်းကြီးပါပဲ။ ဟိုလိုပြောလိုက် ဒီလိုပြောလိုက်၊ ပြူးပြလိုက် ဖြဲပြလိုက်၊ လက်ပါလိုက် ခြေပါလိုက်၊ အုံးကနဲ ဗုန်းကနဲ၊ အုကနဲ အားကနဲ … နောက်ဆုံးတော့ မာလာခမျာ မုဆိုးမ လက်သုတ်ဝတ်လို့ ဖြူကာပြာကာ ကျပြီး မျော့မျော့ပဲ ကျန်တော့တယ်။ တစ်ဖက်လူကတော့ နကမ္ပတိပဲ။ တစ်ချက်ကလေးမှ တုန်လှုပ်မသွားဘူး။ တစ်စက်ကလေးမှ တုံ့ပြန်မှု ပြမလာဘူး။ ဟိဟာရကတော့ ဒေါသထွက်ရလွန်းလို့ ရေနွေးငွေ့စက်ခေါင်းလို ရှူးရှူးရှားရှား ဖြစ်နေပြီ။ အောင်ချိုနှစ်ယောက်က အခုကိစ္စမှာ သရေကျတယ်လို့ ပြောရတော့မယ်။ တစ်ဦးတည်းသော အရှုံးသမားကတော့ ဟိဟာရပဲ။ သူ နဂိုစိတ်ကူးထားတာက မာလာကို အသုံးချပြီး အောင်ချိုနှစ်ယောက်အကြားကနေ မြွေပွေးကို ရွေးထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားခဲ့တာ။ အခုတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ဘူး ဖြစ်သွားပြီ။ ဘာရလဒ်မှ ထွက်မလာခဲ့ဘူး။

ဒါပေမယ့် မျှော်လင့်ချက်ကတော့ ကုန်သေးတာ မဟုတ်ဘူး။ မာလာက သေမှ မသေသေးဘဲဥစ္စာ။ ဟိဟာရက မာလာကို ကြိုတင် သတိပေးထားပြီးသား။ ယီးတီးယားတား မလုပ်နဲ့တဲ့။ ဒါပေမယ့် မာလာက ယီးတီးယားတား လုပ်လိုက်တော့ သူ့ကို ပေးထားတဲ့ အခွင့်အရေးနှစ်ခုစလုံးကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီလိုလူမျိုးရဲ့ အသက်က တစ်ပြားမှ တန်ကြေးရှိတာ မဟုတ်ဘူးလေ။ သူ ဘယ်လောက် လှနေလှနေ အလှဆိုတာမျိုးက ကြည့်ဖို့သက်သက်ပဲ အသုံးကျတာ မဟုတ်လား။ စိတ်ကူးယဉ်နေဖို့လောက်ပဲ ကောင်းတာလေ။ ဟိဟာရလို နိပွန်းဘုရင့်တပ်မတော်ရဲ့ တပ်သားကောင်းတစ်ယောက်က အလှနဲ့ဖက်ပြီး စိတ်ကူးယဉ်နေမယ့် လူစားမျိုး မဟုတ်ဘူး။ သူက မာလာရဲ့ အသက်နဲ့ နောက်တစ်ကြိမ်ထပ်ပြီး အလောင်းအစားလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ မာလာကို အနောက်တိုက်ကနေ အရှေ့တိုက်ကို ပြန်ခေါ်လာပြီး ဗိုလ်ကြီးအောင်သူရဲ့ အရှေ့ကို တွန်းချပစ်လိုက်တယ်။ ပြီးတော့ သေနတ်ကို ဆွဲထုတ်ပြီး ဗိုလ်ကြီးအောင်သူကို မေးလိုက်တယ်။ “ငါ ရှင်းလိုက်ရမလား။ ဒါမှမဟုတ် မင်း လုပ်မလား”

“ကျွန်တော် လုပ်မယ်” ဗိုလ်ကြီးအောင်သူက သေနတ်ကို လှမ်းယူပြီး မာလာရဲ့ နားထင်တည့်တည့်ကို ချိန်လို့ ကျည်ဆန်သုံးတောင့် ပစ်သွင်းလိုက်တယ်။ ဒီလိုနဲ့ ကြာညို့စိမ်ထားတဲ့ တို့ဟူးဗန်း မှောက်ကျသလို ဦးနှောက်တွေ အခဲလိုက် အထွေးလိုက် ကြမ်းပြင်ပေါ် ပွထသွားတယ်။

ဟိဟာရက ချီးကျူးစကား ဆိုတယ်။ “မိုက်တယ်ဟေ့။ မင်းလုပ်တာနဲ့ စကားပုံတစ်ခုကိုတောင် သတိရသွားတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့” ပါးစပ်က အဲဒီလို ပြောနေပေမယ့် စိတ်ထဲမှာတော့ ပျာယာခတ်သွားတယ်။ တကယ်လို့သာ ဗိုလ်ကြီးအောင်သူနဲ့ ချိုမာတို့အပေါ်မှာ ထားတဲ့ ဟိဟာရရဲ့ သံသယစိတ်တွေက သာတူညီမျှ ရှိနေခဲ့မယ် ဆိုရင် အခု ဗိုလ်ကြီးအောင်သူရဲ့ ကျည်သုံးတောင့်က အဲဒီမျှခြေကို ရိုက်ချိုးလိုက်ပြီပေါ့။ ဆိုလိုတာက ချိုမာအပေါ် ထားတဲ့ သံသယက ဗိုလ်ကြီးအောင်သူထက် သာလွန်သွားပြီ ဆိုတဲ့ သဘောပဲ။

ဒါနဲ့ ဟိဟာရက နောက်ထပ် ဗျူဟာတစ်ခုကို အကွက်ချရပြန်တယ်။ ချိုမာကို ထောင်ဖမ်းဖို့ ရည်ရွယ်တာပေါ့။ သူက ဦးဟန်ထွန်းကို စက္ကူတစ်ရွက် သွားယူခိုင်းတယ်။ ဗိုလ်ကြီးအောင်သူကို သွေးနဲ့ရေးတဲ့ သေတမ်းစာတစ်စောင် ရေးခိုင်းမလို့။ ရေးရမယ့် အကြောင်းအရာကို သူ့ပါးစပ်ကနေ ပြောပြမှာ ဖြစ်လို့ ဗိုလ်ကြီးအောင်သူက သူ ပြောတဲ့အတိုင်း လိုက်ရေးပေးရုံပဲ။ သွေးကလည်း အခုမှ ပူပူနွေးနွေးပဲ ရှိသေးတယ်။ မာလာရဲ့ ခေါင်းပေါ်ကနေ တတိတိ စီးကျနေတုန်း။ ဟိဟာရရဲ့ ပြောစကားအတိုင်း ချင်းချင်းနီနေတဲ့ သေတမ်းစာတစ်စောင်ကို စက္ကူပေါ်မှာ အောက်ပါအတိုင်း ရေးချလိုက်တယ်။

ဗိုလ်မှူး — ကျွန်တော် အသက်နဲ့လဲပြီး ဗိုလ်မှူးကို သက်သေပြခဲ့ပါရစေ။ ကျွန်တော် ကွန်မြူနစ်သူပုန် မဟုတ်ဘူး။ သူပုန်က ချိုမာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ မိသားစုကိုလည်း ဂရုစိုက်ပေးပါ။

အမှန်တရားကို အသက်နဲ့ ကာကွယ်စောင့်ရှောက်သွားတဲ့

အောင်သူ (ဗိုလ်ကြီး)

ဟိဟာရက သွေးမခြောက်သေးတဲ့ သေတမ်းစာကို ကြည့်ရင်း ဗိုလ်ကြီးအောင်သူကို ပြောလိုက်တယ်။ “မှတ်ထား။ ဒီအချိန်ကနေစပြီး မင်းက လူသေတစ်ယောက် ဖြစ်သွားပြီ”

ဗိုလ်ကြီးအောင်သူက အဲဒီစကားကို သိပ်ပြီး ကျေနပ်ပုံမရဘူး။ “ကျွန်တော် သေနိုင်စရာအကြောင်း မရှိပါဘူး။ ချိုမာက ကျွန်တော်ကို အသက်ရှင်အောင် လုပ်ပေးပါလိမ့်မယ်”

ဟိဟာရက အေးစက်စက် ပြုံးတယ်။ “သိပ်ပြီးလည်း ဝမ်းသာမနေနဲ့ဦး။ နားထောင် … တကယ်လို့သာ ချိုမာက မြွေပွေး မဟုတ်ဘူးဆိုရင် မင်း ဒီထက်ဆိုးတဲ့ အဖြစ်ဆိုးနဲ့ သေရစေ့မယ်။ မင်းမိသားစုတွေကိုလည်း ညှာတာနေမှာ မဟုတ်ဘူး”

ဗိုလ်ကြီးအောင်သူက အော်ပြောတယ်။ “သူ မြွေပွေးဆိုတာ သေချာတယ်”

ဟိဟာရက သူ့ကို စိုက်ကြည့်လိုက်တယ်။ “အဲဒါ ကျုပ်ကိုယ်တိုင် ပြောမှ အတည်ဖြစ်မှာ”

ဒါပေမယ့် ဟိဟာရခမျာ အဲဒီလို မပြောနိုင်ရှာလိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ချိုမာက ဆင်ဝှေ့ရန်ရှောင် လုပ်လိုက်ပြန်တယ်လေ။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *