မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (ခ)

❝ သို့ – နာမီယာကုန်စုံဆိုင်

မင်္ဂလာပါရှင်။ ကျွန်မမှာ စိတ်ရှုပ်စရာ ကိစ္စတစ်ခု ရှိနေတာကြောင့် လူကြီးမင်းကို တိုင်ပင်ချင်လို့ ဒီစာကို ရေးဖြစ်တာပါ။

ကျွန်မ ဒီနှစ်မှာပဲ အသက်မွေးမှု သိပ္ပံကျောင်းကနေ အထက်တန်း အောင်မြင်ခဲ့ပါတယ်။ ဧပြီလ ကနေစပြီး တိုကျိုက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပါတယ်။ ကျွန်မ တက္ကသိုလ်ကို ဆက်မတက်ဖြစ်တဲ့ အကြောင်းအရင်းကတော့ မိသားစု ပြဿနာတချို့ ရှိနေလို့ပါ။ ကျွန်မက တတ်နိုင်သလောက် အလုပ်တစ်ခုကို မြန်မြန် လုပ်ချင်ခဲ့တာပါ။

ဒါပေမယ့် ကုမ္ပဏီမှာ အလုပ်ဝင်ပြီး မကြာခင်မှာပဲ ကျွန်မရဲ့ ရွေးချယ်မှုဟာ မှန်ရော မှန်ကန်ရဲ့လားလို့ ကျွန်မ သံသယ ဝင်လာခဲ့မိတယ်။

ကျွန်မ အခုလုပ်နေတဲ့ ကုမ္ပဏီက အထက်တန်း အောင်ပြီးခါစ မိန်းကလေးတွေကို အလုပ်ခန့်ပြီး ဝေယျာဝစ္စ အလုပ်တွေကိုပဲ လုပ်ခိုင်းပါတယ်။ ကျွန်မဟာ ရေနွေးငှဲ့၊ ကော်ဖီဖျော်၊ အမျိုးသား ဝန်ထမ်းတွေရဲ့ ပဲပင်ပေါက် လက်ရေးနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေကို အချောကူးပေး၊ စတဲ့ ဘယ်သူမဆို လုပ်နိုင်တဲ့ အလုပ်မျိုးတွေကိုပဲ နေ့တိုင်း လုပ်နေရတယ်။ အလယ်တန်းကျောင်းသားတောင် … မဟုတ်သေးဘူး။ စာရေးတတ်တဲ့ မူလတန်း ကျောင်းသားတောင် လုပ်နိုင်ပါလိမ့်မယ်။ ကိုယ်လုပ်နေရတဲ့ အလုပ်အတွက် အားရကျေနပ်မှု ဘာမှ မရနိုင်ဘူး။ ကျွန်မမှာ စာရင်းကိုင် အဆင့် ၂ အောင်လက်မှတ် ရှိထားပေမယ့် ဒီအတိုင်းသာ ဆက်သွားရင် အဲဒီပညာကလည်း ဘာမှ သုံးစားလို့ ရမယ် မထင်ဘူး။

ကျွန်မတို့ မိန်းကလေးတွေ အလုပ်ဝင်တာဟာ လင်ကောင်း သားကောင်း လိုချင်လို့ ဆိုပြီး ကုမ္ပဏီက ယူဆပုံ ရတယ်။ သင့်လျော်တဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့တာနဲ့ အလုပ်ထွက်ပြီး အိမ်ထောင်ပြုကြမှာဆိုတော့ ကျွန်မတို့ကို အလုပ်မှာ အရေးအရာ မသွင်းချင်ကြဘူး။ ပညာရေး အခြေခံ ရှိမရှိက အရေးမပါဘူး။ ပေါ့ပါးတဲ့ အလုပ်တွေ လုပ်နိုင်ရင် ရပြီ ဆိုတဲ့ အမြင်နဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး ဝန်ထမ်းတွေကို တစ်သုတ်ပြီး တစ်သုတ် အလုပ်ခန့်ခဲ့ကြတယ်။ ကုမ္ပဏီထဲက အမျိုးသား ဝန်ထမ်းတွေအတွက်လည်း အိမ်ထောင်ဖက် ရှာလို့ ရမယ်။ လစာကလည်း ပေါပေါပဲပဲ ပေးထားလို့ ဖြစ်တယ်ဆိုတော့ ကုမ္ပဏီအတွက် အင်မတန် တွက်ခြေကိုက်တာပဲ။

ဒါပေမယ့် ကျွန်မက လင်ရှာချင်လို့ အလုပ်ဝင်လုပ်တာ မဟုတ်ဘူးလေ။ ကျွန်မက ကိုယ်ထူးကိုယ်ချွန် နေနိုင်ပြီး ငွေရေးကြေးရေးအရ အမှီအခို ကင်းမဲ့တဲ့ လူတစ်ယောက် ဖြစ်ချင်တာ။ ယာယီ သဘောမျိုး အလုပ်ဝင်လုပ်တယ် ဆိုတဲ့ စိတ်ကူး ကျွန်မမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ကျွန်မ အဲဒီလို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အချိန်မှာပဲ တစ်နေ့တော့ ကျွန်မ လမ်းပေါ်မှာ လမ်းလျှောက်နေရင်း လူတစ်ယောက် ကျွန်မအနား ချဉ်းကပ်လာပြီး သူတို့ အရက်ဘားမှာ အလုပ် ဝင်လုပ်မလားလို့ လာမေးတယ်။ ရှင်ဂျုကုက ကလပ်တစ်ခုမှာပါ။ အဲဒီလူက ညကလပ်တွေအတွက် ဘားမယ် အသစ်တွေ စုဆောင်း ရှာဖွေပေးနေတဲ့ ပွဲစားပဲ ဆိုပါတော့။

သူ ကျွန်မကို ပြောပြတဲ့ အတိုင်းဆိုရင် ရပေါက်ရလမ်းတွေက မယုံနိုင်လောက်အောင် ကောင်းလွန်းနေတယ်။ ကျွန်မရဲ့ ကုမ္ပဏီဝန်ထမ်း အလုပ်နဲ့ နှိုင်းစာလိုက်ရင် မိုးနဲ့ မြေပါပဲရှင်။ ကောင်းလွန်းနေလို့ ထောင်ချောက်များ ဖြစ်နေမလားလို့တောင် သံသယ ဝင်ခဲ့မိသေးတယ်။

အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လာစုံစမ်းနိုင်ကြောင်း သူက ကျွန်မကို ဖိတ်ခေါ်ခဲ့တယ်။ ဘာဖြစ်လို့ သွားမကြည့်ရမှာလဲနော်။ အဲဒီကို ရောက်သွားတော့ ကျွန်မ သီးခြား ဂြိုဟ်ကမ္ဘာ တစ်ခုပေါ် ရောက်သွားတဲ့ အတိုင်းပါပဲ။ ကျွန်မ အရင်က ကြားဖူးတဲ့ အရာတွေနဲ့ ဘာမှကို မဆိုင်ဘူး။

အရက်ဘား၊ အရက်မယ်၊ ဘားမယ်၊ ညကလပ်၊ ဒီလို စကားလုံးတွေ၊ အသုံးအနှုန်းတွေက လူတွေရဲ့ အတွေးကို သရိုးသရီ ဖြစ်စေတယ်လေ။ ဒါပေမယ့် ကျွန်မ မျက်စိရှေ့မှာ မြင်နေရတဲ့ အဲဒီနေရာဟာ ကုံလုံကြွယ်ဝတဲ့ အရွယ်ရောက်သူတို့ရဲ့ ဘုံဗိမာန်ကြီးတစ်ခု ဖြစ်နေတယ်။ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် အလှပဆုံး ဖြစ်အောင် ချယ်သပြင်ဆင်ထားရတဲ့ အပြင် ဧည့်သည် စိတ်ကျေနပ်အောင် နည်းမျိုးစုံနဲ့ ကြံစည်နေကြရတယ်။ ကျွန်မ အဲဒီလို လုပ်ရော လုပ်နိုင်ပါ့မလားလို့ တပ်အပ် မပြောရဲပေမယ့် စမ်းကြည့်သင့် စမ်းကြည့်ထိုက်တဲ့ အလုပ်ပဲလို့ ကျွန်မ ခံစားမိတယ်။

ဒီလိုနဲ့ ကျွန်မ နေ့ပိုင်းမှာ ကုမ္ပဏီအလုပ်လုပ်တယ်။ ညပိုင်းကျတော့ ကလပ်သွားပြီး ဘားမယ် တစ်ဖြစ်လဲ အသက်မွေးခဲ့တယ်။ ကျွန်မဟာ အခုဆို အသက် ၁၉ နှစ် ရှိပါပြီ။ ဒါပေမယ့် ကလပ်မှာတော့ အသက် ၂၀ လို့ လိမ်ပြောထားရတယ်။ အလုပ်က ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ ဧည့်သည်ကို ဧည့်ခံရတာ ထင်ထားတာထက် ပိုခက်ခဲပေမယ့် ငွေဝင်တာလဲ လွယ်ကူသလို နေ့တိုင်း ရုန်းကန်နေရတာကလည်း အဓိပ္ပာယ် ရှိနေသလိုပဲ။

ဒါပေမယ့် နှစ်လလောက်လည်း ကုန်လွန်သွားရော ကျွန်မမှာ သံသယ အသစ်တစ်ခု ဝင်လာပြန်တယ်။ ဘားမယ် အလုပ်နဲ့ မဆိုင်ပါဘူး။ ကျွန်မရဲ့ ကုမ္ပဏီအလုပ်ကို ဆက်လုပ်သင့် မလုပ်သင့် ဆိုတာကိုပေါ့။ ကျွန်မ စဉ်းစားကြည့်တယ်။ အခုလို ဘာအလုပ်မှ မည်မည်ရရ မလုပ်ရမယ့် အတူတူ အဲဒီအလုပ်ကို ဆက်လုပ်နေဖို့ လိုအပ်သေးလို့လား။ အဲဒီအတွက် အပင်ပန်းခံနေလို့ ထိုက်တန်ပါ့မလား။ ဘားမယ် အလုပ်မှာပဲ အပြည့်အဝ စိတ်နှစ်ပြီး လုပ်လိုက်ရင် ဝင်ငွေလည်း ပိုကောင်းလာနိုင်တယ်လေ။

ဘားမယ် အလုပ် လုပ်နေတဲ့ အကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ အသိပေးမထားဘူး။ တကယ်လို့သာ ကုမ္ပဏီကနေ ရုတ်တရက် အလုပ်ထွက်လိုက်ရင် မထင်မှတ်ထားတဲ့ ပြဿနာတွေ တက်လာမှာ ကျွန်မ စိုးရိမ်နေမိတယ်။

ကျွန်မအတွက် တက်လမ်းရှိမယ့် အလုပ်အကိုင် တစ်ခုကို တွေ့ထားပြီလို့ ယုံကြည်နေမိတယ်။ ဒါပေမယ့် တခြားလူတွေကို ကျွန်မ ဘယ်လို ရှင်းပြရပါ့မလဲ။ ကုမ္ပဏီကနေ အဆင်ပြေပြေ အလုပ်ထွက်နိုင်အောင် ဘယ်လို စီမံရပါ့မလဲ။ အကယ်၍ လူကြီးမင်းအနေနဲ့ ကျွန်မကို အကြံဉာဏ် ပေးနိုင်မယ် ဆိုရင် ကျွန်မ ဝမ်းသာလို့ မဆုံးနိုင်ပါဘူး။

ပြန်စာကို စောင့်စားလျက်

တွေဝေတဲ့ ပါပီ ❞

စာဖတ်ပြီးသောအခါ အဆုယာသည် ‘ဟွန်း’ ဟု ခပ်ပြင်းပြင်း နှာမှုတ်လိုက်လေသည်။ “ဘာများ ပြောစရာ လိုနေသေးလို့လဲ။ နည်းနည်းလေးမှ သောက်ရေးမပါဘူး။ နောက်ဆုံး အကြိမ်အနေနဲ့ အကြံပေးစာ ရေးမလို့ပါ ဆိုနေမှ ဒီလို စာမျိုးနဲ့ လာတိုးနေရတယ်လို့”

“အေးလေကွာ” ရှိုတာကလည်း နှုတ်ခမ်းကို မဲ့ကာရွဲ့ကာ ပြောနေသည်။ “အဲဒီလို ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုး မထားဘဲ ဘားမယ် လုပ်ချင်ကြတဲ့ မိန်းမမျိုးတွေက ဘယ်ခေတ်မှာ မဆို ရှိနေကြတာပဲနော်”

“ဟီး ဟီး … သူက အတော်လေး ချောလောက်တယ်” ကိုဟိုင်က စပ်ဖြဲဖြဲ မျက်နှာနှင့် ပြောနေသည်။ “လမ်းပေါ်မှာ လျှောက်သွားနေတုန်းတောင် လူတွေက သတိထားမိကြတယ် ဆိုတော့လေ။ နှစ်လတည်း လုပ်ရသေးတာ ဆိုပေမယ့် ငွေအတော်လေး စုမိနေလောက်ပြီ”

“အခုက ချီးကျူးနေရမယ့် အချိန် မဟုတ်ဘူးကွ။ ဟေ့ကောင် ရှိုတာ၊ စာရေးလေ”

“ဘယ်လို ရေးရမှာလဲ” ရှိုတာက ဘောပင်ကို ကောက်ကိုင်လိုက်သည်။

“ပြောစရာ လိုသေးလားကွာ။ ဦးနှောက်ထဲ ချေးဆို့နေသလားလို့ သူ့ကို မေးလိုက်”

ရှိုတာက မျက်မှောင်ကြုတ်လိုက်သည်။ “၁၉ နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်ကို အဲဒီလို ပျစ်ပျစ်နှစ်နှစ် ပြောတာ လွန်လွန်းမနေဘူးလား”

“အဲဒီလို သောက်ကောင်မမျိုးကို ပျစ်ပျစ်နှစ်နှစ် ပြောမှ နားဝင်နိုင်မှာ”

“ငါ သိပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေး နားချရင် ပိုကောင်းမယ် ထင်တယ်”

အဆုယာက တောက်ခေါက်လိုက်သည်။ “ရှိုတာ၊ မင်းက အတော် စိတ်ပျော့တဲ့ကောင်ပဲ”

“တကယ်လို့သာ ငါတို့ဘက်က သူ့ကို ခပ်မာမာ ဆက်ဆံလိုက်ရင် ငါတို့ကို သူက ရှိန်သွားမှာပေါ့။ အဆုယာ ဒီသဘောတရားကို မင်းလည်း နားလည်ပါတယ်ကွာ”

သို့ဖြင့် ရှိုတာသည် အောက်ပါအတိုင်း စာတစ်စောင် ရေးလိုက်လေသည်။

❝ သို့ – တွေဝေတဲ့ ပါပီ

ပေးစာကို ငါ ဖတ်ပြီးပါပြီ။

မင်းကို တဲ့တိုးပဲ ပြောပါရစေတော့။ အရက်ဘားကို ထပ်မသွားပါနဲ့။ အဲဒီမှာ မင်းအတွက် ဘာအနာဂတ်မှ မရှိနိုင်ဘူး။

သမားရိုးကျ အလုပ်တွေထက် အဲဒီနေရာမှာ ငွေများများ ဝင်နိုင်တယ် ဆိုတာ ငါ သိပါတယ်။ အလုပ်လည်း ပိုသက်သာမှာပေါ့။

ဝတ်ကောင်းစားလှနဲ့ နေရတဲ့ ဘဝကို လွယ်လွယ်နဲ့ ရနေတော့ အဲဒီလို အလုပ်မျိုးကို ကောင်းတယ်လို့ ယူဆမိနေတာကလည်း မင်း အပြစ်တော့ မဟုတ်ပါဘူးလေ။

ဒါပေမယ့် ငယ်ရွယ်နေတုန်းသာ ဒီလို နေ့ကောင်းရက်သာမျိုးကို ကြုံတွေ့နိုင်တာပါ။ မင်းက ငယ်လည်း ငယ်သေးတယ်။ နောက်ပြီး နှစ်လပဲ အလုပ်ဝင်ရသေးတာ ဆိုတော့ အဲဒီအလုပ်ရဲ့ အကျည်းတန်တဲ့ မျက်နှာစာကို မင်း တွေ့ရဦးမှာ မဟုတ်သေးဘူး။ လူအမျိုးမျိုး စိတ်အထွေထွေလေ။ မင်းရဲ့ ရုပ်ခန္ဓာကို မျက်စိကျလို့ မင်းဆီ ချဉ်းကပ်လာတဲ့ ယောက်ျားတွေနဲ့လည်း အခုလောက်ဆို ကြုံပြီးလောက်ရောပေါ့။ အဲဒီလို ယောက်ျားတွေကို မင်းက ပညာသားပါပါ ကိုင်တွယ်နိုင်ပါ့မလား။ ဒါမှမဟုတ် သူတို့အားလုံးနဲ့ တစ်ယောက်ပြီးတစ်ယောက် လိုက်အိပ်နေတော့မလား။ ဒါဆို မင်းရဲ့ ခန္ဓာကိုယ်ကလည်း ရေရှည်မှာ ခံနိုင်ရည် ရှိမယ် မထင်ဘူး။

ဘားမယ် အလုပ်မှာပဲ အပြည့်အဝ စိတ်နှစ်ထားမယ် တဲ့လား။ မင်းက ဘယ်အရွယ်ထိ လုပ်မယ်လို့ စိတ်ကူးထားလို့လဲ။ မင်းက ကိုယ်ထူးကိုယ်ချွန် စွမ်းနိုင်တဲ့ မိန်းမတစ်ယောက် ဖြစ်ချင်နေတယ်။ ဒါပေမယ့် အသက်ကြီးလာရင် ဘယ်နေရာကမှ မင်းကို အလုပ်ခန့်ချင်တော့မှာ မဟုတ်ဘူး။

ဘားမယ်အဖြစ် အစဉ်တစ်စိုက် လုပ်သွားရင် နောက်ဆုံးမှာ ဘယ်လို အောင်မြင်မှုမျိုး ရလာလိမ့်မယ်လို့ မင်းက မျှော်မှန်းထားလို့လဲ။ ကိုယ်ပိုင် အရက်ဘားဆိုင် တစ်ဆိုင် ဖွင့်မလို့လား။ ဒါဆိုရင် ငါလည်း ဘာမှ ပြောစရာ မရှိတော့ဘူး။ မြန်မြန် အကောင်အထည် ဖော်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရုံ ရှိတော့တာပေါ့။ ကိုယ်ပိုင် ဘားဆိုင်တစ်ဆိုင် ဖွင့်နိုင်တယ်ပဲ ထားပါဦး။ လုပ်ငန်း အုပ်ချုပ်စီမံရတဲ့ ဒုက္ခဟာ သေးသေးမွှားမွှားတော့ မဟုတ်ဘူးနော်။

မင်းလည်း တစ်နေ့ကျရင် အိမ်ထောင်ပြုပြီး သာယာချမ်းမြေ့တဲ့ မိသားစုတစ်ခုကို တည်ထောင်ဦးမှာပဲ မဟုတ်လား။ ဒါကြောင့် နားခါးတဲ့ စကားတွေ ငါ မပြောတော့ဘူး။ ရပ်တန်းက ရပ်လိုက်ပါတော့ကွာ။

ဘားမယ်အဖြစ် ဆက်လုပ်နေပြီး မင်းက ဘယ်လို ယောက်ျားမျိုးကို အိမ်ထောင်ဖက်အဖြစ်နဲ့ ရွေးမယ်လို့ စိတ်ကူးထားသလဲ။ ဖောက်သည်နဲ့လား။ မင်းတို့ဆိုင်ကို လာတတ်တဲ့ ဧည့်သည်တွေထဲမှာ လူပျိုလူလွတ် ဘယ်နှယောက်လောက် ပါမယ်လို့ မင်း ထင်သလဲ။

မင်းမိဘတွေရဲ့ မျက်နှာကိုလည်း ထောက်ထားစမ်းပါဦး။ သူတို့က မင်းကို ကျွေးမွေး သုတ်သင်ပေးခဲ့တယ်၊ ကျောင်းထားပေးခဲ့တယ် ဆိုတာ ဒီလို အလုပ်မျိုးကို လုပ်စေချင်လို့ မဟုတ်ဘူး။

ယာယီ သဘောမျိုးနဲ့ အလုပ် ဝင်လုပ်တယ် ဆိုတာကရော ဘာများ မကောင်းလို့လဲ။ ကုမ္ပဏီမှာ ပင်ပင်ပန်းပန်း အလုပ် မလုပ်ရလည်း ဝင်ငွေကတော့ ပုံမှန် ရနေမှာပဲလေ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ မျက်နှာသာပေးတာကို ခံရမယ်။ အချိန်တန်တော့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အိမ်ထောင်ပြုမယ်။ နောက်တော့ အလုပ်ဝင်စရာတောင် မလိုတော့ဘူး။

အဲဒါကို ဘာများ အလိုမကျ ဖြစ်နေရတာလဲ။ အရာအားလုံး ပြီးပြည့်စုံ မနေဘူးလား။

မင်းကို ပြောပြရဦးမယ်။ ဒီလောကမှာ အလုပ်ရှာမရလို့ စိတ်ဆင်းရဲနေကြတဲ့ ဦးလေးကြီးတွေမှ အများကြီးပဲ။ အထက်တန်း ကျောင်းသူလေးတစ်ယောက်ရဲ့ လစာထဲက တစ်ဝက်လောက်ပဲ ရရ၊ ရေနွေးငှဲ့ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ်၊ လစာရမယ့် အလုပ်တစ်ခုခုကိုများ ရမယ် ဆိုရင် သူတို့ ပျော်ပျော်ကြီး သွားလုပ်ကြမှာ။

ငါ ဒီစကားတွေကို ပြောရတဲ့ အကြောင်းအရင်းက မင်းကို ခနဲ့ချင်လို့ မဟုတ်ပါဘူး။ မင်းကို ကောင်းစေချင်လို့ ပြောနေတယ် ဆိုတာ ယုံပါ။ ငါ ပြောတဲ့အတိုင်းသာ လုပ်ပါကွာ။

နာမီယာကုန်စုံဆိုင် ❞

“အေး၊ ကောင်းတယ်။ မင်းရေးထားတာ မယုတ်မလွန်ပဲ” အဆုယာက ခေါင်းညိတ် သဘောတူသည်။ သူ၏ စိတ်အရင်းအတိုင်းသာ ရေးရမည် ဆိုလျှင် ထိုကောင်မလေးကို အားရပါးရ တွယ်ပစ်လိုက်ချင်သည်။ ‘မင်းအဖေအမေက မင်းကို အထက်တန်းကျောင်း ပြီးအောင် အပင်ပန်းခံပြီး ထားပေးခဲ့လို့ အလုပ်တစ်ခုကိုလည်း အခက်အခဲ မရှိဘဲ ရနေခဲ့ပြီ။ ဒါကိုပဲ မင်းက သောက်ရှက်မရှိ ဘားမယ် လုပ်ချင်နေသေးတာလား။ မင်းရဲ့ သောက်ခေါင်းထဲမှာ ချေးတွေ ဆို့နေတာလား’ ဟူ၍။

ရှိုတာသည် ပြန်စာကို နွားနို့သေတ္တာထဲသို့ သွားထည့်သည်။ ပြန်လာ၍ တံခါးပိတ်စဉ်မှာပင် ယင်းလိပ်တံခါးဘက်မှ လှုပ်ခတ်သံ သဲ့သဲ့ကလေး ထွက်ပေါ်လာသည်။

ရှိုတာသည် “ငါ သွားယူလိုက်မယ်” ဟုဆိုကာ ဆိုင်ခန်းဘက်သို့ ပြေးသွားလေသည်။ သူ ချက်ချင်း ပြန်ရောက်လာပြီး သူ့နှုတ်ခမ်းမှာလည်း ပြုံးရောင် သန်းနေသည်။ “လာပြီဟေ့” ဟု အော်လျက် စာအိတ်ကို ယမ်းပြသည်။

❝ သို့ – နာမီယာကုန်စုံဆိုင်

ကျွန်မဆီ ချက်ချင်း စာပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ပြန်စာကို ရမှ ရပါ့မလားလို့ ကျွန်မ နဂိုက စိုးရိမ်နေခဲ့မိသေးတယ်။ စာရမှပဲ စိတ်ချနိုင်တော့တယ်။

ဒါပေမယ့် စာဖတ်ပြီးသွားတဲ့ အခါမှာ ဘဘက ကျွန်မအပေါ် အထင်လွဲမှားနေတာ တွေ့ရတော့ ကျွန်မ စိတ်မကောင်း ဖြစ်သွားခဲ့တယ်။ ဘဘရဲ့ အပြစ်တော့လည်း မဟုတ်ပါဘူးလေ။ ကျွန်မကလည်း ကျွန်မရဲ့ အခြေအနေကို ပိုပြီး ပြည့်ပြည့်စုံစုံ ပြောပြခဲ့သင့်တာကိုး။

ဘားမယ်အလုပ်ကို အစဉ်တစိုက် လုပ်ဖို့ ရည်ရွယ်တာဟာ ဝတ်ကောင်းစားလှနဲ့ နေရတဲ့ ဘဝမျိုးကို မက်မောနေလို့ မဟုတ်ပါဘူး။ ကျွန်မ လိုချင်တာက ငွေရေးကြေးရေး တောင့်တင်းမှုပါ။ သူတစ်ပါးကို မမှီမခိုဘဲ နေထိုင်သွားနိုင်ဖို့ ဆိုရင် အဲဒီ လက်နက်က မရှိမဖြစ်ဘူးလေ။ နောက်ပြီး သာမန်ကာလျှံကာ အလုပ်မျိုး လုပ်နေရင် အဲဒီပန်းတိုင်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်တော့ဘူး။

ပြီးတော့ ကျန်သေးတယ်။ ကျွန်မမှာ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ အိမ်ထောင်သားမွေး ပြုပြီး သာမန် အိမ်ထောင်ရှင်မတစ်ယောက် လုပ်ရတာကလည်း စိတ်ချမ်းသာစရာ ကောင်းချင် ကောင်းမှာပေါ့လေ။ ဒါပေမယ့် အဲဒီလို ဘဝမျိုးကို ကျွန်မ ဘယ်တုန်းကမှ စိတ်ကူး မယဉ်ခဲ့ဖူးဘူး။

ညကလပ်တွေရဲ့ အကျည်းတန်တဲ့ ပုံတိုပတ်စတွေကိုလည်း ကျွန်မ အနည်းနဲ့အများတော့ ကြားဖူးထားပါတယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ကျွန်မထက် စီနီယာကျတဲ့ ဘားမယ်တွေကို ကြည့်လိုက်ရုံနဲ့ နောင်တစ်ချိန်မှာ ကျွန်မကို ဘယ်လို အခက်အခဲတွေက စောင့်ကြိုနေမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလမ်းကြောင်းပေါ်မှာပဲ ကြိုးစားပြီး ရုန်းကန်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ နောင်တစ်ချိန်မှာ ကိုယ်ပိုင် ဆိုင်တစ်ဆိုင်ကို ဖွင့်နိုင်ဖို့ စိတ်ကူးလည်း ရှိသေးတာပေါ့။

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံတယ်။ အခုမှ ၂ လပဲ လုပ်ရသေးတယ် ဆိုပေမယ့် ကျွန်မကို အရေးပေးတဲ့ ဧည့်သည်တွေ အတော်များများ ရထားပြီ။ ဒါပေမယ့် သူတို့ကတော့ ကျွန်မကို စိတ်တိုင်းကျဦးမယ် မထင်ဘူး။ အဓိက အကြောင်းအရင်းကတော့ ကျွန်မမှာ နေ့ပိုင်းအလုပ် ရှိနေသေးတာကိုး။ ကုမ္ပဏီကနေ အလုပ်ဆင်းပြီးမှ ကလပ်ကို သွားနိုင်တာဆိုတော့ ဧည့်သည်တွေနဲ့ ညစာ အတူတူ မစားနိုင်တော့ဘူး။ ကုမ္ပဏီအလုပ်ကို ကျွန်မ ထွက်ပစ်လိုက်ချင်တယ် ဆိုတာကလည်း အဲဒါကြောင့်ပါ။

ဘဘ စိတ်ပူတာက ဧည့်သည်တွေနဲ့ ကိုယ်လက်နှီးနှောတဲ့ အဆင့်အထိ ရောက်သွားမှာကို မဟုတ်လား။ အဲဒီလိုမျိုး တစ်ကြိမ်မှ မရှိခဲ့ဖူးဘူးလို့ ကျွန်မ ကျိန်ပြီး ပြောရဲပါတယ်။ တောင်းဆိုတဲ့သူ မရှိလို့ မဟုတ်ဘူးနော်။ ကျွန်မဘက်က အလိမ္မာနည်း သုံးပြီး ငြင်းပယ်နိုင်ခဲ့လို့ပါ။ ကျွန်မက အဲဒီလို မနူးမနပ် အရွယ်လည်း မဟုတ်တော့ပါဘူး။

ဆွေမျိုးတွေနဲ့ ပတ်သက်ရင်တော့ ကျွန်မ စိတ်မကောင်းပါဘူး။ သူတို့က ကျွန်မအတွက် စိတ်ပူပေးနေရတာလေ။ အမှန်အတိုင်း ဝန်ခံရရင် အခုလို လုပ်နေရတာကလည်း သူတို့ကို ကျေးဇူးဆပ်ချင်လို့ပါ။

ကျွန်မကို ဗရုတ်သုတ်ခနိုင်တဲ့ ကောင်မလေးတစ်ယောက်လို့ ထင်နေတုန်းပဲလား။

တွေဝေတဲ့ ပါပီ

စာကြွင်း ။ ။ ကျွန်မရဲ့ သူငယ်ချင်းနဲ့ ဆွေမျိုးသားချင်းတွေကို ဘယ်လို စည်းရုံးသိမ်းသွင်းရမလဲ ဆိုတာ သိချင်လို့ ဘဘဆီက အကြံဉာဏ် တောင်းကြည့်တာပါ။ ဘားမယ်အလုပ်ကို စွန့်ပစ်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ တကယ်လို့ ဘဘက အဲဒီအတိုင်း သဘောမတူနိုင်ဘူး ဆိုရင်တော့ ကျွန်မကို ဥပေက္ခာ ပြုလိုက်ပါတော့။ ❞

“ဒီကောင်မကို သောက်ဂရုစိုက် မနေနဲ့တော့ကွာ” အဆုယာက စာကို ကိုဟိုင်အား ပြန်ပေးရင်း ပြောနေသည်။ “ကိုယ့်ကိုယ်ကိုယ် ယုံတယ် တဲ့လား။ မင်းက လောကကြီးကို သိပ် အထင်သေးတာပဲ”

ကိုဟိုင်သည် စာကို လှမ်းယူရင်း ထောက်ခံလိုက်သည်။ “အေး ဟုတ်တယ်”

“တကယ်တော့ သူပြောတာက အဓိပ္ပာယ် မရှိတာတော့ မဟုတ်ဘူး” ရှိုတာက ဝင်ပြောသည်။ “ပညာရေး အခြေခံမရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ အမှီအခို ကင်းကင်း နေနိုင်ဖို့ဆိုရင် ဘားမယ်အလုပ်က ငွေအရွှင်ဆုံးပဲ။ သူရဲ့ အတွေးက လက်တွေ့ကျတယ်။ ဒီလောကကြီးက ငွေကိုပဲ အရေးအရာ လုပ်တာလေ။ ငွေမရှိရင် ဘာမှ လုပ်လို့ မရဘူး”

“အဲဒါကတော့ မင်း ပြောနေဖို့ မလိုပါဘူးကွာ” အဆုယာက ပြောသည်။ “သူရဲ့ အတွေးက မှန်တယ် ဆိုရင်တောင် အောင်အောင်မြင်မြင် လုပ်နိုင်ပါ့မလား ဆိုတာက ပြောဖို့ခက်တယ်ကွ”

“မင်းက ဘာကိုကြည့်ပြီး သူ့ကို မအောင်မြင်နိုင်ဘူးလို့ ပြောရတာလဲ။ ဒီလိုကိစ္စမျိုးကို ဘယ်သူမှ တပ်အပ် ပြောနိုင်မှာ မဟုတ်ဘူး” ရှိုတာက ပြန်ပက်လိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ လူအများစုအတွက် အဲဒီလောက် လွယ်ကူမနေလို့ပဲ” အဆုယာက ပြောသည်။ “မျက်နှာပန်းပွင့်တဲ့ ဘားမယ်တစ်ယောက် အနေနဲ့ ကိုယ်ပိုင် ဘားဆိုင်တစ်ဆိုင် ဖွင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ဖွင့်ပြီးပါပြီတဲ့။ ဘာဆက်လုပ်မလဲ။ နှစ်ဝက်လောက် ဖွင့်ပြီး ဆိုင်ပိတ်သွားရတဲ့ သာဓကတွေကလည်း နည်းတာမဟုတ်ဘူး။ ကိုယ်ပိုင် စီးပွားရေး လုပ်တယ်ဆိုတာ နဂိုကတည်းကမှ အဲဒီလောက် လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ။ ပိုက်ဆံက အရေးကြီးတာ မှန်တယ်။ ဒါပေမယ့် ပိုက်ဆံရှိရုံနဲ့ အရာအားလုံး ပြေလည်သွားနိုင်တာ မဟုတ်ဘူး။ သူက ငါတို့ဆီ စာရေးပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တယ်လို့ ပြောပြရတာ ဘာခက်တာလိုက်လို့။ ဒါပေမယ့် လေလုံးထွားနေရုံနဲ့ မပြီးသေးဘူး။ ပြီးတော့ သူက လောကအကြောင်း ဘာမှ နားလည်သေးတာ မဟုတ်ဘူး။ သူသာ လက်ရှိ အလုပ်မှာ အနေကြာပြီး စိတ်ကူးယဉ် အိပ်မက်ကနေ နိုးထလာပြီ ဆိုရင် ဒါတွေ အားလုံးထဲကနေ ရုန်းထွက်ချင်လာမှာပဲ။ အဲဒီလို အသိတရား ဝင်လာတဲ့ အချိန် ရောက်ပြီ ဆိုရင်လည်း အားလုံးက နောက်ကျကုန်ပြီ။ အိမ်ထောင်ပြုနိုင်တဲ့ အရွယ်ကို လွန်သွားပြီ။ ဘားမယ် ဆက်လုပ်ရင်တောင် အိုကြီးအိုမဆိုပြီး အပစ်ပယ် ခံရတော့မှာ။ အဲဒီအခြေအနေမျိုး ရောက်သွားမှ နောင်တရနေလည်း အပိုပဲ”

“သူက အခုမှ ၁၉ နှစ်ပဲ ရှိသေးတာလေ။ အဲဒီလောက် ကာလအရှည်ကြီးအထိ သူ့အစား တွေးပူပြီး ……”

“အဲဒီလို ငယ်သေးလို့ ပြောနေတာပေါ့ကွ” အဆုယာ၏ အသံက ကျယ်လောင်လာသည်။ “ဘာပဲဖြစ်ဖြစ်ကွာ။ အဲဒီလို ရူးမိုက်တဲ့ စိတ်ကူးတွေကို မြန်မြန် စွန့်ပစ်လိုက်ဖို့ သူ့ကို ပြောစမ်း။ ဘားမယ်အလုပ်ကိုလည်း ထွက်ပစ်ခိုင်းလိုက်။ ကုမ္ပဏီအလုပ်မှာပဲ စိတ်နှစ်ပြီး လင်ယူဖို့သာ ကြံပေတော့ လို့ပြော”

ရှိုတာသည် စားပွဲပေါ်တွင် ချထားသော စာရေးစက္ကူကို စိုက်ကြည့်ရင်း ခေါင်းခါနေသည်။

“ငါကတော့ သူ့ကို အားပေးချင်တယ်။ သူ ဒီစာကို ရေးနေတဲ့အချိန်မှာ သူ့စိတ်က ပေါ့ပါးနေလိမ့်မယ်လို့ ငါ မထင်ဘူး”

“ပေါ့ပါးတာ လေးလံတာက ပြဿနာ မဟုတ်ဘူးကွ။ လက်တွေ့ ကျမကျကမှ အဓိက ပြဿနာ”

“ငါကတော့ လက်တွေ့ကျတယ်လို့ ထင်တာပဲ”

“ဘယ်နားသွားပြီး လက်တွေ့ ကျနေတာလဲကွာ။ မင်း သတ္တိရှိရင် လောင်းမလား။ ကိုယ်ပိုင် ဘားဆိုင်တစ်ဆိုင်ကို သူ ဖွင့်နိုင် မဖွင့်နိုင်လေ။ ဘားမယ် လုပ်နေတုန်းမှာပဲ ကလေကချေ ကောင်တစ်ကောင်နောက် ပါသွားပြီး အဖေမပေါ်တဲ့ ကလေးတစ်ယောက် မွေးလာမယ်။ ပြီးရင် ပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်လိမ့်ဦးမယ်။ ငါက အဲဒီဘက်ကနေ လောင်းကြေးထပ်မယ်ကွာ”

ရှိုတာသည် ပြောမည့် စကားများကို မျိုချလိုက်ရသည်။ ထို့နောက် စိတ်မကောင်းစွာဖြင့် သူ့ခေါင်းကို ငိုက်စိုက်ချထားသည်။

အခန်းအတွင်း တိတ်ဆိတ် ငြိမ်သက်သွားသည်။ အဆုယာ၏ မျက်လုံးများကလည်း ကြမ်းပြင်ပေါ်သို့ ငေးငိုင်လျက်။

“ဟေ့” ကိုဟိုင်က စကားစသည်။ “သူ့ကို မေးကြည့်ရင် မကောင်းဘူးလား”

“ဘာမေးမှာလဲ” အဆုယာက ပြန်မေးလိုက်သည်။

“ရှင်းပြခိုင်းမလို့လေ။ မင်းတို့ရဲ့ စကားအရ နှစ်ယောက်စလုံးကို မှားတယ်လို့ ငါ မယူဆဘူး။ ကိုယ်ပိုင် ဘားဆိုင်ဖွင့်ဖို့ သူ ဘယ်လောက် စိတ်အား ထက်သန်နေသလဲ ဆိုတာ သူ့ကို မေးကြည့်ပြီးမှ ငါတို့ ထပ်စဉ်းစားကြရရင် မကောင်းဘူးလား”

“သူကတော့ ‘ကျွန်မ အင်မတန်မှ စိတ်အား ထက်သန်ပါတယ်’ လို့ပဲ ဖြေမှာပေါ့။ သူ့ကိုယ်သူ ယုံကြည်ပါတယ်လို့ ပြောနေမှပဲဟာ”

“သူ ဘယ်လို စီစဉ်ထားသလဲ ဆိုတာ သူ့ကို အသေးစိတ် မေးကြည့်လို့ရတာပဲ” ရှိုတာ ခေါင်းမော့လာသည်။ “ဥပမာ ဘာဖြစ်လို့ ကိုယ်ထူးကိုယ်ချွန် ချင်ရတာလဲ။ ဘာဖြစ်လို့ အိမ်ထောင်သည်ဘဝနဲ့ စိတ်ချမ်းချမ်းသာသာ နေရတဲ့ လမ်းကို စိတ်မဝင်စားရတာလဲ။ ပြီးတော့ နောင်တစ်ချိန်မှာ ဆိုင်ဖွင့်နိုင်ဖို့အတွက် ဘယ်လို စီမံကိန်းတွေ ချထားသလဲ။ ဒါလည်း မေးကြည့်သင့်တယ်။ အဆုယာ ပြောတာ မှန်တယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်တယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ အခု ပြောခဲ့တဲ့ မေးခွန်းတွေကို မေးလိုက်လို့ သူက ဘာမှ မည်မည်ရရ ပြန်မဖြေနိုင်ဘူး ဆိုရင် သူရဲ့ စိတ်ကူးတွေဟာ လက်တွေ့မကျဘူးလို့ ငါလည်း ကောက်ချက် ချမိမှာပဲ။ ဒါဆို သူ့ကို ဘားမယ်အလုပ်ကနေ ထွက်ပစ်ဖို့ အကြံဝိုင်းပေးကြမယ်။ ဘယ်လိုလဲ”

အဆုယာက ပင့်သက်ကို ရှိုက်လိုက်ပြီးနောက် ခေါင်းညိတ်ပြသည်။ “ငါ့အထင်တော့ သူ့ကို မေးနေလည်း အပိုပဲ။ ဒါပေမယ့် ထားပါတော့လေ။ အဲဒီလိုပဲ လုပ်ကြည့်တာပေါ့”

“အိုကေ” ဟုဆိုကာ ရှိုတာသည် ဘောပင်ကို ကောက်ကိုင်လိုက်သည်။

ရံဖန်ရံခါ ခေါင်းထောင်၍ စဉ်းစားလိုက်၊ ရံဖန်ရံခါ ခေါင်းငုံ့၍ စိတ်ပါလက်ပါ စာရေးလိုက် လုပ်နေသော ရှိုတာ၏ မျက်နှာကို ကြည့်ရင်း အဆုယာသည် မကြာသေးခင်ကမှ ပြောကြားခဲ့သော သူ၏ နှုတ်ထွက်စကားကို ပြန်လည် တွေးကြည့်နေမိသည်။ ဘားမယ် လုပ်နေစဉ် ကလေကချေ ကောင်တစ်ကောင်၏ အနောက်သို့ ပါသွားပြီး အဖေမပေါ်သည့် ကလေးတစ်ယောက် မွေးဖွားလာမည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတော့မည်။ – ထိုသူမှာ အခြားသူ မဟုတ်။ သူ့မိခင်ပင် ဖြစ်သည်။ ထိုကိစ္စကို သိထားကြပြီး ဖြစ်သောကြောင့်ပင် ရှိုတာတို့နှစ်ဦးကလည်း နှုတ်ပိတ်နေကြလေသည်။

အဆုယာ၏ မိခင်သည် အသက် ၂၂ နှစ်အရွယ်တွင် သူ့ကို မွေးဖွားခဲ့သည်။ ဖခင်မှာ တစ်ဆိုင်တည်းတွင် အလုပ်လုပ်နေသော စားပွဲထိုးဖြစ်သည်။ အသက်မှာ သူ့မိခင်အောက် ငယ်သည်။ သို့သော် မီးဖွားသည်ကိုပင် မစောင့်တော့ဘဲ စုပ်စမြုပ်စ မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။

အဆုယာ၏ မိခင်သည် ရင်ခွင်ပိုက် ကလေးကို ချီလျက် ဘားမယ်အလုပ်ကိုသာ ဆက်လုပ်နေရသည်။ တခြား အလုပ်ကိုလည်း သူ မလုပ်တတ်။

အဆုယာ သိတတ်သော အရွယ်တွင် သူ့မိခင်၏ ဘေး၌ တခြား ယောက်ျားတစ်ယောက် ရှိနေလေပြီ။ သို့သော် အဆုယာက ထိုလူကို ဖခင်အဖြစ် မသတ်မှတ်ခဲ့ပေ။ အချိန် အနည်းငယ် ကြာသောအခါ ထိုလူလည်း ပျောက်ကွယ်သွားပြန်ပြီး မကြာခင် အိမ်ထဲသို့ နောက်ထပ် ယောက်ျားတစ်ယောက် ထပ်ရောက်လာသည်။ သူ့မိခင်က ထိုယောက်ျားကို ပိုက်ဆံ ပေးရသည်။ ထိုယောက်ျားက အလုပ် ထွက်မလုပ်။ သိပ်မကြာခင်မှာပင် ထိုယောက်ျားလည်း ပျောက်ကွယ်သွားပြန်ပြီး နောက်ထပ် ယောက်ျားတစ်ယောက် ထပ်ရောက်လာပြန်သည်။ ထိုသို့သော ကိစ္စမျိုးသည် ဖန်တစ်ရာတေသော ကိစ္စ ဖြစ်နေပြီး အကြိမ်မည်မျှ ထပ်ခါထပ်ခါ ဖြစ်ခဲ့သည်ဟု မဆိုနိုင်။ ထို့နောက်တွင် အဆိုးတကာ့ အဆိုးဆုံး ယောက်ျားတစ်ယောက် ရောက်လာသည်။

ထိုသူသည် အဆုယာကို အကြောင်းမရှိ အကြောင်းရှာ၍ ရိုက်နှက်လေသည်။ ရိုက်နှက်ရသည့် အကြောင်းအရင်း သူ့တွင် ရှိကောင်း ရှိပေလိမ့်မည်။ သို့သော် ၎င်းကို အဆုယာကတော့ နားမလည်နိုင်။ “မင်း သောက်ခွက်ကို ကြည့်လို့ မရလို့ကွာ” ဟူသော အကြောင်းပြချက်ဖြင့်လည်း သူ အရိုက်ခံခဲ့ရဖူးသည်။ ၎င်းမှာ ပထမတန်း ကျောင်းသားဘဝက ဖြစ်သည်။ မိခင်ကလည်း သူ့ကို အကာအကွယ် မပေးခဲ့။ လင်သားကို စိတ်ဆိုးအောင် လုပ်ခဲ့သော သားကသာ ပို၍ အမြင်ကပ်ချင်စရာ ကောင်းနေသယောင်။

အဆုယာသည် တစ်ကိုယ်လုံး အညိုအမည်း စွဲနေသော်လည်း တခြားသူ မမြင်အောင် သတိကြီးစွာ ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ ဆရာများက ထိုကိစ္စကို သိရှိသွားလျှင် ပြဿနာမှာ ပို၍ ကြီးကျယ်သွားနိုင်သည်။ ထိုသို့ဆိုလျှင် သူ၏ ဘဝမှာလည်း ပို၍ ငြိမ်းချမ်းနိုင်တော့မည် မဟုတ်။

အဆုယာ ဒုတိယတန်း ကျောင်းသားဘဝတွင် ထိုလူသည် လောင်းကစားမှုဖြင့် အဖမ်းခံခဲ့ရသည်။ ထိုစဉ်က အိမ်သို့ မှုခင်းရဲများ ရောက်လာခဲ့ကြသည်။ သူတို့အထဲမှ ရဲတစ်ယောက်သည် စွပ်ကျယ်အင်္ကျီ ဝတ်ထားသော အဆုယာ၏ ကိုယ်ပေါ်မှ အညိုကွက်များကို မြင်သွားပြီး သူ့မိခင်ကို စစ်မေးလေတော့သည်။ သူက မုသားဖြင့် ဖုံးဖိရန် ကြိုးစားသော်လည်း မည်သို့မျှ မဖုံးနိုင်ခဲ့ချေ။

မှုခင်းရဲများက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဌာနသို့ ဆက်သွယ်လိုက်သောအခါ အရာရှိတစ်ယောက် မကြာခင် ရောက်လာသည်။

ထိုအရာရှိက အဆုယာကို မေးခွန်းများ မေးမြန်းနေစဉ် ကာလအတွင်းတွင် သူ့မိခင်သည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်နိုင်ပါသည်ဟု အကြိမ်ကြိမ် အာမခံနေသေးသည်။ သူ အဘယ်ကြောင့် ထိုသို့ ပြောနေရသနည်း ဆိုသည်ကိုမူ ယနေ့ထက်တိုင် အဆုယာ နားမလည်နိုင်သေးပေ။ ‘ဒီကလေးက သောက်လုပ်ကို ရှုပ်တယ်။ အစကတည်းက မမွေးမိရင် ကောင်းမှာ’ ဟု သူ့မိခင်သည် ဖုန်းထဲတွင် မကြာခဏ ငြီးတွားနေသည်ကို သူ တစ်ကြိမ်မက ကြားခဲ့ဖူးသည်။

အရာရှိများ ပြန်သွားသောအခါ အဆုယာနှင့် သူ့မိခင် နှစ်ယောက်တည်းသာ ကျန်ခဲ့ပြန်သည်။ သူ့ကို နောက်နောင် ဘယ်တော့မှ ရိုက်တော့မည် မဟုတ်ဟု သူ တွေးနေမိသည်။ တကယ်လည်း သူ နောက်ထပ် အရိုက်မခံရတော့ပါ။ သို့သော် ဟုတ်ဟုတ်ငြားငြား နေထိုင်စားသောက်ရသည်လည်း မရှိတော့။ မိခင် အိမ်ပြန်လာသည့် အကြိမ်ရေကလည်း နည်းသည်ထက် နည်းလာသည်။ သူ့အတွက် စားသောက်စရာ စီစဉ် မပေးသည့်အပြင် ပိုက်ဆံလည်း ထားမပေးခဲ့။ ကျောင်းမှ ကျွေးသော ထမင်းဟင်းသည် သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ထိုမျှ အခြေအနေ ဆိုးရွားနေသော်လည်း သူ၏ အခက်အခဲကို မည်သူ့ထံမျှ အသိမပေးခဲ့။ အဘယ်ကြောင့် မပြောပြခဲ့ရသနည်း ဆိုသည့် အကြောင်းအရင်းကိုမူ သူကိုယ်တိုင်လည်း ကောင်းစွာ နားမလည်ချေ။ သူတစ်ပါး သနားသည်ကို မခံယူလိုသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ဆောင်းဝင်၍ ခရစ္စမတ်ပွဲတော်ရက် ရောက်ပြီ ဆိုလျှင်လည်း အဆုယာက တစ်ယောက်တည်း ဖြတ်ကျော်ရသည်။ ထို့နောက် ဒီဇင်ဘာကျောင်းပိတ်ရက်သို့ ရောက်လာသည်။ သို့သော် သူ့မိခင်သည် အိမ်သို့ ပြန်မလာခဲ့သည်မှာ နှစ်ပတ်ပင် ကျော်နေပြီ ဖြစ်ရာ ရေခဲသေတ္တာထဲတွင်လည်း ပြောင်တလင်းခါနေလေပြီ။ ဆာလောင်မှု ဒဏ်ကို သည်းမခံနိုင်တော့သောကြောင့် လမ်းဘေးဆိုင်တွင် ကြက်သားလုံး တုတ်ထိုးကို သွားခိုးရာမှ အဖမ်းခံခဲ့ရသည်။ ထိုနေ့မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဖြစ်သည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်မှ စ၍ သူ အဖမ်းခံခဲ့ရသည့် နေ့အထိ မည်သို့သော အစားအစာကို ဝါးမြို၍ သူ မည်သို့ အသက်ရှင်ခဲ့ရသနည်း ဆိုသည်ကိုမူ သူ မမှတ်မိနိုင်တော့ပြီ။ အမှန်အတိုင်း ဝန်ခံရလျှင် ကြက်သားလုံး ခိုးခဲ့သည့် ကိစ္စကိုပင် ကောင်းကောင်း မမှတ်မိချင်တော့။ ထိုနေ့က ကြက်သားလုံးကို ခိုးယူပြီး ထွက်ပြေးစဉ်မှာပင် အားပြတ်၍ မူးလဲသွားသောကြောင့် သူ အဖမ်းခံခဲ့ရသည်။ သူ ထိုမျှလောက်ကိုသာ မှတ်မိတော့သည်။

နောက် သုံးလကြာသောအခါ သူ မာရူမစ်ဆူအန်သို့ ရောက်သွားခဲ့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *