Show contents

(စ)

ဘာကို ကြည့်ရမှာလဲ။

ဦးဟန်ထွန်းက အကြံပေးတယ်။ သူတို့ရဲ့ စာလုံးတွေကို ကြည့်မယ်တဲ့။ ဆိုလိုတာက လက်ရေးတွေ။

အဲဒါက မဆိုးလှတဲ့ အကြံအစည်တစ်ခုပဲ။ ဟိဟာရလည်း စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့်တော့ကာ ပထမအချက်အနေနဲ့ သူ့အတွေ့အကြုံအရ ကြည့်မယ်ဆိုရင် တစ်ဖက်လူက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမယ် ဆိုပါကြစို့။ ဒါဆို လက်ရေးတိုက်စစ်တဲ့ ရလဒ်က ထိရောက်လာနိုင်စရာ အကြောင်းမရှိတော့ဘူး။ အခုချိန်မှာ တစ်ဖက်လူက ပလိုင်းထဲကဖား ဖြစ်နေပြီ။ သူတို့ကို ဟိုဟာ ကူးရေးပေးပါဦး၊ ဒီဟာ ကူးရေးပေးပါဦးနဲ့ သွားခိုင်းလိုက်ရင် သူတို့က သတိမထားဘဲ နေပါ့မလား။ သတိထားနေရင်ရော ထိရောက်နိုင်ပါ့မလား။ မထိရောက်နိုင်ဘူးလေ။ ဒုတိယအချက်ကတော့ ဟိဟာရက အဲဒါကို အလုပ်ရှုပ်တယ်လို့ မှတ်ယူထားတယ်။ လက်ပိုက်ကြည့်နေရုံပဲလေ။ အချိန်တန်ရင် နွားပိန်ကန်လိမ့်မပေါ့။ ဘာကြောင့် အလုပ်ရှုပ် ခံနေဦးမလဲ။

ဒါပေမယ့် လက်ရှိအနေအထားအရဆိုရင် တကယ်ကိုပဲ အဲဒီလောက် လွယ်မနေဘူး။ ခပ်ရှုပ်ရှုပ်ပဲ။ ကောင်းကောင်းမွန်မွန် ချော့တန်သလောက်လည်း ချော့ပြီးပြီ။ ပြင်းပြင်းထန်ထန် ခြောက်တန်သလောက်လည်း ခြောက်ပြီးပြီ။ ဝေ့လည်ကြောင်ပတ် ဖြီးသင့်သလောက်လည်း ဖြီးပြီးပြီ။ သို့ပေမယ့် ဘာရလဒ်မှ ထွက်မလာခဲ့ဘူး။ အပြစ်ဝန်ခံတဲ့လူ ပေါ်မလာသလိုပဲ လက်ညှိုးငေါက်ငေါက် ထိုးမယ့်သူလည်း ထွက်မလာခဲ့ဘူး။ ပစ်မှတ်တချို့ ရှိနေပြီ ဆိုပေမယ့် သံသယ ဝင်ရုံသက်သက်ပဲ ရှိသေးတယ်။ ဘာသက်သေသက္ကာယမှ လက်ဆုပ်လက်ကိုင် မပြနိုင်သေးဘူး။ အဲဒီလို အနေအထားမျိုးမှာ သက်သေအထောက်အထား ရနိုင်ဖို့အတွက်၊ ရေမြွေလား မြွေပွေးလား ကွဲကွဲပြားပြား သိနိုင်ဖို့အတွက် ဟိဟာရလည်း အလုပ်ရှုပ်တယ်လို့ ညည်းမနေနိုင်တော့ဘူး။ လက်ရေးတိုက်စစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ထင်မှတ်မထားဘဲ အဖြေထွက်သွားတော့လည်း ကောင်းတာပဲလို့ သူ တွေးတယ်။

ဘယ်လိုစစ်မလဲ။ ပေါ်တင်ကြီး တိုက်စစ်ရမှာလား။ ဘယ်ဖြစ်မလဲ။ အလောသုံးဆယ် မလုပ်ဖို့ ဟိဟာရက သူ့ကိုယ်သူ အမြဲ သတိပေးနေတတ်တယ်။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက် နှေးရမယ် မဟုတ်လား။ စိတ်လောနေရင် ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေ ကျဆင်းလာတတ်တယ်လေ။ ဟိဟာရလို ပညာတတ်လူကုံထံတစ်ယောက်က သူ့ကို ဘယ်လောက် ဉာဏ်ပညာ ကြီးမြတ်ပါပေတယ်လို့ ချီးကျူးခံရတာ သဘောအကျဆုံးပဲ။ ဒီလောက်တောင် တုံးရကောင်းလားဆိုတဲ့ စကားမျိုးနဲ့ ချို့ယွင်းချက်ကို ကိုင်ပြီး ပြစ်တင်ဝေဖန်ခံရမှာကို သူ အကြောက်ဆုံး။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်တဲ့။ ဘယ်အလုပ်ကိုမဆို အကောင်းဆုံး အသင့်လျော်ဆုံး နည်းလမ်းတစ်ခုကို ရွေးချယ်တတ်ရမယ် မဟုတ်လား။ လတ်တလောအချိန်မှာ အဲဒီလို နည်းလမ်းမျိုး မရှိဘူးပဲ ထားဦး။ ခဏနေကျရင် ရှိမလာနိုင်ဘူးလို့ ဆိုလိုရာမှ မရောက်တာ။ ဒီည မရှိဘူးဆိုရင်တောင်မှ မနက်ဖြန်လည်း မရှိနိုင်ဘူးလို့ မဆိုလိုဘူးလေ။ မတော် လမ်းထွက်လျှောက်၊ တစ်ရေးတစ်မောအိပ်၊ အိပ်မက်လေးတစ်ခုလောက် မက်ပြီးသွားရင် မရှိဘူးဆိုတဲ့ ပစ္စည်းက မရှိလောကထဲကနေ … ဗလာနယ်ကနေ … အမှောင်ထုထဲကနေ … ဘွားကနဲ ထွက်ပေါ်လာနိုင်တယ်။ ပဋ္ဌာန်းထဲမှာတောင် ‘မရှိ’ က ‘အရှိ’ ကို နတ္ထိပစ္စယေန ပစ္စယော – နတ္ထိပစ္စည်းနဲ့ အကျိုးပြုတယ်လို့ ဘုရားရှင်က ဟောထားသေးတာပဲ မဟုတ်လား။

ဦးဟန်ထွန်းရဲ့ သဘောအရဆိုရင် လက်ရေးတိုက်စစ်တဲ့ အလုပ်က အင်မတန်မှ လွယ်ကူတဲ့ ကိစ္စဆိုပဲ။ မြွေပွေးရဲ့ စာရွက်ပိုင်းလေးပေါ်မှာ ရေးထားတဲ့အတိုင်း တစ်ယောက်က ရွတ်ပြပြီး သူတို့ကို ချရေးခိုင်းလိုက်ရင် ပြီးပြီတဲ့။ ပြောတော့ အလွယ်သား။ အဲဒီလို လုပ်ခိုင်းလို့ လွယ်တော့ လွယ်တာပေါ့။ ဒါပေမယ့် လုပ်သလောက် အကျိုးရှိနိုင်ပါ့မလား။ ထိရောက်နိုင်ဖို့အတွက် ဟိဟာရက အစီအစဉ်ကို ရှုပ်ပွခတ်သွားအောင် လုပ်ပစ်လိုက်တယ်။ သူကိုယ်တိုင် ဦးနှောက်ပွင့်လုမတတ် စဉ်းစားလိုက်ရတာကို ထည့်မပြောတော့ဘူး။ ဦးဟန်ထွန်းနဲ့ ဗိုလ်လေးခမျာ အတော်လေးကို အီဆလံဝေသွားကြတယ်။ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းမှာတင်ကိုပဲ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေ ထုတ်သုံးရ၊ ဇောချွေးတွေပြန်အောင် စဉ်းစားရနဲ့ အင်မတန် မူးနောက်သွားကြတယ်။

ဘာလုပ်တာလဲ။

စာတစ်စောင် ဖန်တီးကြတာ။

ဟုတ်တယ်။ စာတစ်စောင် ဖန်တီးကြတာ။ ဦးနှောက်ပွင့်လုမတတ် စဉ်းစားလို့ ရလာတဲ့ ဟိဟာရရဲ့ အကြံအစည်က ဘာလဲဆိုတော့ အောင်မျိုးမြချို လေးယောက်ရဲ့ လေသံနဲ့ သူတို့ရဲ့ အိမ်သားတွေဆီကို စာတစ်စောင် ရေးပေးဖို့ပဲ။ စာထဲမှာ ပါတဲ့ အကြောင်းအရာက … အပြင်မှာ တာဝန်ကျနေလို့ သာကြောင်းမာကြောင်း အကြောင်းကြားတဲ့ သဘော။ စာလုံးရေ တစ်ရာပတ်ဝန်းကျင်လောက် ရေးကြရတယ်။

ဘာများ ခက်နေလို့လဲ။

ခက်တာက ဒီလိုလေ။ ပေးစာထဲ ထည့်ရေးတဲ့ စကားလုံးတွေထဲမှာ မြွေပွေးရဲ့ စာရွက်ပိုင်းထဲက စာလုံး ၂၁ လုံးကို မပါမဖြစ် ပါအောင် ထည့်ရေးရမယ်လို့ အတိအကျ တောင်းဆိုထားတယ်။ အတော် ခွကျတဲ့ ကိစ္စ၊ အတော် လက်ပေါက်ကပ်တဲ့ ကိစ္စပဲ။ ကံကောင်းချင်တော့ ဗိုလ်လေးကလည်း စောက်ချဉ် မဟုတ်ဘူး။ သူ့ရဲ့ တီထွင်ကြံဆနိုင်စွမ်းက ငမြောက်ငခြောက် မဟုတ်တာကြောင့် ပေးစာတွေရဲ့စံနှုန်းက အရည်အသွေး ပြည့်မီတယ်လို့ ပြောရတော့မယ်။ ပြီးတော့ အချိန်မီလည်း အလုပ်အပ်နိုင်ခဲ့တယ်။ ဟိဟာရက စာကို ဖတ်ကြည့်ပြီး အင်မတန် ကျေနပ်စွာနဲ့ အမှတ်ပြည့်တောင် ပေးလိုက်သေးတယ်။

ဒီစာတစ်စောင် ရှိလာပြီဆိုတော့ ဒီအလုပ်ကို လက်ရေးတိုက်စစ်မယ့် အလုပ်လို့ ခေါ်လို့ မရတော့ဘူး။ ဘယ်လို ခေါ်မလဲ။ သူ့မိသားစုတွေကို သာကြောင်းမာကြောင်း ရေးခိုင်းတဲ့ အလုပ်ပေါ့။ ဘာဖြစ်လို့ သူတို့ကို ကိုယ့်စိတ်ကြိုက် မရေးခိုင်းရတာလဲ။ ဒါကတော့ သူတို့ရေးတဲ့ စကားလုံးတွေထဲမှာ မသင့်တော်တဲ့၊ လျှို့ဝှက်ချက် ပေါက်ကြားစေမယ့် စကားလုံးတွေ ပါသွားနိုင်လို့ပေါ့။ ဟုတ်တယ်။ ဒါလည်း ဖြစ်လာနိုင်ခြေ ရှိတဲ့ ကိစ္စမျိုးပဲ။ ပြီးတော့ လူကို အရူးလုပ်နိုင်မယ့် ဗျူဟာတချို့ကို ထုတ်သုံးရမယ်။ ဒါမှ သူတို့တွေရဲ့ စိတ်ထဲမှာ ကြောက်စိတ်တွေ ဝင်လာအောင် လုပ်ပြီး ထုံထိုင်းသွားအောင် ကြောင်နနဖြစ်သွားအောင် လုပ်နိုင်မှာ။

အရူးလုပ်နိုင်မယ့် နည်းဗျူဟာက သုံးခု ရှိတယ်။ (၁) ခြုံခိုတိုက်ရမယ်။ သူတို့ကို ကြိုမပြောဘဲ လျှို့ဝှက်ထားရမယ်။ အောက်ကို ခေါ်ချလာပြီးမှ အကျိုးအကြောင်း ပြောပြရမယ်။ (၂) အထီးကျန်အောင် လုပ်ရမယ်။ သူတို့ လေးယောက်ကို တစ်ယောက်ချင်းစီပဲ အောက်ကို ဆင်းခိုင်းရမယ်။ ခိုကိုးရာမဲ့နေတဲ့ ခံစားမှုမျိုး ရအောင် ဖန်တီးပေးရမယ်။ (၃) နှုတ်တိုက် ချပေးရမယ်။ ဒါပေမယ့် အလွတ်ကျက်ထားတာမှန်း မသိသာအောင် တစ်လုံးချင်း စဉ်းစားပြီးမှ ပြောနေတဲ့ ပုံမျိုးနဲ့ ချပေးရမယ်။ အခုမှ ရုတ်တရက် တွေးမိလို့ ပြောနေတဲ့ပုံမျိုးပေါက်အောင် ဖန်တီးပေးရမယ်။

ဒီကိစ္စကို ဦးဆောင်ပြီး လုပ်ရမယ့်သူက ဗိုလ်လေးထွန်းမြင့်ပဲ။ နေရာကတော့ အစည်းအဝေးခန်းမထဲမှာ။ တစ်ယောက်ချင်းစီ ခေါ်ပြီး ဗိုလ်လေး ချပေးတဲ့အတိုင်း လိုက်ရေးခိုင်းတယ်။ ဒီလောက်နဲ့ ပြီးသွားပြီလို့ မထင်လိုက်နဲ့ဦး။ မပြီးသေးဘူး။ အခုမှ တစ်ဝက်ပဲ ရှိသေးတယ်။ စာရေးပြီးလို့ အစည်းအဝေးခန်းမထဲက ထွက်လာရင်တော့ ဧည့်ခန်းမှာ ရှိတဲ့ ဦးဟန်ထွန်းဆီကို သွားရဦးမယ်။ ဦးဟန်ထွန်းက မြွေပွေးရဲ့ စာရွက်ပိုင်းထဲက စကားလုံးတွေ (ကျားကြီးကိုပြော။ ၂၀၁ ရဲ့ လှုပ်ရှားမှု ပေါက်ကြား။ ညီလာခံရုပ်သိမ်းပါ။ မြွေပွေး) ကို စာရွက်ပေါ်မှာ သုံးခေါက်တိတိ ကူးရေးခိုင်းလိမ့်ဦးမယ်။ အခုလို ဘတစ်ပြန် ကျားတစ်ပြန်၊ ဗိုလ်လေးတစ်ပြန် ဦးဟန်ထွန်းတစ်ပြန်မှ ပွဲက ကြည့်လို့ကောင်းသွားမှာပေါ့။

အချိန်အပိုင်းအခြားအရ ပြောရင် မူရင်းစာရွက်ပေါ်က စာတွေကို သုံးခေါက် ကူးရေးလို့ ကြာသွားတဲ့ ကြာချိန်က ပေးစာတစ်စောင် ရေးတဲ့အချိန်နဲ့ ဘာမှ ကွာခြားမှု မရှိဘူး။ ဒါကြောင့် အဝင်အထွက် တိုင်မင်က အထစ်အငေါ့ ရှိမလာနိုင်တော့ဘူး။ ဆိုလိုတာက … လူတစ်ယောက် အောက်ထပ်ကို ဆင်းလာပြီး အရင်ဆုံး အစည်းအဝေးခန်းမထဲကို ဝင်လို့ ဗိုလ်လေး ခိုင်းတဲ့အတိုင်း စာတစ်စောင် ချရေးရမယ်။ အဲဒါပြီးရင် မူရင်းစာကို ကူးရေးဖို့အတွက် ဧည့်ခန်းကို သွားရမယ်။ အဲဒီအချိန်မှာပဲ ဒုတိယလူက အစည်းအဝေးခန်းမထဲမှာ စာတစ်စောင် ထိုင်ရေးရမယ်။ … အဲဒီတဒင်္ဂအတွင်းမှာတော့ အောင်မျိုးမြချိုတို့ လေးယောက် အောက်ဆင်းအပေါ်တက်၊ ဝင်လိုက်ထွက်လိုက်၊ စာရေးစာကူးနဲ့ တိုက်ထဲမှာ အတော်အတန် မျက်စိနောက်စရာ ဖြစ်သွားခဲ့တယ်။

အဲဒီကာလအတွင်းမှာ ဗိုလ်မှူးမောင်ကိုလည်း ရောက်လာလို့ ပိုလို့တောင် စည်ကားသွားသေးတယ်။ သူက ဟိဟာရဆီကို ကြေးနန်းသတင်းတစ်စောင် လာပို့ပေးတာပါ။ ဒီနှစ်ရက်အတွင်းမှာ သတင်းဆက်သွယ်ရေးတပ်ရင်းနဲ့ ရန်ကုန်ကြေးနန်းရုံးနဲ့က အတော်ကို အလုပ်များနေကြတယ်။ မနေ့ကဆိုရင် တစ်ရက်တည်းနဲ့ ကြေးနန်း ၆ စောင်တောင် ရောက်လာတယ်။ အကုန်လုံးက ဖိုးစီရဲ့ လှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ကြေးနန်းတွေချည်းပဲ။ လွန်ခဲ့တဲ့ တစ်နာရီလောက်က ဗိုလ်မှူးက ညစာစားပြီးလို့ အလုပ်အားနေတာနဲ့ ကြေးနန်းဌာနကို ရောက်သွားခဲ့တယ်။ တိုက်ဆိုင်ချင်တော့ အခန့်သင့်ပဲ အရေးပေါ် သံကြိုးတစ်စောင် ရောက်နေတာနဲ့ သွားကြုံတယ်။ အကြောင်းအရာက ဒီလို။

အရေးပေါ်။

ဖိုးစီ ထောက်ကြံ့ရောက်၊ ဒီညပဲ ပဲခူးရောက်မယ် ခန့်မှန်း။ အစီအစဉ်အတိုင်း စနစ်တကျ ဆောင်ရွက်ပါ။ စိတ်လိုက်မာန်ပါ ဘာမှ လျှောက်မလုပ်ပါနဲ့။

ဟိဟာရက သံကြိုးကိုဖတ်ပြီး အချိန်တွက်ကြည့်တယ်။ ဖိုးစီက ပုသိမ်ကနေ တစ်ရက်စောပြီး ထွက်လာလို့ မနေ့က ဟင်္သာတကို ရောက်ဟန်တူတယ်။ သူ ဟင်္သာတမှာသာ တစ်ညနားလိုက်ရင် ဒီမနက်ကို ဘယ်လိုမှ ထောက်ကြံ့ရောက်နိုင်စရာ အကြောင်းမရှိဘူး။ ဗိုလ်မှူးက သူလည်း အဲဒီလို တွက်ဆမိကြောင်း ပြောတယ်။ ဒါကြောင့် ဒီကို လာခါနီးမှာ မြို့အဝင်လမ်းတွေကို ရဲကင်းတွေ အပြည့်ချပြီး စောင့်ခိုင်းထားသတဲ့။

“စောင့်ခိုင်းပြီး ဘာလုပ်မလို့တုံး” ဟိဟာရက ပြောတယ်။ “သူ့ကို မြင်ဖူးတာလည်း မဟုတ်ဘဲနဲ့” ရယ်ပြီး ဆက်ပြောတယ်။ “သူ့ကို မြင်ဖူးလည်း ဘာမှ လုပ်လို့မရဘူး။ ကျုပ်တို့ သူ့ကို အခုချိန် ဖမ်းလို့ မဖြစ်သေးဘူး။ သူ့ကို မဖမ်းရဘူးလို့ ခင်ဗျား အမိန့်ပေးထားတယ် မဟုတ်လား”

“အမိန့်ပေးထားပါတယ်။ ပေးထားပါတယ်” ဗိုလ်မှူးက အမြန် ခေါင်းညိတ်ပြလိုက်ရတယ်။

“လာပါစေဗျာ” ဟိဟာရက စောစောက ရထားတဲ့ လက်ရေးစက္ကူတွေကို ညီညီ ပြန်စီနေရင်း ပြောတယ်။ “လာတော့ ကောင်းတာပေါ့။ ကျုပ်က သူ မလာမှာကို စိုးရိမ်နေတာ။ သူ ရောက်လာတယ်ဆိုတော့ သဘောက ဒီမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို သူ မသိသေးလို့ပဲပေါ့။ ငါးမျှားချိတ်ကို လာဟပ်ပြီ ဆိုမှတော့ ဗိုလ်မှူးအနေနဲ့ ဓားသွေးထားဖို့ပဲ လိုတော့တယ်။ လတ်တလောအချိန်မှာ ကျုပ်တို့ ဘာမှ လုပ်နေဖို့ မလိုသေးဘူး။ သူတို့ရဲ့ ဆုံရပ်၊ xxx စားသောက်ဆိုင်ကိုသာ မျက်ခြေမပြတ်စေနဲ့။ အဲဒီပိုက်ကွန်ထဲ ဝင်လာပြီဆိုမှ သူတို့ တစ်အုပ်တစ်မကြီးကို ဆွဲစားလိုက်ရုံပဲ။ စိတ်သာချ၊ အဲဒီအချိန်ကျရင် သူတို့အကုန်လုံးကို ခင်ဗျား မြင်ရစေ့မယ်။ ဒီဟာကလေးတွေက ဘယ်သူ မြွေပွေးလဲ ဆိုတာကို ဖော်ပြပေးနိုင်သလိုပေါ့”

ဟိဟာရ ပြောတဲ့ ‘ဒီဟာကလေးတွေ’ ဆိုတာက အောင်မျိုးမြချို လေးယောက်ရဲ့ လက်ရေးတွေကို ဆိုလိုတာ။ အခုချိန်မှာ အကုန်လုံး စုထားပြီးပြီမို့ ဖတ်ရှုမယ့်သူကို စောင့်မျှော်နေရှာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဗိုလ်မှူးက ရောက်လာတာဆိုတော့ ဟိဟာရက အတူစစ်ဆေးပေးဖို့ သူ့ကိုလည်း ဖိတ်ခေါ်လိုက်တယ်။ သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ အာရုံစူးစိုက်မှုတွေကို အပြည့်အဝ အသုံးချပြီး မြွေပွေးရဲ့ ညာတာပါတေးလုပ်တာ မခံရလေအောင် အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။

အရည်အချင်း ပြည့်ဝတဲ့ သင်တန်းဆင်းတစ်ယောက် ဖြစ်ရုံတင်မကဘဲ အတွေ့အကြုံ ရင့်ကျက်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးသမားတစ်ယောက် ဖြစ်တာနဲ့အညီ ဟိဟာရဟာ လက်ရေးလက်သားတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း နားလည်သဘောပေါက်တယ်။ လက်ရေးလက်သားက လက်ဗွေလိုပဲဆိုတာကို သူ သိတယ်။ လူတစ်ယောက်ချင်းစီရဲ့ စာလုံးပုံသဏ္ဌာန်နဲ့ မင်ရာက မတူညီကြဘူး။ ဒါပေမယ့် တစ်ဘက်က ကြည့်ပြန်တော့ လက်ရေးက လက်ဗွေရာလို့ မဟုတ်ဘူး။ လက်ဗွေရာဆိုတာမျိုးက ဘယ်တော့မှ မပြောင်းလဲတတ်ဘူး။ အရေပြားကို လှီးထုတ်ပစ်လိုက်ရင်တောင် အသစ်ပြန်ထွက်လာတဲ့ လက်ဗွေက အရင်ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးပစ်ဖို့တောင် မလွယ်ဘူး။ ဒါပေမယ့် လက်ရေးကျတော့ ပြောင်းလဲလို့ ရတယ်။ ဘယ်လောက်ပြောင်းပြောင်း၊ ပင်ကိုဟန်ကိုတော့ ဖျောက်မရဘူး ဆိုပေမယ့် အဲဒီပင်ကိုဟန်ကို နှိုက်ထုတ်နိုင်ဖို့ရာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ အထူးသဖြင့် လက်ရေးလက်သားကို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ထားတဲ့ လက်ရေးဝိဇ္ဇာတွေဆိုရင် စစ်ဆေးသူကို မူးနောက်ပြာဝေအောင် အလွယ်တကူ လှည့်စားပစ်နိုင်ကြတယ်။

ဒါပေမယ့် ဒီနေ့ သူတို့နှစ်ယောက်ရဲ့ကံက အင်မတန်မှ ကောင်းနေတယ်။ ဗိုလ်မှူးက တိုက်စစ်နေတာ ဒုတိယမြောက် စာရွက်ပဲ ရှိသေးတယ်။ ဝမ်းသာအားရနဲ့ ထအော်ပါလေရော။ “မာစတာ၊ တွေ့ပြီ။ ဒီမှာကြည့်”

ဟိဟာရက တစ်ချက် စွေကြည့်လိုက်ရုံနဲ့ ဗိုလ်မှူးရဲ့ စကားကို သဘောတူလိုက်ပြီး ပြုံးပျော်သွားတယ်။

နောက်တော့ သူတို့နှစ်ယောက်စလုံးက အဲဒီစာရွက်ကိုပဲ သည်းသည်းမဲမဲ ကြည့်ရင်း စာလုံး တစ်လုံးချင်းစီတိုင်းကို စေ့စေ့စပ်စပ် တိုက်စစ်နေတော့တယ်။ တစ်လုံးတိုက်စစ်ပြီးတိုင်းမှာ ဗိုလ်မှူးက တစ်ကြိမ် ထအော်တယ်။ “ဟုတ်တယ်။ သူပဲ” တဲ့။

ဟိဟာရက ပါးစပ်ကနေ အော်မပြောသလို စိတ်ထဲမှာလည်း အော်ပြောမနေဘူး။ သူ့အတွက် အင်မတန်မှ နားလည်ရခက်နေတယ်။ မြွေပွေးက ဒီလိုနဲ့ပဲ ကိုယ်ထင်ပြရောတဲ့လား။ ပြီးတော့ … ပိုပြီး နားလည်ရ ခက်နေတဲ့အချက်က အဲဒါ ချိုမာရဲ့ လက်ရေး မဟုတ်ဘူး။ မြသန္တာလည်း မဟုတ်ဘူး။

ဘယ်သူလဲ။

ဗိုလ်ကြီးအောင်သူဗျ။

ပိုပြီး စေ့စပ်သေချာအောင် ဆိုတဲ့ သဘောလားတော့ မဆိုနိုင်ဘူး။ ဒါမှမဟုတ် ထင်မှတ်မထားတဲ့ အံ့အားသင့်မှုမျိုးကို သူများကိုလည်း မျှဝေခံစားချင်လို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဟိဟာရက ဦးဟန်ထွန်းနဲ့ ဗိုလ်လေးတို့ နှစ်ယောက်စလုံးကို ခေါ်ပြီး တိုက်စစ်ခိုင်းလိုက်တယ်။ ကြိုတင်ပြီး အသိမပေး၊ ကြိုတင်ပြီး အရိပ်အမြွက် ပြောပြမထားတဲ့ အခြေအနေအတွင်းမှာ သူတို့ တွေ့ရှိခဲ့တဲ့ အဖြေရလဒ်ကလည်း အံ့ဩဖို့ကောင်းလောက်အောင် တစ်ထပ်တည်း ကျနေတယ်။

ဦးဟန်ထွန်းက ပြောတယ်။ “သူပဲ ဖြစ်ရမယ်”

ဗိုလ်လေးက ပြောတယ်။ “သူပဲ ဆိုတာ သေချာတယ်”

ဟိဟာရက ဗိုလ်မှူးကို လှမ်းကြည့်လိုက်တယ်။ “ဒီလိုဆိုရင်တော့ သူပဲပေါ့”

ဗိုလ်မှူးက မျက်နှာကို တည်လိုက်ပြီး အော်ပြောလိုက်တယ်။ “အဲဒီကောင်ကို ဆွဲခေါ်လာခဲ့စမ်း”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *