ထမင်းစားနေကြစဉ်မှာ ဟိဟာရက စကားဖောင်ဖွဲ့လို့ တဟီးဟီး တဟားဟားနဲ့ ရေပက်မဝင်အောင် အားရပါးရ ပြောဆိုနေတယ်။ လက်အောက်ငယ်သားတွေအပေါ် အင်မတန်မှ သဘောမနောကောင်းတဲ့ အရာရှိကြီးတစ်ယောက်လို အက်တင်ဖမ်းလို့ပေါ့။
လိပ်ကြီးအဖို့လည်း ဘာမှ စိတ်ပူနေစရာ မလိုဘူး။ သူတို့ဆီ ချဉ်းကပ်နိုင်ဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးနဲ့ အခြေအနေကို ဟိဟာရက ဖန်တီးပေးထားတယ်။ အဲဒီအတွက် ပထမဆုံးအနေနဲ့ ဟိဟာရက ထမင်းစားပွဲကို အရာရှိရိပ်သာထဲက ဧည့်ခန်းမဆောင်ကြီးထဲမှာ ပြင်ခိုင်းထားတယ်။ တိုက်ပေါ်တိုက်အောက်က ဘယ်သူမဆို သူတို့ကို မြင်ရနိုင်သလို အလွယ်တကူလည်း ချဉ်းကပ်သွားလို့ ရတယ်။ ပြီးတော့ အရာရှိရိပ်သာထဲက ကောင်မငယ်ငယ်လေးတွေကိုလည်း အဖော်ပြုဖို့နဲ့ သီချင်းဆိုဖို့ ခေါ်ထားသေးတယ်။ အောင်ပွဲတစ်ခု ကျင်းပနေတဲ့အလားပဲ။ အခုလုပ်တဲ့ပွဲက နဂိုကတည်းက အင်ထုထားတဲ့ ဂုဏ်ပြုပွဲတစ်ပွဲဆိုတော့ကာ ကောင်မလေး နှစ်ယောက်၊ သုံးယောက်လောက် ခေါ်ပြီး အဖော်လုပ်ခိုင်းရတာလည်း ဘာမှ သဘာဝမကျစရာ အကြောင်း မရှိပါဘူး။ နောက်ပြီး အရာရှိရိပ်သာထဲမှာ အပေါဆုံးကတော့ အဲဒီလို ကောင်မလေးတွေပဲ။ သူသူကိုယ်ကိုယ် အခေါ်ခံချင်လို့ စောင့်နေကြတာလေ။
အစပိုင်းမှာတော့ အားလုံးက တွန့်ဆုတ်တွန့်ဆုတ်နဲ့။ ဦးဟန်ထွန်းနဲ့ ဗိုလ်လေးထွန်းမြင့် အပါအဝင်ပေါ့။ ဟိဟာရ ဆိုတာကလည်း ဗဟိုအစိုးရက လွှတ်လိုက်တဲ့လူ မဟုတ်လား။ တော်ဝင်ဘုရင့်တပ်မတော်က ကြီးကြီးမာစတာတစ်ယောက်လေ။ ဒါပေမယ့် သီချင်းနှစ်ပုဒ်လောက် ဆိုပြီးသွားတော့၊ ဗျစ်ရည်လေး ဗိုက်ထဲ အတော်များများ ဝင်သွားတော့ တစ်ယောက်ပြီးတစ်ယောက် အာလျှာတင်မကဘဲ လက်ပါသွက်လာတယ်။ ခွက်မြှောက်တဲ့သူ၊ သီချင်းလိုက်ဆိုတဲ့သူက များသထက် များလာတယ်။ အသံတွေကလည်း ဆူသထက် ဆူလာတယ်။ ချိုမာတစ်ယောက်တည်းကပဲ မသောက်ဘဲ အစားချည်း လှိမ့်စားနေတာ။ သူတို့အထဲမှာလည်း ဝင်မရောသလို တစ်ယောက်တည်း ငိုင်တိုင်တိုင် လုပ်နေတယ်။ ဒါပေမယ့် မြသန္တာက သူ့ကို သင်းကွဲငှက်လို ဖြစ်မနေစေချင်တဲ့ စေတနာနဲ့ သူ့ကို စလိုက်နောက်လိုက်နဲ့ ရယ်စရာ မောစရာတွေ လျှောက်ပြောပြီး အဖွဲ့ထဲ မပါပါအောင် ဆွဲသွင်းနေတယ်။ နောက်ဆုံးတော့လည်း ချိုမာပါ သူတို့အကြားထဲမှာ အထိုက်အလျောက် နေတတ်သွားတယ်။
ဒီလိုနဲ့ အရက်က သောက်လေသောက်လေ မူး၊ သီချင်းက ဆိုလေဆိုလေ မြူးပြီး ရယ်လိုက် မောလိုက် ဆိုလိုက် ဆဲလိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ စားပွဲတစ်ခုလုံး ဝရုန်းသုန်းကားကို ဖြစ်လို့ပါပဲ။ တိုက်ပေါ်တိုက်အောက်က လူတွေကလည်း တစ်ခါတစ်ခါ မျက်စောင်းတွေထိုးလို့။ တချို့တွေကတော့ သူတို့စားပွဲဝိုင်းကို ပတ်ကြည့်နေကြတယ်။ ဟုတ်ပါတယ်။ အဲဒါတွေက ဦးဟန်ထွန်း စီစဉ်ထားတဲ့ လျှို့ဝှက်အထောက်တော်တွေပေါ့။ တချို့ကျတော့လည်း အပေါ်ထပ် ဝရံတာပေါ်ကနေ လှမ်းငေးနေကြတယ်။ အဲဒီအတောအတွင်းမှာ ဟိဟာရနဲ့ ဦးဟန်ထွန်းက အကြောင်းအမျိုးမျိုးပြပြီး ထမင်းဝိုင်းကနေ ခွာခွာသွားတတ်တယ်။ တစ်ခါတစ်ခါ တယ်လီဖုန်း သွားကိုင်ရတာနဲ့၊ တစ်ခါတစ်ခါ အိမ်သာသွားတက်ရတာနဲ့၊ တစ်ခါတစ်ခါ တံတွေးထွက်ထွေးရတာနဲ့။ ကုန်ကုန်ပြောရရင်တော့ ဟိဟာရက ခင်ဗျားကို ယုံကြည်စေချင်တာ၊ သူကိုယ်တိုင် စံနမူနာပြပြီး အယုံသွင်းနေခဲ့တာပဲ။ ဒီနေ့ ခင်ဗျားက သံသယတရားခံတစ်ယောက် မဟုတ်ဘူး။ ဘယ်သူကမှ ခင်ဗျားကို စောင့်ကြည့်မနေဘူး။ ခင်ဗျား လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်တယ်။ တစ်ယောက်ယောက်ကို ခြေဟန်လက်ဟန်ပြပြီး အချက်ပေးချင်သေးလား၊ အိုကေတယ်လေ။ ဒါကြောင့် ခင်ဗျားသာ မြွေပွေးဆိုရင် လိပ်ကြီးရောက်လာတာနဲ့ သူ့ကို ဆက်သွယ်ဖို့ အခွင့်အရေး လုံးဝ ရနိုင်မှာ သေချာတယ်။
လိပ်ကြီး ပေါ်မလာမှာကိုလည်း ဟိဟာရက စိုးရိမ်မနေဘူး။ ဒီနေ့ လိပ်ကြီး ရောက်လာရတဲ့ အကြောင်းအရင်းက မြွေပွေးနဲ့ ဆုံချင်တွေ့ချင်လို့လေ။ တိုက်ရိုက်လာတွေ့တုန်းက မဆုံလိုက်ရဘူး ဆိုတော့ ထမင်းစားချိန်မှာ ဆုံနိုင်ဖို့အတွက် တမင် ပေကပ်နေခဲ့တာ မဟုတ်လား။ တွေ့ချင်မြင်ချင်စိတ်က အားကြီးလွန်းနေတော့ တော်တော်ကို အတင့်ရဲတဲ့ လုပ်ရပ်လို့ ဆိုရတော့မှာပဲ။ အခု ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို သူ လက်လွှတ်ခံနိုင်ပါ့မလား။ သူ ပေကပ်ပြီး နေနေတယ် ဆိုတာကလည်း ဒီအခွင့်အရေးကို စောင့်နေခဲ့တာပဲလေ။ အခွင့်အလမ်းက သူ့ကို ခေါ်ထုတ်လာပါလိမ့်မယ်။ ဆွဲဆောင်လာပါလိမ့်မယ်။
တကယ်ပါပဲ။ လူတွေက ထိုင်ရုံရှိသေးတယ်။ ဘွားကနဲ ကိုယ်ထင်ပြလာတဲ့ လိပ်ကြီးကို ဟိဟာရ တွေ့မြင်လိုက်ရတယ်။ မီးဖိုချောင်ထဲကနေ ထွက်လာတာ။ ဘားကောင်တာဘက်ကို ဝေ့သွားပြီး သွားကြားထိုးတံနှစ်ချောင်း ယူလို့ စားဖိုဆောင်ထဲကို ပြန်ဝင်သွားတယ်။ ဒါ အကဲစမ်းကြည့်လိုက်တဲ့ သဘောပဲ ဖြစ်မယ်။
ဦးဟန်ထွန်းက အဲဒီမြင်ကွင်းကို မြင်တော့ ဘေးနားမှာ ရစ်သီနေတဲ့ သူ့လူကို မျက်စပစ်ပြလိုက်တယ်။ သူ့လူကလည်း အထာနပ်တယ်။ မီးဖိုချောင်ထဲ ဝင်သွားပြီး လိပ်ကြီးကို သွယ်ဝိုက်တဲ့နည်းနဲ့ သတင်းပေးတယ်။ သူ့လူက မီးဖိုချောင်ထဲက လူတွေကို အမိန့်ပေးလိုက်တယ်။ ဗိုလ်ကြီးအောင်သူ လာဦးမှာမို့ ပန်းကန်ပြားတစ်ချပ်နဲ့ ဇွန်းခရင်းတစ်စုံ ထပ်ချပေးဖို့ပေါ့။ ဒါတွေအားလုံးကို သူတို့ ကြိုတင် ဇာတ်တိုက်ထားကြပြီးသား။ လိပ်ကြီးက ဗိုလ်ကြီးအောင်သူကို မမြင်ရတာနဲ့ မတော် လျှောက်တွေးနေရင် ဘယ့်နှယ်လုပ်မလဲနော်။ နောက် ဆယ်မိနစ်လောက်ကြာတော့ လိပ်ကြီးက နောက်တစ်ကြိမ် ထပ်ထွက်လာပြန်တယ်။ အတိအကျ ပြောရရင်တော့ ဒီတစ်ခေါက်က ကိုယ်ထင်ပြတယ်လို့ ခေါ်လို့ မရဘူး။ ခေါင်းထင်ပြတာ။ သူက လူသွားစင်္ကြံပေါ်ကနေ ခေါင်းပြူကြည့်ပြီး ပြန်ဝင်သွားတယ်။ ရှေ့တစ်ခေါက်ကလိုပဲ ဦးဟန်ထွန်းရဲ့ လူက မီးဖိုချောင်ထဲ ဝင်သွားပြီး လိပ်ကြီးကို သတင်းပေးပြန်တယ်။ ထမင်းဟင်း တစ်ယောက်စာ ပြင်ဆင်ပြီး ဗိုလ်ကြီးအောင်သူဆီ သွားပို့ပေးဖို့ စားပွဲထိုးကို အမိန့်ပေးပြန်တယ်။ သူက အရေးကြီးအလုပ်တစ်ခု လုပ်နေရလို့ ထမင်းစားခန်းမှာ ထမင်းလာမစားနိုင်ဘူးပေါ့။ ဒါလည်း ကြိုတင်ပြီး ဇာတ်တိုက်ထားတာပဲ။ ဒီအခြေအနေအတိုင်းဆိုရင် လိပ်ကြီး နောက်တစ်ကြိမ် ထပ်ထွက်လာဦးမလား ကြည့်ရတော့မယ်။ ထပ်ထွက်လာသေးတယ် ဆိုရင် အပေါင်းပါ နောက်တစ်ယောက် ရှိသေးတယ် (X = 1/ABC) ဆိုတဲ့သဘော။ ထွက်မလာတော့ဘူး ဆိုရင်တော့ ၁၀၀% က ဗိုလ်ကြီးအောင်သူ (X = D) ပဲ။
ရလဒ်ကတော့ စားပွဲသောက်ပွဲ ပြီးဆုံးသွားတဲ့အထိ လိပ်ကြီးကို ထပ်မမြင်ရတော့ဘူး။ ဆိုလိုတာက ဒုတိယအကြိမ် အထဲကို ပြန်ဝင်သွားကတည်းက လုံးဝကို ပြန်ပေါ်မလာတော့တာပဲ။ သူ ဘာများ လုပ်နေပါလိမ့်။ နောက်ပိုင်း အထောက်တော်တစ်ယောက်ရဲ့ စကားအရ သိရတာက သူ ဘာမှ မလုပ်ဘဲ မီးဖိုဘေးမှာ ငုတ်တုတ်ထိုင်နေသတဲ့။ ဆေးပေါ့လိပ်ကြီးကို ခဲပြီး တမှိုင်မှိုင် တတွေတွေနဲ့ စိတ်ဓာတ်ကျနေတဲ့ပုံမျိုး။
ဒီထမင်းစားပွဲက အတော်ကို ကျွက်ကျွက်ညံအောင် ပွဲစည်တယ်လို့ ပြောရတော့မှာပဲ။ ဒါပေမယ့် အချိန်က အကြာကြီး မဟုတ်ဘူး။ တစ်နာရီ မပြည့်တပြည့်ရယ်။ အကြောင်း တစ်က လိပ်ကြီး ထပ်ပေါ်လာမှာ မဟုတ်တော့ဘူးလို့ ဟိဟာရက တွက်ဆမိတာကြောင့် ဆက်ပြီး အချိန်ဆွဲနေလည်း အဓိပ္ပာယ် မရှိတော့ဘူး။ အကြောင်း နှစ်က မြသန္တာတစ်ယောက် လစ်မစ်လွန်နေပြီမို့ ပါးစပ်က အဆဲသံတွေ စီစီညံအောင် ထွက်နေပြီ။ ဗိုလ်ကြီးအောင်သူကို ဆဲနေတာ။
“အဲဒီဖေ-ိုးမသားကြောင့် အသားလွတ် နှစ်ရက်တောင် တိုက်ပိတ်ခံလိုက်ရတာ”
ဘယ်သူက သူတို့ကို တိုက်ပိတ်ထားတယ်လို့ ပြောနေလို့လဲ။ သူတို့က အရေးပေါ်တာဝန် ထမ်းဆောင်နေကြတာလေ။ မဖြစ်ချေဘူး။ အကုန် ပေါ်ကုန်တော့မယ်။ သူ့ကို အမြန် ပါးစပ်ပိတ်ခိုင်းမှ ဖြစ်မယ်။ ဒါနဲ့ ဦးဟန်ထွန်းက သူ့လူတွေကို ခေါ်ပြီး မြသန္တာကို ချော့ခေါ်သွားကြတော့တယ်။ အဲဒါနဲ့ပဲ အားလုံး ထပြန်ကုန်ကြရော။ မြသန္တာက အသောက်ကြမ်းတယ်လို့ ပြောရမယ်။ အသောက်ကြမ်းတယ် ဆိုတာ မဆင်မခြင် သောက်တတ်တာကို ပြောတာ။ အများကြီး သောက်နိုင်တာတော့ မဟုတ်ဘူး။ ဒါကြောင့်လည်း မှောက်သွားဖို့ရာတော့ သူ့အတွက် ဘယ်လောက်မှ ကြာလိမ့်မယ် မထင်ဘူး။ ကံကောင်းတာက အခု အဲဒီလို လူမှန်းသူမှန်း မသိအောင် မူးနေသေးတာ မဟုတ်တော့ သူ့ကို တွဲခေါ်သွားတော့လည်း အသာတကြည် လိုက်သွားလိုက်တာပါပဲ။ တော်သေးတာပေါ့။ လူမှန်းသူမှန်း မသိအောင် မူးပြီး မပြောသင့်တဲ့ စကားတွေ လျှောက်ပြောနေရင် ဟိဟာရရဲ့ မဟာစီမံကိန်းကြီးလည်း ပျက်သွားနိုင်တယ် မဟုတ်လား။
ဒီတစ်ကြိမ် ထမင်းစားပြီးတော့ ဟိဟာရက မြသန္တာအပေါ် အတော်လေး အကောင်းမြင်လာတယ်။ အပြန်လမ်းပေါ်မှာ ဟိဟာရရဲ့ အချိန်တစ်ဝက်လောက်ကို စိုးမိုးနေတဲ့သူကတော့ ဗိုလ်ကြီးအောင်သူပေါ့။ စဉ်းစားလေလေ စိတ်နှလုံး ငြိမ်သက်လေလေပဲ။ သွေးဆေးတစ်ဖုံ သောက်လိုက်ရသလို ခံစားမှုမျိုး။ ဘာမှ သံသယ ဖြစ်နေစရာ မလိုတော့ဘူးလေ။ သေချာတယ် သူမှသူပဲ။ နောက်အချိန်တစ်ဝက်မှာတော့ အနောက်တိုက်က လူတွေနဲ့ လမ်းဆုံမှာ လမ်းခွဲပြီးတဲ့နောက် ဟိဟာရက ဦးဟန်ထွန်းနဲ့ ရောက်တတ်ရာရာ လျှောက်ပြောရင်း မေးခွန်းတစ်ခု မေးလိုက်တယ်။ “တကယ်လို့သာ မြွေပွေးက သူတို့အထဲမှာ ရှိနေသေးတယ်ဆိုရင်” စောစောကမှ လမ်းခွဲသွားကြတဲ့ ဗိုလ်လေးတို့လူစုကို ဟိဟာရက လက်ညှိုးထိုးလိုက်တယ်။ “ဒီနေ့ ထမင်းဝိုင်းမှာ လေ့လာထားတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ခင်ဗျား ဘယ်လို ကောက်ချက်ချမလဲ”
ဦးဟန်ထွန်းက နားလည်ရခက်နေတယ်။ “မာစတာက အခုထိ သူတို့ကို သံသယဝင်နေတုန်းပဲလား။ ဗိုလ်ကြီးအောင်သူပဲ ဖြစ်မှာ သေချာပါတယ်”
ဟိဟာရက ပြောတယ်။ “ဗိုလ်ကြီးအောင်သူ မဟုတ်ဘူးလို့ ကျုပ် မပြောပါဘူး။ ကျုပ်ပြောချင်တာက တကယ်လို့သာ ဗိုလ်ကြီးအောင်သူ မဟုတ်ဘူးဆိုရင် ထမင်းဝိုင်းမှာ တစ်ယောက်ချင်းစီရဲ့ အပြုအမူပေါ် မူတည်ပြီး ခင်ဗျား ဘယ်လို ကောက်ချက်ချနိုင်မလဲ”
ဪ … လက်စသတ်တော့ အပျင်းပြေ လျှောက်ပြောနေတာကိုး။ အပျင်းပြေ ဉာဏ်စမ်းတဲ့ သဘောမျိုးပေါ့။ လူတွေရဲ့ အပြင်ပန်း အမူအရာ အသွင်အပြင်တွေကို ကြည့်ပြီး သူတို့ရဲ့ မူလဘူတ ပင်ကိုစရိုက်သဘာဝကို ဖမ်းဆုပ်နိုင်မလားလို့ စမ်းကြည့်တဲ့ သဘော။
အတော်တော့ ဝမ်းနည်းစရာ ကောင်းတယ်။ ဦးဟန်ထွန်းခမျာ ဘာမှ ဖမ်းဆုပ်မိခဲ့ပုံ မရဘူး။ ခွေးအ,ကြီး လှည်းနင်းခံရသလို ထစ်ငေါ့ထစ်ငေါ့နဲ့။
“သူက အင်မတန်မှ ချစ်စရာကောင်းတယ်လို့ ခင်ဗျား မထင်ဘူးလား” ဟိဟာရက ရုတ်တရက် မေးလိုက်တယ်။
“ဘယ်သူလဲ”
“မြသန္တာလေ”
“ချစ်စရာကောင်းတယ် …” ဦးဟန်ထွန်းက ခေါင်းခါယမ်းပြီး သဘောမတူကြောင်း အတိအလင်း ဖော်ပြလိုက်တယ်။ “သူ အမူးလွန်နေလို့ ကျွန်တော်တို့တောင် ချောက်ကျဖို့ သီသီလေးပဲ လိုတော့တယ် ဆိုတာ မာစတာလည်း မြင်နေရတာပဲဥစ္စာ”
ဟိဟာရက သုံးသပ်ပြတယ်။ မူးအောင် သောက်ရဲတယ်ဆိုတာကိုက သူ့ရဲ့ ချစ်စရာကောင်းတဲ့ သက်သေပဲတဲ့။
ဟိဟာရက ပြောတယ်။ “သူက အရက်ကို အရမ်းကြိုက်တယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်လား။ မနေ့ညက သူ့ကို အရက်ဝိုင်း တည်ပေးရတဲ့ အကြောင်းအရင်းက သူ သောက်ရဲလား၊ မသောက်ရဲဘူးလား ဆိုတာကို သိချင်လို့ပဲ။ ဒါပေမယ့် ချိုမာက ဝင်နှောက်လိုက်တော့ ကောင်းကောင်း မကြည့်ရတော့ဘူး။ အရက်ကို ကြိုက်နေပါလျက်နဲ့ စိတ်လွတ်ကိုယ်လွတ် မသောက်ရဲဘူးဆိုရင် အဲဒါ မူမမှန်တော့ဘူး။ သူ အဲဒီလို သောက်ရဲလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။ အဲဒါ ဘာကို ဆိုလိုသလဲ ဆိုတော့ သူ စိတ်ရှင်းလို့ပဲပေါ့။ လူတစ်ယောက်က မူးလာပြီ ဆိုရင် ထန်းရည်မူးတော့ ကျွဲခိုးပေါ် ဆိုသလို ပါးစပ်က အထိန်းအကွပ်မရှိ လျှောက်ပြောတော့မှာ မဟုတ်လား။ သူသာ မြွေပွေးဆိုရင် အဲဒီလောက် စိတ်လွတ်ကိုယ်လွတ် သောက်ရဲမှာ မဟုတ်ဘူး။ သူ လုပ်ရဲတယ်ဆိုကတည်းက သူ မဟုတ်လို့ပေါ့။ ဒါကြောင့် ကိုလွင်ကို စောင့်ကြည့်နေတဲ့ လူတွေကို နားခိုင်းလိုက်တော့”
ဆိုတော့ … မြသန္တာက ကံကောင်းထောက်မစွာနဲ့ သံသယ စာရင်းထဲကနေ ပထမဆုံး ပယ်ဖျက်ခံရတဲ့လူ ဖြစ်လာတယ်။ သဘောသဘာဝအရတော့ ဟိဟာရအနေနဲ့ သူ့ကို ချက်ချင်း လွှတ်ပေးလိုက်သင့်တာပါပဲ။ ဒါပေမယ့် ထမင်းဝိုင်းမှာတုန်းက အဆင်အခြင်မဲ့ လျှောက်ပြောနေခဲ့တဲ့ မြသန္တာရဲ့ ပါးစပ်ပေါက်ကို သတိရသွားတာကြောင့် ဟိဟာရက သူ့ကို တစ်ခဏလောက် ထပ်ဆွဲထားလိုက်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အပြင်မှာ လျှောက်ပြောနေရင် ခက်ရချည့်သေးရဲ့။ မဟုတ်ဘူးလား။
ဦးဟန်ထွန်းက တဟီးဟီး ရယ်တယ်။ “ဒါဆိုရင်တော့ သူ့အကြံအတိုင်း အထမြောက်သွားတယ် ဆိုရမှာပေါ့”
ဟိဟာရက ဆိုလိုချက်ကို နားမလည်ဘူး။ “ဘာဆိုလိုချင်တာလဲ”
မြသန္တာက ချိုမာအပေါ် အတော်လေး အရေးပေးတာကို ဦးဟန်ထွန်းက လေ့လာတွေ့ရှိထားတယ်။ ပေါ်တင်ပဲဖြစ်ဖြစ်၊ ကွယ်ရာပဲဖြစ်ဖြစ်၊ သူ့အတွက် ကာဆီးကာဆီး လုပ်နေခဲ့တာ။ “စောစောကပဲ ကြည့်လေ။ အရက်မူးနေတုန်း ချိုမာကို ကြည့်တဲ့ အကြည့်တွေက အရည်လဲ့လို့”
စကားဆုံးတော့ ဟိဟာရက မျက်နှာတည်နဲ့ မေးလိုက်တယ်။ “ခင်ဗျားက သူတို့ကို ဟိုမိုတွေလို့ ပြောချင်နေတာများလား”
ဦးဟန်ထွန်းက ပြောတယ်။ “သူ့လို တိုက်ကြီးတာကြီးနဲ့ နေခဲ့ရတဲ့ သူဌေးသမီးတစ်ယောက်အဖို့ ဘယ်လို ရောဂါဆန်းမဆို ရှိနေနိုင်တာပဲ”
ဟိဟာရက တဟားဟား ရယ်တယ်။ “ဟိုမိုဆိုတာ ဘာကိုခေါ်တာလဲ ခင်ဗျားသိလား”
ဦးဟန်ထွန်းက မျက်စိသူငယ်နဲ့ ခေါင်းခါယမ်းတယ်။ “မာစတာ သိလား”
ဟိဟာရက မျက်နှာပိုးမသတ်ဘဲ ပြောလိုက်တယ်။ “ဒီလောက် နက်နဲတဲ့ ပုစ္ဆာမျိုးကို ကျုပ်က ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”