အီအီးပါချင်တာလိုလို ရှူရှူးပေါက်ချင်တာလိုလို၊ နေမထိ ထိုင်မသာ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လို့။
မျှော်တော့ မျှော်နေတာပဲ။ ဘာကို၊ ဘယ်သူ့ကို မျှော်လို့ မျှော်နေမှန်းတောင် ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ကြတော့ဘူး။
နေမစောင်းခင် အချိန်မှာပဲ ဗိုလ်မှူးမောင်ကိုရဲ့ ကားကလေးက ခြံဂိတ်ဝရဲ့ လုံခြုံရေးတဲရှေ့ကို ပြန်ရောက်လာတယ်။ ဟိုကွေ့ဒီဝိုက်နဲ့ မောင်းလာလိုက်တာ ဒီတစ်ခေါက် အနောက်တိုက်ကို ရောက်မလာဘူး။ အရှေ့တိုက်ဆီကိုပဲ တည့်တည့်မောင်းသွားတယ်။ ကားရပ်သွားပြီ ဆိုတာနဲ့ ဗိုလ်မှူးက ကားထဲကနေ အလောတကြီး ဆင်းလာပြီး အနောက်ခန်းတံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်တယ်။ ပြီးတော့ အလေးပြုတဲ့ပြီး ကားထဲက လူတစ်ယောက် ထွက်အလာကို စောင့်မျှော်နေတယ်။
အဲဒီလူရဲ့ အဝတ်အစားကတော့ သာမန် အရပ်ဝတ်အရပ်စားပါပဲ။ ရိုးရိုး ရှပ်လက်ရှည်ကို လည်ပင်းအထိ ကြယ်သီးတပ်ထားတယ်။ လမ်းလျှောက်တဲ့ပုံစံက မြောက်ကြွမြောက်ကြွနဲ့၊ လေထဲပဲ ဝဲပျံတော့မှာလိုလို။ သူ့ရဲ့ အသက်က ၄၀ တောင် မပြည့်တတ်သေးဘူး။ အရပ်က ပုတုတု၊ အသားက ဖြူတူတူ၊ လူပုံက ပြည်တည်တည်၊ လက်ခြေလှုပ်ရှားတဲ့ ပုံစံက နွဲ့တဲ့တဲ့။ ဗိုလ်မှူးမောင်ကိုရဲ့ အသက်အရွယ်က သူ့အဖေတောင် လုပ်လို့ရနေပြီ ဆိုပေမယ့် သူ့ကို တရိုတသေ ရို့ရို့ကျိုးကျိုး ဆက်ဆံနေလိုက်တာများ သားတစ်ယောက်က သူ့မွေးသဖခင်ကို ဆက်ဆံနေတဲ့အတိုင်းပဲ။ စစ်ဝတ်စုံကို ချွတ်ထားပေမယ့်လည်း လက်တစ်ဆစ်လောက်ပဲ ရှိတဲ့ နှုတ်ခမ်းမွေးက သူ့ရဲ့ ဇာတိရုပ်ကိုတော့ ဖုံးကွယ်ပေးမထားနိုင်ဘူး။ ဂျပန်ငပုပဲ။
တကယ်လည်း သူက ဂျပန်လူမျိုးတစ်ယောက်ပါ။ နာမည်က ဟိဟာရ။ သူက တခြားဂျပန်တွေနဲ့ မတူဘူး။ သူက ၁၉၂၅ ခုမှာ သွားစိုက်ဆရာဝန် မစ္စတာကိုကူဘူနဲ့ အတူ ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ရောက်ခဲ့ဖူးတာ။ တကယ်တော့ သွားစိုက်ဆရာဝန် မစ္စတာကိုကူဘူက မြန်မာပြည်အရေးကို လျှို့ဝှက်ထောက်လှမ်းဖို့ ရောက်တဲ့ ရေတပ်ဗိုလ်ကြီးဟောင်းတစ်ယောက်ပါ။ အဲဒီတုန်းက ဟိဟာရရဲ့ အသက်က ၂၀ တောင် မပြည့်တတ်သေးဘူး။ နောက်တော့ ဗိုလ်မိုးကြိုးလို့ လူသိများတဲ့ မစ္စတာဆူဇူးကီးနဲ့အတူ မြန်မာပြည်ကို ၁၉၄၀ မှာ ဓာတ်ပုံသတင်းထောက်အဖြစ်နဲ့ ဒုတိယအကြိမ် ပြန်ရောက်လာခဲ့တယ်။ သူကလည်း မစ္စတာဆူဇူကီးလို အထူးလျှို့ဝှက်ထောက်လှမ်းရေး တစ်ယောက်အနေနဲ့ မြန်မာပြည်မှာ အချိန်ကြာကြာ နေခဲ့ဖူးတာကြောင့် မြန်မာလူမျိုးတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကို အတော်ကြီး တီးမိခေါက်မိရှိတယ်။ ဗမာစကား မပြောနဲ့ ရှမ်းလို ပြောရင်တောင် သူက ၇၀% လောက် နားလည်တယ်။ ဂျပန်တွေ မြန်မာပြည် စဝင်ခါစက တနင်္သာရီစစ်ကြောင်း ထားဝယ်မြို့သိမ်းတပ် ဖြစ်တဲ့ အိုကီတပ်ရင်းက ဗိုလ်ကဝါရှိမာရဲ့ စကားပြန်အဖြစ်နဲ့ တတိယအကြိမ်မြောက် ပြန်လည် လိုက်ပါလာခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး အမှတ် (၁၁) အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးအကြံပေးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတယ်။ ပြောမယ်ဆိုရင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်ပေါ့။ သူ့ရဲ့ အဓိကတာဝန်က ပဲခူးတိုင်းရဲ့ မြေအောက်လှုပ်ရှားမှုတွေကို ဖော်ထုတ်ရာမှာ ကြီးကြပ်ကွပ်ကဲဖို့ပဲ။ အခုဆို ဗိုလ်ချုပ်မတ်စုအိရဲ့ အားအထားရဆုံး လက်ရုံးတစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ သူက ဦးဟန်ထွန်းတို့လို ဂျပန်အလိုတော်ရိတွေရဲ့ နောက်ကွယ်က ကြိုးကိုင်ရှင်အစစ်ပေါ့။ သူ အခုလေးတင် ရန်ကုန်ကနေ ရောက်လာခဲ့တာ။ ဗိုလ်ချုပ်မတ်စုအိရဲ့ လျှို့ဝှက်အမိန့်စာကို ယူပြီး ဒီမှာ အမှုလာစစ်တာပဲ။
တိုက်ထဲရှိတဲ့ ဦးဟန်ထွန်းက သူ့သခင် ရောက်လာတာလည်း မြင်ရော အမြီးနှန့်ပြီး အပြေးကလေး လာကြိုတယ်။ ကပ်ပါးရပ်ပါး စကားတွေကို နားထောင်ပြီးတဲ့နောက်မှာ ဟိဟာရက ဦးဟန်ထွန်းကို မေးတယ်။ “ဟိုလူတွေကို ဘာဖြစ်လို့ ဒီမှာ ဖမ်းချုပ်ထားရတာလဲ။ ဒီမှာက လူတွေ ဝင်လိုက်ထွက်လိုက်နဲ့ အတော်ကြီးကို လွယ်ကူနေပါရောလား” အဲဒီလို နူးညံ့ညင်သာတဲ့ လေသံ၊ ပြုံးစစ မျက်နှာပေးက အလုပ်ကို နည်းနည်းလေးမှ အမှားအယွင်းမခံတဲ့ သူ့လိုလူမျိုးနဲ့ လုံးဝ လိုက်ဖက်မနေဘူး။ နောက်ပြီး သူ့လို ဂျပန်အရာရှိတစ်ယောက်ရဲ့ ရာထူးဌာနန္တရနဲ့လည်း ပနံမသင့်ဘူး။
ဗိုလ်မှူးမောင်ကိုက ဦးအောင် ဝင်ပြောလိုက်တယ်။ “ဦးဟန်ထွန်းက ပြောတယ်။ အခုလို နေရာချထားမှ သားကောင်ကို ကျုံးသွင်းနိုင်မှာတဲ့”
ဦးဟန်ထွန်းကလည်း ဝင်ရောက်ထောက်ခံတယ်။ “ဟုတ်ပါတယ် မာစတာ။ ကျွန်တော် ဒီနေရာကို ရွေးထားရတဲ့ အဓိကအကြောင်းအရင်းက တခြားကြံရာပါတွေကိုပါ ကျုံးသွင်းနိုင်အောင်လို့ပါ။ ဒီနေရာက ဆင်ကျုံးတစ်ခုလိုပါပဲ” သူက လက်နှစ်ဖက်ဆန့်တန်းပြီး ဘယ်ညာဝိုက်ပြလိုက်တယ်။ ဒီခြံကြီး တစ်ခုလုံးနီးပါးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တဲ့အလားပဲ။
ဟိဟာရက သူ့ကို တစ်ချက်လှမ်းရှိုးတယ်။ ဘာမှတော့ မပြောဘူး။
ဦးဟန်ထွန်းက ထပ်ပြီး ရှင်းပြတယ်။ “ကျွန်တော် ယူဆတာက တကယ်လို့သာ သူတို့ကို အတင်းအကျပ်ကြီး စောင့်ကြပ်ထားမယ်ဆိုရင် ဘယ်သူကမှ သူတို့အနားကို ချဉ်းကပ်ရဲကြမှာ မဟုတ်တော့ဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့လည်း သူ့ရဲ့ အပေါင်းအဖော်တွေကို ဖမ်းဆီးနိုင်ဖို့ အခွင့်အလမ်း ရှိမှာ မဟုတ်တော့ဘူး။ ကျွန်တော်က တမင်သက်သက် ကယ်ပေါက် ဖွင့်ပေးထားတာပါ။ သူတို့အတွက် အခွင့်အရေး ရှိလောက်တယ်လို့ ယူဆထားရင် သူတို့ အဲဒီကယ်ပေါက်ထဲကို တိုးမဝင်ဘဲ နေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် စောင့်ကြည့်နေတဲ့ လူတွေကတော့ အမြဲ ရှိနေပါတယ်။ ပေါ်တင်ပဲဖြစ်ဖြစ်၊ မမြင်ကွယ်ရာမှာပဲ ဖြစ်ဖြစ်၊ အကုန်လုံး ကျွန်တော်တို့ လက်ခုပ်ထဲကနေ ပြေးမလွတ်ပါဘူး။ သူတို့ နေတဲ့ အခန်းတိုင်းမှာ အသံဖမ်းစက်တစ်လုံးစီ ကျွန်တော် တပ်ထားတယ်။ သူတို့ အခန်းထဲကနေ မထွက်ဘူး ဆိုရင်တောင်မှ ကျွန်တော်တို့ သူတို့အသံကို နားထောင်နေလို့ ရတယ်။ သူတို့ အပြင်ထွက်လာပြီး ထမင်းစားတာပဲဖြစ်ဖြစ်၊ တခြား ဘာပဲလုပ်လုပ်၊ ကျွန်တော့်လူတွေကို အကုန်လုံးလွှတ်ပြီး သူတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ လှုပ်ရှားမှုတွေကို မျက်စိဒေါက်ထောက်ပြီး ကြည့်ခိုင်းထားတယ်။ ထမင်းစားခန်းထဲမှာလည်း လူချထားပြီးသား။ ကုန်ကုန်ပြောရရင် သူတို့ အဲဒီတိုက်ထဲကနေ အပြင်ထွက်သွားရင်တောင် လူတစ်ယောက်စီတိုင်းကို အနည်းဆုံး လူနှစ်ယောက်ကတော့ စောင့်ကြည့်နေကြလိမ့်မယ်။ အားလုံးကို အဆင်ပြေအောင် ကျွန်တော် စီစဉ်ထားပါတယ်”
ဗိုလ်မှူးမောင်ကိုကလည်း မျက်နှာလိုမျက်နှာရ ဝင်ပြောတယ်။ “မာစတာ၊ စိတ်မပူပါနဲ့။ မုဆိုးကောင်းရဲ့ လက်ထဲမှာ ခွေးညံ့ မရှိသလိုပဲ မာစတာရဲ့ လက်အောက်ငယ်သားတွေ အားလုံးက အကုန်လုံး အရည်အချင်းရှိတဲ့ လူတွေချည်းပါပဲ”
ဟိဟာရက စစ်သားတစ်ယောက်ရဲ့ လေသံမျိုးနဲ့ တိုတိုပြတ်ပြတ် ပြောချလိုက်တယ်။ “ဒီမယ် … ဗိုလ်မှူးမောင်ကို၊ ဟန်ထွန်းက ခင်ဗျားလူ မဟုတ်ဘူးလား။ ဘယ်နှယ့်ကြောင့် ကျုပ်လက်အောက်ငယ်သား ဖြစ်သွားရတာလဲ”
အစကတော့ ဘောမဖို့ ရည်ရွယ်လိုက်တာ။ ဒါပေမယ့် တစ်ဖက်လူက အမ,မခံဘဲ ကိုယ်ကိုယို့ပြီး ခပ်တည်တည် ပြန်ပြောလာတော့ ဗိုလ်မှူးမောင်ကိုလည်း မချိသွားဖြဲ လုပ်နေရတော့တယ်။ “ကျွန်တော်တို့အားလုံးက နိပွန်းဘုရင့်တပ်မတော်ရဲ့ လူတွေချည်းပါပဲဗျာ”
ဦးဟန်ထွန်းက ဟိဟာရရဲ့ အနားကို စွေ့ကနဲ ကပ်သွားပြီး ခွေးလျက်ချင်လောက်တဲ့ မျက်နှာပေးနဲ့ ပြောတယ်။ “ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်တို့ရဲ့ ဗိုလ်မှူးက နိပွန်းဘုရင့်တပ်မတော်ရဲ့ လူပါ” သူ့ရဲ့ ရည်ရွယ်ချက်က သူ့အထက်အရာရှိတွေကို ကျေနပ်သွားအောင် မျက်နှာလိုမျက်နှာရ ပြောလိုက်တာပါပဲ။ ဒါပေမယ့် နှစ်ယောက်စလုံးက အဲဒီစကားကို သိပ်ပြီး အဖက်လုပ်လိုကြဟန် မတူဘူး။
ပြောရင်းဆိုရင်းနဲ့ သူတို့သုံးယောက်စလုံး တိုက်ထဲကို ဝင်သွားကြတယ်။