မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (ဂ)

❝ သို့ – တွေဝေတဲ့ ပါပီ

ဒုတိယစာကို ရပါတယ်။

မင်းက ဂုဏ်ပကာသနကို မက်မောလို့ ဘားမယ်လုပ်နေတာ မဟုတ်ဘူး ဆိုတာကို ငါ သိပါတယ်။ တစ်နေ့မှာ ကိုယ်ပိုင်ဆိုင်တစ်ဆိုင် ရှိရမယ်လို့ မင်း ရည်မှန်းထားတယ်။ ဒီလို စိတ်ဓာတ်မျိုး ရှိတာ အင်မတန်မှ ချီးကျူးဖို့ ကောင်းပါတယ်။ ဒါပေမယ့် ငါ သံသယ ဝင်နေမိတယ်။ ဘားမယ်အဖြစ်နဲ့ အလုပ်ဝင်တာမှ ဘာမှ မကြာသေးဘူး။ လူကုံထံတွေရဲ့ လူနေမှုဘဝနဲ့ လွယ်လွယ်ရတဲ့ ပိုက်ဆံတွေအပေါ်မှာ သိပ်ပြီး စိတ်ကူး ယဉ်နေလွန်းသလားပဲ။

ဥပမာ ပြောရရင် ဆိုင်ဖွင့်ဖို့အတွက် အရင်းအနှီးကို မင်း ဘယ်လို ရှာမယ်လို့ စိတ်ကူးထားသလဲ။ ဘယ်အချိန်လောက်မှ လုံလောက်တဲ့ ပိုက်ဆံကို စုမိမှာလဲ။ မင်းမှာ တိကျတဲ့ စီမံကိန်းရော ရှိရဲ့လား။ ပြီးတော့ ဆိုင်အသစ် ဖွင့်ပြီးပါပြီတဲ့။ ဘယ်လိုဆက်ပြီး စခန်းသွားဖို့ ကြံစည်ထားသလဲ။ ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင် လူတွေ အများကြီးကိုလည်း အုပ်ချုပ်ရဦးမယ်။ မင်း အဲဒီလို စီမံအုပ်ချုပ်ရေး ပညာရပ်တွေကို ဘယ်နေရာက သွားသင်မှာလဲ။ ဒါမှမဟုတ် ဘားမယ်လုပ်တာ ကြာသွားရင် အလိုလို တတ်သွားမှာပေါ့ လို့ပဲ ယူဆထားတာလား။

မင်းရဲ့ စီမံကိန်းက မင်းကို အောင်မြင်တဲ့ လမ်းပေါ် တွန်းပို့နိုင်မယ်လို့ မင်း ယုံကြည်ထားတာလား။ တကယ်လို့ ယုံကြည်နေတယ်ဆိုရင် ဘာကြောင့် အဲဒီလို ပြောရဲရတာလဲ။

ကိုယ်ထူးကိုယ်ချွန် နေချင်တယ် ဆိုတဲ့ စိတ်ဓာတ်ရှိတာ သိရတော့ မင်းကို ချီးကျူးမိတာ အမှန်ပဲ။ ဒါပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို ထူးချွန်တဲ့ အိမ်ထောင်ဖက် တစ်ယောက်နဲ့ တည်ထောင်နိုင်တာကရော အင်မတန် လျော်ကန်တဲ့ ဘဝနေနည်း တစ်ခုပဲ မဟုတ်ဘူးလား။ ကိုယ်တိုင် အလုပ် မလုပ်ရပေမယ့် ကိုယ့်လင်သားကို နောက်ကွယ်ကနေ တတ်နိုင်သလောက် ထောက်ပံ့ပေးနေတာကလည်း တစ်နည်းတစ်ဖုံအားဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေခြင်း တစ်မျိုးပါပဲ။

မင်းက မင်းမိဘတွေကို ကျေးဇူးဆပ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ ပိုက်ဆံပေးနိုင်မှ ကျေးဇူးဆပ်တယ် မခေါ်ပါဘူး။ မင်းသာ အေးချမ်းသာယာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေမယ် ဆိုရင် မင့်းမိဘတွေကလည်း ကျေနပ်နှစ်သိမ့်ကြလိမ့်မယ်။ အဲဒီလို နေထိုင်ခြင်းက သူတို့ကို ငွေပေးတာထက် ပိုပြီး ကျေးဇူးတုံ့ပြန်ရာ မရောက်ဘူးလား။

မင်းရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ရင် ဥပေက္ခာပြုလိုက်ပါလို့ မင်းက ရေးထားပေမယ့် ငါကတော့ ဘယ်လိုမှ လက်ပိုက်ပြီး ကြည့်မနေနိုင်လို့ ဒီစာကို ရေးလိုက်ရတာပဲ။ ငါမေးထားတာတွေကို မကွယ်မဝှက် ပြန်လည် ဖြေကြားပေးပါ။

နာမီယာကုန်စုံဆိုင် ❞

“ရေးထားတာ ဘယ်ဆိုးလို့လဲ” အဆုယာသည် ဖတ်ပြီး ရှိုတာကို ပြန်ပေးလိုက်သည်။

“သူက ဘယ်လို တုံ့ပြန်မလဲ မသိဘူးနော်။ သူရဲ့ အနာဂတ် စီမံကိန်း အကြောင်း ငါတို့ကို တိတိကျကျ ပြန်ဖြေပါ့မလား”

အဆုယာက ခေါင်းခါသည်။ “ငါတော့ မထင်ဘူး”

“ဘာလို့လဲ။ ကိုယ်ထင်ရာ လျှောက်ပြီး ကောက်ချက် မချစမ်းပါနဲ့”

“စီမံကိန်းလို့ ခေါ်လို့ရမယ့် အစီအစဉ် ရှိတယ် ဆိုရင်တောင် လေထဲ တိုက်အိမ်ဆောက်သလို ပရမ်းပတာတွေ နေမှာပဲ။ သူ့ကို အားပေးတဲ့ ဖောက်သည်တွေထဲမှာ အနုပညာလောကက လူတွေ ရှိတယ်။ နာမည်ကျော် ဘေ့စ်ဘောသမားတွေ ရှိတယ်။ သူတို့က ကျွန်မကို ထောက်ပံ့မှာပေါ့ ဆိုတာမျိုးတွေပဲ ရေးလာလိမ့်မယ်”

“ဟ … ဒါဆိုရင်ကို အလုပ်ဖြစ်ပြီပေါ့”

“စောက်ရူးရ၊ အဲဒီလောက် လွယ်နေပါ့မလားကွ”

“ထားပါတော့ကွာ။ စာအရင် သွားထည့်လိုက်ဦးမယ်” ရှိုတာသည် စာရွက်ကို စာအိတ်ထဲသို့ ထည့်ပြီး မတ်တတ်ရပ်လိုက်သည်။

တံခါးတွန်းဖွင့်ပြီးနောက် ရှိုတာ အပြင်သို့ ထွက်သွားသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် နွားနို့သေတ္တာ ဖွင့်သံကို ကြားရသည်။ ‘ဂလုတ်’ ဟူသော အသံထွက်ပေါ်လာပြီး အဖုံးကို ပြန်ပိတ်လိုက်သည်။ ယနေ့ တစ်ညတာအတွင်း ၎င်းအသံကို ကြားနေရသည်မှာ အကြိမ်ရေ မည်မျှ ရှိနေခဲ့ပြီနည်း။ အဆုယာက တွေးနေမိသည်။

ရှိုတာ ပြန်ဝင်လာပြီ။ တံခါးကို ပြန်ပိတ်လိုက်စဉ်မှာပင် အပြင်ဘက် ယင်းလိပ်တံခါးဆီမှ လှုပ်ခတ်သံကို ကြားလာရသည်။ “ငါ သွားယူလိုက်မယ်” ကိုဟိုင်က ခြေလှမ်း ခပ်ကြဲကြဲဖြင့် လှမ်းထွက်သွားသည်။

အဆုယာက ရှိုတာကို လှမ်းကြည့်နေစဉ် ရှိုတာနှင့် အမှတ်မထင် မျက်လုံးချင်း ဆုံမိသွားသည်။

“ဘယ်လို စာပြန်လာမယ်လို့ မင်း ထင်လဲ” အဆုယာက မေးသည်။

“ဘယ်သိမှာလဲ” ရှိုတာက ပခုံးနှစ်ဘက်ကို တွန့်ပြသည်။

ကိုဟိုင်က စာကို ကိုင်၍ ပြန်ရောက်လာသည်။ “ငါ အရင် ဖတ်ကြည့်လို့ ရမလား”

“ကြည့်ပေါ့” အဆုယာနှင့် ရှိုတာတို့က ပြိုင်တူ ဖြေလိုက်ကြသည်။

ကိုဟိုင်က စာကို ဖောက်ဖတ်လေသည်။ စစဖတ်ချင်းတွင် သူ့မျက်နှာပေါ်၌ ပြုံးရွှင်သော အမူအရာများ ယှက်သန်းနေသော်လည်း ဖတ်ရင်း ဖတ်ရင်းနှင့် မျက်နှာမှာလည်း တည်သည်ထက် တည်လာသည်။ စာဖတ်နေရင်း သူ့လက်မလက်သည်း ကိုက်နေသည်ကို မြင်ရသောအခါ အဆုယာက ရှိုတာကို မျက်စပစ်လိုက်သည်။ ကိုဟိုင်သည် စိတ်လှုပ်ရှားနေလျှင် ထိုသို့သော အမူအကျင့်မျိုး ပြုလုပ်လာတတ်သောအကြောင့် ဖြစ်သည်။

ပြန်စာမှာ တစ်ရွက်တည်း မက။ အဆုယာက အကုန်ပြီးအောင် စောင့်‌မနေနိုင်တော့ဘဲ ကိုဟိုင် ဖတ်ပြီးသွားသော စာရွက်ကို လှမ်းယူ၍ ဖတ်ကြည့်လေတော့သည်။

❝ သို့ – နာမီယာကုန်စုံဆိုင်

ဘဘရဲ့ ဒုတိယပြန်စာကို ကျွန်မ ဖတ်ပြီးပါပြီ။ ဖတ်ပြီးတော့ ကျွန်မ နောက်ထပ်တစ်ခါ ထပ်ပြီး စိတ်မကောင်း ဖြစ်မိပြန်တယ်။

လူကုံထံတွေရဲ့ လူနေမှုဘဝနဲ့ လွယ်လွယ်ရတဲ့ ပိုက်ဆံတွေအပေါ်မှာ စိတ်ကူးယဉ်နေတယ်လို့ ဘဘက ကျွန်မကို သံသယ ဝင်နေတယ်နော်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်မ အရမ်း စိတ်ဆိုးတာပဲ။ လောကမှာ အဲဒီလို အလုပ်မျိုးကို အပျော်သက်သက် လုပ်ချင်တဲ့သူ ဘယ်သူများ ရှိနိုင်ပါ့မလဲ။

ဒါပေမယ့် ကျွန်မ စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်တော့ ဘဘ အဲဒီလို အမြင်မျိုး မြင်နေတာကလည်း ဘဘကို အပြစ်မဆိုသာဘူးလေ။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်က ဆိုင်ဖွင့်ချင်တယ်လို့ ပြောလာတော့ သူစိမ်း တစ်ယောက်အနေနဲ့ မယုံနိုင်တာကလည်း အဆန်းတော့ မဟုတ်ပါဘူး။

နောက်တော့ ကျွန်မ ပြန်ပြီး ဆင်ခြင်ကြည့်တယ်။ ဘဘကို လျှို့ဝှက်နေဖို့ မသင့်ဘူးလို့ ယူဆတာကြောင့် ပြောသင့် ပြောထိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မဟာ ကိုယ်ထူးကိုယ်ချွန်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်လို့ ဟိုးအရင်ကတည်းက ကျွန်မ တစ်ပြောတည်း ပြောနေခဲ့တယ်။ ပြီးတော့ ငွေရေးကြေးရေးကလည်း အတော်လေး တောင့်တင်းမှ ဖြစ်မယ်။ ခပ်ရှင်းရှင်း ပြောရရင်တော့ ပိုက်ဆံများများ ဝင်ချင်တာပဲ။ ဒါပေမယ့် ဒါက ကျွန်မ တစ်ကိုယ်စာအတွက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

တကယ်တော့ ကျွန်မရဲ့ မိဘတွေက ကျွန်မ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြတယ်။ ကျွန်မ မူလတန်း အောင်ပြီးတဲ့အထိ ၆ နှစ်လုံးလုံး မိဘမဲ့ဂေဟာ တစ်ခုမှာ နေခဲ့ရတယ်။ မာရူမစ်ဆူအန် ဆိုတဲ့ မိဘမဲ့ဂေဟာမှာပေါ့။

ဒါပေမယ့် ကျွန်မ အင်မတန် ကံကောင်းပါတယ်။ မူလတန်းကျောင်း ပြီးတော့ ကျွန်မကို မွေးစားချင်တဲ့ ဆွေမျိုးတွေ ရှိလာခဲ့တယ်။ ကျွန်မ အထက်တန်းပြီးအောင် ပညာသင်နိုင်တာ အဲဒီဆွေမျိုးတွေရဲ့ ကျေးဇူးပေါ့။ မိဘတွေရဲ့ အကြမ်းဖက် နှိပ်စက်တာကို ခံခဲ့ရတဲ့ ကလေးတွေ အများကြီးကို ကျွန်မ ဂေဟာမှာ တွေ့ခဲ့ဖူးတယ်။ ပြီးတော့ ထောက်ပံ့ကြေး ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘမဲ့ ကလေးတွေကို ခေါ်ယူမွေးစားတဲ့ လူတွေကိုလည်း မြင်ဖူးခဲ့တယ်။ သူတို့ခမျာ ထမင်းတောင် နပ်မှန်အောင် မစားရရှာဘူး။ ကျွန်မ အမြဲတမ်း တွေးနေမိတယ်။ သူတို့နဲ့ နှိုင်းစာရင် ကျွန်မဟာ အင်မတန်မှ ကုသိုလ်ကံ ကောင်းတာပဲ။

အဲဒါကြောင့်လည်းပဲ ကျွန်မရဲ့ ဆွေမျိုးတွေအပေါ် ကျွန်မ ကျေးဇူးဆပ်ကို ဆပ်ရမယ်လို့ ယူဆတယ်။ ဒါပေမယ့် ကျွန်မမှာ အချိန်များများ မရတော့ဘူး။ ကျွန်မကို စောင့်ရှောက်ဖေးမခဲ့တဲ့ ကျွန်မရဲ့ ဆွေမျိုးဟာ အခုဆိုရင် အသက်တော်တော် ရနေပြီ။ ပုံမှန် ဝင်ငွေ မရှိဘဲ နှမ်းစေ့လောက်ပဲ ရှိတဲ့ ဘဏ်စုငွေနဲ့ ထိုင်စားနေရရှာတာ။ သူတို့ကို ထောက်ပံ့ပေးနိုင်မယ့်သူက ကျွန်မ တစ်ယောက်ပဲ ရှိတယ်။ ကုမ္ပဏီမှာ ရေနွေးငှဲ့၊ ကော်ဖီဖျော်ပေးရုံ အလုပ်မျိုးနဲ့ သူတို့ကို ဘယ်လိုနည်းနဲ့မှ ထောက်ပံ့နိုင်မှာ မဟုတ်ဘူး။

နောင်တစ်ချိန် ဆိုင်ဖွင့်နိုင်ဖို့ ကိစ္စအတွက် ကျွန်မမှာ တိကျတဲ့ စီမံကိန်း ရှိပါတယ်။ စုထားတဲ့ ပိုက်ဆံလည်း ရှိတာပေါ့။ ပြီးတော့ ကျွန်မမှာ အားကိုးနိုင်လောက်တဲ့ အမှီတစ်ခုလည်း ရှိတယ်။ သူက ကျွန်မတို့ဆိုင်ရဲ့ ဖောက်သည်ပေါ့။ အရင်တုန်းက စားသောက်ဆိုင် အတော်များများကို ဆိုင်ဖွင့်နိုင်အောင် ကူညီပေးခဲ့ဖူးတဲ့အပြင် သူ့မှာလည်း ကိုယ်ပိုင်ဆိုင်တွေ ရှိတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်တဲ့ တစ်နေ့ကျရင် သူ တတ်စွမ်းသလောက် ဝိုင်းဝန်း ကူညီပေးမယ်လို့ ကျွန်မကို ကတိပေးခဲ့ဖူးတယ်။

ဘဘကတော့ သံသယ ဝင်နေလောက်ပြီ ထင်တယ်။ သူက ကျွန်မအပေါ် ဘာဖြစ်လို့ အဲဒီလောက် သဒ္ဓါထက်သန် နေရသလဲလို့ ဘဘ မေးချင်နေမှာပဲ။

ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ သူရဲ့ ချစ်သူအနေနဲ့ နေဖို့ ကျွန်မကို သူ တောင်းဆိုထားတယ်လေ။ ကျွန်မ ခေါင်းညိတ်လိုက်တာနဲ့ သူက ကျွန်မကို လစဉ် သဒ္ဓါကြေး ပေးဦးမှာ။ ပေါ့သေးသေး ပမာဏတော့ မဟုတ်နိုင်လောက်ဘူး။ ကျွန်မ အဲဒီကိစ္စကို လေးလေးနက်နက် စဉ်းစားနေပါတယ်။ သူ့က မဆိုးပါဘူး။ သူ့ကို ငြင်းစရာအချက် ရှာမတွေ့သေးဘူး။

ဘဘရဲ့ မေးခွန်းတွေကို ကျွန်မ ဖြေပြီးပါပြီ။ ဂုဏ်ပကာသနကို မက်လို့ ကျွန်မ ဘားမယ်အလုပ်ကို လုပ်နေတာ လုံးဝ မဟုတ်ဘူးဆိုတာ ကျွန်မကို စာနာ နားလည်ပေးနိုင်ပါ့မလား။ ဒီစာကို ဖတ်ပြီးတာတောင်မှ ကျွန်မရဲ့ မျှော်မှန်းချက်ကို မှန်းဆကြည့်လို့ မရနိုင်သေးဘူးလား။ ဒါတွေဟာ ကလေးမလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်ပါလို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ကျွန်မရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို လမ်းညွှန် ပြသပေးပါဦး။

ဘဘရဲ့ အကြံဉာဏ်တွေအပေါ် အစဉ် တန်ဖိုးထားလျက်

တွေဝေတဲ့ ပါပီ ❞

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *