Show contents

နိဒါန်း

အချိန်က ၁၉၄၄ ခု။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရာသီဥတုက အတွင်းရော အပြင်ပါ ဗြောင်းဆန်အောင် ဗလောင်ဆူ ပွက်လောရိုက်နေတယ်။ အပြင်ဆိုတာက လက်တွေ့ မြေပြင်အခြေအနေကို ပြောတာ။ ၁၉၄၄ ခုနှစ် မတ်လမှာ နိပွန်တပ်မတော်ရဲ့ ဗိုလ်ချုပ်မူတာဂူချီ ဦးစီးတဲ့ တပ်မ (၁၅) က မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ အင်ဖာမြို့နဲ့ ကိုဟီးမမြို့ကို ဝင်တိုက်ခဲ့တယ်။ အဲဒီတိုက်ပွဲကပဲ နိပွန်တပ်မတော်ရဲ့ အနာဂတ်ကံကြမ္မာကို ပုဒ်မချပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့စစ်မြေပြင်မှာ တိုက်တိုင်းအောင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လက်မထောင်နိုင်ခဲ့တဲ့ နိပွန်တပ်မတော်ဟာ အင်ဖာ-ကိုဟီးမစစ်ဆင်ရေး (V-Go စစ်ဆင်ရေး လို့လည်း ခေါ်တယ်) ကနေ အစပြုလို့ နောက်ဆုံး အပြီးအပိုင် လက်နက်ချသွားတဲ့အထိ တိုက်ခဲ့သမျှ စစ်ပွဲအားလုံးမှာ တစ်ပွဲမှ နိုင်ပွဲမရှိတော့ဘဲ ဆက်တိုက်ကိုပဲ အရှုံးကြီး ရှုံးသွားခဲ့ကြတယ်။ ဂျပန်တွေ စိတ်ဓာတ်ကျပြီး အညွန့်ကျိုးသွားတာကို အခွင့်ကောင်းယူပြီး အင်္ဂလိပ်အပါအဝင် မဟာမိတ်တပ်တွေကလည်း ၁၉၄၄ ခု နှစ်လယ်ပိုင်းမှာ မြန်မာပြည်ကို ပြန်သိမ်းဖို့ မြန်မာပြည်မြောက်ပိုင်း၊ အိန္ဒိယနယ်စပ်ကနေ စစ်ကြောင်းအသွယ်သွယ်နဲ့ မြန်မာပြည်ထဲကို စိမ့်ဝင်လာခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၄၄ ခု နှစ်လယ်ပိုင်းစပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ စတဲ့ မြို့ကြီးတွေ တစ်မြို့ပြီးတစ်မြို့ အင်္ဂလိပ်လက်အောက်ကို ပြန်လည် ကျရောက်သွားပြီး မဟာမိတ်တပ်တွေကလည်း ရွှေဘိုလွင်ပြင်အထိ ရောက်လို့ လာခဲ့တယ်။ ဂျပန်တွေကလည်း တပ်ဆုတ်ရင်း ဆုတ်ရင်းနဲ့ ၁၉၄၅ ခု နှစ်ဆန်းပိုင်းမှာ မန္တလေးမြို့ကနေ ခုခံဖို့ စောင့်ဆိုင်းနေကြရတဲ့ အဆင့်ကို ရောက်ရှိသွားတယ်။ ဒါက အပြင်ဘက်မှာ ဗလောင်ဆူနေတာ။

အတွင်းဘက်မှာလည်း ရေနွေးအိုးကို အဖုံးအုပ်ထားသလို ကျွက်ကျွက်ဆူနေသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်၊ ဘီအိုင်အေက အင်္ဂလိပ်ကို တိုက်ဖို့အတွက် ဂျပန်တွေကို မြန်မာမြေပေါ် ခေါ်သွင်းလာခဲ့တယ် ဆိုပေမယ့် ဂျပန်တွေရဲ့ လှည့်ဖြားမှုနဲ့ ဆိုးယုတ်တဲ့ အကျင့်စရိုက်တွေကို တစ်နေ့တခြား ပိုပိုပြီး တွေ့မြင်လာရတာကြောင့် ဖက်ဆစ်ဂျပန်တွေကို လစ်တာနဲ့ ပြန်တော်လှန်မယ်လို့ အံတကြိတ်ကြိတ် ဖြစ်နေကြတာကလည်း အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးရတဲ့ ၁၉၄၃ ခုနှစ်လောက်ကတည်းကပဲ။ အခု ၁၉၄၄ ခုထဲ ရောက်လာတော့ အထက်မြန်မာပြည်မှာကလည်း ဂျပန်နဲ့ အင်္ဂလိပ်တွေ (အမေရိကန်တွေရော တရုတ်တွေရောပါတယ်) က ဗျင်းနေကြပြီ ဆိုတော့ကာ မြန်မာမျိုးချစ်တွေလည်း သွေးဆူလာကြပြီပေါ့။ ဂျပန်ကို ပြန်တော်လှန်ဖို့ ကျိတ်ကြံလာကြပြီပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း မြန်မာပြည်မှာက အဖွဲ့တွေ အများကြီး ကွဲနေသေးတယ်။ ဂျပန်ရုပ်သေးအစိုးရကို ဦးဆောင်တဲ့ ဒေါက်တာဘမော်တို့လို ဝါရင့် နိုင်ငံရေးသမားကြီးတွေက တစ်ဖွဲ့၊ ဗမာ့တပ်မတော်ကို ဦးဆောင်နေတဲ့ ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းတို့လို လူငယ်ခြေတက်တွေက တစ်ဖွဲ့၊ ဟိုးအစောကြီးကတည်းက ဖက်ဆစ်တွေကို မြန်မာပြည်ထဲ ခေါ်သွင်းဖို့ လုံးဝ သဘောမတူခဲ့ကြတဲ့အပြင် ဂျပန်တွေ ဝင်လာတော့လည်း ဦးအောင် နှိပ်ကွပ်ခံခဲ့ကြရတဲ့ သခင်စိုး ဦးဆောင်တဲ့ ကွန်မြူနစ်ရဲဘော်တွေက တစ်ဖွဲ့။ ဘယ်လိုပဲ အဖွဲ့ကွဲကွဲ အားလုံးရဲ့ ဘုံရည်မှန်းချက်ကတော့ ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ဖို့ပဲ။

အရင်ကတော့ အင်္ဂလိပ်အခက် ဗမာ့အချက်ပေါ့။ အခုတော့ ဖက်ဆစ်အခက် ဗမာ့အချက် ဖြစ်သွားပြန်ပြီ။ အင်္ဂလိပ်၊ အမေရိကန်နဲ့ တရုတ်ချန်ကေရှိတ်တပ်တွေက မြန်မာပြည်မြောက်ပိုင်းကို သိမ်းလာလိုက်ကြတာ ၁၉၄၄ ခု နှစ်ကုန်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်းကို သိမ်းပြီးသလောက် ဖြစ်သွားခဲ့ပြီ။ ဒီတော့ ဗမာ့မျိုးချစ်လူငယ်တွေကလည်း ဂျပန်ကို ပြန်တိုက်ဖို့ တိတ်တဆိတ် လူစုပြီး ကြံဆောင်လာကြတော့တာပေါ့။ ဂျပန်တွေကလည်း ပြောင်းလဲလာတဲ့ နိုင်ငံရေးချိန်ခွင်လျှာကို ရိပ်စားမိကြတာကြောင့် ဗိုလ်တေဇအပါအဝင် မျိုးချစ်ခေါင်းဆောင်တွေရဲ့ အရိပ်အခြည်ကို တည့်တည့်တစ်မျိုး၊ ကွယ်ရာတစ်ဖုံ ချောင်းမြောင်းစောင့်ကြည့်နေကြခဲ့တယ်။ ဒီတော့ ဗမာ့တပ်မတော်ရဲ့ စစ်သေနာပတိ ဖြစ်နေတဲ့ ဗိုလ်တေဇက တော်လှန်ရေးကိစ္စတွေကို ဘာမှ ပေါ်ပေါ်ထင်ထင် လုပ်လို့ မရခဲ့ဘူး။ အထူးသဖြင့် လူထုအင်အားကို အခြေခံထားတဲ့ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုးနဲ့လည်း လူသိရှင်ကြား တွေ့ခွင့် မရဘူး ဖြစ်နေတယ်။

ဒီမှာ သခင်စိုး ခေါင်းဆောင်တဲ့ ကွန်မြူနစ်ရဲဘော်တွေရဲ့ လွတ်လပ်ကြိုးပမ်းမှုကို အနည်းအကျဉ်းလောက် ပြောဖို့ လိုလိမ့်မယ် ထင်တယ်။ သခင်စိုးက ကွန်မြူနစ်ခေါင်းဆောင် ဖြစ်နေတဲ့အတွက်ကြောင့် ဂျပန်တွေ ဝင်လာကတည်းက ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ လူတစ်ယောက် ဖြစ်နေတယ်။ ဖက်ဆစ်ဂျပန်တွေက တရုတ်ပြည်မှာ အလူးအလိမ့် ခံထားခဲ့ရဖူးတော့ ကွန်မြူနစ်ဆိုရင် ကလေးသော၊ ခွေးသော ကြည့်မနေဘူး။ ကျူပင်ခုတ် ကျူငုတ်ပါမချန်ဘဲ အငြိုးကြီးကြီးနဲ့ ရှင်းပစ်ချင်နေခဲ့တာ။ ဒါကြောင့် သခင်စိုးက ဧရာဝတီတိုင်းထဲက ကျေးရွာတွေမှာ ဟိုရွှေ့ဒီပြောင်းနဲ့ ဂျပန်ခေတ်တစ်ခေတ်လုံး ခြေသလုံးအိမ်တိုင် နေထိုင်ခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ သူ့ရဲဘော်တွေက ကျေးရွာဇနပုဒ်တွေမှာ ဘာမှ မလုပ်ဘဲ အလဟဿ နေသွားခဲ့ကြတာတော့ မဟုတ်ဘူး။ ရောက်သမျှ ကျေးရွာတိုင်းမှာ တော်လှန်ရေး ဆွယ်တရား ဟောခဲ့တယ်။ ကွန်မြူနစ်သဘောတရားတွေ ဖြန့်ဝေခဲ့တယ်။ ပြီးတော့ ရရာလက်နက် စွဲကိုင်ပြီး ပြောက်ကျားတပ်တွေ ဖွဲ့လို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ပိုင်းကျတော့ အဲဒီ ပြောက်ကျားတပ်တွေနဲ့ မြေအောက်ရဲဘော်တွေရဲ့ အကူအညီနဲ့ ဂျပန်တွေရဲ့ လှည့်ကင်းနဲ့ ကင်းစခန်းတွေကို အလစ်အငိုက် ဝင်တိုက်ခဲ့ကြတယ်။ ဒါပေမယ့် လူအင်အား၊ လက်နက်အင်အားအရ ဘာမှ မပြောပလောက်တော့ ဂျပန်တွေကို အတိအလင်း တော်လှန်ပုန်ကန်နိုင်တဲ့ အဆင့်အထိတော့ ရောက်မလာခဲ့ဘူး။ ဒါပေမယ့် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းထဲမှာတော့ ရွာတွေရွာတွေမှာ သူတို့ရဲ့ ပြောက်ကျားတပ်တွေ၊ မြေအောက်ရဲဘော်တွေနဲ့ အတော်လေးကို အင်အားကောင်းလာခဲ့တယ်။

ဒီတော့ ဂျပန်ကို တရားဝင် တော်လှန်ကြတော့မယ် ဆိုရင် မြေပေါ်က တပ်ဖြစ်တဲ့ ဗိုလ်တေဇရဲ့ ဘီဒီအေနဲ့ ပြည်သူလူထုအကြားမှာ စိမ့်ဝင်ပြန့်နှံ့နေတဲ့ သခင်စိုးရဲ့ ပြောက်ကျားတပ်က ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အလိုအပ်ကြီး လိုအပ်လာတော့တာပေါ့။ ဒါကြောင့် သူတို့နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်တေဇနဲ့ သခင်စိုးတို့ဟာ တစ်နေရာမှာ လူချင်းတွေ့ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်ပင်ဆွေးနွေးကြဖို့ တိတ်တဆိတ် စီစဉ်ကြတော့တယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်အရ ဆုံရပ်ကတော့ ပဲခူးမြို့ထဲက ဗိုလ်ကျော်ဇောရဲ့ နေအိမ်။ တွေ့ဆုံကြမယ့် အချိန်က ၁၉၄၄ ခု၊ ဩဂုတ်လ (၄) ရက်။ တွေ့ဆုံကြမယ့် လူတွေက ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ သခင်စိုး၊ သခင်သန်းထွန်းနဲ့ ကိုဗဟိန်း။

အစောပိုင်းက ပြောခဲ့သလိုပဲ။ စစ်သေနာပတိ ဖြစ်တဲ့ ဗိုလ်တေဇကို ဂျပန်ကင်ပေတိုင်တွေက သင်္ကာမကင်း ဖြစ်လာကြလို့ မျက်စိဒေါက်ထောက်ပြီး ကြည့်နေခဲ့တာ ကြာပြီ။ ဒီတော့ ဗိုလ်တေဇက သခင်စိုးနဲ့ တွေ့ဆုံပြီး ဂျပန်တော်လှန်ရေးအတွက် တိုင်ပင်နေကြပါတယ်လို့ သတင်းပေါက်ကြားသွားခဲ့ရင် ဗိုလ်တေဇရဲ့ ကံကြမ္မာ၊ မြန်မာပြည်ရဲ့ ကံကြမ္မာက ဘယ်သို့ဘယ်ပုံ ပြောင်းလဲသွားမလဲ ဆိုတာကို စာရှုသူလည်း ခန့်မှန်းကြည့်လို့ ရမယ် ထင်တယ်။ ဒါကြောင့် ဒီတွေ့ဆုံပွဲက အထူးလျှို့ဝှက်ချက်ပဲ။ တစ်စွန်းတစ်စလေးတောင် ပေါက်ကြားလို့ မရတဲ့ လျှို့ဝှက်ချက်ပေါ့။ တကယ်ဆို ဩဂုတ်လ (၄) ရက်မှာ တွေ့ဆုံကြမယ်လို့ သဘောတူညီချက် ရဖို့တောင် အားလုံးက ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ကြရတာ။ ပြောရရင် ဗိုလ်တေဇရဲ့ (ဗိုလ်ကျော်ဇော ဦးဆောင်တဲ့) မြေအောက်ရဲဘော်တွေနဲ့ သခင်စိုးရဲ့ မြေအောက်ရဲဘော်တွေက သတင်းတွေကို ဟိုနဲ့ဒီနဲ့ ကူးချီသန်းချီ သယ်ယူပို့ဆောင်ပေးကြရင်း သဘောတူညီမှုတစ်ခုရအောင် မနည်းကြီး ကြိုးစားခဲ့ကြရတာ။ စာရှုသူပဲ စဉ်းစားကြည့်ပေါ့။ အဲဒီမြေအောက်ရဲဘော်ထဲက တစ်ယောက်ယောက်ကိုသာ ဂျပန်ကင်ပေတိုင်တွေ ဖမ်းမိသွားခဲ့ရင် ဘယ်လို လုပ်မလဲ။ ဖမ်းမိသွားပြီး တွေ့ဆုံပွဲ အစီအစဉ်ကို အနံ့ရသွားခဲ့ရင် ဘယ်နှယ့်လုပ်မလဲ။ အနံ့ရသွားလို့ မျိုးချစ်ခေါင်းဆောင်တွေကို ကျိတ်ဖမ်းဖို့ ကြံစည်နိုင်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ။ တကယ်တော့ တစိုးတစိလေးတောင် အမှားမခံနိုင်တဲ့ လုပ်ငန်းတွေပါ။ အဲဒီလို စာပေးစာယူ လုပ်ပေးနေတဲ့၊ ကြားထဲကနေ ကြားခံဆက်သွယ်ပေးနေတဲ့ မြေအောက်ရဲဘော်တွေသာ တစ်စုံတစ်ခု ချွတ်ချော်သွားခဲ့ရင် ဂျပန်တော်လှန်ရေးရဲ့ ရလဒ်ကလည်း တစ်မျိုးတစ်မည် ပြောင်းလဲသွားမှာတော့ အမှန်ပဲ။ နောက်ပြီး ဖဆပလ လို့ နာမည်ကျော်လာမယ့် မျိုးချစ်အဖွဲ့ရဲ့ မူလသန္ဓေတည်ရာ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး) အဖွဲ့ဆိုတာလည်း ရှိလာနိုင်စရာ အကြောင်း မရှိတော့ဘူး။

အခု ဆက်လက်ဖော်ပြမယ့် ဇာတ်လမ်းက တကယ်တော့ အညတရရဲဘော်တွေရဲ့ အညတရ အဖြစ်အပျက်လေး တစ်ခုပါ။ ဒါပေမယ့် နာရီတစ်လုံးမှာတောင် ပင်နယန်တွေက အကြီးအသေး အမျိုးမျိုး ရှိပြီး ကြီးတာကမှ ပိုအရေးကြီးတယ်၊ သေးတာက အရေးမကြီးဘူးရယ်လို့ သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူး။ ပင်နယန်အသေးကလည်း သေးသာသေး၊ ငယ်သာငယ်ပေမယ့် နာရီဆိုတဲ့ ယန္တရားတစ်ခု ပုံမှန်လည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ကို ယူထားရတာမို့ သူ့မှာလည်း သီးသန့်အရေးပါမှုတစ်ခု ပိုင်ဆိုင်ထားတယ်။ အဲဒီ ပင်နယန်သေးသေးလေးကသာ သူ့တာဝန်ကို သူ မကျေပွန်ခဲ့ရင် နာရီဆိုတဲ့ ယန္တရားကြီးတစ်ခုလုံး ရပ်တန့်သွားမယ်။ ဒါမှမဟုတ် နှောင့်နှေးသွားမယ်။ အဲဒီလိုပါပဲ။ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ ယန္တရားကြီးတစ်ခုမှာလည်း မြေအောက်ရဲဘော် ဆိုတဲ့ အဲဒီ အညတရ ပင်နယန်လေးတစ်ခုသာ လွဲချော်သွားခဲ့ရင် …

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *