စိတ်ပြောင်းသွားတာပဲ ဖြစ်ဖြစ်၊ ဒေါဖောင်းသွားတာပဲ ဖြစ်ဖြစ်၊ ဦးဟန်ထွန်းအတွက်ကတော့ သူ့ရဲ့ မှန်းဆချက်နဲ့ မျှော်လင့်ချက်ရဲ့ အကန့်အသတ်ဘောင်ကို ကျော်လွန်သွားခဲ့ပြီ။ ဒီနေ့ ဘာပဲဖြစ်ဖြစ် အမှုပိတ်နိုင်လိမ့်မယ်လို့ သူ ယူဆထားခဲ့တာလေ။ အပြင်ဘက် ဧည့်ရိပ်သာက စကီလေးတစ်ယောက်နဲ့ ချိန်းပြီး ဒီနေ့ည ကောင်းကောင်း နှပ်လိုက်ဦးမယ်လို့တောင် ကြံစည်ထားတာ။ လက်ရှိ အနေအထားအရတော့ အခြေအနေက အလှည့်အပြောင်း၊ အကွေ့အဝိုက်တွေ ရှိလာတယ်။ လမ်းသစ်တစ်စင်းပေါ် ခြေချရတော့မလားတောင် မဆိုနိုင်ဘူး။ အဲဒါ ဘယ်လောက်ပဲ အကျိုးအကြောင်း ညီညွတ်ပါတယ် ပြောပြော၊ သူ လုံးဝ လက်မခံနိုင်ဘူး။ သူက အခြေအနေကို လမ်းဟောင်းပေါ် ပြန်ရောက်အောင် ဆွဲလှည့်ပစ်ချင်တယ်။ ဒါပေမယ့် ဟိဟာရရဲ့ သဘောတူညီချက်ကိုမှ မရရင် သူ ပေါ်ပေါ်တင်တင် လုပ်ရဲတာ မဟုတ်ဘူး။ ဒီတော့ လျှို့လျှို့ဝှက်ဝှက်၊ နှစ်ကိုယ်ကြား၊ တိတ်တိတ်ပုန်း လုပ်ရတော့တာပေါ့။ သူက ဗိုလ်ကြီးအောင်သူကို အခန်းထဲ ပြန်ပိတ်ထားပြီး အပြင်ထွက်လို့ တံခါးဝမှာ မတ်စကော့စီးကရက်ကို ဖွာနေလိုက်တယ်။ လန်းသွားအောင် အားယူလိုက်တဲ့သဘော။ ပြီးနောက် အခန်းထဲဝင်၊ တံခါးပြန်ပိတ်ပြီး ဗိုလ်ကြီးအောင်သူနဲ့ နှစ်ကိုယ်ကြား စစ်ကြောရေး စတင်တော့တယ်။ တစ်ယောက်တည်း ကျိတ်လုပ်တဲ့သဘော သက်ရောက်နေတာပေါ့။
အစပိုင်းမှာတော့ ဦးဟန်ထွန်းရဲ့အသံက သိပ်ကျယ်လှတာ မဟုတ်ဘူး။ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဝတုတ်ကြီးတောင် သူတို့ပြောသမျှကို ဘာမှ မကြားရဘူး။ နောက်တော့ အသံက ကြိုးကြိုးကြားကြား အပြင်ကို တိုးထွက်လာတယ်။ တစ်ခါတစ်ခါတော့ အတော်ကို ကျယ်လောင်သွားတယ်။ ဝတုတ်ကြီးလည်း ရှင်းရှင်းပြတ်ပြတ် ကြားနေရတော့တာပေါ့။
ဦးဟန်ထွန်း – အဲဒီစောက်ပိုတွေ လျှောက်ကျိန်မနေနဲ့။
ဗိုလ်ကြီးအောင်သူ – … ….
ဦးဟန်ထွန်း – ငါ သက်သေလိုချင်တယ်။
ဗိုလ်ကြီးအောင်သူ – ချိုမာ ကျုပ်လက်ရေးကို ခိုးကျင့်နေခဲ့တာ သက်သေပဲ။
ဦးဟန်ထွန်း – ချီးပဲ။ မင်းရဲ့သဘောက အဲဒီလို သတင်းပေါက်ကြားတာကို ငါတို့က လက်ရဖမ်းလိုက်နိုင်လိမ့်မယ်လို့ ချိုမာက ကြိုသိထားတဲ့အတွက်ကြောင့် မင်းရဲ့ လက်ရေးကို ကျင့်ပြီး မင်းကို ချောက်ချဖို့ ကြိုးစားတယ် ဆိုပါတော့။ ဘယ်သူ ယုံမှာလဲ။
ဗိုလ်ကြီးအောင်သူ – သူ အစောကြီးကတည်းက ကျုပ်လက်ရေးကို ကျင့်ပြီး ကျုပ်ကို ချောက်တွန်းချင်နေတာပဲလေ။
ဦးဟန်ထွန်း – သူက ဘာဖြစ်လို့ ငါ့ကို ချောက်မချရတာလဲ။ ဘာဖြစ်လို့ တပ်ကြပ်ကြီးမျိုးဇော်ကို ချောက်မချရတာလဲ။ ဘာဖြစ်လို့ မင်းကိုမှ ရွေးပြီး ချောက်ချချင်ရတာလဲ။ မင်းတို့အကြားမှာ ရန်ငြိုးရန်စတွေ ရှိနေလို့လား။
ဗိုလ်ကြီးအောင်သူ – ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က မြေအောက်သူပုန်ကိစ္စကို ကိုင်တွယ်နေရလို့ပေါ့။
ဦးဟန်ထွန်း – အခုတော့ မင်းရဲ့ သေရေးရှင်ရေး ကိစ္စကိုပဲ ကိုယ်တွယ်နိုင်တော့မယ်။
အဲဒီအချိန်မှာပဲ အပေါ်ထပ်ကနေ ဟိဟာရက ဦးဟန်ထွန်းကို လှမ်းခေါ်လိုက်တယ်။ သူ့အသံ ကျယ်သွားလို့ ဟိဟာရကို အနှောင့်အယှက် ပေးမိသွားတာ ဖြစ်ရမယ်လို့ သူ သဘောပေါက်လိုက်တယ်။ အပေါ်ထပ်ကို ကုပ်ကုပ်ကလေး တက်သွားပြီး ဟိဟာရကို တွေ့တာနဲ့ ကလေးဆိုးတစ်ယောက်လို သူက လက်ဦးမှုယူပြီး တိုင်ပြောလိုက်တယ်။ “မာစတာ၊ သူ ပြောတာတွေက ကလေးကလားတွေ။ ကျွန်တော် တစ်လုံးမှ မယုံဘူး”
ဟိဟာရက ခပ်ထေ့ထေ့ပြုံးတယ်။ “ဒါနဲ့ပဲ ခင်ဗျားက မကျေနပ်လို့ အတင်း စစ်မေးနေတယ် ဆိုပါတော့။ ဘာလောစရာ ရှိလဲဗျာ” ဟိဟာရက သူ့ကို ထိုင်ဖို့ပြောတယ်။ “ခင်ဗျား ဘာကြောက်နေတာလဲ။ ကျုပ်တို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ မလောပါဘူး။ နားချိန်တန်ရင်လည်း နားဦးမှပေါ့။ မအိပ်မနား လုပ်နေရအောင် ဘာမို့လို့လဲဗျာ။ မတန်ပါဘူး”
အပြစ်ဖို့နေတာ မဟုတ်ပါဘူး။ လက်အောက်ငယ်သားအပေါ် ညှာတာထောက်ထားတဲ့ သဘော။ အလေးထားတဲ့ သဘော။
ဦးဟန်ထွန်း အလေးထားနေတာကတော့ ဗိုလ်ကြီးအောင်သူရဲ့ စကားကို ဟိဟာရ ယုံစားသွားပြီလားပေါ့။ “သူ့စကားကို အဓိပ္ပာယ်ရှိတယ်လို့ ထင်လား၊ မာစတာ” သူ အောင့်မနေနိုင်တော့ဘဲ ပါးစပ်ကနေ ထုတ်မေးလိုက်တယ်။ သူ မထွေးနိုင် မအန်နိုင် ဖြစ်နေပြီလေ။ အဲဒါက လက်ရှိအချိန်မှာ သူ အလေးထားဆုံး ကိစ္စပဲ။ စိတ်ချလက်ချ နေလိုက်ချင်ပြီ။
ဟိဟာရက စဉ်းစားပြီး နောက်ဆုံးတော့ “မီးစင်ကြည့်ကရမှာပေါ့” လို့ မရေမရာ အဖြေပေးလိုက်တယ်။ နောက်တော့ သူ့ဖတ်နေတဲ့ သတင်းစာကို ဦးဟန်ထွန်းဆီ ပစ်ပေးလိုက်တယ်။ “သူ အခု ဘယ်မှာလဲ”
သူ ဆိုတာက သတင်းသယ်ပို့လုပ်နေတဲ့ ညဉ့်ငှက်ကောင်မလေးကို ပြောတာ။
“မြို့ထဲမှာ။ ဖမ်းထားတယ်”
“သူ့ကို သွားခေါ်လာခဲ့”
ဦးဟန်ထွန်းက ထုံပေပေ လုပ်နေတာကြောင့် ဟိဟာရက သူ့ကို မျက်စောင်းလှမ်းထိုးလိုက်တယ်။ “သူ မြွေပွေးကို မသိပါဘူးလို့တော့ ကျုပ်ကို လာမပြောနဲ့နော်။ မနေ့က ခင်ဗျား ကျုပ်ကို အသိမပေးဘဲ သူ့ကို ဒီခေါ်လာပြီး လူကြည့်ခိုင်းတာ ကျုပ် မသိဘူးများ မှတ်နေတာလား။ ခင်ဗျားကတော့ ကိုယ့်ဟာကိုယ် ဟုတ်လှပြီလို့ အောက်မေ့နေမှာပဲ။ အဲဒီအကျင့်ကို ပြင်ရင် ကောင်းမယ်။ ပြဿနာ မဖြစ်ခင်ပေါ့”
ဦးဟန်ထွန်းက သတင်းစာပေါ်မှာပါတဲ့ ညဉ့်ငှက် ကောင်မလေးရဲ့ ဓာတ်ပုံကို တိတ်တဆိတ် ငေးကြည့်နေတယ်။ သတင်းစာပေါ်မှာ ရေးထားတဲ့ ညဉ့်ငှက်မလေးရဲ့ နာမည်က မာလာတဲ့။ ဒီနာမည်က သူ စစ်ကြောစဉ်ကတည်းက သိနှင့်ထားပြီးသားပါ။ သူ့သခင်က မာလာကို ဘာလုပ်ဖို့ ခေါ်ခိုင်းတာပါလိမ့်။ ဘာအကြံများ ကြံစည်နေတာပါလိမ့်။ သူ စဉ်းစားမရတာကြောင့်လည်း ခေါင်းခြောက်နေလေရဲ့။
ဟိဟာရက သူ့အတွေးကို ရိပ်စားမိနေပုံပဲ။ “ကျုပ် ဘာလုပ်မလို့လဲ ဆိုတာ ခင်ဗျား ပူနေစရာမလိုဘူး။ သူ့ကိုသာ အမြန် သွားခေါ်လာခဲ့။ မြန်မြန်သွား မြန်မြန်ပြန်၊ ကျုပ်စောင့်နေမယ်”
ဒါနဲ့ ထွက်သွားရော။