ကိုလွင်ဆိုတာ ဘယ်သူပါလိမ့်။ မြသန္တာက သူ့ကို ဘာကြောင့် အရေးတကြီး တွေ့ချင်နေရတာလဲ။ အကြောင်းရှိလို့ ဆိုတာတော့ ဟုတ်ပါရဲ့။ အကြောင်းက ရိုးရိုးလား၊ ဆန်းဆန်းလား။ ဟိဟာရက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း နက်နက်နဲနဲ တွေးဆနေတယ်။ တစ်ခဏလောက် အကြာမှာ သူက နောက်ပြန်လှည့်လာပြီး တပ်သားလေးကို အမိန့်ပေးတယ်။ “မင်း သူ့ကို သွားပြော။ ဖုန်းဆက်ပြီးသွားပြီ။ ဖုန်းကိုင်မယ့်သူ မရှိဘူးလို့”
တပ်သားလေးက ထွက်သွားတော့မလို့ လုပ်နေတုန်းမှာပဲ သူက ထပ်ဖြည့်ပြောတယ်။ “မှတ်ထားနော်။ နောက်လည်း အဲဒီလိုပဲ။ သူက မင်းကို နောက်တစ်ခါ ဖုန်းဆက်ခိုင်းရင် ဒီကို လာအကြောင်းကြားလှည့်။ ပြန်ရောက်ရင် ဖုန်းကိုင်မယ့်သူ မရှိဘူးလို့ပဲ သူ့ကို ပြန်ပြောရမယ်”
တပ်သားလေး ထွက်သွားပြီးတဲ့နောက်မှာ ဟိဟာရက မြသန္တာနဲ့ ဗိုလ်လေးတို့ ပြောခဲ့ကြတဲ့ စကားပြောမှတ်တမ်းကို ယူကြည့်တယ်။ ဖတ်ပြီးသွားတော့ ဦးဟန်ထွန်းကို မေးတယ်။ “ခင်ဗျား ဘယ်လို မြင်လဲ”
ဦးဟန်ထွန်းရဲ့ အဖြေကို မစောင့်ဘဲ သူက ဆက်ပြောတယ်။ “ကျုပ် အခုချိန်မှာ မြသန္တာနှစ်ယောက်ကို မြင်နေရတယ်။ တစ်ယောက်က ဂုဏ်မောက်ပြီး အနိုင်ကျင့်တတ်တဲ့ မာနကြီးတဲ့ မိန်းမရိုင်းလေးတစ်ယောက်။ သူ့အဖေရဲ့ ရာထူးဂုဏ်ရှိန်ကြောင့် ဘာကိုမှ ထီမထင်တော့ဘူး။ နောက်တစ်ယောက်ကတော့ အတွေ့အကြုံ ရင့်တဲ့ ရဲစွမ်းသတ္တိရှိတဲ့ မြွေပွေးပဲ။ ရူးချင်ယောင်ဆောင်ပြီး ခင်ဗျားကို လှည့်ဖြားဖို့ ကြိုးစားနေတာ။ သူ့ရဲ့ အကွက်က သာမန်မဟုတ်တဲ့ ရဲတင်းတဲ့ လှည့်ကွက်မျိုးပဲ”
စကားတွေက မြင့်လွန်းအားကြီးတော့ ဦးဟန်ထွန်းခမျာ ကလယ်ကလယ်နဲ့ အလိုက်အထိုက် ပြောဖို့တောင် မစွမ်းနိုင်ရှာဘူး။
ဟိဟာရက ရှင်းပြတယ်။ “သူက သတ္တိရှိရှိနဲ့ သူ့ကိုယ်သူ မြွေပွေးလို့ အမောက်ထောင်ပြနေပြီ မဟုတ်လား။ စောစောတုန်းကတော့ သူက ကကျည်ကကြောင် လုပ်နေတယ်၊ ဂျီတိုက်နေတယ်လို့ ကျုပ်တို့ အထင်ရောက်ခဲ့ကြတာလေ။ ဒါပေမယ့် ကျုပ်တို့ ရှုထောင့်တစ်မျိုးကနေ ပြောင်းစဉ်းစားကြည့်ရအောင်။ တကယ်လို့ သူသာ မြွေပွေးအစစ် ဖြစ်နေတယ် ဆိုရင်ကော။ သူက အခု ဖုန်းဆက်ပေးပါလို့ တပ်သားကို ပြောလာတယ် မဟုတ်လား။ ဒါက တစ်ဘက်လှည့်နဲ့ သူ့ကိုယ်သူ မြွေပွေးလို့ အသိပေးလိုက်တာပဲ။ ထောင်ထားတဲ့ မြှုံးထဲကို တည့်တည့်ကြီး တိုးဝင်လာတာပဲ။ သိပ်ကို အတင့်ရဲတဲ့ တိုက်ကွက်နဲ့ တည့်တည့် ရင်ဆိုင်လိုက်တာပဲ။ အဲဒါ သိပ်ကို ပညာသားပါတယ်။ ခင်ဗျားလည်း ကြားဖူးမှာပေါ့ဗျာ။ ရှာမတွေ့စေချင်တဲ့ ပစ္စည်းကို လူမြင်ကွင်းမှာ ပေါ်တင်ထားရတယ်တဲ့။ ပုံပြင်တစ်ပုဒ် ရှိတယ်လေ။ သူခိုးတစ်ယောက်က သူဌေးကြီးတစ်ယောက်ရဲ့ အိမ်ကို ဝင်ခိုးသတဲ့။ ဒါပေမယ့် သေတ္တာတွေလှန်၊ ဗီဒိုတွေမွှေ၊ အသည်းအသန်ရှာပေမယ့် အဖိုးတန် ရတနာတွေကို ဘယ်မှာမှ ရှာမတွေ့ဘူး။ ဘယ်ရှာတွေ့မလဲ။ သူဌေးကြီးက အဲဒီရတနာတွေကို ဖွက်ထားတာမှ မဟုတ်တာ။ သူက ထုပ်တန်းမှာ ဆွဲထားတဲ့ ငရုတ်သီးတွဲ၊ ကြက်သွန်တွဲတွေနဲ့ တွဲထားတာလေ။ အဲဒါကို အုန်းပင်စိုက်တွေးနည်းလို့ ခေါ်တယ်။ သူပုန်တွေရဲ့ နည်းပရိယာယ်တစ်မျိုးပဲ။ ထူးခြားလွန်းလို့ ဘယ်သူမှ သတိမထားမိကြဘူး။ ထူးခြားလွန်းလို့ မျက်စိလျှမ်းသွားကြတယ်”
ဦးဟန်ထွန်းက သူ့သခင်ရဲ့ မျက်လုံးတွေ အရောင်တဖိတ်ဖိတ် တောက်နေတာ၊ စကားလုံး အမြင့်ကြီးတွေ ပြောနေတာ၊ အင်မတန်မှ ဈာန်ဝင်စားနေတာကို မြင်ရတော့ မဆီမဆိုင် သူပါ ရောယောင်ပြီး ဝမ်းမြောက်ကြည်နူးနေတယ်။ ကြည်နူးလွန်းအားကြီးလို့ သူ့ခေါင်းထဲမှာ ဖားဖို့ စကားကလွဲပြီး ဘာမှ ထွက်မလာနိုင်တော့ဘူး။ ဒီတော့ သခင် သဘောကျနိုင်မယ့် စကားမျိုးကလွဲလို့ ဘာမှ ပြောမထွက်တော့ဘူးပေါ့။ “စောစောတုန်းက တပ်ကြပ်ကြီးမျိုးဇော်ကလည်း သူ့ကို သူလျှိုလို့ ပြောတယ်”
ဟိဟာရက ပြန်ပြောတယ်။ “တပ်ကြပ်ကြီးမျိုးဇော်ရဲ့ စကားက သိပ်ပြီး ယုံကြည်စိတ်ချလို့ ရတာ မဟုတ်ဘူး။ ဒါပေမယ့် အခုလို အပြင်ဘက်နဲ့ အလောတကြီး ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အပေါ်မှာတော့ အဲဒီကိစ္စကို အလေးထား စဉ်းစားမှ ဖြစ်မယ်။ လက်ရှိပြဿနာက ဘာလဲဆိုတော့ ကျုပ်တို့ရဲ့ သံသယကို သက်သေပြနိုင်မယ့် အင်မတန် ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု ကျုပ်တို့ ရှာထုတ်နိုင်ဖို့ပဲ”
သူက ဦးဟန်ထွန်းကို ကိုလွင်ဆီ ချက်ချင်း ဖုန်းဆက်ခိုင်းတယ်။ “ခင်ဗျား သူ့ကို ပြောလိုက်။ မြသန္တာက အခု အလုပ်ကိစ္စနဲ့ ရှုပ်နေတာကြောင့် အပြင်မထွက်နိုင်သေးဘူး။ သူ့ကို ပစ္စည်းပေးစရာ ရှိလို့ ခင်ဗျားကို အကူအညီ တောင်းထားတာကြောင့် ခင်ဗျား သူ့ကို တွေ့ချင်တယ်လို့ပြော”
ဒါနဲ့ ပေးထားတဲ့ ဖုန်းနံပါတ်အတိုင်း ကိုလွင်ဆီ ခေါ်လိုက်တယ်။
တကယ်ပဲ ကိုလွင်ဆိုတဲ့ လူတစ်ယောက် ရှိနေတယ်။
ကိုလွင်က သတင်းကြားရတော့ အဲဒါကို ထောင်ချောက်လို့ ထင်မထားဘူး။ အတော်ကြီး ပျော်သွားတယ်။ ဖုန်းထဲမှာ သူ့အသံက ပျော်နေလိုက်တာများ ဖုန်းနဲ့ လေးငါးပေ အကွာလောက်မှာ ရှိနေတဲ့ ဟိဟာရတောင် ရိပ်စားမိနေတယ်။ ဒါနဲ့ တွေ့ဆုံဖို့ အချိန်နဲ့ နေရာကို သတ်မှတ်လိုက်ကြတယ်။ အချိန်ကတော့ မြန်လေ ကောင်းလေပေါ့။ ချက်ချင်းပဲ လှုပ်ရှားဖို့ စိတ်ကူးလိုက်တယ်။ နေရာကလား။ သူ့အိမ်ဆိုရင် အကောင်းဆုံးပဲပေါ့။ လူသာ ပြေးချင် ပြေးလို့ရမယ်။ အိမ်ကတော့ ပြေးမရဘူး မဟုတ်လား။
အခု အဓိက စဉ်းစားရမယ့် မေးခွန်းက … ဘာပစ္စည်းကို သယ်သွားပေးရမှာလဲ။ ပစ္စည်းက သိပ်အရေးကြီးလွန်းတဲ့ ပစ္စည်း မဖြစ်ရဘူး။ ဒါပေမယ့် မြသန္တာနဲ့ ကိုလွင်ရဲ့ ဇာတိမှန်ကို ဖော်ထုတ်ပေးနိုင်ရမယ်။ ဟိဟာရက တွေးတယ်။ တကယ်လို့သာ မြသန္တာက မြွေပွေး အမှန်တကယ် ဖြစ်နေခဲ့ရင် ကိုလွင်ကလည်း နောက်ထပ် မြွေပွေးတစ်ကောင် ဖြစ်နေဖို့ များတယ်။ မြွေပွေးနဲ့ ဆက်ဆံရတဲ့ အပေါ်လူ ဒါမှမဟုတ် အောက်လူပဲ ဖြစ်ရမယ်ပေါ့။ မြသန္တာက အဲဒီလိုလူကို အရေးတကြီး တွေ့ချင်ရတဲ့ ရည်ရွယ်ချက်က သတင်းပေးဖို့ပဲ ဖြစ်မှာ သေချာသလောက်ပဲ။ အဲဒီအတိုင်းသာ မှန်မယ်ဆိုရင်တော့ ဟိဟာရက စာရွက်ပိုင်းတစ်ပိုင်း ထည့်ထားတဲ့ ပစ္စည်းတစ်ခုကို ဖန်တီးရမယ်။ ပြီးတော့ မြွေပွေး နာမည်ကို သုံးပြီး ကိုလွင်ကို တစ်နေရာမှာ ပစ္စည်းသွားယူဖို့ အကြောင်းကြားရလိမ့်မယ်။
ပစ္စည်းကို တောင်ရွေးမြောက်ရွေးနဲ့ နောက်ဆုံးတော့ ဟိဟာရက ရန်ကုန်ကနေ ယူလာတဲ့ ပဲမုန့်ကိုပဲ ရွေးချယ်လိုက်တယ်။ ဂျပ်စက္ကူဘူးနဲ့ သပ်သပ်ရပ်ရပ်ပဲ။ စာရွက်ပိုင်းလေးကိုတော့ ပဲမုန့်တစ်ခုရဲ့ အတွင်းထဲကို ကတ်သီးကတ်ဖဲ့ ထိုးထည့်လိုက်ကြတယ်။ မတော်တဆတော့ ဘယ်လိုမှ တွေ့နိုင်စရာ အကြောင်းမရှိဘူး။ တမင် ရှာယူမှပဲ တွေ့ရတော့မှာ။ တကယ်လို့သာ မြသန္တာက မြွေပွေး ဖြစ်နေမယ်၊ ပြီးတော့ သူတို့နှစ်ယောက်က ရဲဘော်ရဲဘက်တွေဆိုရင် ကိုလွင်က ပစ္စည်းကို လက်ခံရပြီးတဲ့နောက်မှာ အဲဒီစာရွက်ကို မရှာဘဲ နေမှာ မဟုတ်ဘူးလို့ ဟိဟာရက ယူဆတယ်။ နောက်ပြီး မတွေ့ဘဲလည်း နေမှာ မဟုတ်ဘူးလေ။ ဒါဆို အချိန်းအချက်အတိုင်း သတ်မှတ်ထားတဲ့ နေရာကို ပစ္စည်းသွားရှာမှာ အသေအချာပဲ။
အစစအရာရာ ပြင်ဆင်ပြီးတဲ့နောက် ဦးဟန်ထွန်း ထွက်ခွာသွားတယ်။