မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (ဆ)

အပျော်စီး သင်္ဘောပေါ်တွင် ကျင်းပသော ခရစ္စမတ် ပွဲတော်သည် အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ သို့ဖြင့် ဟာရုမိနှင့် သူ့ဝန်ထမ်းများသည် ဂုဏ်ပြုသည့် အနေဖြင့် မိုးလင်းပေါက် ပျော်လိုက်ကြသည်မှာ ‘ဒွန်ပယ်ရီညွန် ရိုဆေး’ ရှန်ပိန်ပုလင်းရေ မည်မျှ ကုန်သွားသည်ကိုပင် မရေတွက်နိုင်တော့ပေ။ နောက်တစ်နေ့ မနက် အေအိုယာမားရှိ သူ၏ တိုက်ခန်းတွင် အိပ်ရာမှ နိုးလာသော အချိန်၌ အရက်နာကျပြီး ခေါင်းမှာ တဆစ်ဆစ် ကိုက်ခဲနေသည်။

ခုတင်ပေါ်မှ ကုန်းထပြီး တီဗီကို ဖွင့်လိုက်သည်။ တစ်နေရာရာမှ အဆောက်အအုံ တစ်လုံးကို မီးလောင်ကျွမ်းနေကြောင်း ရုပ်ပုံနှင့်တကွ သတင်းတစ်ပုဒ် တင်ဆက်နေသည်။ ဟာရုမိသည် လှုပ်ရှားနေသော ရုပ်ပုံများကို စိတ်မပါ့တပါနှင့် ကြည့်နေရာမှ ဖန်သားပြင်ပေါ်တွင် ပေါ်လာသော စာကြောင်းတစ်ကြောင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။ စာကြောင်းမှာ “မီးတဟုန်းဟုန်း တောက်လောင်နေသော မာရူမစ်ဆူအန် မိဘမဲ့ဂေဟာ” ဟူ၍။

သူသည် မျက်လုံးကို ပွတ်ပြီး အသေအချာ နားစွင့်ထောင်မည် ပြုသောအခါ သတင်းက ပြီးဆုံးသွားပြီ။ တခြား ရုပ်သံလိုင်းသို့ ပြောင်းကြည့်သော်လည်း သူ သိချင်သော သတင်းကို မတွေ့ရတော့ပေ။

သူသည် အဝတ်အစားကို အမြန် လဲပြီး သတင်းစာ ယူရန် မြေညီထပ်သို့ ဆင်းခဲ့သည်။ အလိုအလျောက် တံခါးအဖွင့်အပိတ် စနစ်ရှိသော ကွန်ဒိုများတွင် လုံခြုံမှု စံနှုန်းမှာ မြင့်မားသည်ဟု ဆိုနိုင်သော်လည်း သတင်းစာနှင့် ပေးစာများကိုမူ မြေညီထပ်ရှိ စာတိုက်ပုံးများတွင် ကိုယ်တိုင်ကိုယ်ကျ ဆင်းယူရသည်။

တနင်္ဂနွေနေ့ ဖြစ်သောကြောင့် သတင်းစာမှာ အတော် ထူသည်။ ကြော်ငြာများဖြင့် ထူထဲနေခြင်း။ အများစုမှာ အိမ်ခြံမြေကြော်ငြာများ ဖြစ်သည်။

သူသည် သတင်းစာ ခေါင်းစီးအားလုံးကို အပြေးအလွှား ဖတ်ကြည့်လိုက်သည်။ သို့သော် မာရူမစ်ဆူအန်၏ မီးဘေးသတင်းကိုကား မတွေ့ရ။ တိုကျိုမြို့နှင့် မသက်ဆိုင်သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။

ဒေသတွင်း သတင်းစာတွင် ၎င်းမီးဘေးသတင်းကို တွေ့နိုင်ကောင်းရဲ့ ဟူသော စိတ်ကူးဖြင့် သူသည် ဟိဒေအိုထံသို့ ဖုန်းဆက်ခဲ့သည်။ သူ ထင်ထားသည့် အတိုင်းပင်။ နယ်မြေသတင်းကဏ္ဍတွင် သတင်းတစ်ပုဒ်ပါကြောင်း ဟိဒေအိုက ပြောပြသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ညတွင် မီး စတင် လောင်ကျွမ်းခြင်း ဖြစ်သည်။ တစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့သည်။ သေဆုံးသူမှာ ဂေဟာမှ အမြဲ နေထိုင်သူ မဟုတ်ဘဲ ခရစ္စမတ် ပွဲတော်အတွက် လာရောက် ဖျော်ဖြေပေးရန် ဖိတ်ကြားထားသော အပျော်တမ်း အဆိုတော်တစ်ဦး ဖြစ်သည်။

သတင်း ကြားကြားချင်း ဂေဟာသို့ ချက်ချင်း ထသွားရန် စိတ်ကူးလိုက်မိသော်လည်း မြေပြင် အခြေအနေ မည်သို့ ဖြစ်နေသည်ကို မသိရသေးသောကြောင့် ဇွတ်တရွတ် မလုပ်မိစေရန် အောင့်အီးထားရသည်။ မီးဘေး သင့်ပြီးခါစ ဖြစ်သောကြောင့် ထိုနေရာတွင် အစစ အရာရာ ရှုပ်ထွေးနေနိုင်သည်။ ယခုလို အချိန်မျိုးတွင် အပြင်လူတစ်ယောက် လာရောက်ခြင်းသည် သူတို့အတွက် ပို၍ ဝန်ပိသွားစေနိုင်သည် မဟုတ်ပါလော။

ဟာရုမိသည် မူလတန်း ကျောင်းဆင်းပွဲ ပြီးသည်နှင့် ဂေဟာမှ ထွက်လာခဲ့သည်။ နောက်ပိုင်း အထက်တန်းကျောင်း တက်စဉ်နှင့် အလုပ် ရသွားသော အခါများတွင်လည်း ဂေဟာသို့ အလည်အပတ် ရောက်ခဲ့သေးသည်။ သို့သော် ဘားမယ်အလုပ် ဝင်ပြီးသည့် နောက်ပိုင်းတွင်မူ သူ ဂေဟာသို့ မရောက်ဖြစ်တော့ပေ။ ဘားမယ် လုပ်နေသည့် မိမိ၏ အဖြစ်ကို ရိပ်မိသွားမှာ ကျိတ်၍ စိုးရိမ်နေခဲ့သောကြောင့် ဖြစ်သည်။

နောက်တစ်နေ့တွင် ဟိဒေအိုသည် ဟာရုမိ၏ ရုံးခန်းသို့ ဖုန်းဆက်လာသည်။ နံနက်သတင်းစာတွင် မီးဘေး နောက်ဆက်တွဲ သတင်း ပါလာကြောင်း လှမ်း အသိပေးခြင်း ဖြစ်သည်။ မာရူမစ်ဆူအန်၏ ဝန်ထမ်းများနှင့် ကလေးများသည် အနီးအနားရှိ မူလတန်း ကျောင်းတစ်ကျောင်း၏ အားကစားရုံထဲတွင် ယာယီ နေထိုင်နေကြရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ဆောင်းညအတွင်း အကာမရှိတော့ အားကစားရုံထဲ၌ အိပ်စက်ကြရတော့မည် ….. တွေးကြည့်ရုံဖြင့် ဟာရုမိ၏ ကျောထဲ စိမ့်တက်သွားသည်။

အလုပ်များကို မြန်မြန် လက်စသတ်ပြီးနောက် သူသည် BMW ကို မောင်းကာ ဂေဟာသို့ ထွက်လာခဲ့သည်။ လမ်းတွင်တွေ့သော ဆေးဆိုင်သို့ ဝင်၍ တစ်ခါသုံး အနွေးပေးအိတ် တစ်ဖာနှင့် အဖျားနာပျောက်ဆေးများကို ဝယ်ယူခဲ့သည်။ ကလေးအတော်များများ အအေးမိကာ ဖျားနာနိုင်သည်။ လမ်းကြုံ၍ စူပါမားကတ်သို့ ဝင်ပြီး အသင့်စား အစားအစာများကိုလည်း ရနိုင်သမျှ များများ ဝယ်လိုက်သည်။ ယခုအခါ စားသောက်ခန်း သီးသန့် မရှိသောကြောင့် ဂေဟာရှိ ဝန်ထမ်းများလည်း အတော် ခေါင်းစားနေကြပေမည်။

ပစ္စည်းများ အားလုံးကို ကားပေါ်တင်ပြီး ဂေဟာသို့ ဆက်လက် မောင်းထွက်လာခဲ့သည်။ Southern All Stars ၏ ‘လူတကာရဲ့ သီချင်း (မင်နာ နော ဥတာ)’ ကို ရေဒီယိုမှ လွှင့်ပေးနေသည်။ သံပြိုင်အပိုဒ်ကို စိတ်လက်တက်ကြွစေရန် ရည်ရွယ်၍ သီဆိုထားကြသော်လည်း ဟာရုမိအတွက်မူ စိတ်ရွှင်လန်းလာဖို့ ဝေးစွ။ ဤတစ်နှစ်တာလုံး အကောင်းတွေချည်းနှင့်သာ တစ်ခုပြီးတစ်ခု ဆုံစည်းခဲ့ရသော်လည်း နှစ်ကုန်ခါနီးမှ နိမိတ်ဆိုးနှင့် ကြုံရလေတော့သည်။

နှစ်နာရီ ကြာပြီးနောက် မီးလောင်မြေသို့ ဟာရုမိ ရောက်ရှိသွားသည်။ မိမိ၏ မှတ်ဉာဏ်အတွင်းတွင် တည်ရှိနေခဲ့ဖူးသော အဖြူရောင် အဆောက်အအုံကြီးသည် ယခုအခါ မီးသွေးပုံကြီး ဖြစ်နေလေပြီ။ မီးသတ်သမားနှင့် ရဲဘက်၏ စစ်ဆေးမှုများ မပြီးဆုံးသေးသောကြောင့် မီးလောင်မြေအနားသို့ ကပ်ခွင့် မရခဲ့ပေ။ လေသင့်ရာ ပါလာသော ပြာနံ့များက ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေလေသည်။

ဝန်ထမ်းများနှင့် ကလေးများ၏ ယာယီ ခိုနားရာ အားကစားရုံသည် ဤနေရာမှ တစ်ကီလိုမီတာ အကွာလောက်တွင် တည်ရှိသည်။ ဂေဟာ အုပ်ချုပ်ရေးမှူး မီနာဇုကိ ယိုရှီကာဇုသည် ဟာရုမိ လာရောက်မေးမြန်းဖော် ရသည့်အတွက် အံ့ဩခြင်းတစ်ဝက် ဝမ်းမြောက်ခြင်းတစ်ဝက် ခံစားနေရသည်။

“အခုလို အဝေးကြီးကနေ တကူးတက ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘဘတော့ ထင်ကို ထင်မထားမိဘူးကွယ်။ သမီးတောင် အရွယ်ရောက်လို့ လူကြီးတစ်ယောက် ဖြစ်နေမှကိုး။ အဲ … မဟုတ်သေးပါဘူး။ အောင်မြင်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်နေပြီလို့ ပြောမှ ပိုမှန်မယ်” ပြောလျက် ဟာရုမိ ကမ်းပေးထားသော လိပ်စာကတ်ကို နောက်တစ်ကြိမ် ထပ်ကြည့်နေပြန်သည်။

မီးဘေးကြောင့် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေ၍လား မဆိုနိုင်။ မစ္စတာ မီနာဇုကိသည် သူ့မှတ်ဉာဏ်ထဲမှ ရုပ်ပုံထက် များစွာ ချောင်ကျနေသည်။ ယခုဆိုလျှင် သူလည်း အသက် ၇၀ ကျော် ရှိနေလောက်ပြီ။ ရှေ့တစ်ခေါက် သူ့ကို တွေ့ခဲ့စဉ်တုန်းက ခေါင်းပေါ်မှ ဆံပင်ဖြူများမှာ ထူထူထဲထဲ ရှိနေကြသေးသည်။ ယခုတော့ အတော်လေး ပါးလျားကုန်ကြပြီ။

ဟာရုမိ သယ်ဆောင်လာခဲ့သော တစ်ခါသုံး အနွေးပေးအိတ်များ၊ ဆေးဝါးနှင့် စားစရာများကို မစ္စတာမီနာဇုကိက ဝမ်းပန်းတသာ လက်ခံခဲ့သည်။ ကြည့်ရသည်မှာ ယခုလို အချိန်တွင် စားရေးသောက်ရေး ကိစ္စမှာ အမှန်ပင် ခေါင်းခဲစရာ ဖြစ်နေလောက်သည်။

“တကယ်လို့ တခြား အခက်အခဲတွေ ရှိနေရင်လည်း ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်ရှင်။ ကျွန်မသာ လုပ်ပေးနိုင်မယ့် ကိစ္စမှန်ရင် ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”

“ကျေးဇူးပါ သမီးရယ်။ အဲဒီစကားတစ်ခွန်း ကြားရရုံနဲ့ ဘဘတို့ အများကြီး အားရှိသွားပါပြီ” မစ္စတာမီနာဇုကိ၏ မျက်ဝန်းတွင် အရည်လဲ့နေသည်။

“ကျွန်မကို လုံးဝ အားမနာပါနဲ့နော်။ ဒါ ကျွန်မအတွက် ကျေးဇူးပြန်ဆပ်နိုင်မယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ”

“ကျေးဇူးပါကွယ်” မစ္စတာမီနာဇုကိက ထပ်ပြောလိုက်သည်။

ပြန်တော့မည်ဟု စိတ်ကူးနေစဉ်မှာပင် အတိတ်ဟောင်းမှ လူတစ်ယောက်ကို ဟာရုမိ တွေ့လိုက်ရသည်။ မာရူမစ်ဆူအန်တွင် နေထိုင်ခဲ့စဉ်က ဂေဟာတွင် အတူ နေခဲ့ဖူးသော ဖူဂျီကာဝါ ဟီရိုရှိ ဖြစ်သည်။ သူ့ထက် အသက် လေးနှစ်ကျော် ကြီးပြီး အလယ်တန်းကျောင်းပြီးသည်နှင့် ဂေဟာမှ ထွက်ခွာသွားခဲ့သည်။ လာဘ်ရွှင်အဆောင်ကဲ့သို့ သူ ဘယ်သွားသွား အမြဲတမ်း ယူဆောင်သွားတတ်သော သစ်သားခွေးရုပ်ကလေးကို ထုလုပ်ပေးခဲ့သူမှာ ဟီရိုရှိပင် ဖြစ်သည်။ ‘ပါပီကုမ္ပဏီ’ ၏ နာမည်မှာလည်း ဤရုပ်တုတွင် မြစ်ဖျားခံသည်ဟု ဆိုရပေမည်။

ဟီရိုရှိသည် ကျွမ်းကျင် ပန်းပုပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူလည်း ဟာရုမိကဲ့သို့ မီးဘေးသတင်းကို ကြားသောကြောင့် အပြေးရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် ယခင် သိကျွမ်းခဲ့စဉ်က ကဲ့သို့ပင် စကားများများ မပြောပေ။

ဤမီးသည် မိမိကဲ့သို့ ဂေဟာနှင့် ဆက်နွှယ်ခဲ့ဖူးသူ လူအများစုကို စိတ်လှုပ်ရှားစေခဲ့မည်မှာ ဧကန်မလွဲပေ။ ဟာရုမိက တိုကျိုသို့ အပြန်လမ်းတွင် ဤသို့ တွေးနေမိသည်။

နှစ်သစ်ကူးပြီး များမကြာမီမှာပင် ဂျပန်ဘုရင်မင်းမြတ် ကံတော်ကုန်ရှာပြီး ဟယ်ဆယ်ခေတ်သို့ ကူးပြောင်းသွားသည်။ ဈာပနအခမ်းအနား ကျင်းပစဉ် ကာလအတွင်း၌ ရုပ်သံလိုင်းများ အားလုံးတွင် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ အားလုံးကို ရပ်နားထားကြရသည်။ နှစ်သစ်၏ ဆူမိုနပန်းပွဲများကိုလည်း ရွှေ့ဆိုင်းထားရလေသည်။

အရာအားလုံး နေသားတကျ ဖြစ်သွားသောအခါတွင် ဟာရုမိသည် မာရူမစ်ဆူအန်သို့ နောက်တစ်ကြိမ် ထွက်လာခဲ့သည်။ အားကစားရုံ ဘေးနားတွင် ယာယီ အဆောက်အအုံတစ်လုံး ဆောက်၍ ရုံးခန်း ဖွင့်ထားသောကြောင့် မစ္စတာမီနာဇုကိနှင့် ထိုနေရာတွင် တွေ့ဆုံကြသည်။ ကလေးများသည် ယခုအချိန်ထိ အားကစားကွင်းထဲတွင် နေထိုင်နေရသေးသော်လည်း ယာယီလူနေဆောင်ကို စတင် ဆောက်လုပ်နေလေပြီ။ ထိုယာယီဆောင် ဆောက်ပြီးသည်နှင့် ကလေးများကို အဆောင်သို့ ပြန်ရွှေ့ပြီး ထို့နောက်မှ မူလနေရာတွင် ဂေဟာအသစ်ကို ပြန်လည် ဆောက်လုပ်ကြမည်။

မီးလောင်ရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေး နိုင်ခဲ့ပြီ။ မီးသတ်နှင့် ရဲဘက်၏ သုံးသပ်ချက်အရ အိုဟောင်းနေပြီ ဖြစ်သော စားသောက်ခန်းမတွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ပြီး ခြောက်သွေ့သော လေထုအတွင်းရှိ လျှပ်စစ်ဓာတ်နှင့် ပူးပေါင်းကာ မီးထတောက်ခဲ့သည်ဟု ယူဆကြသည်။

“ဒါမျိုး ဖြစ်မလာအောင် ဘဘတို့ အစောကြီးကတည်းက ပြင်ဆောက်ခဲ့သင့်တာ” မီးလောင်သည့် အကြောင်းအရင်းကို ပြောပြပြီးနောက် မစ္စတာမီနာဇုကိ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

မီးဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသော လူအကြောင်း ပြောပြစဉ်မှာလည်း မစ္စတာမီနာဇုကိ၏ မျက်နှာမှာ မကောင်းလှချေ။ သေဘေး ကြုံခဲ့ရသော အပျော်တမ်း အဆိုတော်သည် ကလေးငယ်တစ်ယောက်ကို ကယ်တင်ရန် ကြိုးစားခဲ့သောကြောင့်သာ အသက်စွန့်ခဲ့ရခြင်း ဖြစ်သည်။

“အဲဒီလူ သေဆုံးသွားတဲ့အတွက် အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒါပေမယ့် ကလေးတွေ အားလုံး ဒုက္ခမရောက်ခဲ့ရတာတော့ အဆိုးထဲက အကောင်းပါပဲရှင်” ဟာရုမိက သူ့ကို နှစ်သိမ့်စကား ဆိုသည်။

“ဟုတ်တော့ ဟုတ်ပါတယ်” မစ္စတာမီနာဇုကိက ခေါင်းညိတ်ပြသည်။ “အဲဒီညက ကလေးတွေ အများစုက အိပ်ကုန်ကြပြီ။ တစ်ခုခုသာ လွဲချော်သွားရင် အခြေအနေက မတွေးဝံ့စရာပဲ။ အုပ်ချုပ်ရေးမှူးဟောင်းက ဘဘတို့ကို ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေတာ ဖြစ်မယ်”

“ကျွန်မ သူ့ကို မှတ်မိသလိုပဲ။ သူက ခပ်ပိန်ပိန်နဲ့ အမျိုးသမီးကြီး မဟုတ်လား”

ဟာရုမိသည် ယခင် အုပ်ချုပ်ရေးမှူးဟောင်း၏ နူးညံ့ကြင်နာတတ်သော ရုပ်ပုံလွှာကို ခပ်ဝါးဝါး မှတ်မိနေသေးသည်။ သူသည် ကိုယ်ခန္ဓာ သွယ်လျသော အဘွားအိုတစ်ယောက် ဖြစ်သည်။ သို့သော် မစ္စတာမီနာဇုကိက မည်သည့် အချိန်တွင် ဤရာထူးကို ဆက်ခံခဲ့သည်ကိုမူ သူ အမှတ်မရတော့။

“အဲဒါက ဘဘရဲ့ အစ်မပဲ။ ဒီ မာရူမစ်ဆူအန်ကို သူပဲ တည်ထောင်ခဲ့တာလေ”

ဟာရုမိသည် အရေးအကြောင်းများနှင့် ပြည့်နှက်နေသော မစ္စတာမီနာဇုကိ၏ မျက်နှာကို ငေးကြည့်နေသည်။ “ဪ … အဲဒီလိုလား”

“သမီး မသိဘူးလား။ အေးပေါ့လေ။ သမီး အဲဒီတုန်းက ငယ်သေးတာကိုး”

“ကျွန်မ ဒါကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ ဘဘရဲ့ အစ်မက ဘာဖြစ်လို့ မာရူမစ်ဆူအန်ကို တည်ထောင်ခဲ့တာလဲ”

“ပြောရရင်တော့ အရှည်ကြီးပေါ့ သမီးရယ်။ ခပ်တိုတို ပြောရရင်တော့ လောကကြီးကို ကျေးဇူးပြန်ဆပ်တာပေါ့”

“ကျေးဇူးဆပ်တယ်?”

“ဘဘကို ကြွားတယ်လို့လည်း မထင်လိုက်နဲ့ဦး။ ဘဘတို့ရဲ့ ဘိုးဘွားတွေက မြေရှင်တွေဆိုတော့ အင်မတန်မှ ချမ်းသာကြတယ်။ မိဘတွေ ဆုံးပါးသွားပြီးတဲ့ နောက်တော့ ဘဘတို့ မောင်နှမနှစ်ယောက်က အဲဒါတွေကို အမွေဆက်ခံရတယ်။ ဘဘကတော့ ကိုယ်ပိုင် ကုမ္ပဏီ ထောင်တာပေါ့လေ။ အစ်မကတော့ ကံဆိုးကြရှာတဲ့ ကလေးတွေကို စောင့်ရှောက်ချင်တယ် ဆိုပြီး မာရူမစ်ဆူအန်ကို တည်ထောင်ခဲ့တာပဲ။ သူ ကျောင်းဆရာမ လုပ်နေတုန်းက စစ်ပွဲကြောင့် ကလေးတွေ အများကြီး မိမဲ့ဘမဲ့ ဖြစ်ခဲ့ကြရတာ သူ မြင်တွေ့နေရတော့ အဲဒီအတွက် စိတ်မချမ်းမြေ့နိုင်ခဲ့ဘူး”

“ဘဘရဲ့ အစ်မ ဆုံးတာက …..”

“လွန်ခဲ့တဲ့ ၁၉ နှစ်ကပါ။ အဲ … အနှစ်နှစ်ဆယ်တောင် ပြည့်တော့မယ်။ သူက မွေးကတည်းက နှလုံး မကောင်းရှာဘူး။ နောက်ဆုံး အချိန်မှာတော့ အားလုံးက သူ့အနားမှာ သူ့ကို အဖော်ပြုပေးရင်း အိပ်စက် အနားယူသွားသလိုပဲ အေးအေးချမ်းချမ်းနဲ့ ဆုံးသွားရှာတယ်”

ဟာရုမိက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေသည်။ “စိတ် မကောင်းပါဘူးရှင်။ ကျွန်မ အဲဒါတွေကို လုံးဝ မသိလိုက်ဘူး”

“ဒါ သမီးရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ သူရဲ့ နောက်ဆုံးဆန္ဒက အဲဒီသတင်းကို ကလေးတွေဆီ မရောက်စေချင်ဘူးတဲ့လေ။ သူ နေမကောင်းလို့ အနားယူနေတယ်လို့ပဲ ပြောခိုင်းထားတာ။ ဘဘက ကုမ္ပဏီကို ဘဘရဲ့ သားလက်ထဲ အပ်ခဲ့ပြီး သူ့အလုပ်ကို ဆက်ခံခဲ့တာပဲ။ တာဝန်ခံ အုပ်ချုပ်ရေးမှူး အနေနဲ့ အတော်ကြာကြာ လုပ်ခဲ့သေးတယ်”

“ဘဘ စောစောက ပြောခဲ့တယ်လေ။ ဘဘရဲ့ အစ်မက မာရူမစ်ဆူအန်ကို ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေတာ ဖြစ်ရမယ်လို့။ အဲဒါကရော ဘာအဓိပ္ပာယ်လဲ”

“သူကွယ်လွန်ခါနီးမှာ ဘဘတို့ကို တတွတ်တွတ်နဲ့ ပြောနေခဲ့တယ်။ စိတ်မပူကြနဲ့။ သူ ကောင်းကင်ဘုံကနေ အားလုံး ကျန်းမာချမ်းသာဖို့ သူ ဆုတောင်းပေးနေမယ်တဲ့။ ဒါကြောင့် ဒီတစ်ခေါက် မီးဘေးသင့်တော့ အဲဒီကိစ္စကို သတိရသွားတယ်” မစ္စတာမီနာဇုကိက မချိပြုံး ပြုံရင်း နောက်တစ်ခွန်း ထပ်ဖြည့်လိုက်သည်။ “ဒါပေမယ့် အဲဒါက ဘဘ အယူအစွဲ ကြီးနေတာလည်း ဖြစ်ချင် ဖြစ်နေမှာ”

“ဟင့်အင်း၊ ကျွန်မလည်း ယုံတယ်”

“ကျေးဇူးပါကွယ်”

“ဘဘရဲ့ အစ်မမှာ အိမ်သားတွေ မရှိဘူးလား”

မစ္စတာမီနာဇုကိက ချောင်းတစ်ချက် ဟပ်ပြီး ခေါင်းခါပြသည်။ “သူ အိမ်ထောင်မပြုဘဲ တစ်သက်လုံး အပျိုကြီး လုပ်သွားခဲ့တာ။ သူရဲ့ တစ်ဘဝလုံးကို ပညာသင်ကြားရေးမှာပဲ မြှုပ်နှံခဲ့တယ်လို့ ဆိုနိုင်တာပေါ့”

“ဟုတ်လား။ အင်မတန် စိတ်ထား မွန်မြတ်တဲ့လူပဲ”

“အဲဒီလိုတော့ မပြောပါနဲ့ကွယ်။ အဲဒီစကားကို အစ်မ ကြားသွားရင် ကြိုက်မယ် မထင်ဘူး။ သူက သူ့ရင်တွင်းမှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒအတိုင်း နေထိုင်သွားတယ်လို့ပဲ ခံယူထားတာ။ ဒါနဲ့ … သမီးရော။ ဘယ်တော့ အိမ်ထောင်ပြုမှာလဲ။ ဖူးစာဖက်ရော ရှာတွေ့ပြီလား”

မိမိအကြောင်းကို ရုတ်တရက် မေးခွန်း ထုတ်ခံလိုက်ရသောအခါ ဟာရုမိသည် ပျာပြီး စကားများ ထစ်ငေါ့သွားသည်။ “မ … မရှိသေးပါဘူး” လက်ကို ခပ်ဆတ်ဆတ် ခါယမ်းလိုက်သည်။

“ဒီလိုလား။ မိန်းကလေးတွေက ကိုယ်လုပ်နေတဲ့ အလုပ်မှာ ဘဝတန်ဖိုးကို ရှာတွေ့သွားကြပြီ ဆိုရင် အိမ်ထောင်ရေးနဲ့ လွဲကြရတော့တာပဲကွယ့်။ ကုမ္ပဏီကို အာရုံစိုက်လုပ်တာက ကောင်းတဲ့ ကိစ္စပါပဲ။ ဒါပေမယ့် အိမ်ထောင်ဖက်ကောင်း တစ်ယောက်ကို စောစောစီးစီး ရှာထားဖို့လည်း မမေ့နဲ့ဦး”

“ကျွန်မလည်း ဘဘရဲ့ အစ်မလိုပဲ။ ကိုယ့်ရဲ့ စိတ်ဆန္ဒ စေစားရာအတိုင်းပဲ နေသွားချင်တယ်”

မစ္စတာမီနာဇုကိက ပြုံးနေသည်။ “သမီးက မိန်းမစွမ်းကြီး လုပ်တော့မယ်ပေါ့။ ဒါပေမယ့် အစ်မ အိမ်ထောင် မပြုခဲ့တာက လုပ်ငန်းမှာချည်း စိတ်နှစ်နေရလို့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ ငယ်ငယ်တုန်းက ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးခဲ့သေးတယ်။ ခိုးပြေးဖို့တောင် ကြံထားကြတာ”

“ဟုတ်လား”

ထိုစကား၏ ဆွဲဆောင်အားကြောင့် ဟာရုမိ၏ ကိုယ်မှာ အရှေ့သို့ ကိုင်းညွတ်လာသည်။

“အဲဒီ ယောက်ျားက သူ့ထက် ၁၀ နှစ်လောက် ပိုကြီးမယ်။ အိမ်နားက စက်ရုံလေးတစ်ရုံမှာ အလုပ်လုပ်နေတာ။ သူက အစ်မရဲ့ စက်ဘီးကို ပြင်ပေးဖူးတော့ အဲဒီကနေ ရင်းနှီးသွားကြတာလေ။ သူတို့က နေ့ခင်း အလုပ်နားချိန်မှာ ခိုးခိုးပြီး ချိန်းတွေ့ကြတယ်။ အဲဒီခေတ်က အပျိုနဲ့လူပျို လမ်းမှာ အတူ တွဲလျှောက်ကြရင်တောင် ဟိုဟိုဒီဒီ အပြောခံရတဲ့ ခေတ်ကိုး”

“သူတို့က ခိုးပြေးကြဖို့ စီစဉ်ထားတာဆိုတော့ မိဘတွေက သူတို့ကို သဘောမတူကြလို့လား”

မစ္စတာမီနာဇုကိက ခေါင်းညိတ်ပြသည်။

“အကြောင်းအရင်းက နှစ်ခု ရှိတယ်။ တစ်ခုက အစ်မဟာ အဲဒီတုန်းက အလယ်တန်း ကျောင်းသူလေးပဲ ရှိသေးတာ။ ဒါပေမယ့် အဲဒီပြဿနာက အချိန်နဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ အရေးအကြီးဆုံးက ဒုတိယ အကြောင်းအရင်းပဲ။ ဘဘ စောစောကလည်း ပြောထားတယ်လေ။ ဘဘတို့အိမ်က သိပ်ကို ချမ်းသာတယ်။ ပိုက်ဆံရှိတဲ့သူက ဂုဏ်မက်တာပဲ။ အဖေက သမီးကို ဂုဏ်သရေရှိတဲ့ မျိုးရိုးနဲ့မှ လက်ဆက်ပေးချင်တယ်။ ကျောမွဲ စက်ရုံအလုပ်သမားကို အဖတ်တောင် လုပ်ချင်တာ မဟုတ်ဘူး”

ဟာရုမိ၏ စိတ်ဝင်စားမှုမှာ အရှိန်မြင့်လာသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က အကြောင်းအရာ ဖြစ်သည်။ ထိုသို့သော ကိစ္စမျိုးမှာ ထိုခေတ် ထိုအခါအတွက် အထူးအဆန်းတော့ မဟုတ်ပေ။

“သူတို့ ခိုးပြေးဖြစ်ကြလား”

မစ္စတာမီနာဇုကိက ပခုံးပင့်ပြသည်။ “မအောင်မြင်ခဲ့လို့ပေါ့ကွယ်။ အစ်မက ကျောင်းကနေ အပြန်မှာ ဘုံကျောင်း တစ်ကျောင်းထဲ ဝင်ပြီး အင်္ကျီလဲ။ ပြီးရင် ဘူတာရုံကို သွားမယ်လို့ စီစဉ်ထားတာ”

“အင်္ကျီလဲမယ်?”

“ဘဘတို့အိမ်မှာ အိမ်အကူ ကောင်မလေးတွေ အများကြီး ရှိတယ်။ အဲဒီထဲက တစ်ယောက်က အစ်မနဲ့ အသက် မတိမ်းမယိမ်းပဲ။ အတော်လည်း ရင်းနှီးကြတယ်။ အစ်မက သူ လဲမယ့် အဝတ်အစားတွေကို ဘုံကျောင်းမှာ ကြိုပို့ထားပေးဖို့ သူ့ကို အကူအညီ တောင်းထားတာ။ အဲဒါ အိမ်အကူတွေရဲ့ အဝတ်အစားပါပဲ။ သူဌေးသမီးရဲ့ အပြင်အဆင်နဲ့ ဆိုရင် သိသာ ထင်ရှားလွန်းတာကိုး။ စက်ပြင်ဆရာကလည်း အဝတ်အစား လဲပြီး ဘူတာရုံမှာ သူ့ကို စောင့်နေမှာ။ သူတို့နှစ်ယောက် ဆုံကြပြီ ဆိုမှ ရထားစီးပြီး တစ်နယ်တစ်ကျေး ထွက်ပြေးကြမှာပေါ့။ အစီအစဉ်ကတော့ အလစ်အဟာ မရှိဘူး”

“ဒါပေမယ့် နောက်ဆုံးတော့ သူတို့ မအောင်မြင်ခဲ့ကြဘူးပဲ”

“ကံမကောင်း အကြောင်းမလှချင်တော့ ဘုံကျောင်းထဲ အစ်မ ရောက်တဲ့အချိန် အဲဒီမှာ တွေ့လိုက်ရတာက သူနဲ့ ချိန်းထားတဲ့ အိမ်အကူ မဟုတ်ဘဲ အဖေငှားထားတဲ့ အလုပ်သမား ကောင်လေးတွေ ဖြစ်နေတယ်။ အဲဒီအိမ်အကူ ကောင်မလေးက အစ်မရဲ့ တောင်းဆိုချက်ကို သဘောတူထားပေမယ့် စိတ်ထဲ စိုးရိမ်နေတာနဲ့ သူ့ထက် အသက်ကြီးတဲ့ တခြား အိမ်အကူကို သွားတိုင်ပင်ခဲ့တယ်။ အဲဒီလို လုပ်လိုက်တော့ ဘာဆက်ဖြစ်သွားသလဲ ဆိုတာ သမီးလည်း ခန့်မှန်းလို့ ရရောပေါ့”

ငယ်ရွယ်သော ထိုအိမ်အကူ ကောင်မလေး၏ စိတ်ခံစားချက်ကို ဟာရုမိ ကိုယ်ချင်းစာ၍ နားလည်ပေးနိုင်သည်။ သူ ကျင်လည်နေရသော ခေတ်ကာလနှင့် ချိန်ထိုးကြည့်လျှင် သူ့အား အပြစ်ဆို၍လည်း မဖြစ်။

“သူ့ကောင်လေး …. အဲဒီစက်ပြင်ဆရာကရော”

“အဖေက ဘူတာရုံကို လူတစ်ယောက်လွှတ်ပြီး စာတစ်စောင် ပေးခိုင်းလိုက်တယ်။ စာထဲမှာ အစ်မက သူ့ကို မေ့ပစ်လိုက်ဖို့ ရေးထားတာပေါ့”

“ဘဘတို့ အဖေက စာအတုလုပ်ပြီး ပို့ခိုင်းလိုက်တာလား”

“မဟုတ်ဘူး။ အစ်မကိုယ်တိုင် ရေးထားတာ။ အဖေက အဲဒီလူကို အသက်ချမ်းသာ ပေးပါ့မယ်လို့ ကတိပေးတာကြောင့် သူက အဲဒီစာကို ရေးခဲ့တာပေါ့။ အစ်မမှာလည်း ရွေးစရာလမ်း မရှိဘူးလေ။ ရဲဌာနမှာဆိုလည်း အဖေရဲ့ အသိမိတ်ဆွေတွေချည်းပဲ။ တကယ်လို့သာ အဖေက ဒီကိစ္စကို အရေးယူချင်တယ် ဆိုရင် စက်ပြင်ဆရာကို ထောင်ထဲ ဆွဲထည့်ပစ်လိုက်လို့ ရတယ်လေ”

“စက်ပြင်ဆရာက စာဖတ်ပြီးတော့ ဘယ်လို တုံ့ပြန်သလဲ”

မစ္စတာမီနာဇုကိက ခေါင်းကို စောင်းလိုက်သည်။ “ဒါတော့ ဘဘလည်း မသိဘူး။ သေချာတာ တစ်ခုကတော့ သူ မြို့ပေါ်ကနေ ထွက်သွားတာပဲ။ အဲဒီလူက နဂိုကတည်းက မြို့ခံလူ မဟုတ်ဘူးလေ။ သူ့ဇာတိရွာကို ပြန်သွားတယ်လို့ ကြားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ နောက်ပိုင်းတော့ ဘဘ သူနဲ့ နောက်တစ်ခါ ထပ်တွေ့ဖြစ်သေးတယ်”

“အယ် … ဟုတ်လား”

“တွေ့ဖြစ်တာက နောက်သုံးနှစ်လောက် ကြာပြီးမှပါ။ အဲဒီတုန်းက ဘဘက ကျောင်းတက်နေတုန်းပဲ ရှိသေးတာ။ အိမ်ထဲကနေ ထွက်ပြီး မကြာခင်မှာပဲ နောက်ကျောဘက်ကနေ လူတစ်ယောက်ရဲ့ လှမ်းခေါ်သံကို ကြားလိုက်ရတယ်။ အသက် ၃၀ ပတ်ဝန်းကျင်လောက် ရှိတဲ့ ယောက်ျားတစ်ယောက်ပေါ့။ သူတို့ ခိုးပြေးမယ့် ကိစ္စတွေ ဖြစ်ပျက်နေကြတုန်းက အဲဒီစက်ပြင်ဆရာကို ဘဘက မြင်ခဲ့ဖူးတာ မဟုတ်ဘူး။ ဒါကြောင့် အခု မြင်နေရတဲ့ လူကိုလည်း စက်ပြင်ဆရာပါလို့ ဘဘ မသိခဲ့ဘူး။ သူက စာတစ်စောင် ထုတ်ပြီး အာကီကိုကို ပေးပေးပါလို့ ဘဘကို ပြောလာတယ်။ အင်း ဒါနဲ့ အာကီကိုဆိုတာ အစ်မရဲ့ နာမည်ပေါ့”

“ဒါဆို ဘဘကို သူ့မောင်လေးပါလို့ သိနေလို့ပေါ့”

“ဒါတော့ မပြောတတ်ဘူး။ အဲဒီအိမ်ထဲကနေ ထွက်လာလို့ နောက်ယောင်ခံ လိုက်လာတာလည်း ဖြစ်ချင် ဖြစ်မှာ။ ဘဘက လက်တွန့်နေမိတာပေါ့။ သူက ထပ်ပြောတယ်။ တကယ်လို့ သံသယရှိရင် အဲဒီစာကို မပေးခင်မှာ အရင် ဖောက်ဖတ်ကြည့်ပါတဲ့။ ဒါမှမဟုတ် မိဘတွေကို အရင် အပ်ချင် အပ်လိုက်ပေါ့။ နောက်ဆုံး အာကီကို့ လက်ထဲ ဒီစာရောက်သွားရင် သူ ကျေနပ်ပါပြီတဲ့။ ဒါနဲ့ ဘဘလည်း စာကို လက်ခံလိုက်တယ်။ အမှန်အတိုင်း ပြောရရင် ဘဘလည်း သိပ်ဖတ်ကြည့်ချင်တာကိုး”

“ဘဘ ဖတ်လိုက်ရတယ်ပေါ့?”

“ဖတ်လိုက်တာပေါ့။ စာအိတ်က ပိတ်မထားဘူးလေ။ ကျောင်းကို သွားတဲ့ လမ်းမှာပဲ စာကို ဖတ်လိုက်တယ်”

“စာထဲမှာ ဘာတွေ ရေးထားတာလဲ”

“အဲဒါလား …..” မစ္စတာမီနာဇုကိသည် ဆက်မပြောတော့ဘဲ ပါးစပ်ကို စေ့ထားလေသည်။ ထိုသို့ နှုတ်ဆိတ်လျက် ဟာရုမိကို အကဲခတ်နေသည်။ ထို့နောက် သူ့ပေါင်ကို လက်ဖြင့် ပုတ်လိုက်ပြီး ဆက်ပြောလေသည်။ “သမီးကို ပြောပြနေတာထက် ကိုယ်တိုင် ဖတ်ကြည့်ကြည့်တာ ပိုကောင်းတာပေါ့”

“ရှင် … ကျွန်မကို ပေးဖတ်မယ် …..”

“ခဏလေး”

မစ္စတာမီနာဇုကိ၏ နံဘေးတွင် ကတ်စက္ကူပုံးများစွာ စုပုံထားသည်။ သူသည် စက္ကူပုံးတစ်ပုံးကို ဖွင့်၍ တစ်စုံတစ်ရာကို ရှာဖွေနေလေသည်။ စက္ကူပုံး၏ မျက်နှာစာတစ်ဘက်တွင် ဆော့ပင်ဖြင့် ‘အုပ်ချုပ်ရေးမှူး ရုံးခန်း’ ဟု ရေးထားသည်။

“မီးစလောင်တဲ့ စားသောက်ခန်းမနဲ့ အလှမ်းဝေးတော့ အုပ်ချုပ်ရေးမှူးရုံးရဲ့ ပစ္စည်းတွေက အပျက်အစီး သိပ် မရှိလှဘူး။ ဘဘတို့ အဲဒီထဲက ပစ္စည်းတွေ အားလုံးကို ဒီ ရွှေ့လာခဲ့တယ်။ အခွင့်ရတုန်း တစ်ခါတည်း မလိုအပ်တော့တာတွေ ရွေးထုတ်ပစ်ရအောင်လေ။ အစ်မပိုင်တဲ့ ပစ္စည်း အတော်များများလည်း ဒီအထဲမှာ ရှိနေသေးတယ်။ အဲ … ဒီဟာပဲ။ ရှာတွေ့ပြီ”

မစ္စတာမီနာဇုကိသည် လေးထောင့်ပုံ သံပုံးတစ်ပုံးကို ဆွဲထုတ်ပြီး ဟာရုမိ၏ အရှေ့မှာတင် အဖုံးကို ဖွင့်လိုက်သည်။

သံပုံးထဲတွင် ဒိုင်ယာရီစာအုပ် တချို့နှင့် ဓာတ်ပုံတချို့ကို တွေ့ရသည်။ မစ္စတာမီနာဇုကိသည် အထဲမှ စာတစ်စောင်ကို ထုတ်ယူပြီး ဟာရုမိ၏ အရှေ့တွင် ချပေးလေသည်။ စာအိတ်ပေါ်တွင် ‘သို့ – မီနာဇုကိ အာကီကို’ ဟု ရေးထားသည်။

“သမီး ကိုယ့်ဘာသာကိုယ်ပဲ ဖတ်ကြည့်ပေတော့” မစ္စတာမီနာဇုကိက ပြောသည်။

“ကောင်းပါ့မလား”

“ကိစ္စ မရှိပါဘူး။ ဒီစာကို ရေးတဲ့သူက စရေးကတည်းက တခြားလူတွေလည်း ဖတ်ကြည့်နိုင်တယ်လို့ သဘောထားပြီး ရေးထားပုံပါပဲ”

“ဒါဆိုလည်း ကျွန်မ ဖတ်ကြည့်လိုက်မယ်”

စာအိတ်ထဲတွင် အဖြူရောင် စာရွက်ခေါက်တစ်ခု ရှိနေသည်။ ဖြန့်ကြည့်သောအခါ ဘောပင်ဖြင့် ရေးထားသော စာလုံးများကို တွေ့မြင်ရသည်။ လက်ရေးလက်သားက လှပသေသပ်လွန်းလှသည်။ စက်ပြင်ဆရာ တစ်ဦး၏ လက်ရေးဖြစ်သည်ဟု ယုံနိုင်စရာပင် မရှိပေ။

❝ ဒီလို ပုံစံမျိုးနဲ့ စာပေးမိတဲ့အတွက် ပထမဆုံးအနေနဲ့ တောင်းပန်စကား ဆိုပါရစေ။ တကယ်လို့ သမားရိုးကျ နည်းနဲ့ စာတိုက်ကနေ ပို့လိုက်တယ် ဆိုရင် ဒီစာကို ဖောက်တောင် မဖတ်တော့ဘဲ စွန့်ပစ်ခံရမယ် ဆိုတာ ကျွန်တော် သိပါတယ်။

အာကီကို၊ နေကောင်းတယ် မဟုတ်လား။ ကျွန်တော် ယူဂျီပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ကုဆုနိုကီ စက်မှုလုပ်ငန်းမှာ အလုပ်လုပ်ခဲ့တဲ့ ယူဂျီလေ။ ကျွန်တော်ကို မေ့ရင်လည်း မေ့သွားလောက်ရောပေါ့။ ဒါပေမယ့် ဒီစာကို အဆုံးထိ ရောက်အောင် ဖတ်ပေးမယ်ဆိုရင် ကျွန်တော် အရမ်း ဝမ်းသာမိမှာပါ။

ကျွန်တော် ဒီစာကို ရေးရတဲ့ အကြောင်းအရင်းက တစ်ခုပဲ ရှိပါတယ်။ တောင်းပန်ချင်လို့ပါ။ ဒီ့မတိုင်က အခုလို တောင်းပန်စကား ပြောဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်။ ကျွန်တော်က စိတ်လှုပ်ရှားလွယ်တဲ့ လူတစ်ယောက် ဖြစ်တာကြောင့် အရင်အခေါက်တွေက စာရေးဖို့ ကြိုစားတာ မအောင်မြင်ခဲ့ဘူး။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အခုချိန်မှာ ဒီစကားကို ပြောဖို့ အရမ်းကို နောက်ကျသွားပြီ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ရဲ့ လုပ်ရပ်ဟာ ဘယ်လောက်အထိ ရူးမိုက်ခဲ့သလဲ ဆိုတာကို ကျွန်တော် နောင်တရလို့ မဆုံးတော့ဘူး။ အဲဒီလောက်အထိ နောင်တရနေပါတယ် ဆိုတာ မင်းကို သိစေချင်လို့ ဒီစာကို ရေးလိုက်တာပါ။

မင်းဟာ အဲဒီတုန်းက အထက်တန်း ကျောင်းသူလေး တစ်ယောက်ပဲ ရှိသေးတာလေ။ ကျောင်းတောင် မပြီးသေးတဲ့ မင်းကို မတော်ရာ ဆွဲခေါ်ဖို့ ကြိုးစားခဲ့မိတယ်။ နောက်ပြီး မင်းရဲ့ မိသားစုကိုပါ စွန့်ခွာခဲ့ဖို့ ကြံစည်ခဲ့မိတယ်။ အခု ပြန်စဉ်းစားကြည့်တော့ အဲဒီလုပ်ရပ်ဟာ သိပ်ကို ဆိုးယုတ်လွန်းတာပဲ။ နည်းနည်းမှကို ခွင့်လွှတ်ချင်စရာ မကောင်းဘူး။

နောက်တော့ မင်း စိတ်လည်သွားခဲ့တယ်။ ဒါ သိပ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ တကယ်လို့ မင်းရဲ့ မိဘတွေက ဖျောင်းဖျလို့ စိတ်ပြောင်းသွားခဲ့တယ် ဆိုရင်လည်း ကျွန်တော် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။ သူတို့သာ ဝင်မပါခဲ့ရင် နောက်ကြောင်းပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အမှားတစ်ခုကို ကျွန်တော် ကျူးလွန်မိတော့မှာပဲ။

အခု ကျွန်တော် ရွာမှာ လယ်လုပ်နေပါတယ်။ နာရီစက္ကန့် မလပ် မင်းကို သတိရနေတာပဲ။ မင်းနဲ့ အတူ ရှိခဲ့ကြတဲ့ အချိန်တွေဟာ တိုတောင်းလှတယ် ဆိုပေမယ့် ကျွန်တော့်ဘဝအတွက်တော့ အပျော်ရွှင်ရဆုံး အချိန်တွေပဲ။ နောက်ပြီး နောင်တမရတဲ့ နေ့ဆိုတာလည်း ကျွန်တော်အတွက် မရှိခဲ့ဘူး။ အဲဒီအချိန်က အဖြစ်အပျက်ဟာ မင်းရဲ့ နုနယ်တဲ့ နှလုံးသားမှာ အမာရွတ်အဖြစ် ထင်ကျန်နေမှာပဲလို့ တွေးလိုက်မိတိုင်း ကျွန်တော် အိပ်မပျော်နိုင်ခဲ့ဘူး။

အာကီကို၊ သာယာချမ်းမြေ့တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်း ပေးပါတယ်။ အဲဒါဟာ ကျွန်တော်ရဲ့ တစ်ခုတည်းသော ဆန္ဒပါပဲ။ မင်းနဲ့ ထိုက်တန်တဲ့ အိမ်ထောင်ဖက်တစ်ယောက်ကို ရှာတွေ့နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

နာမီယာ ယူဂျီ ❞

ဟာရုမိ ခေါင်းမော့ကြည့်သောအခါ သူ့အား စိုက်ကြည့်နေသည့် မစ္စတာမီနာဇုကိနှင့် မျက်လုံးချင်း ဆုံမိကြသည်။ “ဘယ်လို သဘောရလဲ” မစ္စတာမီနာဇုကိက မေးသည်။

“အတော် ရိုးဖြောင့်တဲ့လူပဲ”

သူ၏ စကားကို ထောက်ခံသည့်အနေဖြင့် မစ္စတာမီနာဇုကိက ခေါင်းညိတ်ပြသည်။

“ဘဘလည်း အဲဒီလိုပဲ ယူဆတယ်။ ခိုးပြေးဖို့ ကြံစည်ထားတဲ့ ကိစ္စ မအောင်မြင်တဲ့နောက် သူ အများကြီး စဉ်းစားမိမှာ သေချာတယ်။ ဘဘတို့ရဲ့ မိဘတွေကို သူ ရွံမုန်းခဲ့မှာပဲ။ ပြီးတော့ သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ အစ်မကိုလည်း စိတ်ဆိုးလောက်တယ်။ ဒါပေမယ့် သုံးနှစ်ဆိုတဲ့ အချိန်တွေ ကုန်လွန်သွားတော့ အတိတ်ကို ပြန်တွေးမိတဲ့အခါမှာ ဒီလို ဖြစ်သွားတာလည်း ခပ်ကောင်းကောင်းပဲလို့ အားလုံးကို နားလည်ပေးနိုင်လာတယ်။ ဒါပေမယ့် သူတစ်ယောက်တည်း နားလည်ထားရုံနဲ့ မလုံလောက်သေးဘူးလို့ သူ ယူဆမိမှာပဲ။ တကယ်လို့ သူရဲ့ အမှားကို ဝန်မခံခဲ့ဘူးဆိုရင် အစ်မရဲ့ နှလုံးသားထဲက အနာဟာလည်း ဘယ်တော့မှ ကျက်မှာ မဟုတ်တော့ဘူး။ အစ်မကလည်း သူ သစ္စာဖောက်ခဲ့လို့သာ အခုလို ဖြစ်ခဲ့ရတယ် ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေမယ်ဆိုတာ အဲဒီလူက ကောင်းကောင်း ရိပ်မိနေတယ်။ ဒါကြောင့် သူ ဒီစာကို ရေးခဲ့တာပေါ့။ သူရဲ့ စိတ်သဘောထားကို ဘဘ နားလည်သွားလို့ စာကို အစ်မလက်ထဲ ထည့်ပေးလိုက်တယ်။ မိဘတွေကိုတော့ လုံးဝ အသိပေး မနေတော့ဘူး။

ဟာရုမိသည် စာကို စာအိတ်ထဲ ပြန်ထည့်လိုက်သည်။ “ဘဘရဲ့ အစ်မက ဒီစာကို ကိုယ်နဲ့မကွာ အမြဲ သိမ်းထားတာလား”

“ဟုတ်လိမ့်မယ်။ သူ ဆုံးသွားပြီးနောက် သူရဲ့ အလုပ်စားပွဲပေါ်မှာ ဒီစာကို တွေ့လိုက်ရတော့ ဘဘ ရင်ထဲတောင် နွေးခနဲ ဖြစ်သွားသေးတယ်။ အစ်မက တစ်သက်လုံး တစ်ကိုယ်တည်း နေသွားတယ် ဆိုတာကလည်း ဒီလူ့အပေါ် ထားတဲ့ အစ်မရဲ့ မေတ္တာဟာ အစေးမပြယ်သေးလို့ပဲ နေမှာပေါ့။ သူ နောက်ထပ် ဘယ်သူ့ကိုမှ မချစ်တော့ဘူး။ သူရဲ့ တစ်ဘဝစာလုံးကို မာရူမစ်ဆူအန်မှာပဲ မြှုပ်နှံထားလိုက်တော့တယ်။ သူက ဘာဖြစ်လို့ ဒီနေရာကိုမှ ရွေးပြီး မာရူမစ်ဆူအန်ကို တည်ထောင်ခဲ့ရသလဲ။ တကယ်တော့ ဒီနေရာဟာ ဘဘတို့နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိတဲ့ နေရာတစ်နေရာပဲ။ အစ်မက သေတဲ့အထိ ဒီအကြောင်းအရင်းကို လုံးဝ မဖွင့်ဟခဲ့ပေမယ့် ဖြစ်ဖို့များတာကတော့ ဒီနေရာဟာ ဟိုလူရဲ့ ဇာတိရွာနဲ့ အတော်လေး နီးကပ်တယ် ဆိုတာပဲ။ ဟိုလူရဲ့ နေရပ်လိပ်စာ အတိအကျကို ဘဘ မသိပေမယ့် အရင်က ပြောစကားတွေ အရဆိုရင် ဒီနားပတ်ဝန်းကျင်မှာ ဆိုတာတော့ သေချာတယ်”

ဟာရုမိသည် ခေါင်းကို အသာအယာ ဆတ်နေမိပြီး လေပူများကို ဖြည်းဖြည်းချင်း မှုတ်ထုတ်နေလေသည်။ ချစ်သူနှစ်ဦး မပေါင်းစည်းနိုင်ခဲ့ခြင်းအတွက် စာနာ သနားနေမိသော်လည်း ယောက်ျားတစ်ယောက်ကို ထိုမျှ နက်နက်ရှိုင်းရှိုင်း ချစ်တတ်ခဲ့သော အာကီကိုကိုမူ သူ မနာလို ဖြစ်နေမိသည်။

“အစ်မ မဆုံးခင်တုန်းက ပြောခဲ့တယ်။ အားလုံး ကျန်းမာပျော်ရွှင်အောင် သူ ကောင်းကင်ဘုံကနေ ဆုတောင်းပေးနေမယ်တဲ့။ ဘဘ သိချင်နေတာ တစ်ခုရှိတယ်။ အစ်မက ဟိုလူ့ကိုရော ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေမလားပေါ့။ အဲဒီလူ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုရင်ပေါ့လေ”

“ကျွန်မလည်း သိချင်နေမိတယ်” ဟာရုမိက အလိုက်အထိုက် ပြန်ဖြေသည်။ ထိုစဉ် သူ့စိတ်ထဲသို့ အတွေးတစ်ခု ဝင်လာသည်။ ထိုလူ၏ နာမည်။ သူ့နာမည်က နာမီယာ ယူဂျီ။

သူသည် နာမီယာကုန်စုံဆိုင်နှင့် ကြိမ်ဖန်များစွာ စာအသွားအလာ ရှိခဲ့သော်လည်း ဆိုင်ရှင်၏ နာမည်ကို သူ မသိပေ။ ရှီဇုကို၏ ပြောစကားအရ ဆိုလျှင် ၁၉၈၀ ခုနှစ်တွင် ဆိုင်ရှင်သည် အလွန်ပင် အိုမင်းနေလောက်ပြီ။ သို့ဆိုလျှင် မစ္စတာမီနာဇုကိ၏ စကားထဲတွင် ပါသော ထိုလူနှင့် မတိမ်းမယိမ်းပင် ဖြစ်ရပေတော့မည်။

“ဘာဖြစ်လို့လဲ” မစ္စတာမီနာဇုကိက မေးသည်။

“ရှင် … ဘာမှ မဖြစ်ပါဘူး” ဟာရုမိက လက်ခါပြသည်။

“ဒီမာရူမစ်ဆူအန်ကို အစ်မက ကိုယ်စိတ်နှစ်ပါးလုံး နှစ်ပြီး ပြုစုပျိုးထောင်လာခဲ့တာ ဆိုတော့ ဘယ်လို အခြေအနေမျိုးပဲ ရောက်နေနေ ဘဘကတော့ မရအရ ပြန်ပြီး တည်ဆောက်သွားမှာပဲ” မစ္စတာမီနာဇုကိက နိဂုံးချုပ် စကားဆိုသည်။

“ဖြစ်ရမှာပေါ့။ ကျွန်မလည်း တတ်နိုင်သလောက် ကူညီပါ့မယ်” ပြောရင်း ဟာရုမိသည် လက်ထဲမှ စာကို မစ္စတာမီနာဇုကိအား ပြန်ပေးလိုက်သည်။ သူသည် စာအိတ်ပေါ်တွင် ရေးထားသည့် ‘သို့ – မီနာဇုကိ အာကီကို’ ဟူသော လက်ရေးကို သတိပြုလိုက်မိသည်။ နာမီယာကုန်စုံဆိုင်မှ ရထားသော ပြန်စာများပေါ်ရှိ လက်ရေးနှင့် မိုးမြေပမာ ကွာခြားနေလေသည်။

တိုက်ဆိုင်မှုသာ ဖြစ်ပေလိမ့်မည်။

ဟာရုမိသည် ထိုအကြောင်းကို နောက်ထပ် မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်လေတော့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *