ကတ်ဆူရိုသည် ဖခင်အပေါ်တွင် အားနာစိတ် ဝင်လာသည်။ သူ၏ အတွင်းစိတ်ထဲမှ ပထမဆုံး ခံစားလိုက်ရခြင်း ဖြစ်သည်။ မည်သို့ဆိုစေ။ သူ၏ တဇွတ်ထိုးနိုင်မှုကို စာနာနားလည်ပေးခြင်းအတွက် ဖခင်အား ကျေးဇူးတင်ရပေမည်။
သို့သော် … ထိုသို့ ဆက်သွား၍ အမှန်တကယ် ဖြစ်နိုင်ပါမည်လော။
ဦးလေးကလည်း ပြောခဲ့သေးသည်။ ဖခင်၏ ကျန်းမာရေးသည် အတော်ပင် ယိုင်နဲ့နေလေပြီ။ ငါးဆိုင်ကို မည်မျှ အချိန်ကြာကြာ ဖွင့်နိုင်ပါဦးမည်နည်း။ မိခင်က ဆက်လက် အုပ်ချုပ်နိုင်သည်ဟု ဆိုရသော်လည်း တစ်ချိန်တည်းမှာပင် ဖခင်ကို ပြုစု စောင့်ရှောက်ရပေဦးမည်။ ငါးဆိုင်ကို ပိတ်သိမ်းလိုက်ရမည့် အခြေအနေသို့ အချိန်မရွေး ကျရောက်လာနိုင်သည်။
ထို့နောက် ဘာဆက်လုပ်ကြမည်နည်း။
နောက်နှစ် နွေဦးတွင် အေမီကိုလည်း အလုပ်သစ်သို့ ဝင်ရတော့မည်။ သူသည် မြို့တွင်းရှိ ဘဏ်တစ်ဘဏ်တွင် အလုပ်ဝင်ရမည်။ ထို့ကြောင့် မိဘများနှင့်အတူ အိမ်တွင် ဆက်လက် နေထိုင်သွားနိုင်သေးသည်။ သို့သော် သူတစ်ဦးတည်း၏ ဝင်ငွေဖြင့် မိအိုဘအို နှစ်ဦးကို ထောက်ပံ့နိုင်လိမ့်မည် မဟုတ်။
ဘာလုပ်ရမည်နည်း။ ဂီတကို စွန့်လွှတ်၍ ‘ယူအိုမတ်ဆု’ ကို ဆက်ခံရမည်လော။
၎င်းမှာ လက်တွေ့ကျသော ရွေးချယ်မှု ဖြစ်သည်။ သို့သော် ထိုသို့ဆိုလျှင် အနှစ်နှစ် အလလက ထားရှိခဲ့သော မိမိ၏ ရည်မှန်းချက်များကို မည်သို့ ပြုလုပ်ရမည်နည်း။ မိခင်ကလည်း ပြောခဲ့ဖူးသည်။ သူ့အတွက်ကြောင့် သား၏ အိပ်မက်ကို စွန့်လွှတ်ပစ်လိုက်ရသည့် အဖြစ်မျိုး ဖခင်က အဖြစ်မခံနိုင်။
ထွက်သက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။ ကတ်ဆူရိုသည် ပတ်ဝန်းကျင် လေးဘက်လေးတန်ကို ကြည့်လိုက်မိသောအခါ သူ၏ ခြေလှမ်းများ တုံ့ရပ်သွားသည်။
သူ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော နေရာသို့ သူ ရောက်နေမိသည်။ အဆောက်အအုံသစ်များ အစဉ်မပြတ် တိုးပွားနေသောကြောင့် သူ အမှတ်တမဲ့ လျှောက်ရင်း လမ်းမှားလာခဲ့ပြီ။
သူသည် တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ခပ်မြန်မြန် လျှောက်သွားပြီး သူ ရင်းနှီးထားသော လမ်းမပေါ်သို့ ပြန်ရောက်လာသည်။ သူ ငယ်စဉ်က မကြာခဏ လာကစားလေ့ရှိသော မြေကွက်လပ်သည် ထိုအနီးအနားတွင် ရှိခဲ့ဖူးသည်။
၎င်းသည် ခပ်ပြေပြေလေး တက်သွားရသော ကုန်းတက်တစ်ခု ဖြစ်သည်။ ကတ်ဆူရိုသည် ဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။ မကြာခင် ညာဘက်ခြမ်း၌ သူရင်းနှီးပြီးသား အဆောက်အအုံတစ်လုံးကို မြင်လာရသည်။ သူ ကလေးဘဝက စာရေးကိရိယာ ဝယ်လေ့ရှိခဲ့သော ကုန်စုံဆိုင်ဖြစ်သည်။ လွဲစရာ အကြောင်းမရှိ။ မဲပြာနေသော ဆိုင်းဘုတ်ထက်တွင် ‘နာမီယာကုန်စုံဆိုင်’ ဟု ရေးထားသည်။
ထိုဆိုင်နှင့် ပတ်သက်၍ ဈေးဝယ်ခြင်းအပြင် အခြား အမှတ်တရ များစွာလည်း ရှိသေးသည်။ သူသည် ဆိုင်ရှင် အဘိုးအိုထံတွင် စိတ်ညစ်စရာ ပေါင်းစုံကို ရင်ဖွင့်ခဲ့ဖူးသည်။ သို့သော် ယခု အရွယ်ရောက်ပြီးသော လူကြီးတစ်ယောက် အနေဖြင့် ကြည့်လျှင် ၎င်းတို့သည် သူငယ်နှပ်စား စိတ်ညစ်စရာများသာ ဖြစ်နေသည်။ ဥပမာ အားကစားပြိုင်ပွဲတွင် ပထမရနိုင်မည့် နည်းလမ်းကို ပြောပြပေးပါ။ သို့မဟုတ် အန်ပေါင်း (နှစ်ကူးမုန့်ဖိုး) များများရအောင် မည်သို့ ပြုလုပ်ရမည်နည်း ဆိုသည့် မေးခွန်းမျိုး ဖြစ်သည်။ သို့သော် အဘိုးအိုသည် အမြဲတမ်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။ အန်ပေါင်း များများရအောင် ပြုလုပ်နည်းကို သူ မှတ်မိနေသေးသည်။ “စည်းကမ်းတစ်ခု သတ်မှတ်ရမယ်။ မုန့်ဖိုးကို ဖောက်ထွင်းမြင်နိုင်တဲ့ အိတ်နီထဲမှာပဲ ထည့်ခိုင်းပါ” အကြောင်းအရင်းမှာ “အဲဒီလိုသာဆိုရင် အရှက်ကွဲမှာ ကြောက်တဲ့ လူကြီးတွေက ပိုက်ဆံနည်းနည်းပဲ ထည့်မှာ မဟုတ်တော့ဘူး” ဟူ၍ ဖြစ်သည်။
ထိုအဘိုးအိုသည် ယခု ရှိပါသေး၏လော။ ကတ်ဆူရိုသည် သူ့ကို သတိရစွာဖြင့် ကုန်စုံဆိုင်သို့ လှမ်းကြည့်သည်။ သံချေးတက်နေပြီ ဖြစ်သော ယင်းလိပ်တံခါးသည် ပိတ်လျက် ရှိနေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်မှလည်း မီးရောင်များကို မတွေ့ရ။ သူသည် ဆိုင်ဘေးနားရှိ ကားဂိုဒေါင်ဘက်သို့ သွားကြည့်သည်။ သူ ငယ်စဉ်က ကားဂိုဒေါင်၏ နံရံပေါ်တွင် ပုံများ လျှောက်ဆွဲခဲ့ဖူးသည်။ အဘိုးအိုက စိတ်ဆိုးခဲ့ခြင်း မရှိ။ “မင်း ဆွဲမယ့်ဆွဲတော့ လှအောင်တော့ ဆွဲကွာ” ဟုသာ သူ့ကို ပြောခဲ့သည်။
နံရံပေါ်မှ သူ၏ လက်ရာများကို မတွေ့နိုင်တော့။ ဆယ်နှစ်ဆိုသော အချိန်က အရာအားလုံးကို မှေးမှိန်ပျောက်ကွယ် သွားစေခဲ့သည်။
ထိုစဉ် ကုန်စုံဆိုင် ရှေ့မှ စက်ဘီး ဘရိတ်အုပ်သံကို ကြားလိုက်ရသည်။ ကတ်ဆူရိုသည် ကားဂိုဒေါင် အမှောင်ထဲမှ ခေါင်းပြူ၍ စူးစမ်းကြည့်သည်။ ငယ်ရွယ်သော မိန်းကလေးတစ်ယောက် စက်ဘီးပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။
သူက စက်ဘီးကို ရပ်လိုက်ပြီး ပခုံးပေါ်တွင် လွယ်ထားသော ကျောပိုးအိတ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်ကာ ကုန်စုံဆိုင်၏ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်ထဲသို့ ထိုးထည့်နေသည်။ ကတ်ဆူရိုသည် ထိုအခြင်းအရာကို မြင်ရ၍ နှုတ်မှ “အန်” ဟူသော အာမေဍိတ်သံ ရုတ်တရက် ထွက်ပေါ်သွားသည်။
အသံမှာ မကျယ်ပင် မကျယ်ငြားသော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေသောကြောင့် တခြားသူ၏ နားထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ သူသည် ကတ်ဆူရိုဘက်သို့ ကြောက်လန့်တကြား စိုက်ကြည့်လိုက်ပြီးနောက် စက်ဘီးပေါ်သို့ အလျင်အမြန် တက်လိုက်သည်။ သူ့ကို သူခိုးကြမ်းပိုးတစ်ယောက်ဟု အထင်ရှိသွားပုံ။
“ခဏလေးနေပါဦးဗျ။ အထင်မလွဲပါနဲ့။ ကျွန်တော် လူဆိုးမဟုတ်ပါဘူး” ကတ်ဆူရိုက လက်ဖြင့် လှမ်းတားရင်း ပြေးထွက်လာသည်။ “ကျွန်တော် ဒီမှာ ပုန်းနေတာ မဟုတ်ပါဘူး။ ဒီအခန်းကို အလွမ်းပြေ လာကြည့်တာပါ”
စက်ဘီးပေါ် ခွထိုင်လျက် ချက်ချင်း နင်းထွက်သွားတော့မည့်ဟန် ပြင်ထားသော ထိုကောင်မလေးသည် ကတ်ဆူရိုကို သတိကြီးကြီးဖြင့် စိုက်ကြည့်နေသည်။ သူသည် ဆံပင်အရှည်ကို နောက်စေ့တွင် စုစည်းထားပြီး မျက်နှာတွင်လည်း မိတ်ကပ်ပါးပါးသာ လိမ်းခြယ်ထားသည်။ ခန္ဓာကိုယ် ပြေပြစ်ပြီး ကြည့်ရသည်မှာ ကတ်ဆူရိုနှင့် ရွယ်တူလောက်ပင် ရှိရပေမည်။ သို့မဟုတ် နည်းနည်း ငယ်နိုင်သည်။ တီရှပ်လက်တိုမှ ထွက်ပေါ်နေသော သူ့လက်မောင်းကို ကြည့်ခြင်းအားဖြင့် အားကစားသမား တစ်ဦးဖြစ်ကြောင်း သိသာနေသည်။
“ရှင် တွေ့လိုက်လား” သူက အက်ကွဲငုတ်လျှိုးနေသော အသံဖြင့် မေးလိုက်သည်။ ကတ်ဆူရိုက သူ့စကား၏ အဓိပ္ပာယ်ကို နားမလည်သောကြောင့် ခတ်မဆိတ် နေနေသည်။ “ရှင် ကျွန်မ ဘာလုပ်လိုက်တယ်ဆိုတာကို တွေ့တယ် မဟုတ်လား” သူက နောက်တစ်ကြိမ် ပြန်ပြောသည်။ အပြစ်တင်လိုသည့် လေသံမျိုး ရောစွက်နေသည်။
“ခင်ဗျား စာတစ်စောင် ထည့်လိုက်တာကို ကျွန်တော် မြင်တယ်”
ကတ်ဆူရို၏ စကားအဆုံးတွင် သူ၏ မျက်မှောင်များ ကုတ်ဝင်သွားသည်။ နှုတ်ခမ်းကို ကိုက်ပြီး မျက်နှာကို တစ်ဘက်သို့ လှည့်ပစ်လိုက်သည်။ တစ်ခဏကြာမှ ကတ်ဆူရိုဘက်သို့ ပြန်လှည့်လာသည်။
“ကျေးဇူးပြုပြီး ရှင် အဲဒီကိစ္စကို မေ့ပစ်လိုက်ပါလား။ ကျွန်မကိုလည်း မေ့ပစ်လိုက်ပါ”
“ဗျာ ……”
“ကျွန်မ သွားတော့မယ်” ပြောပြီးပြီးချင်း သူ စက်ဘီးကို နင်းထွက်သွားလေသည်။
“နေပါဦး။ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ” ကတ်ဆူရိုက အမီ ပြေးသွားပြီး စက်ဘီးရှေ့မှ ပိတ်ရပ်ထားလိုက်သည်။ “ခင်ဗျား ခုန ထည့်လိုက်တဲ့စာက အကြံဉာဏ် တောင်းတဲ့စာလား”
သူသည် ခေါင်းကို ငုံ့ထားပြီး ကတ်ဆူရိုကို မျက်စိလှန်ကြည့်လိုက်သည်။ “ရှင်က ဘယ်သူလဲ”
“ဒီကုန်စုံဆိုင်နဲ့ ရင်းနှီးတဲ့လူပါ။ ငယ်ငယ်တုန်းက ဆိုင်ရှင်အဘိုးအိုဆီမှာ အကြံဉာဏ်တွေ တောင်းခဲ့ဖူးတယ်”
“ရှင့်နာမည်က …..”
ကတ်ဆူရိုက မျက်မှောင်ကြုတ်လိုက်သည်။ “သူများ နာမည်ကို မမေးခင်မှာ ကိုယ့်နာမည်ကို အရင် ပြောပြသင့်တာ မဟုတ်ဘူးလား”
သူသည် စက်ဘီးပေါ်မှာ ထိုင်ရင်း သက်ပြင်းချလိုက်သည်။
“ကျွန်မနာမည် ရှင့်ကို ပြောပြလို့ မဖြစ်ဘူး။ ကျွန်မ စောစောတုန်းက ထည့်တဲ့စာက အကြံဉာဏ်တောင်းတဲ့စာ မဟုတ်ဘူး။ ကျေးဇူးတင်ကြောင်း ပြောတဲ့စာပါ”
“ကျေးဇူးတင်စာ?”
“လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ကျွန်မ ဒီမှာ အကြံဉာဏ် တောင်းခဲ့ဖူးတယ်။ တန်ဖိုးရှိတဲ့ အကြံပေးချက်တွေ ရခဲ့လို့ ပြဿနာတွေလည်း ပြေလည်ခဲ့ရတယ်။ ဒါကြောင့် ကျွန်မ ကျေးဇူးတင်ကြောင်း စာရေးခဲ့တာ”
“အကြံဉာဏ်တောင်းတယ်? ဒီနာမီယာကုန်စုံဆိုင်ကိုလား။ အဲဒီဘကြီးက ဒီမှာ နေတုန်းပဲလား” ကတ်ဆူရိုသည် သူ့ကို ကြည့်လိုက် ဆိုင်ဟောင်းကြီးကို ကြည့်လိုက် လုပ်လျက် မေးနေသည်။
“သူ ဒီမှာ နေသေးသလား ဆိုတာတော့ ကျွန်မလည်း သေချာ မသိဘူး။ ဒါပေမယ့် မနှစ်က ကျွန်မ စာတစ်စောင် ထည့်လိုက်တော့ နောက်တစ်နေ့မှာပဲ နွားနို့သေတ္တာထဲကနေ ပြန်စာရခဲ့တယ်”
ဟုတ်ပေသည်။ ညအချိန်တွင် စိတ်ညစ်စရာများ ရေးထားသောစာကို ယင်းလိပ်တံခါးပေါ်မှ အပေါက်ကလေးထဲသို့ ထိုးထည့်လိုက်လျှင် ဒုတိယနေ့ နံနက်ခင်းတွင် ပြန်စာသည် နွားနို့သေတ္တာထဲတွင် ရောက်ရှိနေတတ်သည်။
“အခုရော စာလက်ခံသေးသလား”
“ဒါတော့ ကျွန်မလည်း အသေအချာ မသိဘူး။ ကျွန်မ နောက်ဆုံးတစ်ခေါက် ပြန်စာရပြီးတဲ့ နောက်ပိုင်း ဒီကို မလာဖြစ်တာ အတော် ကြာသွားပြီ။ စောစောက ထည့်လိုက်တဲ့ ကျေးဇူးတင်စာက ဖွင့်ဖတ်ခံရချင်မှတောင် ခံရမှာ။ အဲဒီလို ဖြစ်နိုင်ပေမယ့်လည်း ကျေးဇူးတင်ကြောင်း ပြောကိုပြောရမှ ကျွန်မ စိတ်ကျေနပ်နိုင်မှာမို့ စာထည့်လိုက်တာပါ”
ကြည့်ရသည်မှာ သူ ရရှိခဲ့သော အကြံဉာဏ်သည် အင်မတန် အကျိုးရှိခဲ့ပေမည်။
“ဒါနဲ့ ….” သူက ပြောသည်။ “ရှင် မေးလို့ အားရပြီလား။ အိမ်ပြန်နောက်ကျရင် အိမ်က လူတွေ စိတ်ပူနေတော့မယ်”
“ဪ … ဪ … ရပါပြီဗျာ”
ကတ်ဆူရိုသည် ဘေးတစ်ဘက်သို့ ကပ်ပေးလိုက်သည်။ သူသည် ခြေနင်းခုန်ကို အားဖြင့် ဖိနင်းလိုက်သောကြောင့် စက်ဘီးက ဆတ်ခနဲ တိုးထွက်သွားသည်။ ခပ်မြန်မြန် နင်းသွားသောကြောင့် ၁၀ စက္ကန့်အတွင်းမှာပင် ကတ်ဆူရို၏ မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားလေသည်။
သူသည် နာမီယာကုန်စုံဆိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ လူနေထိုင်နေကြောင်း ဘာအထောက်အထားကိုမျှ မတွေ့ရ။ အကယ်၍ ဤဆိုင်သည် စာများကို ပြန်လည် ဖြေကြားနိုင်သည်ဟု ဆိုလျှင် အထဲတွင် နာနာဘာဝများ နေထိုင်နေခြင်းသာ ဖြစ်ရပေမည်။
သူသည် နှာခေါင်းမှ လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဘာတွေများ လျှောက်တွေးနေမိပါလိမ့်။ ထိုသို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါမည်နည်း။ သူသည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြီး ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
အိမ်ပြန်ရောက်သောအခါ အေမီကိုသည် ဧည့်ခန်းတွင် တစ်ယောက်တည်း ထိုင်နေသည်။ အိပ်မရသောကြောင့် အိပ်ပျော်နိုင်ရန် အရက်အနည်းငယ် သောက်နေသည်ဟု ဆိုသည်။ စားပွဲခုံပုပေါ်တွင် ဝီစကီတစ်ပုလင်းနှင့် ဖန်ခွက်ကို တွေ့ရသည်။ သတိမထားမိစဉ်မှာပင် သူ အရွယ်ရောက်လာခဲ့ချေပြီ။ ကာနာကိုကတော့ အိပ်ပျော်နေလောက်ပြီ။
“အစ်ကို၊ အဖေနဲ့ စကားပြောခဲ့လား” အေမီကိုက မေးသည်။
“ဟင့်အင်း။ ငါ မြို့နယ်ခန်းမကို မရောက်ခဲ့ဘူး။ ဟိုဟိုဒီဒီ လမ်းလျှောက်နေတာ”
“လမ်းလျှောက်တယ်? ဘယ်အချိန်ရှိနေပြီမို့ လမ်းလျှောက်ထွက်နေရတာတုန်း”
“ဒါနဲ့ နင် နာမီယာကုန်စုံဆိုင်ကို မှတ်မိသေးလား”
“နာမီယာ? မှတ်မိတာပေါ့။ ဟိုတောင်ကုန်းပေါ်က ဆိုင်လေး မဟုတ်လား”
“အဲဒီမှာ လူမနေတော့ဘူး ထင်တယ်”
“အင်း ….” အေမီကို၏ အသံက သံသယများ ရောစွက်နေသည်။ “မနေလောက်တော့ဘူး။ ဟိုတလောကပဲ ဆိုင်ပိတ်သွားတာ။ ဘယ်သူမှ ရှိတော့မယ် မထင်ဘူး”
“ဟုတ်လား။ ထင်သားပဲ”
“ဘာထင်တာလဲ။ အဲဒီဆိုင်က ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး”
အေမီကိုက မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းကို စူလိုက်သည်။
“ဒါနဲ့ အစ်ကို၊ ဘာလုပ်မယ် စိတ်ကူးထားသလဲ။ ယူအိုမတ်ဆုကို ဒီအတိုင်းပဲ ပစ်ထားခဲ့တော့မှာလား”
“ငါ့ကို အဲဒီလိုပုံစံမျိုး မမေးစမ်းပါနဲ့”
“ဒါပေမယ့် အဲဒီလို ဖြစ်နေတာပဲ မဟုတ်ဘူးလား။ အစ်ကိုသာ မဆက်ခံရင် ဆိုင်ကို ပိတ်ပစ်ရတော့မှာလေ။ ကျွန်မကတော့ ဘာမှ မဖြစ်ဘူး။ အဖေအမေတို့ ဘယ်လို လုပ်မလဲ။ သူတို့ကိုပါ ပစ်ထားတော့မယ့် သဘောလား”
“နားငြီးလိုက်တာကွာ။ ငါ့မှာ အစီအစဉ် ရှိပါတယ်ဟ”
“ဘာအစီအစဉ်လဲ။ ကျွန်မကို ပြောပြပါလား”
“နင် တော်တော် စကားကြော ရှည်တာပဲ”
ကတ်ဆူရိုသည် အပေါ်ထပ်သို့ ပြေးတက်သွားသည်။ အပေါ်ကုတ်အင်္ကျီကိုပင် မချွတ်တော့ဘဲ ခုတင်ပေါ် လှဲချလိုက်သည်။ သူ့ခေါင်းထဲသို့ အတွေးပေါင်းစုံ တိုးဝှေ့ဝင်ရောက်လာကြသည်။ သို့သော် အရက်ရှိန်ကြောင့် ဖြစ်မည် ထင်သည်။ အတွေးများက အမြီးအမောက် မတည့်ဘဲ ရှုပ်ထွေးနေလေသည်။
တစ်ခဏကြာသောအခါ သူသည် ခုတင်ပေါ်မှ ကုန်းရုန်းထပြီး စာရေးစားပွဲတွင် ဝင်ထိုင်လိုက်သည်။ အံဆွဲကို ဆွဲဖွင့်လိုက်သောအခါ မှတ်စုစာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို တွေ့ရသည်။
သူသည် မှတ်စုစာအုပ်ကို ဖွင့်ပြီး စာ စရေးလေသည်။
သို့ – နာမီယာကုန်စုံဆိုင်