တာကာယူကီသည် စာရွက် အထပ်လိုက်ကြီးကို သေသေချာချာ ပြန်ခေါက်ပြီး စာအိတ်ထဲ ထည့်လိုက်သည်။
“သိပ်ကောင်းတာပဲ အဖေရာ။ အဖေရဲ့ အကြံပြုချက်က ဒက်ထိ မှန်နေပဲ”
သို့သော် ယူဂျီက ခေါင်းခါသည်။
“ငါ စောစောက ပြောသလိုပေါ့။ အရေးပါဆုံး အချက်က သူ ဘယ်လောက် အားစိုက်ထုတ်ခဲ့သလဲ ဆိုတာပဲ။ ငါရဲ့ အကြံပြုချက်က လူတစ်ဦးတစ်ယောက်ရဲ့ ဘဝကို နစ်မွန်းသွားစေနိုင်တယ်လို့ ငါ စိုးရိမ်ခဲ့တယ်။ တွေးကြည့်ရင်တော့ ရယ်ချင်စရာပဲ။ ငါ့လို ဘာမဟုတ်တဲ့ အညတရ အဘိုးအိုကြီးတစ်ယောက်မှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းနိုင်တဲ့ အစွမ်းသတ္တိတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။ ငါကသာ အဓိပ္ပာယ် မရှိ စိတ်ပူနေမိတာ” သူက ထိုသို့ ပြောနေသော်လည်း သူ၏ အမူအရာမှာ ကျေနပ်အားရနေသည့် ဟန်မျိုး။
“ဒီစာတွေက အဖေရဲ့ ရတနာတွေပဲဗျ။ ကောင်းကောင်း သိမ်းထားရမယ်”
တာကာယူကီ၏ စကားကို ကြားလိုက်သည်နှင့် ယူဂျီသည် ခပ်မဆိတ် စဉ်းစားနေလေသည်။ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို အကူအညီ တောင်းရဦးမယ်”
“ဘယ်ကိစ္စလဲ”
“ဒီစာတွေကို ငါ့အစား သေချာသိမ်းထားပေးပါလား”
“ကျွန်တော်က သိမ်းရမယ်? ဘာဖြစ်လို့လဲ”
“မင်းသိတဲ့ အတိုင်းပဲကွာ။ ငါလည်း ကြာကြာနေရမယ် မထင်တော့ဘူး။ အဲဒီစာတွေကို ငါ့အနားမှာ ထားထားလို့ လူတွေ မြင်သွားရင် မကောင်းဘူးကွ။ ဒီစာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေ အားလုံးက အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေချည်းပဲ”
ယခု တွေ့မြင်နေရသော ဖြစ်စဉ်ကြီး တစ်ခုလုံးကို လုံးဝဥဿုံ လက်ခံသည်ဟု မဆိုနိုင်သေးသော်လည်း သူ့ဖခင်၏ စကားက အဓိပ္ပာယ် ရှိသည်ဟု သူ ယူဆသည်။
“ဘယ်အချိန်ထိ သိမ်းထားပေးရမှာလဲ”
“အင်း …… ငါသေတဲ့အထိပေါ့”
“ကျွန်တော် သဘောပေါက်ပြီ။ အဲဒီအချိန်ကျရင် အခေါင်းထဲ ထည့်ပေးလိုက်မယ်။ ဘယ်လိုလဲ။ သူတို့ကိုလည်း မီးသင်္ဂြိုဟ် လိုက်တာပေါ့”
“ကောင်းတယ်” ယူဂျီက ပေါင်ကို ပုတ်လိုက်သည်။ “အဲဒီအတိုင်းသာ လုပ်လိုက်တော့”
တာကာယူကီသည် ခေါင်းညိတ်လျက် စာအိတ်အထပ်လိုက်ကို ကြည့်နေပြန်သည်။ ၎င်းတို့သည် အနာဂတ်ကာလရှိ လူများထံမှ ရောက်လာသော စာများ ဖြစ်သည်ဟု သူ မယုံကြည်နိုင်သေးချေ။
“အဖေ” သူက မေးလိုက်သည်။ “အင်တာနက်ဆိုတာ ဘာကြီးလဲ”
“အား … အဲဒါလား” ယူဂျီသည် အထက်ဘက်သို့ လက်ညှိုးထိုးလိုက်သည်။ “ငါလည်း အဲဒါကို စဉ်းစားနေတာ။ အဲဒီ စကားလုံးကို တခြား စာတွေမှာလည်း ခဏခဏ တွေ့ရတယ်။ ‘အင်တာနက်ပေါ်မှာ ကြော်ငြာကို တွေ့လိုက်ရတယ်’ ဆိုတာမျိုး ရေးထားကြတာ။ နောက်ပြီး ‘ဟန်းဖုန်း’ ဆိုတဲ့ စကားလုံးလည်း တွေ့ရသေးတယ်”
“ဟန်းဖုန်း? ဘာကြီးလဲ”
“ငါလည်း မသိဘူးလေကွာ။ သတင်းစာနဲ့ ဆင်ဆင်တူတဲ့ ပစ္စည်းတစ်ခုခု ဖြစ်ချင် ဖြစ်မှာပေါ့” ပြောပြီး ယူဂျီသည် မျက်လုံးများကို မှေးလျက် တာကာယူကီကို စိုက်ကြည့်နေသည်။ “ဒီစာတွေထဲက အတိုင်းဆိုရင် မင်းက ငါ ခိုင်းထားတဲ့အတိုင်း ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်လိုက်တယ်လို့ ဆိုရမှာပဲ”
“အင်တာနက်နဲ့ ဟန်းဖုန်းပေါ်မှာလား”
“အဲဒီလိုပဲ နေမှာပေါ့”
တာကာယူကီက မျက်မှောင်ကုတ်လိုက်သည်။ “ဘာကြီးတုန်းဗျာ။ စိတ်ထဲမှာ တစ်မျိုးပဲ”
“မစိုးရိမ်စမ်းပါနဲ့။ မင်း တစ်နေ့ သိလာမှာပဲဟာ။ ကဲ … ငါတို့ သွားကြရအောင်လား”
ထိုစဉ် ဆိုင်ဘက်မှ လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာသည်။ ဂလောက် ဟူသော အသံနှင့်အတူ ပစ္စည်းတစ်ခု ကြမ်းပေါ်သို့ ကျလာသည်။ တာကာယူကီနှင့် ယူဂျီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“လာပြန်ပြီ ထင်တယ်” ယူဂျီက ပြောသည်။
“စာလား”
“အင်း” ယူဂျီက ခေါင်းညိတ်ပြသည်။ “မင်း သွားကြည့်လိုက်ဦး”
“ဟုတ်” ဟုဆိုကာ တာကာယူကီသည် ဆိုင်ခန်းထဲသို့ ဝင်သွားသည်။ ဆိုင်ထဲတွင် ပစ္စည်းများ သိမ်းဆည်းထားခြင်း မရှိသောကြောင့် စင်ပေါ်တွင် ကုန်ပစ္စည်းတချို့ ရှိနေကြသည်။
ယင်းလိပ်တံခါး အရှေ့တွင် စက္ကူသေတ္တာတစ်လုံး ချထားသည်။ အထဲသို့ လှမ်းကြည့်သောအခါ ခေါက်ထားသော စာရွက်ခေါက်တစ်ခုကို တွေ့ရသည်။ ကြည်ရသည်မှာ စာရေးစက္ကူ ဖြစ်ဟန်တူသည်။ တာကာယူကီသည် ကောက်ယူလိုက်ပြီး အိပ်ခန်းသို့ ပြန်လာသည်။ “ဟောဒါပဲ”
ယူဂျီက စာရွက်ခေါက်ကို ဖြန့်ကြည့်သောအခါ အံ့အားသင့်သွားသည်။
“ဘာဖြစ်လို့လဲ” တာကာယူကီက မေးလိုက်သည်။
ယူဂျီသည် နှုတ်ခမ်းကို တင်းတင်း စေ့ထားလျက် စာကို သူ့ထံသို့ ကမ်းပေးလေသည်။
“ဟမ်” တာကာယူကီထံမှ အာမေဍိတ်သံ ထွက်ပေါ်လာသည်။ စာရွက်ပေါ်တွင် ဘာမျှ ရေးထားခြင်း မရှိ။ “ဒါက ဘာအဓိပ္ပာယ်လဲ”
“ငါလည်း မသိဘူး”
“နောက်နေတာများလား”
“ဖြစ်နိုင်တာပဲ။ ဒါပေမယ့် …….” ယူဂျီသည် စာရွက်ကို လှမ်းကြည့်လိုက်သည်။ “အဲဒီလို မဟုတ်ဘူးလို့ ထင်တာပဲ”
“ဒါဆို ဘာလဲ”
ယူဂျီသည် စာရွက်ကို စားပွဲပေါ် တင်လိုက်ပြီး လက်ပိုက်ကာ စဉ်းစားနေလေသည်။ “ကြည့်ရတာ ဒီလူက မေးခွန်း မေးဖို့ အဆင်သင့် မဖြစ်သေးဘူး နေမှာ။ သူရဲ့ အတွင်းစိတ်ထဲမှာ ရှုပ်ထွေးနေပြီး ဘာမေးခွန်း မေးရမယ် ဆိုတာကိုတောင် ရှာမတွေ့သေးတာပဲ ဖြစ်ရမယ်”
“အဲဒီလို ဆိုပေမယ့်လည်း စက္ကူလွတ်တစ်ရွက်ပေါ် ဘာမှ မရေးဘဲ ဒီအတိုင်းကြီး ပစ်ထည့်လိုက်တာကတော့ နည်းနည်း ………”
ယူဂျီသည် တာကာယူကီကို မော့ကြည့်လေသည်။ “မင်း အပြင်ဘက်မှာ ခဏလောက် သွားစောင့်ပေးပါလား”
တာကာယူကီသည် နားမလည်နိုင်စွာဖြင့် မျက်တောင်ကို တဖျပ်ဖျပ် ခတ်နေလေသည်။ “ဘာလုပ်မလို့လဲ”
“မေးစရာလိုသေးလား။ ပြန်စာ ရေးမလို့ပေါ့ကွ”
“စာရေးမယ်? ဒါပေမယ့် သူ့စာမှာက ဘာမှ ရေးမထားဘူးလေ။ အဖေက ဘယ်လို စာပြန်မလို့လဲ”
“အဲဒါကို အခု စဉ်းစားမလို့ပေါ့ဟ”
“အခု?”
“မကြာပါဘူးကွာ။ မင်း အရင် ထွက်သွားစမ်းပါ”
ဖခင်သည် ဆုံးဖြတ်ချက် ချပြီး ဖြစ်ဟန်တူသောကြောင့် တာကာယူကီလည်း စောဒက တက်မနေတော့ပေ။ “ဒါဆိုလည်း မြန်မြန်လုပ် အဖေ”
“အေး အေး” သူ အတွေးထဲတွင် နစ်မြောသွားလေပြီ။
တာကာယူကီ အိမ်အပြင်ဘက်သို့ ရောက်သောအခါ မိုးကောင်းကင်သည် သူ ထင်မှတ်ထားသကဲ့သို့ လင်းချင်း၍ မနေသေး။ သူ အလွန် ထူးဆန်းနေသည်။ အိမ်ထဲတွင် အချိန် အကြာကြီး ထိုင်နေခဲ့သည် မဟုတ်ပါလား။
ဆစ်ဗစ်ကားထဲသို့ ပြန်ရောက်ပြီး လည်ပင်း လေ့ကျင့်ခန်း အနည်းငယ် လုပ်ပြီးသည်နှင့် မိုးကောင်းကင်တွင် ရောင်နီများ ယှက်ဖြာလာကြသည်။ ထိုအခါ သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ အိမ်ထဲနှင့် အိမ်ပြင်၏ အချိန် ရွေ့လျားမှုနှုန်းသည် ကွဲပြားခြားနားနေသလော။
ဤမျှ ဆန်းပြားနက်နဲသော အကြောင်းအရာများကို သူ့ဇနီးနှင့် အစ်မတို့အား ပြောပြ၍ မဖြစ်။ သူတို့ကို ပြောပြလျှင်လည်း သူတို့က ယုံကြည်ကြမည် မဟုတ်ချေ။
ခါးကို ဘယ်ပြန်ညာပြန် လှည့်၍ လေ့ကျင့်ခန်း လုပ်နေစဉ် ကုန်စုံဆိုင်ဘက်မှ အသံဗလံများ ထွက်ပေါ်လာသည်။ လမ်းကျဉ်းကလေးထဲတွင် ယူဂျီကို တွေ့ရသည်။ သူသည် တောင်ဝှေးကို ထောက်လျက် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ တာကာယူကီသည် ကားပေါ်မှ အမြန်ဆင်းပြီး ဖခင်အား ခရီးဦးကြို ပြုလိုက်သည်။
“ရေးလို့ ပြီးသွားပြီပေါ့”
“အင်း”
“ပြန်စာကို ဘယ်မှာ ထားလိုက်တာလဲ”
“နွားနို့သေတ္တာထဲပဲပေါ့ကွ”
“အဲဒါဆို ရပြီလား။ တစ်ဘက်လူဆီ ရောက်သွားမယ်ပေါ့?”
“ရောက်လောက်ပါတယ်”
တာကာယူကီသည် ထူးဆန်းအံ့ဩသော မျက်နှာထားဖြင့် ဖခင်အား ငေးကြည့်နေမိသည်။ သူ့ဖခင်သည် လူသားတစ်ယောက် မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါးများ ဖြစ်နေပြီလား ဟူသော စူးစမ်းမှုမျိုး …
သူတို့ နှစ်ယောက်စလုံး ကားထဲသို့ ရောက်လျှင် ရောက်ချင်း တာကာယူကီက သူ့ကို မေးလိုက်သည်။ “အဲဒီ ဗလာစာရွက်ကို အဖေက ဘယ်လို ဖြေလိုက်တာလဲ”
ယူဂျီက ခေါင်းခါပြသည်။ “ငါ့စည်းကမ်းကို မင်းလည်း သိနေတာပဲ။ ငါ မင်းကို ပြောလို့ မဖြစ်ဘူး”
တာကာယူကီသည် ပခုံးကို တွန့်ပြပြီး ကားစက်နှိုးလိုက်လေသည်။ ရှေ့သို့ မောင်းသွားတော့မည် အပြုတွင် ရုတ်တရက် ယူဂျီထံမှ အသံထွက်ပေါ်လာသည်။ “ခဏနေဦး” သူ ဘရိတ်ကို အမြန် နင်းချလိုက်ရသည်။
နားဘေးတွင် ထိုင်နေသော ယူဂျီသည် ဆိုင်ဘက်သို့ ငေးမျှော်ကြည့်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဤဆိုင်က သူ့ကို ကျွေးခဲ့မွေးခဲ့ခြင်း ဖြစ်၍ ယခုအချိန်တွင် ခွဲခွာရတော့မည် ဆိုသောအခါ သူ့စိတ်ထဲ နှမြောတသ ဖြစ်နေမည်မှာ အမှန်။ ထို့အပြင် ဤနေရာသည် သူ့အတွက် စီးပွားရှာသော နေရာသက်သက် မဟုတ်ခဲ့ပေ။
“အင်း …..” ယူဂျီက အသံတိုးတိုးဖြင့် ပြောသည်။ “ရပြီ၊ မောင်းတော့”
“အဖေရဲ့ ဆန္ဒတွေ ပြည့်ခဲ့ပြီမလား”
“အေး … အားလုံး နိဋ္ဌိတံခဲ့ပြီ” ပြောပြီးနောက် ယူဂျီသည် မျက်လုံးများကို စုံမှိတ်ထားလေတော့သည်။