ဒီသံကြိုးစာကို တပ်ကြပ်ကြီး ပထမဆုံးအကြိမ် ဖတ်ခဲ့ရတာက မနေ့မွန်းလွဲ ၃ နာရီကျော်ကျော်လောက်က။ သံကြိုးကို နှစ်နာရီခွဲလောက်က လက်ခံရခဲ့တယ်။ အဲဒီတုန်းက ဝှက်စာဖော်တဲ့ အခန်းထဲမှာ တာဝန်ကျနေတဲ့သူက မြသန္တာပါ။ သံကြိုးက အရေးပေါ်အဆင့် ဖြစ်နေတာကြောင့် သူက အချိန်ဆိုင်းမနေတော့ဘဲ ချက်ချင်း စာဖော်ဖို့ လုပ်ဆောင်လိုက်တယ်။ ဒါပေမယ့် စာတွေက ဘယ်လိုမှ ဖော်လို့ မရဘူး။ ဖော်လိုက်တဲ့ စကားလုံးတွေကလည်း အဓိပ္ပာယ်မရှိတဲ့ ဖရိုဖရဲ စကားစုတွေ ဖြစ်နေတယ်။ သူ အတော်လေး အံ့ဩသွားတယ်။ တော်တော်လည်း စိတ်လောနေပြီ။ ဒါနဲ့ ချိုမာကို သွားရှာပြီး အကူအညီ တောင်းရတော့တယ်။ ချိုမာက ဒီကြေးနန်းရုံးမှာ လုပ်သက်ရင့်နေပြီဆိုတော့ အတွေ့အကြုံကလည်း မသေးတော့ဘူးလေ။ အောက်လက်က ဝန်ထမ်းငယ်လေးတွေ ကြေးနန်းဝှက်စာ ဖော်လို့ မရဘူးဆိုရင် သူ့ဆီ ရောက်လာကြတာချည်းပဲ။ သူက မူရင်းသံကြိုးကို ကြည့်ပြီးနောက် မြသန္တာ ဖော်ထားတဲ့ ဖရိုဖရဲ စကားစုတွေကို ကြည့်လိုက်ပြန်တယ်။ ဒါက ဝှက်စာကို ထပ်ဆင့် ဝှက်စာခံထားတဲ့ သံကြိုးပဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကြေးနန်းဝှက်စာကို ဖော်ပြီးတဲ့နောက်မှာ မြသန္တာက လုပ်ရိုးလုပ်စဉ်အတိုင်း တပ်ကြပ်ကြီးဆီ အစီရင်ခံလိုက်တယ်။ သူကမှတစ်ဆင့် ဗိုလ်မှူးမောင်ကိုဆီ ရောက်သွားတယ်။ ဆိုတော့ … အဲဒီသံကြိုးက ဗိုလ်မှူးဆီ မရောက်ခင်မှာ လူသုံးယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့တယ်။ တပ်ကြပ်ကြီးရယ်၊ ချိုမာရယ်၊ မြသန္တာရယ်။ အဲဒီအချက်ကို သူတို့သုံးယောက်စလုံးက အစည်းအဝေးမှာ မငြင်းမဆိုဘဲ ဝန်ခံခဲ့ကြတယ်။
ဒီမှာ မေးစရာ မေးခွန်းတစ်ခု ရှိလာတယ်။ ဗိုလ်မှူးက မျိုးမြချို သုံးယောက်ကို မေးတယ်။ အဲဒီသံကြိုးကို ဝှက်စာဖော်ပြီးတဲ့ အချိန်ကစပြီး မနေ့ညကအချိန်ထိ သံကြိုးထဲက အကြောင်းအရာတွေကို တခြား စတုတ္ထမြောက်လူ တစ်ယောက်ယောက်ကို ပြောဖြစ်ခဲ့သေးသလား။ တကယ်တော့ အဲဒီမေးခွန်းကို ဗိုလ်မှူးက မနေ့ညကြီးသန်းခေါင် ဖုန်းဆက်တုန်းကလည်း သူတို့ကို သွယ်ဝိုက်ပြီး မေးခဲ့ပြီးသားပါ။ အခုတစ်ကြိမ် ထပ်မေးတဲ့အခါမှာတော့ ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ လေသံပြတ်ပြတ်နဲ့ တဲ့တိုးပဲ မေးလိုက်တော့တယ်။ ဒီတစ်ခါမှာတော့ သူတို့ဆီကနေ စစ်ချက် ယူနေတဲ့သဘော သက်ရောက်သွားတယ်။ မကွယ်မဝှက်ဘဲ ပွင့်ပွင့်လင်းလင်း ဖြေဆိုစေချင်တဲ့ သဘောပဲ။
တပ်ကြပ်ကြီးက ကျိန်ပြီးတောင် ပြောရဲပါသတဲ့။
မြသန္တာကလည်း ခပ်ပြတ်ပြတ်ပဲ ဟင့်အင်းလို့ ငြင်းလိုက်တယ်။
အဲ … ချိုမာကတော့ ဗိုလ်ကြီးအောင်သူကို ကြည့်ပြီး တွန့်ဆုတ်တဲ့လေသံနဲ့ ပြောလာတယ်။ “စိတ်တော့ မရှိပါနဲ့၊ ဗိုလ်ကြီး။ ကျွန်မ အမှန်အတိုင်း ပြောမှပဲ ဖြစ်တော့မှာမို့လို့ပါ”
ဘာအဓိပ္ပာယ်ပါလိမ့်။
ချိုမာက ပြောတယ်။ အဲဒီကိစ္စကို ဗိုလ်ကြီးအောင်သူကို ပြောပြခဲ့ဖူးတယ်တဲ့။
ဗိုလ်မှူးက သတိထားမိတယ်။ သူတို့ သုံးယောက်ရဲ့ ပြောစကားတွေက မနေ့ညက ပြောခဲ့တာတွေနဲ့ ဆိုလိုရင်း အဓိပ္ပာယ်အရ ဘာမှ ကွဲလွဲတာ မရှိဘူး။ သူတို့ရဲ့ လေသံတွေက ပိုပြီး ပြတ်သားလာတာပဲ ရှိတယ်။
ထင်မထားတဲ့ အချက်က ချိုမာရဲ့စကား ဆုံးသွားပြီ ဆိုတာနဲ့ ဗိုလ်ကြီးအောင်သူက စပရိန်နဲ့ ကန်ထုတ်ခံလိုက်ရသလို ဆတ်ကနဲ မတ်တတ်ထရပ်လိုက်တယ်။ ပြီးတော့ ချိုမာကို ငါနဲ့ကိုင်တုတ်ပြီး ဆဲတော့တာပဲ။ “ငါ-ိုးပဲ၊ နင် ဘယ်တုန်းက ငါ့ကို အဲဒီအကြောင်း ပြောခဲ့ဖူးလို့လဲ”
ဒါနဲ့ ဗိုလ်မှူးက ချိုမာကို မျက်နှာချင်းဆိုင် ဒဲ့ရှင်းဖို့ တောင်းဆိုလိုက်တယ်။ သူက ဗိုလ်ကြီးကို ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ၊ ဘယ်လို အကြောင်းအရင်းကြောင့် ပြောပြရတယ် ဆိုတာကို ရှင်းပြတယ်။ ပြီးတော့ တခြားမျက်မြင်သက်သေ ရှိမရှိ ဆိုတာကိုရောပေါ့။
ချိုမာရဲ့ အပြောက ဒီလိုပါ။ မနေ့ညနေ သူတို့ ကြေးနန်းဝှက်စာကို ဖော်ပြီးသွားတော့ မြသန္တာက ရုံးခန်းထဲမှာ အထက်လူကြီးဆီကို အစီရင်ခံဖို့ သံကြိုးကို အချောပြန်ကူးနေတယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ကြီးအောင်သူက ရုံးခန်းထဲ ဝင်လာပြီး စာရွက်စာတမ်းတစ်စောင်ကို လာရှာတယ်။ အခုဟာက အရေးပေါ်ကြေးနန်း ဖြစ်တာကြောင့် စည်းကမ်းအရဆိုရင် အပြင်လူကို ပေးသိပိုင်ခွင့် မရှိဘူးလေ။ ဒါကြောင့် ချိုမာက ဗိုလ်ကြီး ဝင်လာတာကို မြင်လိုက်တဲ့အခါမှာ သူ မြင်သွားမှာ စိုးလို့ ကြေးနန်းစာရွက်ကို သတင်းစာနဲ့ အုပ်ထားလိုက်တယ်။
ချိုမာက ပြောတယ်။ “အဲဒါကြောင့် ဗိုလ်ကြီးအောင်သူက အတော် စိတ်ဝင်စားသွားတာ ဖြစ်မယ် ထင်တယ်။ သူက မြသန္တာကို မေးတယ်။ ဘာစာ ရေးနေတာမို့ ဒီလောက်တောင် လျှို့ဝှက်လွန်းနေရတာလဲပေါ့။ မြသန္တာက နောက်သလို ပြောင်သလိုနဲ့ ပြန်ဖြေလိုက်တယ်။ ဗိုလ်ကြီးရယ် သွားပါတော့။ ကျွန်မ ဒီမှာ အရေးကြီးတဲ့ ကြေးနန်းတစ်စောင် ကူးရေးနေတာပါတဲ့။ ဗိုလ်ကြီးကလည်း ရယ်ရယ်မောမောနဲ့ ပြန်ပြောတယ်။ မသွားဘူးဗျာ။ ကြည့်တော့ ဘာဖြစ်သေးလဲ တဲ့။ မြသန္တာက ပြောတယ်။ ဗိုလ်မှူးမှ ကြည့်ဖို့ အခွင့်အာဏာ ရှိတာလေ။ ရှင်ကြည့်ချင်သပ ဆိုရင် ဗိုလ်မှူးဖြစ်အောင် အရင် ကြိုးစားပေါ့ တဲ့။ ဗိုလ်ကြီးက ပြောတယ်။ ဗိုလ်မှူးဖြစ်မှဆိုရင် အဲဒီစာရွက်လည်း ဆွေးနေရောပေါ့ တဲ့။ … သူတို့နှစ်ယောက်က အဲဒီလို တစ်ယောက်တစ်ခွန်း ပြောနေကြတာ တော်တော်ကြာတယ်။ ဘာရယ်မဟုတ်ပါဘူး။ နောက်ပြောင်နေကြတာပေါ့။ နောက်တော့ ဗိုလ်ကြီးက သူ့ကိစ္စသူ လုပ်ပြီး ပြန်ထွက်သွားခါနီးမှာ ကျွန်မကို ကိစ္စတစ်ခု ပြောစရာ ရှိတယ် ဆိုတာနဲ့ သူ့ကို ကျွန်မရုံးခန်းထဲ ခေါ်သွားလိုက်တယ် …”
ဗိုလ်ကြီးအောင်သူက ဆတ်ကနဲ ကုန်းထပြီး နောက်တစ်ကြိမ် ထပ်ဆဲပြန်ပါရော။ “စောက်ရေးမပါတာ။ ငါ နင့်ရုံးခန်းထဲကို ဘယ်တုန်းက ဝင်ခဲ့ဖူးလို့လဲ”
ဗိုလ်မှူးက သူ့ကို ပြန်ထိုင်ခိုင်းလိုက်တယ်။ “သူ့ကို အရင် ပြောပါစေဦး။ မင်းအလှည့်ရောက်မှ မင်း ပြောပေါ့”
ချိုမာက ဆက်ပြောတယ်။ လေသံက ဖြည်းဖြည်းမှန်မှန်ပဲ။ အသံက ကြည်လင်ပြတ်သားနေတယ်။ “ရုံးခန်းထဲရောက်တော့ သူက ကျွန်မကို အရေးကြီးတဲ့ ကြေးနန်းတစ်စောင် ရထားတာ တကယ် ဟုတ်မဟုတ် မေးတယ်။ ကျွန်မက ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်တယ်။ သူက ကျွန်မကို ဘာအကြောင်းအရာလဲလို့ မေးလာတယ်။ ပြောလို့ မဖြစ်ဘူးလို့ ကျွန်မ သူ့ကို ပြန်ပြောလိုက်တယ်။ ရာထူးခန့်ထားရေးကိစ္စနဲ့ ပတ်သက်တဲ့ စာလားလို့ ကျွန်မကို ထပ်မေးတယ်။ မဟုတ်ဘူးလို့ ဖြေလိုက်တယ်။ သူက ဟိုဟာလား၊ ဒီဟာလား ဆိုပြီး မေးခွန်းတွေ ထပ်မေးနေသေးတယ်။ စည်းကမ်းအရ မပြောသင့်ဘူး ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ဗိုလ်ကြီးအောင်သူရဲ့ ပင်မတာဝန်က သူပုန်တွေကို ဖမ်းတဲ့အလုပ်ဆိုတော့ ကြေးနန်းထဲပါတဲ့ အကြောင်းအရာကို သူ အနှေးနဲ့အမြန်ဆိုသလို တစ်ချိန်ချိန် သိသွားနိုင်တာပဲဆိုပြီး ကျွန်မ သူ့ကို ပြောပြလိုက်တယ်”
ဗိုလ်ကြီးအောင်သူက နောက်တစ်ကြိမ် လှုပ်လှုပ်ရွရွ ဖြစ်လာပြန်လို့ ဗိုလ်မှူးက မျက်နှာထားနဲ့ သူ့ကို ပြန်ဖိထားရတယ်။
ဗိုလ်မှူးက မြသန္တာကို မေးတယ်။ ချိုမာ ပြောခဲ့တာတွေက အမှန်တွေလားပေါ့။ မြသန္တာက ပြောတယ်။ ချိုမာရဲ့ အရှေ့ပိုင်းစကားတွေက အမှန်တွေချည်းပဲ။ ဗိုလ်ကြီးက အဲဒီအချိန်တုန်းက သူ့ရုံးခန်းထဲကို တကယ်ပဲ ရောက်လာခဲ့တယ်။ သူ့ဆီကနေ သံကြိုးစာအကြောင်း အစ်အောက်နေတာလည်း အမှန်ပဲ။ သူကလည်း ချိုမာပြောတဲ့အတိုင်း ငြင်းဆန်ခဲ့တယ်။ နောက်တော့ ချိုမာက တကယ်ပဲ ဗိုလ်ကြီးအောင်သူနဲ့ သူ့ ရုံးခန်းထဲကနေ အတူတကွ ထွက်သွားခဲ့တယ်။
“သူတို့ အခန်းထဲက ထွက်သွားပြီးတဲ့နောက်ပိုင်း ဗိုလ်ကြီးက ဌာနမှူးရုံးခန်းထဲကို လိုက်သွားမသွား ဆိုတာကတော့ …” မြသန္တာက ခေါင်းခါရင်း ပြောတယ်။ “ကျွန်မလည်း မပြောတတ်ဘူး။ ကျွန်မရဲ့ မျက်စိက နတ်မျက်စိမှ မဟုတ်ဘဲ။ အခန်းပြင်က အဖြစ်အပျက်တွေကို ဘယ်လိုလုပ်ပြီး မြင်နိုင်ပါ့မလဲ။ နောက်ပြီး အဲဒီအချိန်တုန်းက ကျွန်မမှာ အဲဒီလို စပ်စုချင်တဲ့ စိတ်လည်း ဘယ်လိုလုပ်ပြီး ရှိနေနိုင်ပါ့မလဲ။ စာတွေကို အချိန်မီအောင် ကူးရေးနေရတာနဲ့တင် ပျာတောက်နေပြီ။ အဲ … ဒီနေ့လို အခြေအနေမျိုး ဖြစ်လာမယ်မှန်း ကြိုသိထားရင်တော့ ခဏလောက် ထကြည့်လို့လည်း ဖြစ်တာပေါ့လေ …”
မြသန္တာရဲ့ ပါးစပ်က ဆီသုတ်ထားတဲ့အတိုင်း လွယ်လွယ်နဲ့ ရပ်လို့ ရမယ့်ပုံ မပေါ်တော့ဘူး။ ဒါနဲ့ ဗိုလ်မှူးက သူ့ကို တစ်ချက်ဟန့်လိုက်ရတယ်။ “ကဲ ကဲ၊ တော်ပြီ။ ကျုပ် သဘောပေါက်ပြီ” ချက်ချင်းပဲ ချိုမာဘက်လှည့်ပြီး မေးခွန်းထုတ်လိုက်တယ်။ “သူက နင့်ရဲ့ ရုံးခန်းထဲကို လိုက်ဝင်ခဲ့တယ်လို့ နင်ပြောတယ်နော်။ အဲဒါကို ဘယ်သူတွေ့လိုက်သေးလဲ”
“ဒါတော့ ကျွန်မလည်း မသိဘူး” ချိုမာက ပြောတယ်။ “အဲဒီတုန်းက ကျွန်မရဲ့ ရုံးခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ အပြင်ဘက်လျှောက်လမ်းပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့လည်း သတိမထားမိဘူး”
“ကဲ … မင်း ပြောလို့ရပြီ” ဗိုလ်မှူးက ဗိုလ်ကြီးအောင်သူဘက် လှည့်လိုက်တယ်။ “မင်းက သူ့ရုံးခန်းထဲကို မဝင်ခဲ့ပါဘူးလို့ ငြင်းနေတယ်။ ဒီတော့ ဘယ်သူက မင်းအတွက် သက်သေခံပေးနိုင်မလဲ”
“အဲ …” ဗိုလ်ကြီးအောင်သူ ဘာဖြေရမှန်း မသိတော့ဘူး။ သူ့မှာ သက်သေအထောက်အထားမှ မရှိဘဲ။ ဘုရားစူးရပါစေရဲ့၊ မိုးကြိုးပစ်ခံရပါစေရဲ့ ဆိုတဲ့ ကျိန်စာတွေပဲ သူ့မှာ ရှိနေတယ်။
ဗိုလ်မှူးက သူ့ကျိန်စာတွေ နားငြီးလာတာနဲ့ စားပွဲကို တဒုံးဒုံးထုပြီး သူ့ကို ရပ်ခိုင်းလိုက်တယ်။
“သူက မင်းကို လိုက်ဝင်ခဲ့တယ်လို့ ပြောတယ်။ မင်းက မဝင်ပါဘူးလို့ ငြင်းတယ်။ ကျုပ်က ဘယ်သူ့ကို ယုံရမှာလဲ။ သက်သေအထောက်အထား မရှိဘဲ ပြောစကားကို ဘယ်လိုလုပ်ပြီး အတည်ယူရမလဲ” ခဏလောက် ရပ်တန့်သွားပြီးတော့ ဗိုလ်မှူးက ထပ်ဖြည့်လိုက်ပြန်တယ်။ “အတည်ယူလည်း ကိစ္စတော့ မရှိပါဘူး။ တကယ်တမ်းကျတော့ ရုံးခန်းထဲ ဝင်တော့ရော ဘာအရေးလဲ။ သံကြိုးရဲ့ အတွင်းစာသားကို သိသွားတော့လည်း ဘာမှ မဖြစ်ပါဘူး။ ပြဿနာက အဲဒါ မဟုတ်ဘူး။ ဟုတ်တယ်မလား၊ မာစတာ။ အခြေအနေကို အကြမ်းသဘောလောက်တော့ နားလည်သွားပြီ ထင်တယ်”
ဟိဟာရက ပြုံးပြီး ခေါင်းညိတ်ပြတယ်။
“အဓိကပြဿနာက ဘာလဲဆိုတော့ …” ဗိုလ်မှူးက သူ့သားရေအိတ်ထဲကနေ စီးကရက်ဗူးတစ်ဗူး ဆွဲထုတ်ပြီး ဟိဟာရကို လှမ်းပေးလိုက်တယ်။ “မာစတာ ကြည့်ကြည့်ပါ။ အဲဒါ သူပုန်တစ်ယောက်ရဲ့ လက်ထဲကနေ ဦးဟန်ထွန်း ရထားခဲ့တာပါ။ အထဲမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတယ်”
စီးကရက်ဗူးထဲမှာ ဆေးလိပ် ၁၀ လိပ်ကျော်ကျော်လောက် ရှိတယ်။ ဟိဟာရက ဆေးလိပ်တွေအကုန်လုံးကို သွန်ချပစ်လိုက်တယ်။ နောက်ဆုံးမှာ ခပ်တုတ်တုတ် ဆေးလိပ်တစ်လိပ် ခုန်ထွက်လာတယ်။ ဟိဟာရက အဲဒီ ခပ်တုတ်တုတ်ဆေးလိပ်ကို ကောက်ယူပြီး စူးစိုက်ကြည့်နေတယ်။ ပြီးတော့ စာခွေထဲက စာချွန်လွှာကို ဆွဲထုတ်နေတဲ့အလား လက်ချောင်းလေးတွေနဲ့ ဆေးလိပ်ကို ညှစ်လိုက်၊ ဆွဲလိုက်၊ လိမ်လိုက်၊ လှည့်လိုက် လုပ်နေလိုက်တာ နောက်ဆုံးတော့ စာလိပ်လေးတစ်လိပ်က ဆေးလိပ်ထဲကနေ ဖြည်းဖြည်းချင်း ပြူထွက်လာတယ်။
လက်စသတ်တော့ ဒီဆေးလိပ်ထဲက ဆေးသားတွေကို ဖယ်ထုတ်ပြီး အထဲမှာ စက္ကူလိပ်လေးတစ်လိပ် ထိုးထည့်ထားတာကိုး။
ဟိဟာရက တအံ့တဩ ဖြစ်သွားသလို ဟန်မျိုးနဲ့ အားကနဲ အာမေဍိတ်ပြုပြီး စကားဆိုတယ်။ “တကယ့်ကို လျှို့ဝှက်ချက်ကြီးပါလား”
သူက စက္ကူလိပ်ကို ဖြန့်ပြီး အားလုံးကြားအောင် အသံစာစာနဲ့ ရွတ်ဆိုလိုက်တယ်။ “ကျားကြီးကိုပြော။ ၂၀၁ ရဲ့ လှုပ်ရှားမှု ပေါက်ကြား။ ညီလာခံရုပ်သိမ်းပါ။ – မြွေပွေး”
ရွတ်ဆိုပြီးတော့ ဟိဟာရက ဗိုလ်မှူးကို ခေါင်းထောင်ကြည့်တယ်။ “ဒါကရော နောက်ထပ် ဝှက်စာတစ်စောင်ပဲလား”
ဗိုလ်မှူးက ဝမ်းသာအားရ လေသံနဲ့ ပြောတယ်။ “ဒီဝှက်စာကိုတော့ ကျွန်တော်မျိုး ဖော်နိုင်ပါတယ်။ စာထဲမှာ ပါတဲ့ ကျားကြီးဆိုတာက ပဲခူးမြို့ထဲမှာ နေတဲ့ ကွန်မြူနစ်သူပုန် ထွန်းကျော်ကို ပြောတာ။ သူက မြေအောက်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဒီနှစ်လအတွင်းမှာ ကျွန်တော်မျိုးတို့ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တယ်။ သူက အင်မတန်မှ ဉာဏ်နီဉာဏ်နက် များလွန်းတာကြောင့် ခဏခဏ လွတ်လွတ်သွားတယ်”
“မလွတ်ဘဲ နေမလား” ဟိဟာရက ပြောတယ်။ “မြွေပွေးကို ခင်ဗျားတို့က ခါးပိုက်ပိုက်ထားမှကိုး။ အသုံးမကျဘူး ဆိုတဲ့ကောင်တောင် လွယ်လွယ်နဲ့ လွတ်သွားနိုင်သေးတယ်”
“ဟုတ်ပါတယ်၊ မာစတာ” ဗိုလ်မှူးက ရို့ကျိုးတဲ့ဟန်ပန်နဲ့ ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဆက်ပြောတယ်။ “၂၀၁ ဆိုတာက သခင်စိုးကို ရည်ညွှန်းတာပါ။ သူတို့က ကွန်မြူနစ်ခေါင်းဆောင်တွေကို နံပါတ်တပ်ထားကြတယ်။ ဟား ဟား၊ ငမြောက်ငခြောက်တွေ တွေ့ကြတာကိုများ ညီလာခံတဲ့။ ရာရာစစ၊ လျှာလည်း ဝဲစွဲနေပါဦးမယ်”
ဟိဟာရက ပြုံးပြီး မှတ်ချက်ချလိုက်တယ်။ “အတော်ဟုတ်တဲ့ မြွေပွေးပဲ” ခေါင်းမော့လိုက်ပြီးတော့ အင်မတန်မှ ကြင်နာကရုဏာပွားတဲ့ မျက်နှာပေးမျိုးနဲ့ အောင်မျိုးမြချိုတို့ လေးယောက်ကို တစ်ယောက်ချင်း စေ့စေ့ကြည့်ပြီး မေးခွန်းထုတ်လိုက်တယ်။
“မင်းတို့ထဲက ဘယ်သူက မြွေပွေးလဲ။ အောင်မျိုးမြချို ဒီလေးယောက်၊ ဘယ်သူမြွေပွေးလဲ”
သူ့လေသံက ပျော့ချွဲချွဲကလေး၊ နုညက်ညက်ကလေး။ သူ့ပါးစပ်ထဲက သလိပ်တွေအလားပဲ။