Show contents

(ဂ)

မျက်နှာချင်းဆိုင်က တိုက်ထဲမှာ အူမြူးဝမ်းမြောက်နေပေမယ့်လို့ ဒီဘက်မှာတော့ ပတ်ဝန်းကျင်လေထုက သေချင်စော်နံနေတယ်။ ဗိုလ်ကြီးအောင်သူ ဝုန်းဒိုင်းကျဲပြီး ထွက်ခွာသွားတော့ တပ်ကြပ်ကြီးမျိုးဇော်က လေးလံတဲ့ ခြေလှမ်းတွေနဲ့ ရောက်ချလာတယ်။

တပ်ကြပ်ကြီးမျိုးဇော်က ဝက်မျက်နှာနဲ့လူ၊ ကုတ်ကတိုတို၊ ပါးစပ်ကပြဲပြဲ၊ မျက်လုံးကမှေးမှေး၊ နှာခေါင်းကလန်လန်၊ ဗိုက်ကရွှဲရွှဲ၊ တကယ့်ကို ဘီယာဗိုက်။ အပြင်ပန်းကြည့်ပြီး ပြောကြေးဆိုရင်တော့ သူက တကယ့်ကို ဝက်တစ်ကောင်သာသာပဲ။ ဒါပေမယ့် စိန်ကဲကျောက်ကဲထက် လူကဲခတ်ရတာ ပိုခက်တယ်လို့ အဆိုရှိတယ် မဟုတ်လား။ ဒီတော့ ရုပ်ရည်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သာမန်ကာလျှံကာ မသတ်မှတ်လိုက်တာပဲ ပိုကောင်းပါလိမ့်မယ်။ ဒီလူတွေထဲမှာတော့ သူက အသက်အားဖြင့် အကြီးဆုံးပဲ။ အဲဒီခေတ်လူ့သက်တမ်းနဲ့တွက်ရင် သေခါနီးအရွယ်လို့တောင် ပြောလို့ ရနေပြီ။ လုပ်ငန်းအတွေ့အကြုံပိုင်းမှာလည်း သူက ဝါအရင့်ဆုံး။ သူတို့ဌာနထဲမှာ သမ္ဘာအရင့်ဆုံး ပုဂ္ဂိုလ်လို့တောင် ပြောနိုင်တယ်။ ပုံမှန်အားဖြင့်တော့ သူက အရှုပ်အရှင်းကင်းတယ်။ ပြဿနာအများစုကို ပါးပါးနပ်နပ်နဲ့ ရှောင်ရှားတတ်တဲ့ လူစားမျိုးပဲ။ ဒါကြောင့် အထက်လူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကိုဆိုရင် သိပ်ပြီး တွန်းတွန်းတိုက်တိုက် မလုပ်တတ်ကြတာ သဘာဝကျပါတယ်။ သူက ဘယ်သူ့ကိုမဆို အလိုက်အထိုက် ဖားရင်ဖား၊ မဖားရင်လည်း မြှောက်ပြောဖို့ ဝန်လေးတဲ့သူ မဟုတ်ဘူး။ သူက ဝက်ဖြစ်နေရတာကို အတော်လေး အသားကျနေပြီလား မဆိုနိုင်ဘူး။ အစည်းဝေးခန်းထဲ ရောက်ပြီဆိုတာနဲ့ ဗိုလ်လေးကို တအီအီ ညည်းပြနေသံတွေ ဟိဟာရတို့ ကြားလိုက်ကြရတယ်။

တပ်ကြပ်ကြီး – အောင်မလေးဗျာ။ ဘယ်ဘဝက ဝဋ်ကြွေးတွေလည်း မသိပါဘူး။ ဒီလိုပြဿနာမျိုးနဲ့ လာကြုံနေရတာ အတော်ကို ကံဆိုးတာပဲ။ ကျွန်တော့်ထိုင်ခုံလည်း မမြဲတော့ဘူး ထင်ပါတယ်ဗျာ။

ဗိုလ်လေး – အဲဒီလိုလည်း ပြောလို့ မရသေးပါဘူး။ တကယ်လို့ ဆရာကြီးက မြွေပွေးကို အမှောင်ထဲကနေ ကော်ထုတ်ပေးနိုင်ခဲ့ရင် ရာထူးတောင် တက်ချင် တက်နေဦးမှာ။

တပ်ကြပ်ကြီး – ဗိုလ်လေးရာ၊ ကျွန်တော် မေးပါရစေဦး။ ဘယ်သူက မြွေပွေးလဲဆိုတာကို အခုထိ ခင်ဗျားတို့ သဲလွန်စ မရကြသေးဘူးလား။

ဗိုလ်လေး – အဲဒါကို ကျွန်တော်က မေးရမှာလေဗျာ။

တပ်ကြပ်ကြီး – အောင်မလေးဗျာ။ ကျွန်တော်က … ဗိုလ်လေးတို့လို အဆက်အသွယ် ကောင်းတာမှ မဟုတ်တာ။ ဗိုလ်လေးတို့လို အဝေးကြီး ဘယ်မြင်နိုင်ပါ့မလဲ။

ဗိုလ်လေး – ဆရာကြီး၊ ခင်ဗျား မှားနေပြီဗျ။ အခုဟာက အဝေးကြီး မြင်စရာ မလိုဘူး။ ရှင်းရှင်းလင်းလင်း မြင်ဖို့ပဲ လိုတာ။ စုစုပေါင်း လေးယောက် ရှိတယ်ဗျာ။ တစ်ယောက်ကတော့ ခင်ဗျားကိုယ်တိုင်ပေါ့။ နှစ်ယောက်က ခင်ဗျားရဲ့ လက်အောက်က။ ဒီတော့ ခင်ဗျားနဲ့ကျွန်တော် ဘယ်သူက ပိုမြင်နိုင်မယ် ထင်လဲ။ ဘယ်သူ့အမြင်က ပိုရှင်းမယ် ထင်လဲ။

တပ်ကြပ်ကြီး – အောင်မလေး၊ ဗိုလ်လေးရယ်။ ဗိုလ်လေးက ကျွန်တော်ကိုတောင် မယုံကြည်တော့ဘူးပေါ့။

ဗိုလ်လေး – ဆရာကြီးရေ၊ ခင်ဗျားကို ကျွန်တော် မယုံကြည်တာ မဟုတ်ပါဘူး။ အရှိအရှိအတိုင်း ပြောပြရတာပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့တာဝန် ကိုယ့်တာဝန် ဆိုတာ ရှိကြစမြဲပဲ မဟုတ်လား။

တပ်ကြပ်ကြီး – အဲဒါ ခက်နေတာပေါ့၊ ဗိုလ်လေးရယ်။ မိုးကြိုးပစ်ရပါစေရဲ့ဗျာ။ ကျွန်တော့်စိတ်ထဲမှာသာ တရားခံကို ဘယ်သူဘယ်ဝါမှန်း ရိပ်စားမိနေရင် ကျွန်တော် ဗိုလ်လေးတို့ကို ဖွင့်မပြောဘဲ ဘယ်နေပါ့မလဲ။ ခက်တာက …

သူ အားရပါးရ ခေါင်းခါလိုက်တဲ့ အသံကိုတောင် ဟိဟာရ ကြားလိုက်ရတယ်။

ခေါင်းခါတယ် ဆိုတာက ဘာမှ မတတ်နိုင်လို့၊ အပြစ်မရှိလို့၊ စိတ်သောက ရောက်နေလို့၊ ဗိုလ်လေးရဲ့ မေးခွန်း (ဘယ်သူက မြွေပွေးလဲ) အတွက် ပြောစရာ စကားမရှိလို့။ သူ့ဦးနှောက်ခွံကြီးထဲ ဟာလာဟင်းလင်း ဖြစ်နေတယ်။ မျက်နှာက မချိတင်ကဲ ပြုံးနေတာမျိုး မဟုတ်ဘူးဆိုရင် အင်းအဲအင်းအဲနဲ့ ဘာမှ ပြန်မပြောတော့ဘူး။ ဘာမှ မတုံ့ပြန်တော့ဘူး။ မတုံ့ပြန်ဘူး ဆိုတာကလည်း သိလျက်နဲ့ တမင် ဖုံးကွယ်ထားတာမျိုး မဟုတ်ပြန်ဘူး။ မသိလို့ကို မတုံ့ပြန်နိုင်တဲ့ အဖြစ်မျိုး။ နောက်တော့ သူ့မျက်နှာက ငိုမဲ့မဲ့တောင် ဖြစ်လာတယ်။ သူ့အတွင်းစိတ်မှာ ဖြစ်ပေါ်နေတဲ့ မသိမှု၊ ခိုကိုးရာမဲ့မှုနဲ့ မလုပ်တတ်မကိုင်တတ် ဖြစ်နေမှုတွေကို ထင်ဟပ်ပြလိုက်တာ ဖြစ်မယ်။ အပါးတော်မြဲကများ သူ့ကို သနားလာမလားပေါ့။ သူ့ကို ကူညီပေးလာမလားပေါ့။ သူ့ကို ဒီဒုက္ခပင်လယ်ထဲကနေ ကယ်ထုတ်ပေးနိုင်မလားပေါ့။

အမှန်အတိုင်းပြောရရင် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဗိုလ်လေးပဲ ဖြစ်ဖြစ်၊ အသံဖမ်းစက်ရဲ့ အခြားတစ်ဖက်စွန်းမှာ ရှိနေတဲ့ ဦးဟန်ထွန်းပဲ ဖြစ်ဖြစ်၊ ငိုငိုမဲ့မဲ့ ဖြစ်နေတဲ့ သူ့ရဲ့ မျက်နှာအမူအရာနဲ့ စကားသံကို မြင်ရကြားရတော့ သူ့ကို မြွေပွေး မဟုတ်ပါစေနဲ့လို့ စိတ်ထဲကနေ တိတ်တဆိတ် မျှော်လင့်နေမိကြတယ်။ သူ့ကို ဒီဒုက္ခတောထဲကနေ လွတ်မြောက်သွားပါစေလို့လည်း ဆုတောင်းပေးမိပါရဲ့။ ဒါပေမယ့် လွတ်မြောက်ချင်သပဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မြွေပွေးပါလို့ ဝန်ခံချင် ဝန်ခံလိုက်။ အဲဒီလိုမှမဟုတ်ရင်လည်း ကျန်တဲ့ လူသုံးယောက်ထဲက တစ်ယောက်ယောက်ကို လက်ညှိုးထိုးနိုင်မှ ဖြစ်မယ်။ ရမ်းသန်းပြီး စွပ်စွဲတာမျိုး ဖြစ်ချင်ဖြစ်နေပါစေပေါ့။ အဲဒါ ဟိဟာရ သတ်မှတ်ထားတဲ့ နည်းဥပဒေသပဲ။ ဒါကြောင့် နောက်ဆုံးမှာ ဗိုလ်လေးက သူ့ကို အခုလို ပြောလိုက်တယ်။

“ဒီလိုလုပ်ဗျာ။ ဆရာကြီး၊ သုံးယောက်ထဲက တစ်ယောက်ရွေးဗျာ။ တစ်ယောက် ရွေးပေးလိုက်ရင် ရပြီ”

ဒါ သူ့ကို သနားစာနာရာ ရောက်သွားပြီ။

အခုလို အခြေအနေမျိုးမှာ ဆုပ်လည်းစူး၊ စားလည်းရူးမို့ တပ်ကြပ်ကြီးက မြသန္တာကို ရွေးချယ်လိုက်တယ်။ အကြောင်းပြချက်က ဘာလဲဆိုတော့ အရင်က မြသန္တာရဲ့ ပြောစကားတွေထဲမှာ အနီဆန်တဲ့ စကားလုံးတွေ ပါလာတတ်ပြီး ရုံးပြင်ထွက်ခွင့်ရတဲ့ အကြိမ်အရေအတွက်က အတော်လေး များနေလို့ပါတဲ့။

ဗိုလ်လေးက သူ့ကို ဒီထက်ပိုပြီး အသေးစိတ်ပြောဖို့ တောင်းဆိုတယ်။ အချိန်၊ နေရာ၊ အကြောင်းအရာ … ။ တပ်ကြပ်ကြီးမျိုးဇော်က ဦးခေါင်းကို တဗျင်းဗျင်း မြည်အောင် ကုတ်ပြီး အသည်းအသန် စဉ်းစားလိုက်တယ်။ နောက်တော့ ထစ်အထစ်အနဲ့ ပြောလာတယ်။

တပ်ထဲက လူပျိုလူလွတ်တွေက ပုံမှန်အားဖြင့် တပ်အပြင်ကို ထွက်ခွင့်မရှိဘူးလို့ စည်းကမ်းသတ်မှတ်ထားပေမယ့် သူက အမြဲတမ်းလိုလို တစ်ယောက်တည်း ထွက်ထွက်သွားတတ်တယ်။

တစ်ခါတလေ သူ ပြောတဲ့ စကားတွေက ကျွန်တော်တောင် နားမထောင်ရဲဘူး။ မတော်တဆ နားထောင်မိရင်လည်း ကျောချမ်းသွားတယ် …

သူက ရုံးခန်းထဲမှာတောင် နိပွန်းတပ်မတော်ကို ဆဲနေတတ်တယ်။ နိပွန်းတပ်မတော်က တပ်သားတွေကို ဂျပန်ငပုတွေ ဘာညာနဲ့ တခြား အဆဲပေါင်းစုံနဲ့ မိုးမွှန်အောင် ဆဲနေတတ်တယ် …

သူက အလုပ်ကိုလည်း စိတ်ပါလက်ပါ မလုပ်ဘူး။ မနှစ်ကဆိုရင် သူက သူပုန်သတင်းပါတဲ့ ကြေးနန်းတစ်စောင်ကို လက်ထဲကိုင်ထားပြီး အချိန်ဆွဲနေလို့ ဒုက္ခရောက်ဖို့ တည်းတည်းလေးပဲ လိုတော့တယ် …

တကယ်လို့သာ သူက ကွန်မြူနစ်သူပုန်ဆိုရင် အတော်ကို ကြောက်စရာကောင်းမှာပဲ။ သူက သူ့အဖေနဲ့လိုက်ပြီး ရန်ကုန်မှာ ရာထူးကြီးကြီးတွေနဲ့ တွေ့ဆုံတတ်တယ်။ ကြားရသလောက်ဆိုရင် အဓိပတိ ဒေါက်တာဘမော်ရဲ့ အိမ်တော်ကိုတောင် သူ ရောက်ဖူးတယ်တဲ့ …

ပြောနေတဲ့သူတော့ မသိဘူး။ နားထောင်နေရတဲ့ သူတောင် အတော် ပင်ပင်ပန်းပန်း နားထောင်ယူနေရတယ်လို့ ဟိဟာရ ခံစားနေရတယ်။ ခွေးအကြီး လှည်းနင်းခံထားရသလို အထစ်ထစ် အငေါ့ငေါ့၊ ပြီးတော့ ပွစိပွစိနဲ့ တောင်စဉ်ရေမရ လျှောက်ပြောနေလိုက်တာများ အပြစ်ပေးခံရတာကို မကျေနပ်လို့ မြည်တွန်တောက်တီးနေတဲ့ ကလေးတစ်ယောက်ကျနေတာပဲ။ ပြောနေတဲ့ စကားတွေကလည်း အခုတစ်မျိုး တော်ကြာတစ်မျိုး၊ အရူးစကား နားထောင်နေရသလို ဟိုရောက်ဒီရောက်နဲ့။ အချုပ်ပြောရရင်တော့ သူ ဘာကို ပြောချင်လို့ ပြောချင်နေမှန်းကို မသိတော့တဲ့အဆုံးမှာ ဟိဟာရလည်း ရယ်ရယ်မောမောနဲ့ ပစ်ထားလိုက်ရတော့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *