Show contents

(ဇ)

ဟိဟာရ ညွှန်လိုက်တဲ့အခန်းက ဧည့်ခန်းနဲ့ ကပ်လျက်၊ ဟိုဘက်ကတော့ အရှေ့တိုက်နံရံပဲ။ လူနေခန်းလေးတစ်ခန်း ဖြစ်ပြီး အခုချိန်မှာတော့ လွတ်နေတယ်။

ဦးဟန်ထွန်းက အရင် ဝင်သွားပြီး အထဲက ထိုင်ခုံတွေ ဘာတွေ အားလုံးကို အပြင်ထုတ်ပြီး အခန်းလွတ်ဖြစ်အောင် လုပ်ပစ်လိုက်တယ်။ နောက်မှ ဗိုလ်ဝတုတ်က လူကို အထဲ ခေါ်သွားပေးတယ်။ အခန်းထဲ ရောက်တာနဲ့ ဦးဟန်ထွန်းက သူလက်ထဲက ဆေးလိပ်တိုနဲ့ ဗိုလ်ကြီးအောင်သူရဲ့ မျက်နှာကို လှမ်းပေါက်လိုက်တယ်။ ဗိုလ်ကြီးက ရှောင်လိုက်တာပေါ့။

“လူက သွက်နေတုန်းပါပဲလား” ဦးဟန်ထွန်းက မဲ့ပြုံးပြုံးနေတယ်။ “အတွင်းစိတ်ကတော့ နည်းနည်းမှ မကောင်းဘူး။ လုပ်စရာ ရှားလို့ သူလျှိုမှ လုပ်ရတယ်လို့”

“ထွီ” ဗိုလ်ကြီးအောင်သူက မျက်လုံးပြူးနဲ့ စားမတတ် ဝါးမတတ် စိုက်ကြည့်နေတယ်။ “ခင်ဗျားက မျက်စိကန်းနေတာ။ ကျုပ်က ဘယ်လိုလုပ်ပြီး မြွေပွေး ဖြစ်နိုင်မှာလဲ။ ချိုမာဗျ၊ ချိုမာ”

“ဪ ဪ၊ ဒါဆို ငါ့အတွက် အန္တရာယ် ရှိနေပါရောလား” ဦးဟန်ထွန်းက ကြောက်ချင်ယောင် ဆောင်ပြတယ်။ “မင်းသာ အပြစ်လွတ်သွားခဲ့ရင် ငါ ဒုက္ခရောက်သွားနိုင်တာပေါ့”

ဗိုလ်ကြီးအောင်သူက ခပ်တည်တည် ပြန်ပြောတယ်။ “ဒါကြောင့် ခင်ဗျား ကိုယ့်အတွက်ကိုယ် ကယ်ပေါက် ချန်ထားဖို့ မမေ့နဲ့”

ဦးဟန်ထွန်းက နှုတ်ခမ်းကို မဲ့ကာရွဲ့ကာ ပြုံးပြီး “ဟောဒါ ကျုပ်ရဲ့ ကယ်ပေါက်ပဲ” ဟုဆိုကာ ဗိုလ်ကြီးအောင်သူရဲ့ ရင်ဝတည့်တည့်ကို ဆောင့်ကန်ချလိုက်တယ်။ ဗိုလ်ကြီးခမျာ အွတ်ကနဲ အော်မြည်ပြီး ကြမ်းပြင်ပေါ် ခွေကျသွားတယ်။ ဘေးမှာ ရပ်နေတဲ့ ဗိုလ်ဝတုတ်တောင် လန့်ပြီး အနောက်ကို ခြေနှစ်လှမ်း ဆုတ်သွားလေရဲ့။

“စိတ်မကောင်းပါဘူး” ဦးဟန်ထွန်းက မဆီမဆိုင် ထပြောတယ်။ ဗိုလ်ကြီးအောင်သူကို ပြောတာလား၊ ဒါမှမဟုတ် ဗိုလ်ဝတုတ်ကို ပြောတာလား ဆိုတာတော့ သူမှပဲ သိလိမ့်မယ်။ သို့တည်းမဟုတ် အပေါ်ထပ်မှာ ရှိတဲ့ သူ့သခင် ဟိဟာရကို ပြောတာလည်း ဖြစ်နိုင်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ စောစောက အော်သံရဲ့ လားရာအရပ်နဲ့ အသံရဲ့ပြင်းအားကို ထည့်တွက်ကြည့်မယ်ဆိုရင် သူ့မာစတာရဲ့ နားထဲကို ရောက်သွားနိုင်တယ်လို့ ဦးဟန်ထွန်းက ယူဆမိတယ်။ ဟိုက သူ့ကို မဆူစေနဲ့လို့ ပြောထားတာဆိုတော့ သခင်ရဲ့အမိန့်ကို ဖီဆန်ရာ ရောက်နေတယ် မဟုတ်လား။ ဒါနဲ့ သူက ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းတစ်ထည်ကို ရှာပြီးသကာလ ဗိုလ်ဝတုတ်ရဲ့ အကူအညီနဲ့ ဗိုလ်ကြီးအောင်သူကို ခုတင်တိုင်မှာ ချည်ပြီး ပါးစပ်ကို ဆို့ထားလိုက်တယ်။

“နားထောင်စမ်း” ဦးဟန်ထွန်းက စကားမပြန်နိုင်တော့တဲ့ ဗိုလ်ကြီးအောင်သူကို ပြောတယ်။ “မင်း အရင်တုန်းက သူပုန်တွေကို ဘယ်လို နှိပ်စက်ခဲ့သလဲ။ ငါ ဒီနေ့ မင်းကို အဲဒီအတိုင်း လုပ်ပြမယ်။ မင်း တောင့်မခံနိုင်တော့လို့ အပြစ်ဝန်ခံဖို့ စိတ်ကူးရင် ငါ့ကို ခေါင်းသုံးခါ ညိတ်ပြ။ သဘောပေါက်တယ်နော်။ သုံးခါဆက်တိုက် ခေါင်းညိတ်ပြမှ မင်းကို စကားပြောခွင့်ပေးမယ်”

ဗိုလ်ကြီးက ဇွတ်ရော အတင်းပါ ရုန်းကန်လှုပ်ရှားနေတယ်။ ပါးစပ်ကလည်း ဝူးဝူးဝါးဝါးနဲ့။ ကြည့်ရတာ မအေနှမ ကိုင်တုတ်နေပုံပဲ။

ဦးဟန်ထွန်းက အေးစက်စက်အပြုံးနဲ့ ပြောတယ်။ “မင်း ဘာတွေ ပြောနေတယ်ဆိုတာ ငါသိတယ်။ ငါက ကျောက်ခဲတစ်လုံး မ,ပြီး ကိုယ့်ခြေထောက်ကိုယ် ထုနေတယ်လို့ ပြောနေတာ မဟုတ်လား။ မင်း အပြင် ပြန်ထွက်ခွင့်ရလို့ ရာထူးပြန်ရခဲ့ရင် ငါ့ကို ချေးစားခိုင်းမယ်လို့ ပြောနေတာ မဟုတ်လား။ ငါ မင်းကို ပြောပြမယ်။ အဲဒီတစ်နေ့က ဘယ်တော့မှ ရောက်လာမှာ မဟုတ်တော့ဘူး။ မင်းပဲ စဉ်းစားကြည့်ပေါ့ကွာ။ အဲဒီလို တစ်နေ့နေ့ တကယ် ရှိလာခဲ့ရင်၊ တစ်သောင်းပုံတစ်ပုံ ဖြစ်နိုင်ခြေ ရှိတယ်ပဲထားဦး။ ငါ အခုလို လုပ်ရဲပါ့မလား။ မလုပ်ရဲဘူး ငါ့ကောင်။ ငါ လုပ်ရဲတယ် ဆိုကတည်းက အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့သဘောပဲ။ မင်း ဗိုလ်မှူးပြောတာ မကြားလိုက်ဘူးလား။ မျက်ကန်းတစ်ယောက်က လက်နဲ့ စမ်းကြည့်ရင်တောင် မင်းမှန်း သိတယ်တဲ့။ ငါ မျက်ကန်း မဟုတ်ဘူးကွ။ အခု ကန်းနေတဲ့သူက မင်း။ အခုလို အခြေအနေမျိုး ရောက်နေတာတောင် ဝန်မခံသေးဘူး။ မင်းလုပ်တာနဲ့ ငါတို့တောင် လူကောင်းလုပ်ချင်နေလို့ မရတော့ဘူး။ ဟေ့ ဖက်တီး၊ ကျုပ်ပြောတာ ဟုတ်တယ်မလား။ ခင်ဗျားရော သူ့ကို ဒဏ်ခတ်ချင်ပါ့မလား။ ဘယ်လုပ်ချင်ပါ့မလဲ။ အားလုံးက ဒီလောက်တောင် ရင်းနှီးခဲ့ကြတာပဲဗျာ။ ဘယ်သူက လူမိုက်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် မင်းက ငါတို့ကို ဂိတ်ဆုံး တွန်းပို့နေတယ်။ နားလည်လား။ မင်း အတင်းတွန်းပို့လို့ ဖြစ်ရတာ။ အားလုံး မင်းကြောင့်ပဲ” ပြောပြီး ခါးက သေနတ်အိတ်ကို စမ်းတယ်။ သေနတ်ကို ဖြုတ်ပြီး ဗိုလ်ဝတုတ်ကို လှမ်းပေးလိုက်တယ်။ “ကဲ၊ စကြစို့”

တကယ် စကြတော့တာပဲ။

ပါးစပ်ကို ဆို့ထားပြီး အသံမထွက်အောင် လုပ်ထားပေမယ့် အပေါ်ထပ်က ဟိဟာရကတော့ အောက်ထပ်က အသံဗလံတွေကို ပြတ်တောင်းပြတ်တောင်း ကြားနေရသေးတယ်။ သေနတ်ဒင်နဲ့ ထုရိုက်နေတဲ့ အသံတွေ၊ သားရေခါးပတ်နဲ့ ဝတ္ထုအမာတစ်ခုခု (ခုတင်တိုင် သို့မဟုတ် နံရံ) ထိခိုက်လို့ မြည်တဲ့အသံတွေ၊ ဗိုလ်ကြီးအောင်သူရဲ့ ခပ်အုပ်အုပ် အော်သံတွေ၊ ဦးဟန်ထွန်းရဲ့ ကျိတ်မနိုင်ခဲမရ ဆဲဆိုသံတွေ၊ ဘာရယ်မှန်း ဝေခွဲမရတဲ့ အသံတွေ … ။ စိတ်တိုလွန်းနေလို့ပဲလား၊ ဒါမှမဟုတ် မနေ့ညက အရာရှိရိပ်သာမှာ သောက်စားပျော်ပါးထားလို့ ပင်ပန်းနေတာကြောင့်လားတော့ မပြောတတ်ဘူး။ ဟိဟာရတစ်ယောက် မျက်ခွံတွေလေး၊ ခေါင်းတွေမူးပြီး ခြေလက်တွေ လေးလံနေတယ်။ အစကတော့ တစ်ခဏလောက် အနားယူပြီးရင် အောက်ထပ်ဆင်းပြီး အခြေအနေ သွားကြည့်ဦးမယ်လို့ မှန်းထားတာပဲ။ နောက်တော့ အိပ်ချင်စိတ်က ခေါင်းထဲ တဟုန်ထိုး ထိုးတက်လာတာနဲ့ တခေါခေါ အိပ်ပျော်သွားတော့တယ်။ အောက်ထပ်က အသံတွေကြောင့် သူ တစ်ခါတစ်ခါ လန့်နိုးလာတတ်တယ်။ သူက အိပ်မှုန်စုံမွှားနဲ့ တွေးနေမိတယ်။ ဒီငနဲတွေက အကုန်လုံး တစ်ပုံစံတည်းချည်းပဲ။ သေမင်းကို မမြင်ရမချင်း ကြောက်ရကောင်းမှန်း မသိကြဘူး။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *