Show contents

(င)

သူတို့တွေ နံနက်စာစားပြီး ပြန်လာကြတော့ အစည်းအဝေးကို စတင်ကြတယ်။

အစည်းအဝေးရဲ့ အခမ်းအနားမှူးက ဦးဟန်ထွန်းပါ။ အဓိက စကားပြောတဲ့သူကတော့ ဗိုလ်မှူးမောင်ကိုပေါ့။ ဗိုလ်မှူးမောင်ကိုက အဖွင့်အမှာစကား အနေနဲ့ လတ်တလောအချိန်မှာ မြေအောက်တော်လှန်ရေးသမားတွေကို ရှာဖွေဖော်ထုတ်ရတဲ့ ကိစ္စနဲ့ တိုက်ခိုက်နှိမ်နင်းရတဲ့ အလုပ်တာဝန်တွေရဲ့ ခက်ခဲပင်ပန်းမှု အတိုင်းအတာနဲ့ အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းတွေကို နိဒါန်းပျိုးနေတယ်။ သူ အထူးတင်ပြတဲ့အချက်က အခုချိန်မှာ ဂျပန်ကို တော်လှန်တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေက ပုံစံအသစ်နဲ့ ပြောင်းလဲလှုပ်ရှားလာကြောင်း၊ ကွန်မြူနစ်အဖွဲ့ဝင်တွေရဲ့ မြေအောက်လှုပ်ရှားမှုတွေက တောနယ်က ရွာငယ်လေးတွေအထိ ပျံ့နှံ့နေပြီး မြေပေါ်မှာလည်း မဟာဗမာအစည်းအရုံး အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းတွေက လက်ရှိ ဒေါက်တာဘမော်အစိုးရကို လက်တွဲပူးပေါင်းနေသလိုလိုနဲ့ တစ်စုံတစ်ရာ ကျိတ်ကြံနေကြတာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုကိုလည်း မျက်ခြည်မပြတ်သင့်ကြောင်း ပြောဆိုခဲ့တယ်။

ဗိုလ်မှူးရဲ့ အသံနေအသံထားအရ သူ ဒီနေ့ စိတ်လက်ပေါ့ပါးနေတယ် ဆိုတာကို လူတိုင်း သတိထားမိနိုင်တယ်။ သူ ပြောနေတဲ့ အကြောင်းအရာက ဝမ်းသာစရာ စကား မဟုတ်ပေမယ့် (ခေါင်းခဲစေမယ့် စကားပါ) မျက်နှာပေါ်မှာ ပြုံးယောင်သန်းနေတယ်။ လေသံကလည်း တက်ကြွလန်းဆန်းနေတယ်။ အားပြည့်မာန်ပြည့်နဲ့ပါ။ သူက အားလုံးကို တရင်းတနှီး ပြောလာတယ်။

“ခင်ဗျားတို့အားလုံး သိထားကြပြီးသားပါပဲ။ မနေ့ညနေက ရန်ကုန်ကနေ လျှို့ဝှက်ကြေးနန်းတစ်စောင် ကျုပ်တို့ဆီ ပို့လာတယ်။ ကြေးနန်းစာထဲမှာ ဘာရေးထားသလဲ ဆိုတော့ ဖိုးစီလို့ နာမည်ဝှက်ပေးထားတဲ့ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်က ဧရာဝတီ ဒေးဒရဲဘက်ကနေ ထွက်လာပြီ။ ဒီနှစ်ရက်လောက်အတွင်းမှာ ကျုပ်တို့ရဲ့ ပဲခူးကို ရောက်လာလိမ့်မယ်။ သူ ဘာကိစ္စနဲ့ ဒီကိုလာသလဲ ဆိုတာကို ခင်ဗျားတို့လည်း သိပြီးလောက်ရောပေါ့။ တော်လှန်ရေးကိစ္စ ဆွေးနွေးတိုင်ပင်ကြဖို့ပဲ။ ကွန်မြူနစ်တွေရဲ့ တော်လှန်ရေးဆိုတာတွေကို ငါတို့ ကြုံခဲ့ပေါင်းများပြီ။ ဒီတော့ အထူးအဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်လှုပ်ရှားမှုက တော်တော်လေး ကြီးကျယ်လိမ့်မယ်။ စီစဉ်ထားပုံက တော်တော်ကို အကွက်ကျတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးရလဒ်က ဆိုးရွားပြင်းထန်နိုင်တယ်။ ဒါကြောင့် ကျုပ်တို့အနေနဲ့ တစ်ကွက်ကလေးမှ လစ်ဟာမသွားအောင် စောင့်ကြည့်နိုင်ဖို့ လိုလာတယ်။ ရန်ကုန်ကြေးနန်းက ကျုပ်တို့ကို သတိပေးထားတယ်။ ဖိုးစီဟာ သခင်စိုးရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ဒီလ ၉ ရက်နေ့ ညသန်းခေါင်မှာ … ပြောရရင်တော့ နောက်လေးရက်အကြာ ည ၁၁ နာရီမှာ ဘုရားကုန်းရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပလိမ့်မယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ကြည့်ပေါ့။ အဲဒီလျှို့ဝှက်အစည်းအဝေးသာ လုပ်ခွင့်ရသွားခဲ့ရင် သူတို့ရဲ့ စုပေါင်းလှုပ်ရှားမှုတစ်ခုက အကောင်အထည် ပေါ်သွားနိုင်တယ်။ ဒါဆို ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။ ကွန်မြူနစ်တွေရဲ့ ကမူးရှူးထိုးစိတ်ဓာတ်ကို ခင်ဗျားတို့လည်း သိထားပြီးသားပဲ။ ဒါပေမယ့် တိကျပြတ်သားတဲ့ ဦးဆောင်မှုတစ်ခု ရှိမနေဘူးဆိုရင် ကျုပ်တို့အတွက် ဘာမှ စိုးရိမ်နေစရာ မရှိဘူး။ အရင်လို ပြောက်တိပြောက်ကျား တိုက်ခိုက်နေတာလောက်တော့ ကျုပ်တို့ မမှုပါဘူး။ အခု သူတို့ ခေါင်းဆောင်တွေ စုမိသွားလို့ တိကျပြတ်သားတဲ့ ဦးဆောင်မှုတစ်ခု ရသွားခဲ့ရင် ကျုပ်တို့အတွက် အရာရာကို ထိန်းချုပ်ရတာ အင်မတန် ခက်ခဲသွားလိမ့်မယ်။ သူတို့ရဲ့ မြေပေါ်မြေအောက် လှုပ်ရှားမှုက ပိုပြီး အသက်ဝင်လာမှာမို့ ကျုပ်တို့အတွက် တွေးဆမရနိုင်လောက်အောင် ကျပ်တည်းသွားနိုင်တယ်။ ဒါကြောင့် ကျုပ်တို့ သတင်းကြိုရတာကပဲ ကံကောင်းသလို ဖြစ်နေတယ်”

စကားစကို ခဏရပ်ပြီး ဘေးဘီဝဲယာကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။

“မနေ့က ကျုပ်အတွက် ရက်ရာဇာပေါ့ဗျာ။ အဲ … ဒီက လူကြီးမင်းတို့အတွက်လည်း နေ့ထူးနေ့မြတ်ပါပဲ။ ညနေပိုင်းမှာ ရန်ကုန်က ကြေးနန်းတစ်စောင် ရတယ်။ အဖိုးအနဂ္ဃထိုက်တဲ့ ကြေးနန်းပေပဲ။ ညလည်းရောက်ရော …” သူက ဦးဟန်ထွန်းကို လက်ညှိုးထိုးပြတယ်။ “ကျုပ်တို့ရဲ့ ဦးဟန်ထွန်းက ကျုပ်ကို အထူးလက်ဆောင်တစ်ခု လာပေးပြန်တယ်။ ဘာလက်ဆောင်လဲ။ ကြည့်ကြည့်လေ … ဟောဒါပဲ” ပြောပြီး ခပ်ထူထူ၊ ပေပွညစ်ပတ်နေတဲ့၊ ရွှံ့အိုင်ထဲက ကောက်လာသလားလို့တောင် ထင်မှတ်ရတဲ့ စာအုပ်ထူတစ်အုပ်ကို စားပွဲပေါ် တင်ပြီး အားလုံးကို ပြလိုက်တယ်။ “ဟောဒါ ဘာလဲ သိလား။ ဟံသာဝတီစာအုပ်တိုက်က ထုတ်တဲ့ ဇိနတ္ထပကာသနီပဲ။ ခင်ဗျားတို့အိမ်မှာလည်း ဒါမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ခင်ဗျားတို့ကတော့ စဉ်းစားနေမှာပဲ။ ဒါကိုများ ဘာကြောင့် အထူးလက်ဆောင်လို့ ပြောရတာလဲပေါ့။ ဟုတ်ပါတယ်။ ကျုပ်လည်း အဲဒီအချိန်တုန်းက အခုလို စဉ်းစားခဲ့မိတာပဲ။ ဒါပေမယ့် ဦးဟန်ထွန်းက ကျုပ်ကို ပြောတယ်။ ဒါက ရိုးရိုးကျမ်းစာအုပ်တစ်အုပ် မဟုတ်ဘူး။ ဒီအထဲမှာ ဧရာမ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတယ်တဲ့။ ကံဆိုးရှာတဲ့ ကွန်မြူနစ်တစ်ယောက်က အဖမ်းမခံရခင်မှာ အဲဒီစာအုပ်ကို ပြတင်းပေါက်ကနေ အပြင် လွှင့်ပစ်ခဲ့တယ်။ သက်သေဖျောက်ဖျက်ချင်တဲ့ သဘောပေါ့”

အဲဒီအချိန်မှာ ဗိုလ်မှူးက စကားစဖြတ်ပြီး ဦးဟန်ထွန်းကို လှမ်းမေးတယ်။ “ဦးဟန်ထွန်း၊ အဲဒီလို မဟုတ်လားဗျ”

ဦးဟန်ထွန်းက ခေါင်းညိတ်ပြပြီး ဆက်လက် ရှင်းလင်းပြောဆိုတယ်။ “ကွန်မြူနစ်သူပုန်က အမျိုးသားကျောင်းရဲ့ အပေါ်ထပ် ရုံးခန်းထဲမှာ စတည်းချနေတယ်။ ရုံးခန်းမှာက ပြတင်းပေါက်တစ်ပေါက်ပဲ ရှိတယ်။ ကျုပ်က သူ့ကို ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားမှာ စိုးရိမ်တာကြောင့် သူ့ကို အပေါ်တက်ပြီး မဖမ်းခင် ပြတင်းပေါက်အောက်တည့်တည့်မှာ အစောင့်တစ်ယောက် ချထားခဲ့တယ်။ နောက်ဆုံးတော့ လူက ထွက်မပြေးခဲ့ဘူး။ အချိန်လည်း ရမှ မရတော့တာ။ ဒါပေမယ့် ဟောဒီဟာကို ပြတင်းပေါက်ကနေ အပြင်ကို ပစ်ထုတ်ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ကျုပ်လူက ပြန်ရှာနိုင်ခဲ့တယ်။ ကွန်မြူနစ်သူပုန်က သေရမှာတော့ မကြောက်ဘူး။ ဒီပစ္စည်းကိုတော့ ကျုပ်တို့လက်ထဲ ရောက်သွားမှာ ကြောက်နေတယ် ဆိုတော့ ဒီအထဲမှာ တစ်ခုခုတော့ ပါရတော့မှာပဲ”

ဗိုလ်မှူးက စကားဆက်တယ်။ “ဟုတ်တယ်။ ကျုပ်လည်း အဲဒီလို တွေးမိတာပဲ။ ဒီအထဲမှာ တစ်ခုခုတော့ ပါကိုပါရမယ်။ သူ လွှင့်ပစ်တာက ဇိနတ္ထပကာသနီမဟုတ်ဘူး။ ဒီစာအုပ်ထူကြီးထဲမှာ ဝှက်ထားတဲ့ တစ်စုံတစ်ခုကိုပဲ။ ဒါကြောင့် ကျုပ်က ဒီစာအုပ်ကို တစ်ရွက်ချင်း လှန်လှောရှာကြည့်ခဲ့တယ်။ ဒါပေမယ့် အစကနေ စလှန်လို့ အဆုံးသာ ရောက်သွားတယ်။ မျက်လုံးတွေ နောက်ပြီး ခေါင်းသာ မူးဝေသွားတယ်။ ဘာရယ်လို့ ရှာမတွေ့ခဲ့ဘူး။ အဲဒီအထဲမှာ ဘာစာလုံးမှ အပိုမပါသလို ဘာမှ ထူးခြားတာ မတွေ့ခဲ့ဘူး။ နောက်တော့ ကျုပ် အညောင်းအညာပြေ လမ်းထွက်လျှောက်တယ်။ အပြင်မထွက်ခင်မှာ လက်ထဲက လက်ဖက်ရည်ပန်းကန်လုံးကို ဒီအတိုင်း တင်ထားခဲ့လိုက်တာ။ အဘိဓာန်စာအုပ်ပေါ် တင်ထားခဲ့မိမှန်းတောင် ကိုယ့်ကိုယ်ကိုယ် သတိမထားမိခဲ့ဘူး။ အိမ်ပြန်ရောက်လို့ ဇိနတ္ထပကာသနီကို ပြန်လှန်ကြည့်တဲ့အခါမှာ ထူးခြားတာတွေ ဖြစ်ပေါ်လာတယ်။ ရေခံစာရွက် အလွတ်ပေါ်မှာ ခပ်မှုန်မှုန် စကားလုံးတွေကို မြင်လာရတယ်။ အားလုံးက အင်္ဂလိပ်ဂဏန်းအက္ခရာတွေ၊ စက်ဝိုင်းပုံစံနဲ့ ရှိနေကြတယ်။ တံဆိပ်တုံးတစ်တုံးနဲ့ ဖိနှိပ်ထားတဲ့ အတိုင်းပဲ။ လက်နဲ့ ပွတ်ကြည့်တော့ အဲဒီနေရာက ခပ်နွေးနွေးလေး ရှိနေတုန်းပဲ။ ကျုပ် သဘောပေါက်လိုက်ပြီ။ စောစောက လက်ဖက်ရည်ခွက်ကို ဒီပေါ် တင်ထားခဲ့မိတာကြောင့် စာလုံးတွေ ပေါ်လာတာပဲ ဖြစ်ရမယ်။ ဟုတ်ပြီ။ လျှို့ဝှက်ချက်က ဒီရေခံစာရွက်ပေါ်မှာ ရှိကိုရှိရမယ်လို့ ကျုပ် ချက်ချင်း နားလည်သွားတယ်။ နောက်ထပ် အပူနည်းနည်း ထပ်ပေးလိုက်ရင် အကုန်လုံးကို မြင်နိုင်လာလိမ့်မယ်။ ဒီလိုနဲ့ ကျုပ် ရေနွေးအိတ်ရှာပြီး ရေဆုံးမြေဆုံး လိုက်တော့တာပဲ။ နောက်ဆုံးတော့ ဒီမယ်ကြည့် … အခုလို ဖြစ်သွားတော့တာပဲ”

ဗိုလ်မှူးက စာအုပ်ထူကြီးကို ကောက်ကိုင်ပြီး သားရေအဖုံးကို အားလုံးမြင်အောင် လှန်ပြလိုက်တယ်။

နံ့သာရောင် ရေခံစာရွက်ပေါ်မှာ အဖြူရောင် အင်္ဂလိပ်ဂဏန်းအက္ခရာတွေနဲ့ ပြည့်နှက်နေတာကို အားလုံး တွေ့ကြရတယ်။ ဂဏန်းတွေက သူ့အစုနဲ့သူ ရှိနေကြတယ်။ ဂဏန်းတချို့က အနည်းငယ် ပုံပျက်နေပေမယ့် ဘာဂဏန်းလဲ ဆိုတာကိုတော့ ခွဲခြားဖို့ မခက်လှဘူး။

120 3201 009 2117 477 1461 …

741 8816 187 5661 273 4215 …

အဲဒီလိုမျိုး စုစုပေါင်း ဆယ်လိုင်းနီးပါး ရှိတယ်။

ဗိုလ်မှူးက အဲဒီဂဏန်းတွေကို လက်ညှိုးညွှန်ပြရင်း အားလုံးကို မေးလိုက်တယ်။ “အဲဒါ ဘာတွေလဲ”

သူက အဖြေကို စောင့်မနေဘဲ သူ့ဟာသူ ပြန်ဖြေလိုက်တယ်။

“ခင်ဗျားတို့က ကျုပ်ထက် ပိုပြီး နားလည်မှာပါပဲ။ ဒါတွေက ကုတ်တွေ၊ လျှို့ဝှက်ကုတ်နံပါတ်တွေ။ တစ်နည်းပြောရရင် ဒါက ဝှက်စာဂဏန်းတွေပဲ။ ဘာကြောင့် ကွယ်ဝှက်ထားရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထဲမှာ အရေးပါတဲ့ သတင်းတစ်ခု ပါနေလို့ပေါ့။ ကွန်မြူနစ်သူပုန်တွေက ဒီဟာကို ကျုပ်တို့လက်ထဲ ရောက်သွားမှာ ကြောက်နေကြတယ်။ တော်တော်ကြီး ကြောက်နေကြတယ်။ နယ်ကုန်ပြောရရင် သူတို့ရဲ့ အသက်နဲ့ခန္ဓာ အိုးစားကွဲမှာကို မကြောက်ပါပဲနဲ့ ဒီဟာ ကျုပ်တို့လက်ထဲ ရောက်သွားမှာကို ပိုပြီး ကြောက်နေကြတယ်။ အဲဒါ ဘာကို ဆိုလိုနေသလဲ။ ဘာကို ဆိုလိုနေသလဲ ဆိုတော့ ဒီအထဲမှာပါတဲ့ သတင်းအချက်အလက်က ကျုပ်တို့အတွက် အလွန်အင်မတန်မှ အရေးပါနေတယ်။ ကျုပ်တို့တတွေ အရူးအမူး သိချင်နေတဲ့ သတင်းတစ်ခုခုပဲ ဖြစ်ရတော့မှာပေါ့။ ဟုတ်တယ် မဟုတ်လား”

အားလုံးကို ဝေ့ကြည့်ပြီး သူ့ဘာသာသူပဲ အဖြေပေးလိုက်တယ်။ “ဟုတ်တယ်။ ဒီတော့ အခုဆို ခင်ဗျားတို့လည်း သဘောပေါက်လောက်ရောပေါ့။ ကျုပ်က ခင်ဗျားတို့ကို ညကြီးသန်းခေါင် လှုပ်နှိုးပြီး ဒီကို ဘာကြောင့် လာစုခိုင်းရသလဲ ဆိုတာ။ ခင်ဗျားတို့ကို ဒီဝှက်စာ ဖော်ခိုင်းမလို့ပဲ”

လူတိုင်းရဲ့မျက်နှာတွေက အနည်းငယ် အံ့အားသင့်နေတဲ့ပုံ ပေါက်နေကြတယ်။ မြသန္တာဆို ပါးစပ်ကနေတောင် တစ်ခုခုကို ရေရွတ်လိုက်သလိုပဲ။

ဗိုလ်မှူးက မမြင်ယောင်၊ မကြားယောင်ပြုပြီး သူ့အတွေးထဲမှာပဲ ဆက်လက် နစ်မျောနေတယ်။ သူက သက်ပြင်းရှည်ကြီး ချပြီး ပြောတယ်။ “ကံကြမ္မာကတော့ ကိုယ့်ဖက်မှာ ရှိနေတာပဲ” သူက မတ်တတ်ထရပ်ပြီး ခြေလှမ်းကို စလှမ်းလိုက်တယ်။ လမ်းလျှောက်နေရင်း ဆက်ပြောတယ်။ “ဒီတော့ ကျုပ်အတွက် ခင်ဗျားတို့ရဲ့ အကူအညီတွေ လိုအပ်နေတယ်။ ကံကောင်းထောက်မစွာနဲ့ သဲလွန်စတော့ ရလာခဲ့ပြီ။ ဒါပေမယ့် ဒီလောက်နဲ့ မဖြစ်သေးဘူး။ မလုံလောက်သေးဘူး။ ရေဆုံးမြေဆုံး လိုက်မှ ဖြစ်မယ်။ လျှို့ဝှက်ချက်မှန်သမျှ တစ်စမကျန် ဖော်ထုတ်နိုင်မှ ဖြစ်မယ်။ ကျုပ်အထင်ပြောရရင် ဒီဟာက ဖိုးစီရဲ့ လှုပ်ရှားမှုနဲ့ သက်ဆိုင်လိမ့်မယ်လို့ ယူဆတယ်။ အဲဒီလိုသာ ဆိုရင်တော့ …” အဲဒီနေရာမှာ သူ့စကားကို ရပ်လိုက်ပြန်တယ်။ သူ့ရဲ့ ထိုင်ခုံနေရာကို ပြန်လျှောက်သွားပြီး အားမာန်အပြည့်နဲ့ စကားဆက်လိုက်တယ်။ “ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ ကျုပ်တို့ အဲဒီဝှက်စာကို ဖော်နိုင်မှ ဖြစ်မယ်”

တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ကုပ်ကုပ် နားထောင်နေကြတဲ့ ပရိသတ်ကို သူက ကြည့်ပြီး ပြုံးပြလိုက်တယ်။ နေရာမှာ ထိုင်ချလိုက်ပြီးတဲ့နောက်မှာ တတ်နိုင်သမျှ အေးဆေးတဲ့ လေသံနဲ့ စကားဆက်ပြန်တယ်။

“ကျုပ် အခုချိန်မှာ ခင်ဗျားတို့ရဲ့ အကူအညီကို ခါတိုင်းအချိန်ထက် အများကြီး ပိုလိုအပ်နေတယ်။ ခင်ဗျားတို့က ဝှက်စာဖော်တဲ့ ကျွမ်းကျင်ပညာရှင်တွေ မဟုတ်ဘူးဆိုပေမယ့်၊ မြေအောက်သူပုန်တွေရဲ့ ဝှက်စာစနစ်ကို အပြည့်အဝ နားလည်မထားဘူး ဆိုပေမယ့်၊ ခင်ဗျားတို့က ကျုပ်ရဲ့ မျှော်လင့်ချက်ကို အလဟဿဖြစ်အောင် လုပ်မှာမဟုတ်ဘူး ဆိုတာကိုတော့ ကျုပ် ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ … ဘယ်လို ပြောရမလဲ။ တစ် အချက်က ဒီဝှက်စာက အရမ်းကြီး ခက်မှာ မဟုတ်ဘူးလို့ ကျုပ် ယူဆတယ်။ ခက်တယ်ဆိုရင်တော့ ကွန်မြူနစ်သူပုန်တွေက အဲဒါကို အသေခံပြီး ကာကွယ်သွားစရာ အကြောင်း မရှိဘူး။ ဖော်လို့မှ မရတာပဲဥစ္စာ။ ဘာကြောင့် လွှင့်ပစ်နေဦးမလဲ။ နှစ် အချက်က ဒီမှာ ထိုင်နေကြတဲ့ လူပုဂ္ဂိုလ်တိုင်းမှာ ကိုယ့်အားသာချက်နဲ့ကိုယ် ရှိနေကြတယ်။ ထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ကြီးအောင်သူက သူပုန်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ခရေစေ့တွင်းကျ သိထားတဲ့သူပဲ။ ပြောရရင် သူပုန်အကြောင်း ဘာမေးမေး သိတဲ့ အတိုင်ပင်ခံတစ်ယောက်လို ဖြစ်နေတယ်။ တပ်ကြပ်ကြီးမျိုးဇော်နဲ့ ဒေါ်ချိုမာတို့ကလည်း ဝါရင့်ပညာရှင်တွေ။ လျှို့ဝှက်ကြေးနန်းတွေနဲ့ အလုပ်လုပ်လာတာ အံတိုနေကြပြီ။ အဲ … မြသန္တာလေးကတော့ လူကသာ ငယ်တာ။ ပညာကိုတော့ အထင်သေးလို့ မရဘူး။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အကြံပိုင်တယ်။ တွေးရဲပြောရဲတဲ့ သတ္တိရှိတယ်။ ဆိုရိုးစကား ရှိတယ် မဟုတ်လား။ သုံးယောက်ပေါင်း လောင်းကျော်တဲ့။ ခင်ဗျားတို့ လေးယောက်ကိုသာ ပူးပေါင်းလိုက်မယ်ဆိုရင် ဝှက်စာဖော်တဲ့ တကယ့်ပညာရှင်တစ်ယောက်ထက်တော့ သာကိုသာရမယ်လို့ ကျုပ် ပြောရဲတယ်။ အချုပ်ကတော့ ကျုပ် ခင်ဗျားတို့အပေါ် ယုံကြည်ချက် အပြည့်ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဗိုလ်ချုပ်မတ်စုအိက ဒီဝှက်စာကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကြီး အလေးအနက် ထားပုံရတယ်။ ကျုပ် သူ့ကို အစီရင်ခံလိုက်တော့ သူက ဝှက်စာဖော်ဖို့အတွက် ပညာရှင်တွေ လွှတ်ပေးမယ်လို့ ပြောလာတယ်။ အခုဆို သူတို့ လမ်းပေါ်တောင် ရောက်နေလောက်ပြီ။ ဒါပေမယ့် ကျုပ်အနေနဲ့ ကျုပ်လူတွေရဲ့ အစွမ်းအစကိုလည်း မြင်ချင်သေးတာ အမှန်ပဲ။ ဟုတ်တယ်၊ ခင်ဗျားတို့ပဲ။ ခင်ဗျားတို့ရဲ့ အစွမ်းအစတွေကို ကျုပ်ကို ပြဖို့၊ ပြီးတော့ ဗိုလ်ချုပ်မတ်စုအိကို ပြဖို့ တကယ့် မဟာအခွင့်အရေးကြီးပဲ။ ဒီမှာ ခင်ဗျားတို့ရဲ့ အပြင်ဗာဟီရကိစ္စတွေကို ခဏပစ်ထားပြီး အာရုံကို စုစည်းလို့ ဒီဝှက်စာကို အမြန်ဆုံး ဖော်နိုင်ဖို့ ကြိုးစားကြစေချင်တယ်။ ခင်ဗျားတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို သက်သေပြလိုက်နိုင်တဲ့ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ ဆက်သွယ်ရေးတပ်ရင်းရဲ့ ဂုဏ်သတင်းကို မြှင့်တင့်ပေးရာလည်း ရောက်သွားနိုင်တယ်။ ကိုယ့်ရဲ့ တက်လမ်းကို ဖြောင့်ဖြူးသာယာအောင် လုပ်ပေးလိုက်သလိုလည်း ဖြစ်သွားလိမ့်မယ်”

ဗိုလ်မှူးရဲ့ ပြောစကားတွေကြောင့် အားလုံး အူတိအူကြောင် နဝေတိမ်တောင်တွေ ဖြစ်ကုန်ကြတယ်။ ပထမဆုံးအနေနဲ့ ဒီဝှက်စာရဲ့ မူလဇာစ်မြစ်က သူတို့ကို ထိတ်လန့်အံ့ဩစေတယ်။ နောက်ပြီး သူတို့လေးယောက်ကို ဒီနေရာမှာ စုပြီး ဝှက်စာဖော်ခိုင်းတဲ့ ကိစ္စက ထူးဆန်းအံ့ဩဖို့ ကောင်းနေပြန်တယ်။ ဝှက်စာဖြေရတာ ခက်သလားဆိုတော့ ခက်တယ်လို့ပဲ ပြောရမှာပဲ။ သူတို့လေးယောက်ထဲမှာ ဘယ်သူကမှ ဝှက်စာဖော်တတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေ မဟုတ်ကြဘူး။ ရန်သူရဲ့ ဝှက်စာကို ဖတ်ဖူး၊ ဖော်ထုတ်ဖူးတဲ့ အတွေ့အကြုံလည်း ဘယ်သူမှ မရှိကြဘူး။ သူတို့အားလုံးက ပုံမှန်ဆိုရင် သူတို့ရဲ့ ကြေးနန်းစာတွေကိုပဲ ပုံမှန်စာအဖြစ် အဓိပ္ပာယ်ဖော်ပေးကြရတာ။ ပြောရရင် သာမန် ဘာသာပြန်ပေးရုံ အဆင့်လောက်ပဲ။ သူတို့ကို ဘာကြောင့် အဲဒီလောက် အယုံအကြည် လွန်ကဲနေရတာလဲ။ တကယ်လို့ အဲဒီဝှက်စာကို ဖော်ရတာ လွယ်တယ် ဆိုရင်လည်း သူတို့ကို ဘာကြောင့် ခိုင်းနေဦးမလဲ။ ဘာကြောင့် သူတို့ကို တကူးတက ခေါ်ပြီး ဒီလို တက်လမ်းရှိတဲ့ အခွင့်အရေးမျိုးကို ပေးနေဦးမလဲ။ ဘာကြောင့် ဒီလောက် ရေးကြီးခွင်ကျယ် ဇာချဲ့နေဦးမလဲ။ ပြီးတော့ ဒီနေ့ ဗိုလ်မှူးရဲ့ အမူအရာနဲ့ လေသံက အရင်နဲ့မတူ တစ်မူထူးခြားနေတယ်။ သူတို့ကို ဖိအားပေးနေတာလည်း မဟုတ်သလို သူတို့ကို အလျှော့ပေး လိုက်လျောနေတာမျိုးလည်း မဟုတ်ဘူး။ အကျပ်ကိုင်နေတာ မဟုတ်သလို တော်ရိလျော်ရိ ဆက်ဆံနေတာလည်း မဟုတ်ဘူး။ အားလုံးကို ပွင့်ပွင့်လင်းလင်း ရှင်းပြနေသလိုလိုနဲ့ တစ်ခုခုကို ထိန်ချန်ထားနေသလိုပဲ။ သူ့မျက်နှာက လျှို့ဝှက်သည်းဖိုဝတ္ထုတစ်ပုဒ်လို နားလည်ရခက်နေတယ်။ ဗိုလ်မှူးက လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပဲ။ သူပြောခဲ့တဲ့ စကားတွေက တကယ်ပြောချင်တဲ့ စကားတွေပဲ မဟုတ်သလိုလို။ စကားလုံးတွေထဲမှာ ပဟေဠိတွေနဲ့၊ ဝိရောဓိတွေနဲ့။ ဗိုလ်မှူးက ဆက်ပြီး ပြောကြားလိမ့်ဦးမယ်လို့ သူတို့ ထင်ထားခဲ့တာ။ နောက်ပြောမယ့် စကားတွေထဲမှာ သူတို့ရဲ့ ရင်ထဲက ပဟေဠိတွေကို အဖြေညှိပေးနိုင်မယ့် သဲလွန်စတွေ ပါလာနိုင်မလားပေါ့။

ဒါပေမယ့် ဗိုလ်မှူးမှာ ပြောစရာ ဘာမှ မကျန်တော့ဘူး။ သူ ဆက်ပြောတဲ့စကားက နှုတ်ဆက်စကားပဲ။ ပြောပြီးတာနဲ့ လစ်ရော။ အားလုံးရဲ့ နေရေးထိုင်ရေးနဲ့ လုံခြုံရေးကို အထူးသတိထားဖို့ သူက အပါးတော်မြဲ ဗိုလ်လေးထွန်းမြင့်နဲ့ ဦးဟန်ထွန်းကို သီးသန့်မှာကြားသွားတယ်။ ပြောပြီးတာနဲ့ လက်နှစ်ဖက်နောက်ပစ်ပြီး ကားပေါ် တက်သွားတော့တာပဲ။ ဗိုလ်ကြီးအောင်သူနဲ့ ကျန်သုံးယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အူကြောင်ကြောင်နဲ့ ကျန်ရစ်ခဲ့ကြတယ်။ ဘယ်လောက်ထိ အူကြောင်ကြောင် နိုင်လွန်းနေသလဲဆိုရင် ဘာဆက်လုပ်ရမှန်း မသိနိုင်အောင်ကို ရင်ထဲ ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့တာမျိုး။

နောက်နာရီဝက်ကြာတော့ ဝှက်စာကို သူတို့ အလွယ်တကူပဲ ဖော်ထုတ်နိုင်လိုက်ကြတယ်။ စောစောက နဝေတိမ်တောင် အူတိအူကြောင် ဖြစ်ခဲ့ရတဲ့ ကိစ္စက အခုဆိုရင် အရေခွံလှန်ခံထားရတဲ့ အသားစိုင်တစ်ခုလို သွေးအလိမ်းလိမ်းနဲ့မို့ မြင်ရသူအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *