Show contents

(ဃ)

၎င်းမှာ ဥရောပဟန် ရှေးဟောင်းတိုက်တစ်လုံး ဖြစ်ပြီး နှစ်ထပ်ခွဲမြင့်တယ်။ အပေါ်ဆုံးမှာက လေသာထပ်ခိုးတစ်ခု ရှိတယ် ဆိုပေမယ့် အခုတော့ တက်မရအောင် အသေပိတ်ထားတယ်။

အပေါ်ထပ်မှာ အခန်းလေးခန်း ရှိတယ်။ တစ်ခန်းကို သော့ခတ်ထားတာကြောင့် အခန်းသုံးခန်းပဲ အသုံးပြုနိုင်တယ်။ တပ်ကြပ်ကြီးမျိုးဇော်က လျှောက်လမ်းရဲ့ အဆုံးမှာ ရှိတဲ့ အခန်းမှာ နေကြောင်း ခန့်မှန်းကြည့်နိုင်တယ်။ ၎င်းမှာ အခန်းကျဉ်းလေးတစ်ခန်း ဖြစ်ပြီး ၇ သို့မဟုတ် ၈ စတုရန်းမီတာသာ ကျယ်ပေလိမ့်မယ်။ သို့ပေမယ့် နှစ်ယောက်အိပ်ခုတင်တစ်လုံး ထည့်ထားတဲ့အတွက်ကြောင့် အမြင်အားဖြင့် ပိုလို့တောင် ကျဉ်းကျပ်သွားစေတယ်။ အဲဒီအခန်းရဲ့ မျက်နှာချင်းဆိုင်မှာက အိမ်သာနဲ့ ရေချိုးခန်း ရှိတယ်။ ဘေးကပ်လျက်အခန်းမှာ မြသန္တာနဲ့ ချိုမာတို့ နေကြရတယ်။ တစ်ယောက်အိပ်ခုတင်နှစ်လုံး၊ ကြိမ်ကုလားထိုင်နှစ်လုံးနဲ့ စာရေးစားပွဲတစ်လုံး ပါရှိတယ်။ အရင်ကတော့ ဒီအခန်းက ဗိုလ်မှူးစောလှရဲ့ စာကြည့်ခန်း ဖြစ်တယ်လို့ ဆိုတယ်။ မျက်နှာချင်းဆိုင်အခန်းက နောက်ထပ် အိပ်ခန်းတစ်ခန်း ဖြစ်ပြီး အခုတော့ သော့ခတ်ထားတယ်။ ဒီနောက် ဆက်လျှောက်သွားရင် လှေကားလက်ရန်းကို တွေ့နိုင်တယ်။ လှေကားကနေ ရှေ့ဆက်လျှောက်ရင် အခန်းကျယ်ကြီးတစ်ခန်းကို တွေ့ရတယ်။ အခု အဲဒီအခန်းမှာ ဗိုလ်ကြီးအောင်သူ နေနေတယ်။ ဒီအခန်းက အသားနား အသပ်ရပ်ဆုံးသော ဇိမ်ခံအခန်းကြီးတစ်ခန်းပဲ။ မျက်နှာစာဘက်မှာ သေးငယ်တဲ့ လသာဆောင်တစ်ခု၊ ကျောဘက်မှာတော့ စကျင်ကျောက်တိုင်တွေနဲ့ ထောက်ကန်ထားတဲ့ ဝရန်တာကျယ်တစ်ခု (အောက်ဘက်မှာ ကားဂိုဒေါင်) ရှိပြီး အလှနွယ်ပင်တွေ စိုက်ပျိုးထားတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် ဗိုလ်မှူးစောလှ တာဝန်ယူထားစဉ် ကာလက ဗိုလ်မှူးမောင်ကို သူနှင့်အတူ ဒီနေရာသို့ လာရောက်စစ်ဆေးခဲ့ဖူးတယ်။ အဲဒီတုန်းက အခန်းထဲမှာ ရှုပ်ပွခတ်လို့။ ကြမ်းခင်းပြားတွေက ကွာတာကကွာ၊ လန်တာကလန်နဲ့။ ပရိဘောဂ ပစ္စည်းတွေကလည်း ဟိုဟိုဒီဒီ ပြန့်ကြဲနေကြတယ်။ နံရံတွေက အက်ကြောင်းလိုက်နေပြီး မျက်နှာကြက်တွေကလည်း ဟိုတစ်ပေါက် ဒီတစ်ပေါက်။ ဗုံးမိုး ရွာခံထားရတဲ့ တိုက်တစ်လုံးလိုပဲ။ သို့ပေမယ့် ၎င်းရဲ့ ခမ်းနားထည်ဝါမှုကတော့ သူ့ကို အံ့အားသင့်စေခဲ့တာ အမှန်ပဲ။ ပိတောက်လျှာထိုးကြမ်းခင်းတွေ၊ မဟော်ဂနီသားနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ၊ ကြေးနီခုတင်ကြီး၊ အနောက်တိုင်းပုံစံ သားရေဆိုဖာကြီးတွေ၊ ကတ္တီပါမှီအုံးတွေ၊ ဖန်မီးအိမ်ပန်းဆွဲတွေ၊ အရောင်လက်နေတဲ့ ပါကေးပြားတွေ၊ ရေဆွဲဗိုလ်ထိုင်အိမ်သာတွေ … ဒါတွေအားလုံးက အကောင်းစား၊ တန်ဖိုးကြီးပေ့ ဆိုတဲ့ ပစ္စည်းတွေချည်းပဲ။ ဗိုလ်မှူးစောလှက အဲဒီအရာတွေ အားလုံးကို ပြန်လည်ပြုပြင်ခဲ့ပြီးတဲ့နောက် သူ ဒီနေရာကို နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့သေးတယ်။ အင်မတန်မှ သားနားခန့်ထည်လွန်းလှပါကော။ အရာရှိရိပ်သာ အတွင်းမှာရှိတဲ့ တစ်ခုတည်းသော ဗိုလ်ချုပ်နားနေဆောင်ထက်တောင် အပုံကြီး သာလွန်ကောင်းမွန်နေတယ်။ ဒီအခန်းက သူ့ကို ဒီမျှ ဆွဲဆောင်နေခဲ့တာကြောင့် ဗိုလ်မှူးစောလှ ကွယ်လွန်ပြီးနောက်မှာ သူ့လက်အောင်ငယ်သားတွေက သူ့ကို ဒီနေရာ ပြောင်းနေဖို့ တိုက်တွန်းပြောဆိုကြတဲ့အခါမှာ သူ့ခမျာ ငိုချင်လျက်လက်တို့ ဖြစ်နေခဲ့တယ်။ သို့ပေမယ့်လည်း အပြန်ပြန် အထပ်ထပ် တွေးဆကြည့်ပြီးတဲ့နောက်မှာတော့ သူက သူ့ရဲ့ စိတ်ကူးကို ပယ်ဖျက်ပစ်လိုက်တယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က သူ ဒီနေရာကို လူတချို့ စေလွှတ်ပြီး အဖိုးတန်တဲ့ ပစ္စည်းပစ္စယတွေအားလုံးကို အရှေ့ဘက် ဧည့်ခန်းမဆောင်ဆီ ပြောင်းရွှေ့ပစ်ခဲ့တယ်။ တချို့ကို သိမ်းဆည်းတန် သိမ်းဆည်းပြီး တချို့ကိုတော့ ဗိုလ်ချုပ်နားနေဆောင်ထဲကို ရွှေ့ပြောင်းနေရာချခဲ့တယ်။ ကျန်တာတွေကိုတော့ ဧည့်သည်နားနေဆောင်အဖြစ် ပြောင်းလဲအသုံးချဖို့ အမိန့်ပေးခဲ့တယ်။

ဒီတိုက်နှစ်လုံးကို ဧည့်သည်နားနေဆောင်တွေအဖြစ် ပြုပြင်ပြောင်းလဲပစ်ရတဲ့ အကြောင်းအရင်းက နှစ်ခု ရှိတယ်။ ပထမအချက်က ဒီအဆောက်အအုံနှစ်လုံးကို ဒီအတိုင်း မသုံးမစွဲဘဲ ပစ်ထားရမှာကို ဝန်လေးနေတာကြောင့်ပဲ။ ဒုတိယအချက်ကတော့ အရာရှိရိပ်သာမှာ ဖြစ်ပျက်နေသမျှသော ဟော့ဟော့ရမ်းရမ်း ကိစ္စတွေအပေါ် အမြင်မကြည်၊ အရှက်ရနေတာကြောင့်ပါ။ သူက ဗိုလ်မှူးစောလှလို မဟုတ်ဘူး။ ပညာတတ်တစ်ယောက် ဖြစ်တဲ့အပြင် ဒီလို ညစ်ညမ်းတဲ့ ကိစ္စမျိုးကို အူထဲအသည်းထဲက ရွံရှာမုန်းတီးနေခဲ့သူလည်း ဖြစ်တယ်။ ပြီးတော့ ဒီခြံကြီးရဲ့ မနီးမဝေးမှာက စေတီပုထိုးတွေပဲ ရှိတာမဟုတ်လား။ တကယ်တမ်း ခြေခြေမြစ်မြစ် နောက်ကြောင်းလိုက်ကြည့်မယ် ဆိုရင် ဒီနေရာက ဘုရားဝတ္တကမြေတောင် ဖြစ်ချင် ဖြစ်နေဦးမှာ။ ဒီတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ ဒီလို နေရာမျိုးမှာ ဆိုးယုတ်ညစ်ပတ်တဲ့ လုပ်ရပ်မျိုးတွေ ရှိနေတာကို သူ စိတ်ပျက်နေခဲ့တယ်။ သူ့လို ဒီကိစ္စတွေကို အမြင်မကြည်လင်တဲ့ နောက်ထပ် လူတစ်ယောက် ထွက်ပေါ်လာပြီးတော့ အထက်လူကြီးတွေကို တိုင်လားတောလားလုပ်လာခဲ့ရင် သူ့ရဲ့ ပခုံးထက်က အပွင့်တချို့ပါ လွင့်စင်သွားနိုင်တာကို သူ စိုးရိမ်နေခဲ့တယ်။ သို့ပေမယ့် အရာရှိရိပ်သာကို ပိတ်ပစ်လိုက်ရင်လည်း နိပွန်းဘုရင့်တပ်မတော်က အရာရှိတချို့ရဲ့ အငြိုအငြင်ကို ခံရနိုင်စရာ အကြောင်းကလည်း ရှိနေပြန်သေးတယ်။ အဲဒီလိုဆိုပြန်ရင်လည်း သူ့ဘဝက ကျီးလန့်စာ စားနေရဦးမှာ။

ဒီတိုက်နှစ်လုံးကို အသွင်ပြောင်းခဲ့ရတဲ့ သူ့ရဲ့ မူလရည်ရွယ်ချက်က ခြံအရှေ့ပိုင်းမှာ နဂိုက ရှိနေခဲ့တဲ့ ဆောင်ကြာမြိုင်နဲ့ ၎င်းရဲ့ မျက်စိရှက်ဖွယ် ကိုးရိုးကားယား လုပ်ငန်းဆောင်တာတွေကို ခြံအနောက်ဘက်ဆီ ရွှေ့ပြောင်းပစ်လိုခဲ့ခြင်း ဖြစ်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ယင်းသို့သော ပရမ်းပတာ ကိစ္စတွေကို လူမြင်ကွင်းကနေ ကွယ်ဖျောက်ထားနိုင်လိမ့်မယ်။ ဒီအစီအစဉ်ကို ဘယ်သို့သော ကြီးကြီးမာစတာကမှလည်း ကန့်ကွက်မှာ မဟုတ်ကြောင်း သေချာလှတယ်။ ဒီလိုဆိုရင် နှစ်ဦးနှစ်ဖက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ပေတော့မပေါ့။

အဲဒါက ကောင်းတဲ့ စိတ်ကူးတစ်ခုပေပဲ။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး။ ခြံရှေ့ပိုင်းက ပြည့်တန်ဆာတွေဟာ ဒီနေရာမှာ ဖြစ်ပွားသွားခဲ့တဲ့ လူသတ်မှုကြောင့် မျက်ပြူးဆန်ပျာ ဖြစ်ကုန်ကြတယ်။ လူသတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ သူတို့အများစုက အခင်းဖြစ်ရာ နေရာကို လာရောက်ကြည့်ရှုခဲ့ကြတယ်။ အသစ်ရောက်လာကြတဲ့ လူနည်းစုက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးခြင်း မရှိပေမယ့် ဟိုလူပြော ဒီလူပြောနဲ့ နားထောင်ရပြီးတဲ့နောက်မှာ စိတ်မှန်းနဲ့ ရော်ရမ်းကာ ပိုလို့တောင် ကြောက်ရွံ့နေခဲ့ကြတယ်။ ကိုယ်တွေ့မြင်ဖူးသူထက်တောင် အကြားသက်သက် မမြင်ဖူးသူ‌တွေက လေဖမ်းဒန်းစီးလို့ ပိုပြီး ထိတ်လန့်နေကြတော့တာ။ ကြောက်ရွံ့စိတ်က ကူးစက်တတ်တဲ့ သဘောသဘာဝ ရှိတယ် မဟုတ်လား။ တထိတ်ထိတ် တလန့်လန့်နဲ့ ကာလကြာရှည်လာတာနဲ့အမျှ ဒီအကြောင်းအရာကို မပြောဘဲ နေပြန်ရင်လည်း ရင်ထဲမှာ ကလိကလိနဲ့ ထိုင်ရအခက်၊ ထရအခက်။ ပြောပြန်ရင်လည်း ကျောထဲက ယားကျိကျိ။ ဒီတော့ ပြောလည်းမဟုတ်၊ မပြောလည်း မဟုတ်။ နေ့ခင်းကြောင်တောင်မှာတောင် ခြံအနောက်ဘက်ကို တစ်ယောက်တည်း သွားရဲတဲ့သူ မရှိတော့ဘူး။ မှုခင်းကြီးက သူတို့အနားမှာတင် ဖြစ်ပျက်သွားခဲ့တာ မဟုတ်လား။ ဘာမှ ကြာလိုက်သေးတာ မဟုတ်ဘူးလေ။ မျက်လုံးထဲမှာ အားလုံးကို မြင်ယောင်နေသေးတုန်းပဲ။ တစ္ဆေရဲ့ ဝိညာဉ်က ဝါးရုံတောထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်လို့။ သူတို့က ခပ်လှမ်းလှမ်း တစ်နေရာကနေ အလုပ်လုပ်နေကြရတာ ဆိုပေမယ့် ဧည့်လာသည် ဖြစ်စေ၊ ဧည့်ပါးသည် ဖြစ်စေ၊ တစ္ဆေတောထဲမှာ နေထိုင်ရတဲ့ တစ်ညတာက ရှည်လျားလွန်းလှချည့်။ ဒီလိုဆိုရင် သူတို့ကို မသေမချင်း ညှဉ်းဆဲနေတာနဲ့တောင် တူနေတော့တယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာမှာ အညစ်အကြေးတွေနဲ့ စွန်းထင်းညစ်ပေနေတယ်။ တစ်ပါးသူတွေကို ပျော်တော်ဆက်နေကြရတာ မဟုတ်လား။ ဂုဏ်သိက္ခာရယ်လို့ သူတို့မှာ တစ်ပြားသားမှ မရှိတော့ဘူး ဆိုပေမယ့် အသက်ကိုတော့ သူတို့ တန်ဖိုးထားကြတုန်းပဲ။ ယီးတီးယားတား လုပ်လို့တော့ ဘယ်ဖြစ်မလဲ။

မသွားဘူး။

လုံးဝ လုံးဝ မသွားဘူး။

အလုပ်ဖြုတ်ချင် ဖြုတ်ပစ်၊ လုံးဝ မသွားဘူး။

ဒီလိုနဲ့ အဆောက်အအုံကို ပြင်ဆင်လို့ ပြီးစီးသွားပေမယ့် လူကိုတော့ ပြင်ဆင်လို့ မရခဲ့ဘူး။ ဒါ့အပြင် အချိန်တိုအတွင်းမှာတော့ ဘယ်လိုမှ ပြင်ဆင်လို့ ရနိုင်စရာအကြောင်း မရှိတော့ဘူး။ တစ်ဖွဲ့လုံးကို လူလဲပစ်ဖို့ပဲ ရှိတော့တယ်။ ဒါလည်း လွယ်လှတဲ့ ကိစ္စမှ မဟုတ်တာ။ လက်နက်အပြည့်အစုံပါတဲ့ တပ်တစ်တပ်ကို ဖွဲ့စည်းရတာထက်တောင် ခက်နေတယ်။ တပ်တစ်တပ်မှာက လူမပြည့်ရင် ပေါ်တာဆွဲလို့ ရနိုင်သေးတယ်။ ဖမ်းခေါ်လာရင်လည်း ပြစ်မှုမမြောက်ဘူး။ နေ့ခင်းကြောင်တောင်မှာတောင် စိတ်ထင်တိုင်း လုပ်လို့ ရတယ်။ သို့ပေမယ့် ဒီမိန်းမတွေကို ဖမ်းခေါ်လို့ ရနိုင်မှာတဲ့လား။ ဖမ်းလို့မဖြစ်။ လိင်ကျွန်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာက ဘာသာရေး အကြောင်းတရားကို ခဏ ဖယ်ထားလိုက်ဦး၊ ဗမာ့တပ်မတော်သားတစ်ယောက် အတွက်တော့ အင်မတန်မှ ကြီးလေးတဲ့ ပြစ်မှုတစ်ခုပဲ။ ရှိစေတော့။ ရှိစေတော့။ ဒီတိုက်ကြီးကို ဒီအတိုင်း ဟောင်းလောင်းသာ ပစ်ထားကြပေတော့။ တစ်နည်းဆိုရရင် ပိုက်ဆံနဲ့သာ ပြဿနာ အဖြစ်ခံမယ်။ လူနဲ့တော့ ပြဿနာ အဖြစ်ခံလို့ မတော်ဘူး။ ဒီလိုနဲ့ ဗိုလ်မှူးမောင်ကိုရဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာတဲ့ မဟာစီမံကိန်းကြီးက အဆုံးမှာ သဲထဲရေသွန် ဖြစ်သွားခဲ့ရတယ်။ ငွေပင်ငွေရင်း အမြောက်အမြားသာ အသားလွတ် စိုက်ထုတ်ခဲ့ရတယ်။ ဘာမှ ဖြစ်မလာတာကြောင့် တိုက်ကြီးနှစ်လုံးစလုံးကို အမြင်ကတ်ကတ်နဲ့ ဖြိုချလို့သာ ပစ်လိုက်ချင်တော့တယ်။

ယမန်နေ့ညက အခြေအနေအရပ်ရပ်ကို ကြားသိရပြီးတဲ့နောက်မှာ ဒီလူအုပ်အတွက် နေရာတစ်နေရာ ရှာပေးရတော့မယ်လို့ သဘောပေါက်လိုက်တာနဲ့ တစ်ပြိုင်နက် သူ ဒီနေရာကို ချက်ချင်း သတိရသွားခဲ့တယ်။ အဲဒီတိုက်ကြီးတွေကို လက်တွေ့အသုံးချခွင့် ရပေတော့မယ်လို့လည်း ကျေနပ်ဝမ်းမြောက်စိတ်တောင် ဖြစ်ပေါ်လာခဲ့တယ်။ လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရသလောက်တော့ သူ့ရဲ့ အစီအမံက တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ပဲ ဆိုသလို အံဝင်ခွင်ကျ ဖြစ်နေတော့တယ်။ ပင်ပန်းခဲ့ရကျိုး နပ်သွားပြီပေါ့။ ကုန်ခဲ့ရကျိုး နပ်သွားပြီပေါ့။ တိုက်နှစ်လုံးနဲ့ အဖွဲ့နှစ်ဖွဲ့။ တစ်ဖက်မှာ တစ်ဖွဲ့စီနေ။ ကိုယ့်အစီအမံနဲ့ကိုယ်၊ နီးလည်း မနီးလွန်း ဝေးလည်း မဝေးလွန်း၊ ကျဉ်းလည်း မကျဉ်းကျပ် လျော့လည်း မလျော့ရဲ။ အလောတော်ပဲ။ သို့ပေမယ့် သူ့အတွက် နားလည်ရခက်နေတာက ဘာကြောင့်မို့ သူတို့ကို ဦးဟန်ထွန်းက အဲဒီလို နေရာချပေးထားရသလဲ ဆိုတဲ့အချက်။ အပေါ်ထပ်မှာ အခန်းလေးခန်း ရှိတာကြောင့် တစ်ယောက်တစ်ခန်း နေလို့လည်း ဖြစ်နေသားပဲ။ ဘာကြောင့် အခန်းတစ်ခန်းကို သော့ခတ်ထားရတာလဲ။ ဘာကြောင့် ချိုမာနဲ့ မြသန္တာကို အခန်းတစ်ခန်းထဲမှာ အတူတူ ထားထားရတာလဲ။

အပါးတော်မြဲဖြစ်တဲ့ ဗိုလ်လေးထွန်းမြင့်ကတော့ အောက်ထပ်မှာ နေတယ်။

အောက်ထပ်မှာက ဧည့်ခန်းရယ်၊ မီးဖိုချောင်ရယ်နဲ့ ထမင်းစားခန်းက လွဲရင် အခန်းလို့ ခေါ်လို့ရတာဆိုလို့ အခန်းကြီးတစ်ခန်းနဲ့ အခန်းငယ်နှစ်ခန်းပဲ ရှိတော့တယ်။ အခု ဗိုလ်လေးထွန်းမြင့်နဲ့ လုံခြုံရေးတပ်သားက အခန်းငယ်တစ်ခန်းစီမှာ နေနေကြတယ်။ ကျယ်တဲ့အခန်းကိုတော့ အစည်းအဝေးခန်းမအဖြစ် ပြောင်းလဲပြင်ဆင်ထားတယ်။ အဲဒီအခန်းထဲကို ဝင်သွားတော့ အစည်းအဝေးခန်းမရဲ့ အပြင်အဆင်ကို မြင်လိုက်ရမှ ဗိုလ်မှူးမောင်ကို သတိရသွားတယ်။ ဒီနေ့ သူ့ရဲ့ လာရင်းကိစ္စက သူတို့နဲ့ စည်းဝေးပွဲတစ်ခု လုပ်မလို့ပေပဲ။ ဒီတော့ အစည်းအဝေးခန်းမ တစ်ဆောင်တော့ ရှိရတော့မှာပေါ့။ ဒါပေမယ့် အပြင်ဘက်မှာရှိတဲ့ ဧည့်ခန်းကလည်း တော်တော်ကြီး ကျယ်ပြန့်တာပါ။ ကြိမ်ကုလားထိုင် တစ်ပတ်လည်နဲ့ လက်ဖက်ရည်တင် စားပွဲတွေ ဘာတွေလည်း ရှိနေပြီးသားမို့ အဲဒီနေရာမှာ စည်းဝေးပွဲလုပ်လည်း ဘာမှ အခက်အခဲ ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်မို့ အခန်းသပ်သပ် ပြင်ဆင်ထားရတာလဲ။ ဦးဟန်ထွန်းက ဘယ်လို စိတ်ကူးနဲ့ ဒါတွေ လျှောက်လုပ်ထားတာလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေတယ်။ သူက အစည်းအဝေးစားပွဲ လုပ်ထားတဲ့ စားပွဲရှည်ရှည်ကြီးကို တစ်ပတ်ပတ်ကြည့်ရင်း သတိထားမိသွားတယ်။ လက်စသတ်တော့ စားပွဲနှစ်လုံးဆက်ပြီး အပေါ်ကနေ စားပွဲခင်းတစ်ခု ခင်းထားတာကိုး။ အခုလို သေသပ်ပိရိအောင် ပြင်ဆင်ထားပုံထောက်ရင် ဦးဟန်ထွန်းမှာ သူ့အကြံအစည်နဲ့သူ ရှိနေလိမ့်မယ် ဆိုတာကို ဗိုလ်မှူးမောင်ကို သဘောပေါက်လာတယ်။ အဲဒီလူကို လျှော့တွက်လို့ မရဘူး ဆိုပြီးတော့လည်း နားလည်လာတယ်။ အဲဒါ ဦးဟန်ထွန်းအပေါ်ထားတဲ့ ဗိုလ်မှူးမောင်ကိုရဲ့ အခြေခံသဘောထားပဲ။ သူ့အပေါ် တတ်နိုင်သလောက် အကောင်းမြင်စိတ် မွေးပြီး တတ်နိုင်သလောက် မဆန့်ကျင်မိဖို့ အရေးကြီးတယ်လေ။

နောက်ဆုံးတော့ ဗိုလ်မှူးမောင်ကိုက စားပွဲရဲ့ အရှေ့ဆုံးထိုင်ခုံမှာ ထိုင်ချလိုက်ပြီး လက်ဆွဲအိတ်ထဲက အမှုဖိုင်တွဲတချို့ကို ဆွဲထုတ်လိုက်တယ်။ စည်းဝေးပွဲအတွက် ကိစ္စဝိစ္စတွေကို ကြံဆတွေးတောနေတယ်။ ဘယ်လို အစည်းအဝေးမျိုးကို ကျင်းပရမလဲ ဆိုတာ စဉ်းစားမိသွားတော့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်စ ယှက်သန်းလာတယ်။ ဒါပေမယ့် အဲဒီအပြုံးထဲမှာပဲ ရွံမုန်းစိတ်အနည်းအကျဉ်းက ရောစွက်နေပြန်သေး။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *