Show contents

(ခ)

အရေးပေါ် ရောဂါကို အရေးပေါ် ကုသခွင့်ရလိုက်တော့ အချိန်မီ ထိန်းချုပ်သွားနိုင်တာပေါ့။

၁၀ နာရီထိုးတော့ ဟိဟာရနဲ့ ဗိုလ်ဝတုတ်တို့ မြို့ထဲကနေ ပြန်ရောက်လာတယ်။ ကားက ခြံအနောက်ခြမ်းထဲကို မောင်းဝင်လာတုန်း ဟိဟာရရဲ့ မျက်လုံးတွေက အနောက်တိုက်ဆီကို မထင်မှတ်ဘဲ ရောက်ရှိသွားတယ်။ သူမြင်လိုက်ရတာက တိုက်ရှေ့မှာ ရှိတဲ့ ရဲဘော်တွေက အဘိုးကြီးတစ်ယောက်ကို ကြိမ်းမောင်းပြီး နှင်ထုတ်နေကြတယ်။ အဘိုးကြီးက ဝါးခြင်းတောင်းတစ်လုံးကို ထမ်းလို့။ အဘိုးကြီးရဲ့ ခေါင်းပေါ်မှာ လက်ကိုင်ပဝါအစုတ်တစ်ထည် အုပ်ထားတယ်။ ကြည့်ရတာ အမှိုက်ကောက်တဲ့သူ ဖြစ်မယ်။ လူပုံက ပိန်ကပ်ကပ်၊ လမ်းလျှောက်ပုံကတော့ ကိုင်းတိုင်းကိုင်းတိုင်းနဲ့မို့ လက်နှစ်ဖက်က ဘေးမှာ နာရီချိန်သီးလို ရှေ့နောက်ယမ်းနေတယ်။ မြို့ထဲမှာ မြင်နေကျ အမှိုက်ကောက်တဲ့လူတွေနဲ့ တထေရာတည်းပဲ။ သူ့ပုံက သိပ်ပြီး ထူးခြားမနေတာကြောင့် ဟိဟာရက တစ်ခဏလောက် စိုက်ကြည့်ပြီး ဘာမှ အရေးမပါသလို မျက်နှာကို လွှဲပစ်လိုက်တယ်။ ထပ်ပြီး စိတ်မဝင်စားတော့ဘူး။

တိုက်ထဲကို ရောက်တော့ ဦးဟန်ထွန်းကို မတွေ့ရဘူး။ ရဲဘော်လေးတစ်ယောက်ပဲ ဧည့်ခန်းထဲမှာ ထိုင်ရင်း ဗိုလ်ကြီးအောင်သူကို စောင့်ကြပ်နေတယ်။ ဟိဟာရက ဦးဟန်ထွန်းကို ဟိုဘက်တိုက် သွားနေတာပဲ ဖြစ်မယ်လို့ ထင်နေတယ်။ စိတ်ထဲ သိပ်မကြည်တာနဲ့ သူ့ကို သွားခေါ်ဖို့ ရဲဘော်လေးကို အမိန့်ပေးလိုက်တယ်။ ရဲဘော်လေးက ဗိုလ်ကြီးရဲ့အခန်းကို တစ်ချက်ရှိုးလိုက်ပြီးတော့ ဟိဟာရရဲ့ အနားကို ကပ်သွားတယ်။ ပြီးတော့ ခပ်တိုးတိုး ပြောလိုက်တယ်။ “ဦးဟန်ထွန်း အပြင်သွားတယ် မာစတာ။ အခြေအနေ ထူးလို့ပါ။ လိပ်ကြီး ရောက်နေတယ်။ ဆရာက သူ့ကို သွားစောင့်ကြည့်နေတယ်”

လိပ်ကြီးဆိုတာ ဘယ်သူလဲ။ ဟိဟာရ ရုတ်တရက် စဉ်းစားမရဘူး ဖြစ်နေတယ်။

ဗိုလ်ဝတုတ်က ဗိုလ်ကြီးအောင်သူအခန်းကို လက်ညှိုးထိုးပြီး ခပ်တိုးတိုး ပြောတယ်။ “သူ့ရဲ့ ချိတ်လေ”

အဲဒီအခါမှ ဟိဟာရ သတိရသွားတယ်။ ဦးဟန်ထွန်း အရင်က သူ့ကို ပြောပြခဲ့ဖူးတဲ့ လိပ်ကြီးရဲ့ ပုံပန်းသဏ္ဌာန်ကို ပြန်စဉ်းစားကြည့်လိုက်တော့ သူ စောစောက ကားပေါ်ကနေ လှမ်းမြင်ခဲ့ရတဲ့ အဘိုးကြီးနဲ့ ဆင်တူနေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ တံခါးဝဆီ ခပ်သုတ်သုတ် လျှောက်သွားပြီး အပြင်ဘက်ကို လှမ်းကြည့်တယ်။ ဦးဟန်ထွန်းက သူ့တပည့်တစ်ယောက်နဲ့ သစ်ပင်တန်းအောက်မှာ လေ့ကျင့်ခန်းလုပ်ချင်ယောင် ဆောင်နေတာကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ အကြည့်တွေကတော့ အဘိုးကြီးဆီကနေ တစ်ပြားသားမှ မခွာကြဘူး။ ဒါဆို အဲဒီအဘိုးကြီးက လိပ်ကြီးပဲဆိုတာ သေချာသွားပြီပေါ့။ အဲဒီအချိန်မှာတော့ လိပ်ကြီးက လုံခြုံရေးတပ်သားတွေရဲ့ အနှင်ခံရမှုကြောင့် အဝေးကို ထွက်ခွာသွားနေပြီ။ ဟိုကြည့်ဒီကြည့် တောင်ကြည့်မြောက်ကြည့်နဲ့ ဘယ်ကို သွားလို့ သွားနေမှန်း မသိဘူး။ ကြည့်ရတာ ဒီဘက်ကို လာချင်နေပုံပဲ။ ဒါလည်း ဆုံးဖြတ်ချက် ကျသေးပုံ မရဘူး။ ဟိဟာရက တိုက်ထဲကို ပြန်ဝင်သွားပြီး ဗိုလ်ဝတုတ်ကို အမိန့်ပေးလိုက်တယ်။ “လိပ်ကြီး အခု အပြင်မှာ ရှိနေတယ်။ ခင်ဗျား သူ့ကို ပုလင်းခွံ၊ ဘူးခွံတွေ ကောက်တာလားလို့ သွားမေး။ ဟုတ်တယ်ဆိုရင် ဒီမှာ စက္ကူဟောင်းတွေ ရှိတယ်လို့ သူ့ကို ပြောပြပြီး ဒီကို ခေါ်လာခဲ့”

လိပ်ကြီးက ဒီနေ့ ပုလင်းခွံ၊ ဘူးခွံ ကောက်တဲ့လူအနေနဲ့ သရုပ်ဆောင်နေတာ ဆိုမှတော့ စက္ကူအဟောင်းတွေ ရှိတယ်ဆိုရင် သူ မလာလို့ မဖြစ်တော့ဘူး။ ဒီအချိန်မှာ ကိုယ်က အိမ်ရှင်ပဲ။ ကိစ္စက ပစ္စည်းဟောင်းတွေ ရောင်းဖို့။ တစ်ဖက်လူကို လန့်မပြေးအောင် ဘာတစ်ခုမှ မလုပ်မိဖို့ အရေးကြီးတယ်။ ဒါကြောင့် လိပ်ကြီးက တိုက်ဘက်ကို လာပြီ ဆိုတာနဲ့ ဟိဟာရက ရဲဘော်လေးကို ကိုယ်ယောင်ဖျောက်ခိုင်းလိုက်တယ်။ ဗိုလ်ဝတုတ်ကို အပေါ်ထပ်တက်ပြီး စက္ကူဟောင်းတွေ သွားယူခိုင်းတယ်။ အဲဒါတွေက ဘယ်ကလာ စက္ကူဟောင်းတွေ ဟုတ်ရမှာလဲ။ အသံဖမ်းမှတ်တမ်းတွေ ရေးဖို့ ကြိုတင် ပြင်ဆင်ထားတဲ့ဟာတွေ။ အခုချိန်မှာ သဏ္ဌာန်လုပ် သရုပ်တူရမှာ ဆိုတော့ မတတ်နိုင်ဘူးလေ။ စက္ကူအကောင်းတွေကို စတေးရတော့မှာပေါ့။ ပြောရရင် အသားလွတ် စတေးလိုက်ရတာမျိုးတော့ မဟုတ်ဘူး။ တန်ဖိုးရှိပါတယ်။ တန်ဖိုးက မြိုးမြိုးမြက်မြက်ရတဲ့ တန်ဖိုးမျိုး။ ဒီတစ်ခေါက် လိပ်ကြီးနဲ့ တွေ့ခွင့်ရလို့ အလ္လာပသလ္လာပ ပြောခွင့်ရလို့၊ ပြီးတော့ ဗိုလ်ဝတုတ်ကလည်း အလိုက်သင့် ဝင်လုံးပေးတာကြောင့် ဟိဟာရက အနည်းဆုံး ရည်မှန်းချက်နှစ်ခု ပြည့်မြောက်အောင်မြင်ခဲ့တယ်။

၁။ လိပ်ကြီးနဲ့ ပြောခဲ့တဲ့ စကားတွေက ရောက်တတ်ရာရာတွေ ဆိုပေမယ့် အသံမှာတော့ လားရာရှိပြီး ရည်ရွယ်ချက် ရှိနေတယ်။ ပိတ်လှောင်ခံထားရတဲ့ ဗိုလ်ကြီးအောင်သူအနေနဲ့ အဲဒီအသံကို မကြားဘဲ နေမှာ မဟုတ်ဘူး။ သဲသဲကွဲကွဲကြီး ကြားနိုင်တယ်။ ဒီတော့ ဗိုလ်ကြီးအောင်သူသာ မြွေပွေးဆိုရင် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ကောင်းကောင်း သဘောပေါက်နေလောက်ပြီ။ သူ့ဘော်ဒါတွေက သူ့ကို ရှာနေကြပြီလေ။ ကဲ … ဘော်ဒါတွေက မင်းကို ရှာနေကြပြီ ဆိုတော့ မင်းစိတ်ထဲမှာလည်း မရိုးမရွ ဖြစ်နေရောပေါ့။ စိတ်စောလွန်း အားကြီးရင် ဆင်ခြင်တုံတရားတွေ လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။ အခုချိန် ဟိဟာရ လိုချင်နေတာ အဲဒီအချက်ပဲ။ သူ့ကို ပျာတောက်သွားအောင် ဆင်ခြင်ဉာဏ်မဲ့သွားအောင် လုပ်ချင်တယ်။

၂။ လိပ်ကြီးက စက္ကူတွေကို သိမ်းဆည်းနေတဲ့အချိန်မှာ ဟိဟာရက အခုမှ သတိရသွားသလို တမင် ဟန်ဆောင်ပြီး ဟိုဘက်တိုက်ကို အသီးတွေ ပို့ပြီးပြီလားလို့ ဗိုလ်ဝတုတ်ကို မေးလိုက်တယ်။ အဲဒီစကားက အတော်ကို ပညာသားပါတယ်။ ဗိုလ်ဝတုတ်က ဘယ်လိုပဲဖြေဖြေ (ပို့ပြီးပြီ ဒါမှမဟုတ် မပို့ရသေးဘူး) ဟိဟာရက အဲဒါကို အကြောင်းခံပြီး သူ ပေးချင်တဲ့ သတင်းစကားကို အမိအရ ပေးလိုက်နိုင်တယ်လေ။ ဟိုဘက်တိုက်က လူတွေအပေါ် သူ ဘယ်လောက် စောင့်ရှောက်ဂရုစိုက်သလဲ ဆိုတာကို အသိပေးနိုင်တဲ့အပြင် သတင်းမှား ရထားတဲ့ လိပ်ကြီးခမျာ ထောင်ချောက်နွံထဲ ပိုလို့တောင် နစ်ဝင်သွားနိုင်တယ်။

ပထမအချက်က ဝမ်းနုတ်ဆေးနဲ့ တူတယ်။ ဗိုလ်ကြီးအောင်သူ (မြွေပွေး) ကို မရိုးမရွဖြစ်အောင် လုပ်ထားဖို့။ နိုးကြားနေတဲ့အချိန်မှာ ရင်ထဲ မီးမြှိုက်ထားသလို တစ်လှပ်လှပ် ဖြစ်နေပြီး ပူလောင်နေတဲ့ စိတ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေစေတယ်။ ဒုတိယအချက်ကတော့ ထုံဆေးနဲ့ တူတယ်။ တစ်ကိုယ်လုံး ထုံထိုင်းသွားစေတာမျိုး။ လိပ်ကြီးပါမက ကျားကြီးပါ အသိဉာဏ်လွတ်သွားအောင် မူးမေ့သွားစေနိုင်တယ်။ မူးမူးမေ့မေ့နဲ့ အရာရာက အန္တရာယ်ကင်းသလို ခံစားနေရရော။ တစ်ယောက်က နိုးလို့၊ နောက်တစ်ယောက်က မေ့လို့။ ဘာနဲ့တူသလိုဆိုတော့ စရွေးတံနဲ့ စရွေးပေါက်လိုပဲ။ ထိုးထည့်လို့ စရွေးကိုက်သွားပြီ၊ အပေါက်အကြား မရှိတော့ဘူး ဆိုရင် သစ်သားဘောင်တစ်ခုလုံးက အတော်ကို မြဲမြံသွားပြီ။ တွန်းလို့တောင် မနဲ့မယိုင်တော့ဘူး။ အဲဒီလို ဆိုရင်တော့ ပွဲကြီးပွဲကောင်း ကြည့်ရဖို့ စောင့်နေလိုက်ရုံပဲ။

ဟိဟာရက ဒီလိုတောင် တွေးလိုက်မိသေးတယ်။ အခုလိုအချိန်မှာ ဗိုလ်ကြီးအောင်သူကို နောက်တစ်ကြိမ် ထပ်သွားချော့လိုက်ရင် အဖြေက တစ်မျိုးဖြစ်လာနိုင်တယ်ပေါ့။ ဒါမှမဟုတ် ချော့စရာ မလိုဘဲနဲ့တောင် ဝန်ခံလာနိုင်တယ်ပေါ့။

လှည့်ပြန်သွားတဲ့ လိပ်ကြီးရဲ့ နောက်ကျောကို ငေးကြည့်ရင်း ဟိဟာရရဲ့ စိတ်ထဲမှာ သူ့ကို မဆီမဆိုင် အကောင်းမြင်နေမိတယ်။ အခုလို ဆုံခွင့်ရလိုက်တဲ့အတွက် သူ့ကို ကျေးဇူးတင်နေမိတယ်။ လိပ်ကြီးက အခုလိုအခါမျိုးမှာ အချိန်ကိုက် ရောက်လာတဲ့အတွက်ကြောင့် အသားဘောင်ကြီး တစ်ခုလုံးကို ပိုပြီးမြဲမြံခိုင်မာသွားအောင် လုပ်နိုင်ဖို့ သူ့မှာ အခွင့်အရေး ရသွားခဲ့တယ်။ ဖိုးစီ၊ ကျားကြီးစတဲ့ ငနဲတွေကို အဝေးတစ်နေရာကနေ လက်ပိုက်ကြည့်နေအောင် အာမခံပေးနိုင်ခဲ့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *