ဒုတိယမြောက်နေ့ နေမင်းကြီး ထွက်ပြူလာတဲ့ အခါမှာ ကန်ရေပြင်ထက်က မြူခိုးတွေအားလုံး လွင့်စင်ပျောက်ကွယ်သွားတယ်။ ဗိုလ်မှူးမောင်ကိုရဲ့ အနက်ရောင်ကားကလေးက တာရိုးလမ်းမထက်မှာ တစ်စီးတည်းထီးတည်း လှုပ်လီလှုပ်လဲ့နဲ့ ရွေ့လျားနေတယ်။
အနက်ရောင်ကားကလေးက တာရိုးအတိုင်း ကွေ့ရင်းပတ်ရင်း ဝေ့ရင်းဝိုက်ရင်းနဲ့ နေလစံအိမ်ဆီကို တန်းတန်းမတ်မတ် မောင်းနှင်လာတယ်။ ဟွန်းအနည်းငယ် တီးပြီးတဲ့နောက်မှာ တံတိုင်းအမြင့်ကြီး ကာရံထားတဲ့ ဂိတ်ပေါက်ဝကို ရောက်ရှိလာတယ်။ ဟွန်းတီးတယ် ဆိုတာကလည်း တကယ်တော့ လမ်းသွားလမ်းလာတွေ ရှိနေလို့ မဟုတ်ဘူး။ ဒီနေရာက လူပြတ်တော့ တောကောင်လေးတချို့နဲ့ ဘေးမဲ့လွတ်နေတဲ့ နွားတွေ စည်းမဲ့ကမ်းမဲ့ သွားလာနေတတ်တာကြောင့်ပါ။ အခုဆို ဂိတ်ပေါက်ဝကို သဲသဲကွဲကွဲ လှမ်းမြင်နေရပြီ။ ပင်မဝင်ပေါက်ကြီးရဲ့ အပြင်ဘက်မှာ သေနတ်ကိုင် လုံခြုံရေးတပ်သားတွေ စောင့်ဆိုင်းနေကြတယ်။ အစောင့်တွေက ဂိတ်ပေါက်ကို ဖွင့်ပေးလိုက်တဲ့အချိန်မှာ နံနက် ၇ နာရီခွဲပြီ။ သူက ဒီနေရာကို စောနိုင်သမျှ စောအောင် ကြိုးစားပြီး ရောက်ရှိလာခဲ့ခြင်းပဲ။
သူ့အရှေ့မှာ အနက်ရောင် အုတ်ကြွပ်မိုးထားတဲ့ တီပုံသဏ္ဌာန် မီးခိုးရောင်အုတ်တိုက်ကြီးတစ်လုံးက ထီးထီးမားမား ရပ်တည်နေတယ်။ ဝိတိုရိယစတိုင် ရှေးအဆောက်အအုံနဲ့ အတော်လေး ဆင်တူတယ်။ ခမ်းနားလှပပေမယ့် လက်တွေ့မကျတဲ့ သံပန်းတံခါးက အလွယ်တကူ ကျော်ဝင်သွားနိုင်လောက်အောင် မမြင့်မားတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်လိုသူတစ်ယောက်ကို ဘယ်လိုမှ တားဆီးထားနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေရာ၊ ဒီဌာနမှာပဲ မျက်နှာပြောင်တိုက်ပြီး ဆောင်ကြာမြိုင်တစ်ခု ဖွင့်ထားခဲ့တာ။ လူကြားကောင်းအောင် ပြောရရင်တော့ အပန်းဖြေရိပ်သာပေါ့။ အခုချိန် တံခါးဝမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပေါ်မှာ ရှိတဲ့ ‘အရာရှိရိပ်သာ’ ဆိုတဲ့ စာသားကလည်း အဲဒီပြယုဂ်ကို ဘယ်လိုမှ ဖုံးဖိကွယ်ကာ မထားနိုင်တော့ဘူး။
အရာရှိရိပ်သာရဲ့ မျက်နှာစာမှာ ရှိတဲ့ မြက်ခင်းပြင်ကြီးကို ကွေ့ပတ်မောင်းနှင်ပြီးသကာလ ညာချိုးလို့ ခြံဝင်းရဲ့ အနောက်ဘက်ကို ဦးတည်လာခဲ့တယ်။ ဒီ့နောက်မှာတော့ မော်တော်ကားက ထီးရိုးဝါးတွေ ထူထဲစွာ ပေါက်ရောက်နေတဲ့ ဝါးရုံတောကြားက လမ်းကျဉ်းလေးအတိုင်း မောင်းနှင်သွားတယ်။ ဗိုလ်မှူးမောင်ကိုက အရှေ့နဲ့အနောက် အပြိုင်ရှိနေကြတဲ့ တိုက်ကြီးနှစ်လုံးကို ခေတ္တမျှ ငေးကြည့်နေမိတယ်။ မြက်ရိုင်းပင်တွေနဲ့ ပြည့်နှက်နေတဲ့ တောင်ကမူလေးတစ်ခုကို ဖြတ်ကျော်လိုက်တာနဲ့ အနောက်တိုက်ရဲ့ ပေါ်တီကိုအောက်မှာ မတ်တတ်ရပ်လျက် စောင့်ဆိုင်းနေတဲ့ ဦးဟန်ထွန်းကို ဘွားကနဲ တွေ့မြင်လိုက်ရတယ်။
ဂိတ်ပေါက်မှ ရဲဘော်ရဲ့ သတင်းပေးချက်အရ ဦးဟန်ထွန်းက ဒီနေရာမှာ တရိုတသေ လာရောက် စောင့်ကြိုနေတာ ဖြစ်တယ်။ သူ့ရဲ့ အနောက်မှာ ကာဘိုင်သေနတ်ကိုင်ထားတဲ့ လုံခြုံရေးတပ်သားတစ်ဦး ရပ်နေတယ်။ အဲဒီအစောင့်ရဲ့ ကျောဘက်မှာတော့ မကြာသေးခင်ကမှ ချိတ်ဆွဲထားတဲ့ သစ်သားဆိုင်းဘုတ်တစ်ခု။ ‘တပ်မြေ၊ အပြင်လူမဝင်ရ’ တဲ့။ ဒီအရာတွေအားလုံးကို ဦးဟန်ထွန်းက ညကမှ လောလောလတ်လတ် ပြုလုပ်ထားခဲ့တာ။ ထူးဆန်းနေတဲ့ အချက်ကတော့ ဗိုလ်မှူးမောင်ကိုရဲ့ ကားဆရာကို အပြင်လူအဖြစ် သတ်မှတ်ထားခြင်းပဲ။ သူက ဗိုလ်မှူးနဲ့အတူ အထဲလိုက်ဝင်ဖို့ တံခါးဝဆီကို လမ်းလျှောက်လာစဉ်မှာ လုံခြုံရေးတပ်သားက သူ့ကို ယဉ်ယဉ်ကျေးကျေး ဆီးတားလိုက်တယ်။
“အားတော့ နာပါတယ်။ မျဉ်းဖြူရဲ့ အပြင်ဘက်ကနေ စောင့်ပေးပါ” လုံခြုံရေးတပ်သားက ပြောတယ်။
ကားဆရာက မြေပြင်ကို ငုံ့ကြည့်လိုက်တယ်။ ဟုတ်ပ။ မြေပြင်ပေါ်မှာ တကယ်ပဲ အသစ်စက်စက် မျဉ်းဖြူတစ်ကြောင်း ရှိနေတယ်။ တိုက်ကြီးတစ်တိုက်လုံးကို ဝိုင်းပတ်ပြီး ဆွဲထားတာ။ သရဲတစ္ဆေတွေရဲ့ ဘေးရန်ကနေ ကာကွယ်တားဆီးဖို့အတွက် ပရိတ်ထုံးတားထားတဲ့အတိုင်းပဲ။
တိုက်ပေါ်ရှိ လူအားလုံးက အိပ်ရာဝင် နောက်ကျကြတာကတစ်ကြောင်း၊ ဗိုလ်မှူးမောင်ကိုကို ဤမျှစောစော ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားကြတာက တစ်ကြောင်းကြောင့် သူတို့ ငါးယောက်စလုံး အိပ်ရာထ နောက်ကျကြတယ်။ သူ ရောက်လာတဲ့အချိန်မှာ မြသန္တာက ခုတင်ပေါ်ကနေတောင် ထရသေးတာ မဟုတ်ဘူး။ ဤသို့ဤနှယ် နံနက်စောစောအချိန်မှာ ဗိုလ်မှူးတစ်ယောက်က သူတို့ကို လာရောက် တွေ့ဆုံတာက ဂုဏ်ယူစရာ ကိစ္စတစ်ခုလို ဖြစ်နေတယ်။ သို့ပေမယ့် ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ မစ်ရှင်က ဘယ်၍ဘယ်မျှ အရေးကြီးကြောင်း ပေါ်လွင်သွားတော့တာပေါ့။ နံနက်စာစားဖို့ တိုက်ထဲကနေ အပြင်ကို ထွက်လိုက်ကြတဲ့အခါမှာ အပြင်မှာ ရပ်စောင့်နေကြတဲ့ လုံခြုံရေးတပ်သားတွေနဲ့ တိုက်ရဲ့ပတ်ပတ်လည်မှာ ရေးဆွဲထားတဲ့ အဖြူရောင်မျဉ်းကြောင်းကို တွေ့မြင်လိုက်ရတယ် ဆိုရင်ပဲ ယင်းသို့သော ခံစားချက်က တစ်ပြန်မက ပိုမို အားကောင်းလာတော့တယ်။
တိုက်ထဲကနေ သူတို့ ထွက်လာခဲ့ကြရတဲ့ အကြောင်းက နံနက်စာစားဖို့။ စားသောက်ခန်းက ခြံရှေ့ ဧည့်ခန်းမဆောင်ထဲမှာ ရှိတယ်။ ဦးဟန်ထွန်းက အိမ်ရှင်လိုလို အခိုင်းစေလိုလိုနဲ့ သူတို့အားလုံးကို လမ်းပြခေါ်ဆောင်သွားတယ်။ ယမန်နေ့ညက ကောင်းကောင်းမွန်မွန် အိပ်စက်ခြင်း မပြုရသေးပေမယ့် ဦးဟန်ထွန်းကတော့ လန်းဆန်းတက်ကြွနေတယ်။ သူ့ရဲ့ မျက်နှာက သွေးရောင်လွှမ်းနေပြီး အဝေးရောက် အထူးဧည့်သည်တော်တွေကို ဧည့်ခံနေရတဲ့အလား မြူးထူးနေတယ်။ ဒီအချက်က သူတို့ရဲ့ အရေးပါမှုနဲ့ တာဝန်ရဲ့ လေးနက်မှုကို ဖော်ပြနေသယောင် ဖြစ်နေတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဦးဟန်ထွန်းက တော်တန်ရုံမျှနဲ့ ဒီလို အသေးအမွှား ကိစ္စမျိုးတွေကို ကိုယ်တိုင်ကိုယ်ကြပ် ပြုလုပ်လေ့ ရှိတာမဟုတ်ဘူး။
အနောက်တိုက်ထဲကနေ သူတို့အားလုံး ထွက်လာကြတဲ့အခါမှာ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ အရှေ့တိုက်ထဲကနေလည်း လူနှစ်ယောက် ထွက်လာကြတယ်။ အရပ်ဝတ်ဝတ်ထားပြီး လက်ထဲမှာတော့ ကိရိယာတန်ဆာပလာတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးစီ ကိုင်ဆောင်ထားကြတယ်။ ဗိုလ်ဝတုတ်ရဲ့ ဦးဆောင်မှုနဲ့အတူ တိုက်တွင်းတိုက်ပြင်နဲ့ တိုက်ပေါ်တိုက်အောက်ကို လှည့်ပတ်စစ်ဆေးနေကြတယ်။ ကြည့်ရတာ ဝါယာကြိုးတွေကို စစ်ဆေးနေပုံပဲ။ ဗိုလ်မှူးမောင်ကိုက နံနက်စာစားပြီးပြီမို့ အဲဒီလူတွေနဲ့ တိုက်အနှံ့ လိုက်လံအကဲခတ်ဖို့ လိုက်သွားလေရဲ့။