Show contents

(ခ)

လူနှစ်သုတ်၊ ပထမတစ်သုတ်က အရှေ့တိုက်မှာ နေရာယူလိုက်ကြတယ်။ သူတို့ရဲ့ လူအင်အားက နည်းလှတာ မဟုတ်ဘူး။ ထရပ်ကားတစ်စီးစာ အပြည့်ပါလာတယ်။ ကားပေါ်က ဆင်းပြီး တိုက်ရှေ့ မြေကွက်လပ်မှာ နေရာယူလိုက်ကြတဲ့အခါ မြေပြင်တစ်ခုလုံး သူတို့အားလုံးနဲ့ ပြည့်နှက်သွားတော့တယ်။ အမှောင်ထုထဲမှာ လူအရေအတွက်ကို ရေတွက်ကြည့်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရာဂဏန်း မပြည့်ရင်သာ ရှိမယ်။ လေး၊ ငါးဆယ်ထက်တော့ လျော့မယ် မထင်ဘူး။ သူတို့ လူအများစုက ငယ်ရွယ်တဲ့ စစ်သားလေးတွေပဲ။ တချို့က ကာဘိုင်သေနတ်တွေကို ပခုံးမှာ လွယ်လို့။ တချို့က စက်ကိရိယာတွေကို လက်မှာ ဆွဲလို့။ သူတို့ကို ခေါင်းဆောင်တဲ့သူက ဝဝပုပု လူကြီးတစ်ယောက်၊ ခါးပတ်မှာ မော်ဇာပစ္စတိုတစ်လက်နဲ့ ကင်တိုဓားတစ်ချောင်း ချိတ်ဆွဲထားတယ်။ သူက ကင်ပေတိုင် စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ အရာရှိတစ်ဦး၊ နာမည်အတိအကျကို မှတ်တမ်းမှတ်ရာတွေမှာ ရှာမတွေ့နိုင်တော့ဘူး။ ဒါကြောင့် ခေါ်ရလွယ်အောင် ဗိုလ်ဝတုတ်လို့ပဲ ခေါ်ကြပါစို့။ ရဲဘော်တွေအနေနဲ့ သူတို့ရဲ့ အလုပ်တာဝန်ကို မလာခင်ကတည်းက ကြိုတင် သိထားကြပြီးပြီ။ ကားပေါ်က ဆင်းပြီးတာနဲ့ တိုက်ထဲဝင်ဖို့ ဗိုလ်ဝတုတ်ရဲ့ အချက်ပြအမိန့်ကို စောင့်ဆိုင်းနေကြတယ်။ လက်ပြလိုက်တယ် ဆိုရင်ပဲ စက်ကိရိယာတွေ ကိုင်ဆောင်ထားတဲ့ တပ်သားတစ်ဝက်လောက်က တံခါးမကြီးဆီကို သကြားခဲ ပုရွတ်ဆိတ်အုံသလို စုပြုံရောက်ရှိသွားပြီး တိုက်ထဲကို တိုးဝှေ့ဝင်ရောက်သွားကြတယ်။ သေနတ်လွယ်ထားတဲ့ ကျန်ရဲဘော်တစ်ဝက်ကတော့ နေရာမှာ ရပ်မြဲအတိုင်း ရပ်နေကြတုန်းပဲ။ တိုက်ထဲကနေ ဗိုလ်ဝတုတ် ထွက်လာတဲ့အခါမှသာ သူနဲ့အတူ အရှေ့တိုက်ကနေ ထွက်ခွာသွားကြပြီး အမှောင်ထုထဲကို လျှိုးဝင် ပျောက်ကွယ်သွားကြတယ်။

နောက်တစ်နာရီခန့် ကြာပြီးတဲ့နောက်မှာ ဒုတိယအသုတ်လူတွေ ရောက်ရှိလာကြပြီး အနောက်တိုက်ထဲကို ဝင်သွားကြတယ်။ စုစုပေါင်း လူ ငါးယောက်၊ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်။ အားလုံးက စစ်တပ်အရာရှိတွေချည်းပဲ။ သူတို့အထဲမှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က ဗိုလ်ကြီးအောင်သူ။ တစ်ချိန်က ဒိုက်ဦးနယ်တစ်ဝိုက်ရဲ့ မြေအောက်လှုပ်ရှားမှုတွေကို ထောက်လှမ်းချေမှုန်းရတဲ့ တပ်စုတစ်စုရဲ့ တပ်စုမှူး ဖြစ်ခဲ့ဖူးတယ်။ နှစ်ဆန်းပိုင်းမှာ အဲဒီဒေသအတွင်း လှုပ်ရှားနေကြတဲ့ ဖက်ဆစ်တော်လှန်ရေး မြေအောက်တပ်သားတွေရဲ့ အဖွဲ့ငယ်တစ်ဖွဲ့ကို ဖမ်းဆီးသုတ်သင်ပေးနိုင်ခဲ့တာကြောင့် မြေအောက်လှုပ်ရှားမှု စုံစမ်းဖော်ထုတ်ရေး အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ဆက်သွယ်ရေးတပ်ရင်းရဲ့ တပ်ရင်းမှူးအသစ်လည်း ဖြစ်တဲ့ ဗိုလ်မှူးမောင်ကိုရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့ရလို့ ရာထူးနှစ်ဆင့်တက်ပြီး ပဲခူးမြို့ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ အခုအချိန်မှာ သူက လောလောလတ်လတ် ရာထူးတိုးမြှင့်ခံထားရတာကြောင့် ဘဝင်လေဟပ်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေလေရဲ့။ ဒုတိယမြောက် ပုဂ္ဂိုလ်ကတော့ စစ်ရေးလျှို့ဝှက်ချက်တွေကို ကိုင်တွယ်စီမံရတဲ့ တပ်စိတ်မှူး တပ်ကြပ်ကြီးမျိုးဇော်ဖြစ်တယ်။ သူ့ထက် ရာထူးနိမ့်တဲ့ တတိယမြောက် ပုဂ္ဂိုလ်က အမျိုးသမီးတစ်ယောက်၊ ကြေးနန်းဝှက်စာဌာနရဲ့ ဌာနမှူး ချိုမာပဲ။ ဗိုလ်လေးထွန်းမြင့်ကို စတုတ္ထမြောက် ပုဂ္ဂိုလ်လို့ ခေါ်နိုင်သလို ပထမတန်းစား ပုဂ္ဂိုလ်အဖြစ်လည်း သတ်မှတ်နိုင်တယ်။ သူက ဗိုလ်မှူးမောင်ကိုရဲ့ ကိုယ်ရံတော်တပ်သားတစ်ဦး ဖြစ်တဲ့အပြင် အပါးတော်မြဲလည်း ဖြစ်နေသေးတာကိုး။ ဒါကြောင့် သူ့ရဲ့ တရားဝင် ရာထူးအဆင့်က ဗိုလ်လေးမျှသာ ဆိုပေမယ့် အရာရှိကြီးတစ်ဦးရဲ့ အနီးကပ်ဆုံးနေရာမှာ တည်ရှိနေတာကြောင့် သူ့ရဲ့ လုပ်ပိုင်ခွင့်က အကန့်အသတ်မဲ့သလို ဖြစ်နေတော့တယ်။ မြသန္တာက ချိုမာရဲ့ ဌာနလက်အောက်က ဝန်ထမ်းငယ်တစ်ဦးမျှပဲ။ ငယ်ရွယ်နုပျိုတယ်။ လှပကြော့ရှင်းတယ်။ စွဲဆောင်မှု အပြည့်ရှိတဲ့ ကညာပျိုတစ်ယောက် ဖြစ်နေတာကြောင့်လည်း အမှောင်ထုထဲမှာတောင် လည်ပြန်ကြည့်ရလောက်တဲ့ ရုပ်ရည်ရူပကာမျိုးကို ပိုင်ဆိုင်ထားတယ်။

သူတို့ငါးယောက်က စစ်သုံးဂျစ်ကားတစ်စီးနဲ့ ရောက်ရှိလာကြပြီးတော့ အမှောင်ထုရဲ့ ညဉ့်ခြုံလွှာကို အကာအကွယ်ယူရင်း လျှို့ဝှက်ကြံစည်မှုတစ်ခုအလား ‘နေလ’ စံအိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်သွားကြတယ်။ အရှေ့ဥယျာဉ်ကို ဖြတ်ကျော်ပြီးသကာလ အနောက်ဥယျာဉ်ထဲကို ချွတ်နင်းဝင်ရောက်ပြီးတော့ နှစ်ချီအောင် လူသူကင်းမဲ့နေခဲ့တဲ့ အနောက်တိုက်ပေါ်ကို တက်သွားကြတယ်။ ဒါကြောင့် တစ်ချိန်က (တစ်ကြိမ်မက) သွေးမြေကျခဲ့ဖူးတဲ့ ဒီတိုက်ကြီးဟာ အခုဆိုရင် ပိုလို့တောင် အသည်းယားစရာ ကောင်းနေတော့တယ်။ သွေးစွန်းခဲ့ဖူးတဲ့ ဓားတစ်လက်ကို လူသတ်ခဲ့ဖူးတဲ့ သွေးဆာနေတဲ့ လူတစ်ယောက်ရဲ့ လက်ထဲ ထိုးထည့်ပေးလိုက်သလိုပဲ။

လျှို့ဝှက်ကြံစည်မှုက လျှို့ဝှက်လွန်း အားကြီးနေတော့ အဲဒီကြံစည်မှုမှာ ပါဝင် ပတ်သက်နေရသူတွေတောင် ၎င်းရဲ့ အသွင်သဏ္ဌာန်နဲ့ အကြောင်းအရာကို ဘယ်သူမှ မသိရှိကြဘူး။ သူတို့အားလုံးက ဒီနေရာကို ထွက်ခွာမလာခင်အထိ မိမိတို့ရဲ့ စက်ရာခုတင်တွေပေါ်မှာ လဲလျောင်းအိပ်စက်နေခဲ့ကြတယ်။ အပါးတော်မြဲ ဗိုလ်လေးထွန်းမြင့်က သူ့ရဲ့ အထက်အရာရှိဖြစ်သူ ဗိုလ်မှူးမောင်ကိုရဲ့ ဖုန်းခေါ်သံကြောင့် အိပ်ရာထက်ကနေ အဦးဆုံး နိုးထလာခဲ့ရတယ်။ အဲဒီနောက် ဗိုလ်လေးရဲ့ အမိန့်နဲ့ တပ်ကြပ်ကြီးမျိုးဇော်၊ ချိုမာ၊ မြသန္တာနဲ့ ဗိုလ်ကြီးအောင်သူ၊ ဒီလေးယောက်ကို အိပ်မက်အတွင်းကနေ ဆွဲထုတ်ခဲ့တယ်။ သူတို့ငါးယောက်ကို အရေးပေါ်စုစည်းပြီး ဂျစ်ကားပေါ် တင်လို့ အိပ်မက်ယောင်နေတဲ့အလား ဒီနေရာကို ရူးကြောင်မူးကြောင်နဲ့ ရောက်လာခဲ့ကြတာ။ အဘယ်အတွက်ကြောင့် ဒီနေရာကို ရောက်လာရသလဲ ဆိုတဲ့အချက်ကို ဗိုလ်လေးထွန်းမြင့် အပါအဝင် ဘယ်သူမှ မသိကြဘူး။ သူတို့ကို ခေါ်ဆောင်လာသူကတော့ ပဲခူးရဲဌာနအုပ် ဦးဟန်ထွန်းပဲ။ သူက လိုအပ်တာတွေကို နေရာချပေးပြီးတဲ့နောက်မှာ သူတို့ကို အတွင်းသတင်းတချို့ ဝေမျှပေးခဲ့တယ်။

“ဗိုလ်မှူးမောင်ကိုက လူကြီးမင်းတို့ကို စကားပါးလိုက်ပါတယ်” ဦးဟန်ထွန်းက ပြောတယ်။ “ခင်ဗျားတို့ကို အင်မတန် အရေးကြီးတဲ့ တာဝန်တစ်ခု ပေးစရာ ရှိတယ်။ နောက်ရက်တွေကျရင် အိပ်ရေးကို ဝဝအိပ်ဖို့တောင် မလွယ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တာကြောင့် ဒီညမှာ အချိန်ရတုန်းလေး အိပ်ရေးဝအောင် အိပ်ထားကြပါ။ ဗိုလ်မှူးက မနက်ဖြန်ကျရင် ခင်ဗျားတို့ကို ခပ်စောစော လာတွေ့ပါလိမ့်မယ်”

ထိုညမှာ ဦးဟန်ထွန်းက သူ့ရဲ့ ဧည့်သည်တွေအားလုံးကို နေရာချပေးရင်း ရွှင်လန်းတက်ကြွနေတယ် ဆိုတာ သိသာထင်ရှားနေတယ်။ ထိုနေ့ညရဲ့ လုပ်စရာ တာဝန်အများကြီးထဲက အဲဒီလို နေရာချထားရေးတာဝန် တစ်ခုတည်းကိုသာ ပြုလုပ်ပေးရတဲ့ သူက အမှာစကားကို ပါးပြီးတာနဲ့တစ်ပြိုင်နက် အားလုံးကို နှုတ်ဆက်လို့ ထွက်ခွာသွားတော့တယ်။

မြသန္တာက ဦးဟန်ထွန်းရဲ့ နားလည်ရန် ခက်ခဲတဲ့၊ အလျင်စလိုနိုင်တဲ့ အမူအရာတွေကို ကြည့်ပြီး စိတ်ကသိကအောက် ဖြစ်နေတယ်။ ဒါနဲ့ သူ့ရဲ့ သွယ်လျတဲ့ နှာခေါင်းနဲ့ ဟွန့်ကနဲ နှာမှုတ်လိုက်ပြီး ပါးစပ်ကနေလည်း ဆဲဆိုသံ ထွက်ပေါ်လာတယ်။

“တကတည်းမှပဲ။ ဒီသူတောင်းစားကြီးက သူ့ကိုယ်သူ ဘာကောင်များ မှတ်နေလဲ မသိဘူး”

အသံက ကျယ်လှတယ်တော့ မဟုတ်။ သို့ပေမယ့် မာထန်နေတာကြောင့် သူ့ရဲ့ အပေါင်းအဖော်တွေတောင် လန့်ဖျပ်ပြီး ဇက်ပုကုန်ကြတယ်။

ဦးဟန်ထွန်းက ကင်ပေတိုင်အဖွဲ့နဲ့ ပါတနာစားတာကြောင့် သူ့မှာ အထူးလုပ်ပိုင်ခွင့်တချို့ ပိုင်ဆိုင်ထားတယ်။ သူနဲ့ ငြိစွန်းလို့ မဖြစ်ဘူး။ ဗိုလ်မှူးမောင်ကိုကိုယ်တိုင်တောင် ကင်ပေတိုင်အဖွဲ့ကို သတိထား ဆက်ဆံနေရတာ မဟုတ်လား။ ကင်ပေတိုင်ဆိုတာက ဂျပန်ခေတ်မှာ လက်စောင်းအထက်ဆုံး အဖွဲ့တစ်ဖွဲ့ပဲ။ လက်အောက်ခံ မြန်မာတွေကို မဆိုထားနဲ့၊ သူတို့ရဲ့ ဂျပန် စစ်ဘက်အရာရှိတွေကိုတောင် လိုအပ်ရင် အရေးယူနိုင်တဲ့ အခွင့်အာဏာတွေ သူတို့မှာ ပိုင်ဆိုင်ထားကြတယ်။ ဦးဟန်ထွန်းက ကင်ပေတိုင်ရုံးကို လစဉ်လတိုင်း အစီရင်ခံစာတစ်စောင် ရေးပို့ပေးရတယ်။ အဲဒီအစီရင်ခံစာထဲမှာ တပ်ရင်းမှူးရဲ့ တပ်တွင်းလှုပ်ရှားမှုတွေ အပါအဝင် မိန့်ခွန်းလို ပြောစကားတွေကိုလည်း ထည့်သွင်း ရေးသားရတယ်။ ဒါကြောင့် တပ်ရင်းမှူးပင် ဖြစ်နေလင့်ကစား ဤနှယ် ပုဂ္ဂိုလ်မျိုးနဲ့ တတ်နိုင်သလောက် ပြဿနာ တက်ခံနိုင်တဲ့ အခြေအနေမျိုးမှာ မရှိတာကြောင့် ဦးဟန်ထွန်းလို ပုဆိန်ရိုးတွေက ပိုလို့တောင် ဇောင်းကြွနေကြတယ်။

အဲဒီလို မြွေဟောက်မျိုးကို ဘယ်သူက စကားမာမာ ပြောရဲမှာတဲ့လဲ။ မျက်နှာချင်း ဆိုင်လျက်တော့ ဘယ်သူမှ မပြောရဲတာ သေချာတယ်။ ကွယ်ရာမှာ ပြောမယ်ဆိုမယ် ဆိုရင်တောင် နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့် ဆိုသလို အင်မတန်မှ သတိထားရမယ့် အနေအထားမျိုး။ တကယ်လို့သာ မသမာသူ တစ်ဦးတစ်ယောက်က ကြားသွားခဲ့ရင် ခြေထိုးခံရလို့ မာလကီးယားသွားနိုင်တယ်လေ။ ဒါကြောင့် မြသန္တာရဲ့ ခပ်မာမာ ပြောလိုက်တဲ့ စကားလုံးတွေကို အားလုံးက ဘာဘာ ဘာမှမသိသလို မကြားချင်ယောင် ဆောင်နေခဲ့ကြတယ်။ ဘာမှ မဖြစ်ခဲ့သလို ပုံစံမျိုးနဲ့ ကိုယ့်အခန်းကိုယ် ထွက်ခွာသွားကြတော့တယ်။

အားလုံး ခွဲခွာသွားကြပြီးတဲ့နောက်မှာ ပြန်စုလိုက်ကြပြန်တယ်။

ဗိုလ်ကြီးအောင်သူရဲ့ အခန်းမှာ စုလိုက်ကြပြီး အပြန်အလှန် မေးခွန်းထုတ်နေကြတယ်။ ဗိုလ်မှူးမောင်ကိုက သူတို့အားလုံးကို ညကြီးသန်းခေါင် နှိုးပြီး အဘယ်အတွက်ကြောင့် ဒီနေရာကို ပို့ခဲ့ရပါသလဲ။

တစ်ဦးဦးတော့ သိလိမ့်မယ်လို့ ယူဆထားကြတယ်။ သို့ပေမယ့် အပြန်အလှန် မေးခွန်းထုတ်ပြီးတဲ့နောက်မှာလည်း သိသူ ဘယ်သူမှ မရှိဘူး ဖြစ်နေတယ်။ အကြောင်းမသိတော့ ရမ်းသမ်းမှန်းစမ်း လုပ်ကြည့်ကြရုံပေါ့။ ဒီလို ဖြစ်နိုင်လား။ ဟိုလို ဖြစ်နိုင်လား။ ဒီဟာကြောင့်လား။ ဟိုဟာကြောင့်လား။ … ဖြစ်နိုင်ခြေတွေက များပါဘိတောင်း။ သတ္တုချလိုက်ရင် တောင်တွေးမြောက်တွေးရင်း အဖြစ်မှန်နဲ့ နီးစပ်တဲ့ အဖြေကို ဖော်ထုတ်နိုင်ဖို့ ခက်ခဲနေကြဆဲပဲ။ သို့ပေမယ့် ဘယ်သူမှတော့ လက်မလျှော့ချင်ကြသေးဘူး။ ဆက်ပြီး၍သာ တွေးဆချင်နေကြတယ်။ ဗိုလ်ကြီးအောင်သူ တစ်ယောက်ကတော့ ခြွင်းချက်။ သူက တစ်နေကုန်လုံးနီးပါး တပ်အတွင်းမှာ အလုပ်ရှုပ်နေခဲ့တယ်။ ညစာထမင်းဝိုင်းမှာ မျှစ်စားထားလို့ သွေးတက်နေတာက တစ်ကြောင်း၊ အရက်ကို လစ်မစ်လွန်အောင် သောက်ထားခဲ့မိတာက တစ်ကြောင်းကြောင့် အလွန်အမင်း အိပ်ချင်နေပြီ။

“အိပ်စို့၊ အိပ်စို့” သူက လူစုခွဲဖို့ လောဆော်လိုက်တယ်။ “ဘာတွေ လျှောက်တွေးနေကြတာလဲ။ မင်းတို့က ဗိုလ်မှူးဗိုက်ထဲက ပုဏ္ဏားလေးလည်း မဟုတ်ဘူး။ အကြားအမြင် ရနေတာလည်း မဟုတ်ဘဲနဲ့ လျှောက်တွေးနေလည်း အပိုပဲ” ဒီ့နောက် သူ့ရဲ့ လေသံက ရုတ်တရက် ပြောင်းလဲသွားတယ်။ “မင်းတို့ သိလား။ ငါ အခု ဘယ်မှာ နေနေရသလဲဆိုတာ။ ဗိုလ်မှူးစောလှက အရင် ဒီအခန်းမှာ နေခဲ့တာတဲ့ဟ။ သူက ဒီခုတင်ပေါ်မှာ အသတ်ခံခဲ့ရတာ”

မြသန္တာက ခုတင်ရဲ့ အနားစွန်းမှာ နဂိုက ထိုင်နေခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ စကားကိုလည်း ကြားလိုက်ရော ခုတင်ပေါ်ကနေ ထခုန်လုမတတ်ဖြစ်ပြီး ဆတ်ခနဲ မတ်တတ်ထရပ်လိုက်တယ်။

ဗိုလ်ကြီးအောင်သူက တဟားဟားရယ်ရင်း စကားဆိုတယ်။ “ကြောက်စရာ မလိုပါဘူး၊ ကောင်မလေးရာ။ နင့်လိုသာ ကြောက်နေရရင် ငါ ဒီည ဘယ်လို အိပ်ရပါတော့မလဲ။ အိပ်စရာ ရှိတာတော့ အိပ်ရမှာပဲ။ တစ္ဆေတွေက လူကို ကြောက်သတဲ့။ နင် ကြောက်မနေစမ်းပါနဲ့။ အဲဒီလူက အသက်ရှင်လျက် ရှိနေမှသာ နင် ကြောက်ရမှာ။ သူက အချောအလှဆိုရင် အလွတ်ပေးတာ မဟုတ်ဘူးတဲ့ဟ”

မြသန္တာက ပြန်ပြောတယ်။ “ဗိုလ်ကြီးက ဘာတွေ လျှောက်ပြောနေတာလဲ” နှုတ်ခမ်းကလည်း စူလို့ပြူလို့။

တပ်ကြပ်ကြီးမျိုးဇော်လည်း စကားထဲ ဝင်ပါလာတယ်။ “တို့ဗိုလ်ကြီးက ခင်ဗျားကို ချီးမွမ်းနေတာပါဗျာ။ ခင်ဗျားကို ချောတယ်၊ လှတယ်လို့ ပြောနေတာ”

မြသန္တာက ဆတ်ဆတ်ထိမခံဘဲ ဝင်ပြောဖို့ နှုတ်ခမ်းပြင်နေတာကို တွေ့ရတဲ့အခါမှာ ဗိုလ်ကြီးအောင်သူက သူ့ကို လက်ကာပြပြီး မေးခွန်းထုတ်လိုက်တယ်။ “ဗိုလ်မှူးစောလှကို ဘယ်သူ သတ်သွားတာလဲ၊ နင်သိလား။ ဒီစံအိမ်ထဲမှာ သူနဲ့ အတူနေသွားခဲ့ဖူးတဲ့ တစ်ယောက်ယောက်ပဲ”

သူ့ရဲ့ စကားက နက်နဲနေတာကြောင့် ရှင်းချက်ထုတ်ဖို့ လိုအပ်လာသည်။ “ဒီနေရာက အရင်တုန်းက ဓားပြဗိုလ်ကြီးတစ်ယောက်ရဲ့ ရတနာသိုက်ပဲ။ ဘိုးတော်ကြီး ပိုင်ဆိုင်ထားတဲ့ ရွှေငွေရတနာတွေနဲ့ ပဲခူးမြို့တစ်မြို့လုံးကိုတောင် ဝယ်ပစ်လို့ရတယ်လို့ အဆိုရှိတယ်။ အဲဒီရတနာတွေက ဘယ်ရောက်ကုန်သလဲ သိလား။ တစ်ဆင့်စကားအရတော့ ဒီတိုက်ကြီးထဲမှာ မြှုပ်ထားတာတဲ့။ နယ်နိမိတ်ကို နည်းနည်း ထပ်ချဲ့ပြီး ပြောရရင်တော့ ဒီခြံကြီးထဲမှာပဲ ဆိုပါတော့။ အဲဒီလို အကြောင်းတွေရှိလို့ပေါ့။ ရတနာတွေကို မတူးမဖော်နိုင်သေးခင်မှာ ပိုင်ရှင်တွေက တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတယ်။ အကုန်လုံးက အဲဒီရတနာတွေကို ရှာဖို့ပဲ အားသန်နေကြတာ။ ဗိုလ်မှူးစောလှလည်း တစ်ယောက်အပါအဝင်ပဲ။ ဒါပေမယ့် ခမျာမှာ ရတနာမတွေ့ခင် အသက်ပျောက်သွားရှာတယ်”

အဲဒီအကြောင်းကို သူတို့အားလုံး ကြားဖူးကြပြီးသား။

ဗိုလ်ကြီးအောင်သူက မတ်တတ်ထရပ်ပြီး တဟားဟား ရယ်မောနေတယ်။ “အိပ်မယ်၊ အိပ်မယ်။ အခန်းပြန်ကြတော့။ အရေမရ အဖတ်မရနဲ့ ဘာတွေ လျှောက်ပြောနေကြမှန်း မသိဘူး။ မင်းတို့ အဲဒီလို ရမ်းစဉ်းစားနေလို့ရော ဘာထူးလာမှာမို့လဲ။ ဘိုးတော်ကြီး ရွှေမြှုပ်ထားခဲ့တဲ့ နေရာကို စဉ်းစားတာကမှ အရေးအရာ ရှိဦးမယ်။ ဟား ဟား ဟား … အိပ်တော့ အိပ်တော့။ ဘယ်အချိန် ရှိနေပြီလဲ။ မဟုတ်လဲ မနက်ဖြန်ကျရင် ဗိုလ်မှူး ရောက်လာမှာပဲ။ အဲဒီအခါကျတော့ သိရလိမ့်မပေါ့”

အားလုံး ကိုယ့်အခန်းကိုယ် ပြန်သွားကြတယ်။

အချိန်က သန်းခေါင်ကျော်လို့ ၁ နာရီတိတိ ယွန်းသွားခဲ့ပြီ။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *