မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (က)

ဆိုင်ခန်းဘက်မှ ရှိုတာ ပြန်ရောက်လာသည်။ မျက်နှာမှာ မှုန်ကုတ်ကုတ်နှင့်။

“စာမလာသေးဘူးလား” အဆုယာက မေးသည်။

ရှိုတာက ခေါင်းခါပြီး သက်ပြင်းချသည်။ “လေတိုက်လို့ ယင်းလိပ်တံခါး လှုပ်သွားတာ ထင်တယ်”

“ဟုတ်လား” အဆုယာက ပြောသည်။

“ငါတို့ရဲ့ ပြန်စာကို သူ မတွေ့လို့များလား” ကိုဟိုင်က မေးသည်။

“တွေ့လောက်ပါတယ်” ရှိုတာက ဖြေသည်။ “နွားနို့သေတ္တာထဲမှာ စာမရှိတော့ဘူးလေ။ တခြားလူတစ်ယောက် ယူသွားတာတော့ မဖြစ်နိုင်ပါဘူး”

“အင်း။ ဒါဆို ဘာဖြစ်လို့ စာမပြန်လာသေးတာလဲ”

“ဒါလား ……” ပြောလျက် ရှိုတာ၏ အကြည့်က အဆုယာထံသို့ ရောက်သွားသည်။

“မတတ်နိုင်ဘူးလေကွာ” အဆုယာက ပြောသည်။ “တခြားရော ဘာရေးနိုင်ဦးမှာမို့လဲ။ သူကတော့ စာဖတ်ပြီး စိတ်ပျက်ချင် ပျက်နေမှာ။ ဘာပဲဖြစ်ဖြစ် စာ ပြန်မလာတာကမှ ခပ်ကောင်းကောင်းရယ်။ နို့မို့ဆို တိုင်ပတ်နေဦးမှာ။ သူက ငါတို့ကို စာထဲကအကြောင်း ရှင်းပြခိုင်းရင် ဘယ့်နှယ်လုပ်ကြမလဲ”

ကိုဟိုင်နှင့် ရှိုတာတို့သည် ခေါင်းငိုက်စိုက်ချလျက် နှုတ်ဆိတ်နေကြသည်။

“ငါမေးတာ မဖြေနိုင်တော့ဘူး မဟုတ်လား။ ဒါကြောင့် ပြီးသွားလည်း အေးတာပဲ”

“ဒါပေမယ့် သိပ်အံ့ဩစရာ ကောင်းတာပဲ” ရှိုတာက ပြောသည်။ “ငါးဆိုင်မှ ဂီတသမားက အဲဒီလူ ဖြစ်နေတာ တိုက်ဆိုင်လွန်း မနေဘူးလား”

“အေးလေ” အဆုယာကလည်း သဘောတူသည်။

အိုလံပစ် အားကစားမယ် ‘ယုန်စန္ဒာ’ နှင့် စာအမေးအဖြေ လုပ်ပြီးနောက် တခြားလူတစ်ဦးထံမှ အကြံတောင်းခံစာ တစ်စောင်ကို လက်ခံရရှိခဲ့သည်။ စာပါ အကြောင်းအရာကို ဖတ်ပြီးသည့်နောက်တွင် အဆုယာတို့ လူတစ်သိုက် ရှူးရှူးရှားရှား ဖြစ်လာကြသည်။ “မိသားစုပိုင် ငါးဆိုင်ကို ဆက်လက် လုပ်ကိုင်ရမလား။ ဒါမှမဟုတ် ဂီတကိုပဲ ဇောက်ချ လုပ်ရမလား” ဟူသော မေးခွန်းသည် ဒုက္ခဟု ဆိုနိုင်ပါမည်လော။ ဘဝပေး ကုသိုလ်ကံ ကောင်းသူ လူပေါ်လူကြော့တစ်ဦး၏ တဇောက်ကန်း လုပ်လိုသည့် ဆန္ဒသက်သက်မျှသာ ဖြစ်ပေလိမ့်မည်။

သို့ဖြင့် သူတို့သည် ထိုသူ၏ စိတ်ကူးယဉ်နေသော ကလေးဆန်ဆန် အတွေးကို ခနဲ့သည့် လေသံမျိုးဖြင့် စာပြန်လိုက်သည်။ မိမိကိုယ်ကိုယ် ‘ငါးဆိုင်မှ ဂီတသမား’ဟု သမုတ်ထားသော ထိုသူသည် ပြန်စာကို ဖတ်ကာ ဒေါကန်ပြီး ချက်ချင်း စာပြန်၍ ချေပလေသည်။ အဆုယာတို့ကလည်း မထောက်မညှာဘဲ ပြတ်ပြတ်သားသား စာရေးလိုက်ပြန်သည်။ ထိုသူ၏ နောက်ထပ် ပေးစာတစ်စောင် ရောက်လာသောအချိန်တွင်မူ ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေတော့သည်။

ထိုစဉ်က အဆုယာတို့ သုံးယောက်သည် ‘ငါးဆိုင်မှ ဂီတသမား’၏ စာကို စောင့်မျှော်နေရင်း ဆိုင်ခန်းထဲတွင် ရှိနေကြသည်။ များမကြာခင် စာတစ်စောင်သည် စာထည့်ပေါက်မှ ပြူထွက်လာသော်လည်း လမ်းခုလပ်တွင် ရပ်တန့်သွားသည်။ အင်မတန် ထူးခြားသော အဖြစ်အပျက်မှာ ထိုအခိုက်အတန့်တွင် ဖြစ်ပွားလာခဲ့သည်။

စာထည့်ပေါက်ထဲမှ ဘာဂျာမှုတ်သံ ပျံ့လွင့်လာသည်။ ထိုသံစဉ်ကို အဆုယာတို့ ကောင်းစွာ ရင်းနှီးနေပြီး ဖြစ်သည်။ သီချင်းနာမည်ကိုပင် သူတို့ သိထားကြသည်။ ‘ပြန်လည်မွေးဖွားခြင်း’။

၎င်းသီချင်းမှာ အဆိုတော် မစ်ဇူဟာရာ ဆယ်ရီ၏ နိုင်ငံကျော် သီချင်းတစ်ပုဒ် ဖြစ်သည်။ ထို့အပြင် ထိုသီချင်းတွင် လွမ်းဆွတ်ဖွယ်ကောင်းသော အတိတ် ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်။ သူတို့ သုံးယောက်စလုံးနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက် ဆက်စပ်နေသော အတိတ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

မစ်ဇူဟာရာ ဆယ်ရီသည် သူ၏ မောင်ငယ်နှင့်အတူ မာရူမစ်ဆူအန် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသည်။ သူ မူလတန်း ကျောင်းသူဘဝ ခရစ္စမတ် အကြိုနေ့ညတွင် ဂေဟာ၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အကယ်၍သာ လူတစ်ဦးက အသက်စွန့်၍ မကယ်တင်ခဲ့ပါမူ သူ၏ မောင်လေးသည် မီးလောင်ပြင်ထဲတွင် အသက်ပျောက်ခဲ့ရပေလိမ့်မည်။ ထိုသူမှာ ထိုနေ့ညက ခရစ္စမတ်ပွဲတော်အတွက် လာရောက် ဖျော်ဖြေပေးခဲ့သော အပျော်တမ်း အနုပညာရှင်တစ်ဦး ဖြစ်သည်။ ထိုသူသည် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံပေါ်တွင် အသက်ပျောက်ခဲ့ရှာသည်။

‘ပြန်လည်မွေးဖွားခြင်း’ မှာ ထိုသူ ကိုယ်တိုင် ဖန်တီးထားသော သီချင်းတစ်ပုဒ် ဖြစ်သည်။ သူ၏ အနှိုင်းအဆမဲ့သော ကျေးဇူးတရားကို သိတတ်သောအားဖြင့် ဆယ်ရီသည် ထိုသီချင်းကို အမြဲတမ်း ဆိုလေ့ရှိသည်။ နောက်ပိုင်းတွင် ဆယ်ရီသည်လည်း ထိုသီချင်းဖြင့်ပင် နာမည်ကျော်ကြားသော နိုင်ငံကျော် အဆိုတော်တစ်ယောက် ဖြစ်လာခဲ့သည်။

အဆုယာသည် ထိုဇာတ်လမ်းကို ငယ်စဉ်ကတည်းက နားရည်ဝလာခဲ့သည်။ သူတို့ကိုယ်နှိုက်ကလည်း မာရူမစ်ဆူအန်တွင် ကြီးပြင်းလာခဲ့ကြရသောကြောင့် ဖြစ်သည်။ မစ်ဇူဟာရာ ဆယ်ရီသည် ဂေဟာအတွင်းမှ ကလေးများ၏ လေးစားအားကျစရာ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ ကလေးတိုင်းက သူ့ကို အတုလိုက်၍ တစ်နေ့နေ့တွင် သူကဲ့သို့ ထွန်းပြောင်လာနိုင်ရမည်ဟု မျှော်မှန်းထားကြသည်။

‘ပြန်လည်မွေးဖွားခြင်း’ သီချင်းသံကို ကြားလိုက်ရသောအခါ အဆုယာတို့ သုံးယောက်သား၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သီချင်းသံ ဆုံးသွားသည်နှင့် စာလည်း စာထည့်ပေါက်မှ ထွက်ကျလာတော့သည်။ အပြင်ဘက်မှ လူတစ်ယောက်က တွန်းထိုးလိုက်သည့်နှယ်။

ဘာတွေ ဖြစ်ကုန်ပါလိမ့်။ ထိုသို့ အဓိပ္ပာယ်ရသော အကြည့်မျိုးဖြင့် မျက်ဝန်းသုံးစုံတို့ ဆုံမိကြသည်။ မေးခွန်းရှင်၏ ရှင်သန်ရာ ခေတ်ကာလမှာ ၁၉၈၀ ခုနှစ် ဖြစ်ရမည်။ မစ်ဇူဟာရာ ဆယ်ရီ မွေးလောက်ပြီဟု ဆိုနိုင်သော်လည်း ကလေးငယ်တစ်ယောက်မျှသာ ရှိချေဦးမည်။ ‘ပြန်လည်မွေးဖွားခြင်း’ သီချင်းကို ဘယ်သူမျှ သိကြဦးမည် မဟုတ်။

ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ကျန်တော့သည်။ ‘ငါးဆိုင်မှ ဂီတသမား’သည် ‘ပြန်လည်မွေးဖွားခြင်း’ ၏ မူလဖန်တီးသူသာ ဖြစ်ရပေမည်။ မစ်ဇူဟာရာ မောင်နှမ၏ ကျေးဇူးရှင်သာ ဖြစ်ရချေတော့မည်။

သူ၏ စာထဲတွင် နာမီယာကုန်စုံဆိုင်၏ အဖြေကြောင့် အင်မတန် စိတ်ထိခိုက်မိကြောင်း၊ သို့သော် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရန် အကြောင်းဖန်လာကြောင်း ထည့်ရေးထားသည်။ စာအဆုံးတွင်လည်း လူချင်းတွေ့ဆုံပြီး စကားပြောလိုကြောင်း တောင်းဆိုထားပြန်သည်။

သုံးယောက်သား ခေါင်းချင်းရိုက်၍ အကြံထုတ်ကြရသည်။ အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စများကို ‘ငါးဆိုင်မှ ဂီတသမား’အား ပြောပြရန် သင့်လျော်ပါမည်လော။ ၁၉၈၈ ခုနှစ် ခရစ္စမတ်အကြိုညတွင် သင်သည် မာရူမစ်ဆူအန် အမည်ရှိသော မိဘမဲ့ဂေဟာတစ်ခု၌ မီးလောင် ဒဏ်ရာဖြင့် အသက်ဆုံးပါးသွားလိမ့်မည်။ – ထိုသို့ တဲ့တိုး ပြောသင့်ပါ၏လော။

“သူ့ကို ပြောပြလိုက်စမ်းပါဗျာ” ကိုဟိုင်က အကြံပြုသည်။ “အဲဒီလိုဆိုရင် သူလည်း သေချင်မှ သေတော့မှာ”

“ဒါဆို မစ်ဇူဟာရာ ဆယ်ရီရဲ့ မောင်လေးက သေသွားတော့မှာပေါ့” ရှိုတာက ချက်ချင်း ဆိုသကဲ့သို့ မေးခွန်းထုတ်လိုက်သည်။ ထိုစကားအပေါ် ကိုဟိုင်လည်း ဘာမျှ မှတ်ချက်မပြုနိုင်။

နောက်ဆုံးတွင် အဆုယာက ဆုံးဖြတ်ချက် ချလိုက်သည်။ မီးလောင်သည့်ကိစ္စကို သူ့အား ပြောမပြရန် ဖြစ်သည်။

“သူ့ကို ပြောပြလည်း သူက ယုံမှာ မဟုတ်ဘူး။ နိမိတ်မရှိ နမာမရှိလို့ပဲ သဘောထားပြီး စိတ်ထဲ အောင့်တောင့်တောင့် ဖြစ်တာကလွဲလို့ ဘာမှ ထူးလာမယ် မထင်ဘူး။ နောက်နှစ်ရက်လောက်နေရင် အဲဒီကိစ္စကို မေ့သွားမှာပဲ။ နောက်ပြီးတော့ မာရူမစ်ဆူအန်ရဲ့ မီးဘေးပဲ ဖြစ်ဖြစ်၊ မစ်ဇူဟာရာ ဆယ်ရီက ‘ပြန်လည်မွေးဖွားခြင်း’ ကို ဆိုတဲ့ ကိစ္စပဲ ဖြစ်ဖြစ်၊ ဒါတွေအားလုံးက ငါတို့ သိထားပြီးတဲ့ အရှိတရား ဖြစ်နေပြီ။ ဒါမျိုးကိစ္စကို ဘယ်လိုနည်းနဲ့မှ ပြင်လို့ မရတော့ဘူး။ ဘာပဲရေးရေး အပိုချည်း နေမှာပဲ။ ဒါကြောင့် သူ့ကို အားပေးတဲ့ စကားမျိုး ပြောတာကမှ အရေးအရာ ရှိဦးမယ်”

ရှိုတာနှင့် ကိုဟိုင်တို့ကလည်း သူ့အမြင်ကို သဘောတူကြသည်။ ဖြေရှင်းစရာ တစ်ခုသာ ကျန်တော့သည်။ သူ့ကို မည်သို့သော အားပေးစကားမျိုး ပြောရမည်နည်း။

“ငါ ……. သူ့ကို ကျေးဇူးတင်စကား ပြောချင်တယ်” စကားဟလာသူမှာ ကိုဟိုင်။ “သူသာ မရှိရင် မစ်ဇူဟာရာ ဆယ်ရီလည်း အဆိုတော် ဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့လည်း ‘ပြန်လည်မွေးဖွားခြင်း’ ကို နားထောင်ခွင့် ရမှာ မဟုတ်တော့ဘူး”

အဆုယာလည်း ထိုနည်းတူ ခံစားမိသည်။ ရှိုတာက ဝင်ပြောသည်။ “အဲဒီလိုပဲ ရေးကွာ”

သုံးဦးသား ခေါင်းချင်းဆိုင်၍ အသည်းအသန် စဉ်းစားကြပြီးနောက် စာ၏ နိဂုံးပိုင်းတွင် ဤသို့သော စာကြောင်းများကို ထည့်ရေးလိုက်ကြသည်။

❝ ခင်ဗျားရဲ့ ဂီတအပေါ်မှာ ထားတဲ့ အရူးအမူး စိတ်ဓာတ်ဟာ အလဟဿ ဖြစ်သွားမှာတော့ မဟုတ်ဘူး။

ကျွန်တော် ယုံကြည်တယ်ဗျာ။ ခင်ဗျားရဲ့ ဂီတဟာ လူတွေကို ကယ်တင်နိုင်လိမ့်မယ်။ ပြီးတော့ ခင်ဗျား ဖန်တီးထားတဲ့ သီချင်းတွေဟာ ခေတ်ပေါင်းများစွာ ဆက်လက် ရှင်သန်သွားလိမ့်မယ်။

ဘာဖြစ်လို့ အဲဒီလို ယတိပြတ် ပြောနိုင်ရတာလဲလို့ ခင်ဗျား မေးချင်နေမှာပဲ။ ကျွန်တော်အနေနဲ့ ဖြေရ အင်မတန် ခက်ပါတယ်။ ဒါပေမယ့် အဲဒါက အမှန်တရားပဲ။

အဲဒီအချက်ကို ခင်ဗျား မြဲမြဲ ယုံကြည်ထားပေးပါ။ ခင်ဗျားရဲ့ နောက်ဆုံး ထွက်သက်အထိ မြဲမြဲ ယုံကြည်ထားပါ။

ကျွန်တော် အဲဒီလောက်ပဲ ပြောပြနိုင်တယ်။ ❞

ပြန်စာကို နွားနို့သေတ္တာထဲသို့ ထည့်ပြီးနောက် တစ်ခဏကြာသောအခါ သေတ္တာကို ပြန်ဖွင့်ကြည့်လိုက်သည်။ စာ မရှိတော့ပြီ။ ‘ငါးဆိုင်မှ ဂီတသမား’၏ လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ချေပြီထင့်။

သူတို့က ပြန်စာလာလိမ့်ဦးမည် ဟူသော ထင်ကြေးဖြင့် နောက်ဖေးတံခါးကို ပိတ်ကာ စောင့်ဆိုင်းနေကြသည်မှာ ယခုအချိန်ထိ ဖြစ်သည်။ သို့သော် ပြန်စာ ရောက်မလာတော့။ ယခင်ကဆိုလျှင် နွားနို့သေတ္တာထဲသို့ စာထည့်ပြီး၍ များမကြာမီမှာပင် ပြန်စာသည် စာထည့်ပေါက်မှ ထွက်ကျလာတတ်သည်။ ‘ငါးဆိုင်မှ ဂီတသမား’က အဆုယာတို့၏ စာကို ဖတ်ပြီးသည့်နောက်တွင် ဆုံးဖြတ်ချက် တစ်ခုခုတော့ ချမှတ်ခဲ့ပေလိမ့်မည်။

“ဒါဆို နောက်ဖေးတံခါးကို ဖွင့်ထားလိုက်ကြရအောင်” အဆုယာ မတ်တတ်ရပ်လိုက်သည်။

“နေပါဦး” ကိုဟိုင်က အဆုယာ၏ ဂျင်းဘောင်းဘီ အောက်ခြေကို လှမ်းဆွဲထားသည်။ “ခဏလောက် စောင့်ကြည့်ရအောင်လား”

“ဘာလုပ်ဖို့ စောင့်ရမှာလဲ”

“မင်းကလည်းကွာ ……” ကိုဟိုင်က လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။ “တံခါးကို မဖွင့်ပါနဲ့ဦး”

အဆုယာက မျက်မှောင်ကြုတ်လိုက်သည်။

“ဟဲ့ကောင်တွေရ၊ ငါးဆိုင်ဆီက ပြန်စာလာမှာ မဟုတ်တော့ဘူးကွ”

“ငါသိပါတယ်။ အဲဒီလူကို ခေါက်ထားလိုက်တော့”

“ဒါဆို မင်းက ဘာလုပ်ချင်နေရသေးတာလဲ”

“ဟိုဟာလေ …… တခြားလူတွေ စာပို့ချင် ပို့လာကြဦးမှာပေါ့”

“ဘာကွ” အဆုယာက ခေါင်းငုံ့လျက် ကိုဟိုင်ကို စူးစူးရဲရဲ ကြည့်နေသည်။ “မင်း ဘာပြောတယ်။ တံခါးကို ပိတ်ထားရင် အချိန်က ရွေ့မှာ မဟုတ်တော့ဘူး။ အဲဒါကို မင်း နားမလည်ဘူးလား”

“ငါ နားလည်ပါတယ်”

“အခုချိန်က ဒါတွေ လုပ်နေရမယ့် အချိန် မဟုတ်ဘူး ဆိုတာကိုလည်း မင်း နားလည်သင့်တာပေါ့။ အရင်တုန်းကတော့ စာက ရောက်နှင့်နေပြီမို့ မတတ်နိုင်လို့ ဝင်နွှဲခဲ့ရတာလေ။ ဒါပေမယ့် အခု အားလုံး နိဋ္ဌိတံသွားပြီ။ အမေးအဖြေ ကဏ္ဍလည်း ဒီမှာပဲ တစ်စခန်း နားကြစို့”

ကိုဟိုင်၏ လက်ကို ဖယ်ထုတ်လိုက်ပြီး အဆုယာသည် နောက်ဖေးတံခါးဆီသို့ လျှောက်သွားသည်။ တံခါးရွက်ကို တွန်းဖွင့်ပြီးနောက် အချိန်ကို ကြည့်လိုက်ပြန်သည်။ နံနက် ၄ နာရီ ထိုးပြီးခါစ။

နှစ်နာရီ လိုသေးသည်။ ၆ နာရီ ထိုးပြီးသည်နှင့် ဤနေရာမှ ထွက်ခွာကြမည်။ ထိုအချိန်ရောက်လျှင် ဓာတ်ရထားလည်း လုပ်ငန်းစလောက်ပြီ။

အခန်းတွင်းသို့ ပြန်ရောက်သောအခါ ကိုဟိုင်နှင့် ရှိုတာကို တစ်ချက် လှမ်းရှိုးလိုက်သည်။ ကိုဟိုင်သည် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေပြီး ရှိုတာမှာ ဟန်းဖုန်းနှင့် အလုပ်ရှုပ်နေသည်။

အဆုယာသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ ထမင်းစား စားပွဲပေါ်မှ ဖယောင်းတိုင်မီးသည် အနည်းငယ် ယိမ်းထိုးနေကြသည်။ အပြင်ဘက်မှ လေများ တိုးဝင်လာသောကြောင့် ဖြစ်ပေမည်။

မည်းနက်နေသော မျက်နှာကျက်ကို မော့ကြည့်ရင်း အဆုယာ တွေးနေမိသည်။ ထူးဆန်းအံ့ဩဖွယ် ကောင်းသော အခန်းပါတကား။ အဘယ်သို့သော အစွမ်းတန်ခိုးများကြောင့် ဤသို့သော သဘာဝလွန် ဖြစ်ရပ်များ ဖြစ်နေရသနည်း။ မိမိသည်လည်း အဘယ်သို့သော အကြောင်းကြောင့် ဤအမှုကိစ္စတွင် ညပ်ပါနေရသနည်း။

“စကားလှအောင်တော့ ငါ မပြောတတ်ဘူး” ကိုဟိုင်ထံမှ စကားသံ ရုတ်တရက် ထွက်ပေါ်လာသည်။ “ငါ ဒီအရွယ် ရောက်နေပြီ။ ငါ့လို လူနုံလူအ တစ်ယောက်တောင်မှ အသုံးတည့်တဲ့နေရာ ရှိနေသေးပါလားလို့ ဒီညရောက်မှ ပထမဆုံးအကြိမ် ခံစားလိုက်ရတာပဲ”

အဆုယာက မျက်မှောင်ကုတ်လျက် ကြည့်နေသည်။

“ဒါကြောင့် မင်းက သူများရဲ့ အခက်အခဲတွေကို ဆက်ပြီး ဖြေရှင်းပေးချင်တယ် ဆိုပါတော့။ ခြူးတစ်ပြားမှ ရမှာ မဟုတ်ဘူးနော်”

“ပိုက်ဆံ မရတာ ဘာအရေးလဲ။ ငွေမရှိလဲ ကိစ္စမရှိဘူး။ အခုလို ကိုယ်ကျိုးကို ဘေးဖယ်ထားပြီး တခြားလူတစ်ယောက်အတွက် စိတ်လိုလက်ရ ကူစဉ်းစားပေးတာမျိုး ငါ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး”

အဆုယာက တောက်ခေါက်လိုက်သည်။

“ငါတို့က စိတ်ပါလက်ပါ စဉ်းစားပေးခဲ့ကြတာပဲ။ စာလည်း ရေးခဲ့တယ်။ အဲတော့ ဘာဖြစ်လဲ။ ဘာမှ ဖြစ်မလာဘူး မဟုတ်လား။ ဟိုအိုလံပစ်ကောင်မကိုပဲ ကြည့်ကြည့်။ ငါတို့ရဲ့ ပြန်စာကို သူဟာသူ လိုရာ ဆွဲတွေးပြီး သူ ကြိုက်သလို နားလည်လိုက်တာပဲ မဟုတ်လား။ ငါးဆိုင်က လူကိုရော ငါတို့က ဘာကူညီလိုက်နိုင်လို့လဲ။ ဟိုးအစကတည်းက ငါ ပြောသားပဲ။ သူများတွေရဲ့ ပြဿနာကို ဖြေရှင်းပေးချင်ရအောင် ငါတို့လို ကောင်မျိုးတွေက ဘာသောက်ဆင့် ရှိလို့လဲ”

“ဒါပေမယ့် ‘ယုန်စန္ဒာ’ရဲ့ နောက်ဆုံးစာကို ဖတ်ရတော့ မင်းလည်း ဝမ်းသာနေတာပဲ မဟုတ်ဘူးလား”

“ဖီလင်ကတော့ မဆိုးဘူးလေ။ ဒါပေမယ့် မင်း အထင်မလွဲလိုက်နဲ့ဦး။ ငါတို့က သူများတွေကို အကြံဉာဏ် ပေးနိုင်လောက်တဲ့ အရည်အချင်းမျိုး ရှိတဲ့ကောင်တွေ မဟုတ်ဘူး။ ငါတို့က ……” အဆုယာသည် အခန်းထောင့်တစ်နေရာတွင် ချထားသော လက်ဆွဲအိတ်ကို လက်ညှိုးထိုးလိုက်သည်။ “ငါတို့က သောက်ဆင့်မရှိတဲ့ သူခိုးတွေဟ”

ကိုဟိုင်သည် စိတ်ထိခိုက်သွားသော မျက်နှာအမူအရာဖြင့် ခေါင်းငုံ့သွားသည်။ ဤသည်ကို မြင်သော အဆုယာထံမှ ‘ဟွန့်’ ဟူသော အသံတစ်သံ ဟိန်းထွက်လာသည်။

ထိုစဉ်မှာပင် ရှိုတာထံမှ “ဘာတုန်းဟ” ဟူသော အော်သံတစ်သံ ကြားလိုက်ရသည်။ အဆုယာက လန့်ဖျပ်ပြီး ထိုင်ခုံပေါ်မှ ရုတ်တရက် ထရပ်လိုက်မိသည်။

“ဘာဖြစ်တာလဲ”

“ဟိုဟာလေ ….” ရှိုတာက ဟန်းဖုန်းကို ထောင်ပြသည်။ “ငါ အင်တာနက်ပေါ်မှာ နာမီယာကုန်စုံဆိုင်ရဲ့ သတင်းကို တွေ့လို့”

“အင်တာနက်ပေါ်?” အဆုယာက မျက်မှောင်ကြုတ်လိုက်သည်။ “အရင်တုန်းက အကြံဉာဏ် တောင်းခဲ့တာတွေကို ပြန်ပြောပြနေတဲ့သူတွေ ရှိနေလို့လား”

“ငါလည်း အဲဒီလို ရှိနေမလားလို့ တွေးမိတာနဲ့ ‘နာမီယာကုန်စုံဆိုင်’ ဆိုတဲ့ စကားလုံးကို သုံးပြီး ရိုက်ရှာကြည့်လိုက်တာပေါ့။ အဲဒီအကြောင်းတွေကို ပြောတဲ့သူ တစ်ဦးတလေ ရှိမလား ဆိုပြီးတော့”

“ဒါနဲ့ပဲ အတိတ်အကြောင်း စားမြုံ့ပြန်ထားတာတွေကို တွေ့တယ် ဆိုပါတော့”

“အဲဒီလိုတော့ မဟုတ်ဘူး” ရှိုတာသည် အဆုယာအနားသို့ ရောက်လာပြီး ဟန်းဖုန်းကို ထိုးပေးလိုက်သည်။ “မင်း ဒါကို ဖတ်ကြည့်ကြည့်”

“ဘာများ ထူးခြားနေလို့လဲ” အဆုယာက ပြောရင်း ဟန်းဖုန်းကို လှမ်းယူပြီး ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသော စာလုံးများကို စိုက်ကြည့်နေသည်။ အပေါ်ဆုံးတွင် ခေါင်းစဉ်အဖြစ် ‘နာမီယာကုန်စုံဆိုင် တစ်ညတာ ပြန်လည် အသက်ဝင်ခြင်း’ ဟု ရေးသားထားသည်။ အောက်သို့ ဆက်ဖတ်ကြည့်သောအခါ ရှိုတာ အဘယ်ကြောင့် အလန့်တကြား ထအော်ရသည်မှာ အဆုယာ လုံးဝ နားလည် သဘောပေါက်သွားသည်။ သူ ကိုယ်တိုင်လည်း အဖျားတက်သကဲ့သို့ တစ်ကိုယ်လုံး ထူပူနေလေသည်။

စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

❝ နာမီယာကုန်စုံဆိုင်ကို သိကျွမ်းရင်းနှီးကြသော မိတ်ဆွေများ ခင်ဗျား –

စက်တင်ဘာလ ၁၃ ရက်နေ့၊ ညသန်းခေါင်ယံ ၀ နာရီ ၀ မိနစ် အချိန်မှ နံနက် အရုဏ်တက်ချိန်အထိ နာမီယာကုန်စုံဆိုင်၏ အကြံတောင်း စာတိုက်ပုံးကို ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က ၎င်းကုန်စုံဆိုင်တွင် အကြံဉာဏ် တောင်းခံခဲ့ဖူး၍ ပြန်စာ ရရှိခဲ့ဖူးသော လူကြီးမင်းများကို တစ်ခုလောက် တောင်းဆိုပါရစေ။ ထိုအချိန်က ရရှိခဲ့သော ထိုပြန်စာသည် လူကြီးမင်း၏ ဘဝလမ်းကြောင်းတွင် မည်သို့သော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသနည်း။ လူကြီးမင်းအား အကူအညီ တစ်စုံတစ်ရာ ပေးနိုင်ခဲ့ပါသလော။ ထိုမေးခွန်းများကို အမှန်အတိုင်း ဖွင့်ဟပြောဆိုပေးပါရန် တောင်းခံပါရစေ။ ယခင်က နည်းအတိုင်းပင် ပေးစာများကို ဆိုင်မှ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်တွင် ထည့်ပေးကြပါခင်ဗျာ။ ကျေးဇူး အထူးတင်ရှိပါသည်။ ❞

“ဒါက ဘာတုန်းဟ”

“မသိဘူးလေ။ ဒါပေမယ့် အဲဒီမှာ ရေးထားတဲ့ အတိုင်းဆိုရင် စက်တင်ဘာလ ၁၃ ရက်နေ့ဟာ ဆိုင်ပိုင်ရှင်ရဲ့ ၃၃ နှစ်မြောက် ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့လေ။ ဒါကြောင့် အခုလို ပုံစံမျိုးနဲ့ အဘိုးကြီးကို ဂုဏ်ပြုချင်လို့ နေမှာပေါ့။ အဲဒီသတင်းကို ဖြန့်တဲ့လူက ဆိုင်ပိုင်ရှင်ရဲ့ မြေးမြစ်တွေ နေမှာ”

“အန် … ဘာလဲ” ကိုဟိုင်လည်း အနားသို့ ရောက်လာသည်။ “ဘာတွေ ဖြစ်နေတာလဲ”

ရှိုတာသည် ဟန်းဖုန်းကို ကိုဟိုင်လက်ထဲသို့ ထိုးပေးလိုက်သည်။ ထို့နောက် တစ်ခွန်းလှမ်းပြောလေသည်။ “အဆုယာ၊ ဒီနေ့က စက်တင်ဘာလ ၁၃ ရက်နေ့ပဲ”

အဆုယာလည်း သတိဝင်လာသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ၀ နာရီ ၀ မိနစ်မှ အရုဏ်မတက်ခင် အချိန်အထိ – ယခု ထိုအချိန်အပိုင်းအခြားထဲတွင် ရှိနေသည်။ ထို့အပြင် သူတို့သည် ကုန်စုံဆိုင်အတွင်း ရောက်နေကြသည်။

“ထူးဆန်းလိုက်တာ။ ဒါက ဘာအဓိပ္ပာယ်လဲ။ အကြံတောင်း စာတိုက်ပုံးကို ပြန်လည် ဖွင့်လှစ်သွားမည် …..” ကိုဟိုင်သည် မျက်တောင်ကို အဆက်မပြတ် ခတ်နေလေသည်။

“ဒါကြောင့် အခု ငါတို့ ကြုံတွေ့ရတဲ့ မှော်ဆန်တဲ့ အဖြစ်အပျက်တွေက ဒီအကြောင်းအရာနဲ့ ပတ်သက်နေတာပဲ ဖြစ်ရမယ်” ရှိုတာက ပြောသည်။ “အဲဒီလိုပဲ နေမှာပါ။ ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေလို့ ပစ္စုပ္ပန်နဲ့ အတိတ်က ဆက်စပ်သွားတာပဲ ဖြစ်မယ်”

အဆုယာက မျက်နှာကို အားရပါးရ ပွတ်သပ်နေသည်။ အကြောင်းအရင်းမှန်ကို မသိနိုင်သော်လည်း ရှိုတာပြောသည့် စကားမှာ မှားနိုင်စရာ အကြောင်း မရှိ။

နောက်ဖေးတံခါးဘက်သို့ လှမ်းကြည့်သောအခါ အပြင်ဘက်တွင် မဲမှောင်နေဆဲသာ ရှိသေးသည်။

“တံခါးကို ဖွင့်ထားလိုက်ရင် အတိတ်နဲ့ အဆက်အသွယ် ပြတ်သွားမှာပဲ။ အခုဟာက မိုးလင်းဖို့ အတော်လေး လိုသေးတာဆိုတော့ အဆုယာ၊ ငါတို့ ဘာလုပ်ကြရင် ကောင်းမလဲ” ရှိုတာက မေးသည်။

“မင်းက ဘာလုပ်ချင်နေသေးတာလဲ”

“ငါတို့က ဝင်နှောင့်ယှက်နေသလိုများ ဖြစ်နေမလားလို့။ တကယ်ဆို အဲဒီတံခါးက အမြဲ ပိတ်ထားရမှာလေ”

ကိုဟိုင်သည် ထရပ်ပြီး ဘာမျှ ပြောမနေတော့ဘဲ နောက်ဖေးပေါက် အနီးသို့ သွားကာ တံခါးကို ဖြုန်းခနဲ ပိတ်ချပစ်လိုက်သည်။

“ဟေ့ကောင် ဘာလို့ ပိတ်ပစ်တာလဲ။ ပြန်ဖွင့်စမ်း” အဆုယာက အော်ပြောသည်။

ကိုဟိုင်သည် နောက်လှည့်ကြည့်ပြီး ခေါင်းခါပြသည်။ “ပိတ်ထားမှ ဖြစ်မယ်”

“ဘာဖြစ်လို့လဲ။ တံခါးပိတ်ထားရင် အချိန်ကလည်း ရပ်နေမှာပေါ့ကွ။ မင်းက ဒီမှာ တစ်သက်လုံး နေချင်လို့လား” ပြောပြီး မကြာခင်တွင် အဆုယာက စိတ်ပြောင်းသွားပြီး ခေါင်းတဆတ်ဆတ် လုပ်နေလေသည်။ “ဒီလိုလား၊ ငါ သဘောပေါက်ပြီ။ နောက်ဖေးတံခါးကို ပိတ်ပြီး ငါတို့ ဒီနေရာကနေ ထွက်သွားကြမယ်။ ဒါဆို ဘယ်သူက ဘယ်သူ့ကိုမှ အနှောင့်အယှက် မပြုနိုင်တော့ဘူး။ အားလုံး အိုကေသွားရော။ အဲဒီ အဓိပ္ပာယ် မဟုတ်လား”

သို့သော် နှစ်ဦးစလုံး ခေါင်းညိတ်ဖော် မရကြ။ မြုံစိစိနှင့် ရပ်မြဲ ရပ်နေကြသည်။

“ဘာတွေလဲဟ။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောကြကွာ”

ရှိုတာက စကားစလာသည်။ “ငါ ဒီမှာ တစ်ခဏလောက် နေချင်သေးတယ်။ အဆုယာ မင်းသွားချင် သွားပေါ့။ အပြင်မှာ စောင့်နေချင်လည်း စောင့်နေ၊ အရင် လစ်မယ်ဆိုလည်း မင်းသဘောပဲ”

“ငါလည်း အတူတူပဲ” ကိုဟိုင်က ချက်ချင်း ဝင်ပြောသည်။

အဆုယာသည် ခေါင်းကို အရေပြား ပေါက်မတတ် တဗျင်းဗျင်း မြည်အောင် ကုတ်နေသည်။ “မင်းတို့က ဒီမှာနေပြီး ဘာလုပ်ချင်သေးတာလဲ”

“ဘာမှ မလုပ်ချင်ပါဘူး” ရှိုတာက ဖြေသည်။ “ဒီ ထူးဆန်းတဲ့ အိမ်ကြီးမှာ ဘာတွေများ ထပ်ဖြစ်လာဦးမလဲလို့ စောင့်ကြည့်ချင်ရုံ သက်သက်ပါ”

“မင်းတို့ သေချာ စဉ်းစားပြီးပြီလား။ အခု မိုးလင်းဖို့ တစ်နာရီကျော် လိုသေးတယ်။ အပြင်လောကရဲ့ တစ်နာရီနော်။ ဒီအိမ်ထဲမှာဆိုရင် ရက်ပေါင်းများစွာ ကြာချင် ကြာသွားနိုင်တယ်။ မင်းတို့က ဘာမှ မစားမသောက်ဘဲနဲ့ ဒီအထဲမှာ စောင့်နေကြမလို့လား။ ဟုတ်မှလည်း လုပ်ပါကွာ”

ရှိုတာသည် အဝေးသို့ ငေးကြည့်နေသည်။ အဆုယာ၏ စကားမှာ မှန်ကန်ကြောင်း သူ နားလည်သွားသောကြောင့် ဖြစ်မည်။

“တော်ပါတော့ကွာ” အဆုယာက ပြောသည်။ သို့သော် ရှိုတာက ဘာမျှ ပြန်မပြော။

ထိုတစ်ဒင်္ဂကလေးမှာပင် ယင်းလိပ်တံခါးဆီမှ လှုပ်ရှားသောအသံ ထွက်ပေါ်လာသည်။ အဆုယာနှင့် ရှိုတာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ကိုဟိုင်သည် ဆိုင်ခန်းဆီသို့ ပြေးသွားသည်။ သူ့ကျောပြင်ကို ကြည့်ရင်း “လေတိုက်တာပဲ နေမှာ” ဟု အဆုယာက သူ့ကို အော်ပြောလေသည်။ “လေတိုက်လို့ တံခါးလှုပ်တာပါကွာ”

လက်ဗလာနှင့် ပြန်လာသော ကိုဟိုင်ကို ငေးကြည့်နေကြသည်။

“ငါ မပြောဘူးလား။ လေပါလို့”

ကိုဟိုင်က ဘာမျှ ပြန်မဖြေ။ အဆုယာတို့ အနားသို့ ရောက်ခါမှ စပ်ဖြဲဖြဲ ပြုံးပြသည်။ ညာဘက်လက်က နောက်ကျောဘက်သို့ စမ်းနေပြီးနောက် “တာဒါ” ဟု အသံပြုလျက် အဖြူရောင် စာအိတ်ကို ကိုင်ထားသော သူ့လက်ကို ဆန့်တန်းပြလိုက်လေသည်။ ကြည့်ရသည်မှာ စာအိတ်ကို ဘောင်းဘီ အနောက်အိတ်ကပ်ထဲတွင် ဖွက်ယူလာခဲ့ဖြင်း ဖြစ်မည်။

အဆုယာသည် မျက်နှာရှုံ့မဲ့လျက် မျက်ခုံးနှစ်ဘက်ကို ထိမတတ် ကုတ်ထားလေသည်။ ယခုမှ ခက်ချေတော့မည်။

“အဆုယာ၊ ဒါ နောက်ဆုံး တစ်ကြိမ်ပါပဲကွာ” ရှိုတာက စာအိတ်ကို လက်ညှိုးထိုးလျက် ပြောသည်။ “ဒါကို ဖြေရှင်းပြီးတာနဲ့ ငါတို့ ဒီကနေ ထွက်ကြမယ်။ ငါ ကတိပေးပါတယ်”

အဆုယာက သက်ပြင်းကို မှုတ်ထုတ်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ “အရင် ကြည့်ကြည့်တာပေါ့။ ငါတို့အတွက် လက်လှမ်းမမီနိုင်တဲ့ ပြဿနာမျိုးလည်း ဖြစ်ချင် ဖြစ်နေမှာ”

ကိုဟိုင်သည် စာအိတ်ကို ဂရုတစိုက် ဖောက်လိုက်လေသည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *