မာတိကာကြည့်ရန်

အခန်း (၃) ဆစ်ဗစ်ကားထဲမှာ တစ်ညတာ — (ခ)

တာကာယူကီ အလုပ်ဝင်နေသော ကုမ္ပဏီသည် ရှင်ဂျုကုတွင် ရှိပြီး ၎င်းတို့၏ ကုမ္ပဏီရှိရာ ငါးထပ်တိုက်ပေါ်မှ ကြည့်လျှင် ယာဆုကုနိလမ်းကို လှမ်းမြင်နေရသည်။ သူတို့၏ လုပ်ငန်းမှာ ရုံးသုံးစက်ကိရိယာများကို ရောင်းချခြင်းနှင့် ငှားရမ်းခြင်းတို့ ဖြစ်သည်။ ဖောက်သည်များမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည်။ ငယ်ရွယ်သော ကုမ္ပဏီဥက္ကဋ္ဌက ‘ယခုအခါ ကွန်ပျူတာခေတ်သို့ ဝင်ရောက်လာပြီ’ ဖြစ်ကြောင်း ကြွေးကြော်တတ်သည်။ နှစ်အနည်းငယ် ကြာလျှင် ရုံးခန်းတစ်ခန်းစီတိုင်းတွင် ကွန်ပျူတာတစ်လုံးကျစီ ထားရှိလာမည့် အခြေအနေသို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သူက ပြောနေသည်။ ဝိဇ္ဇာဘွဲ့ဖြင့် ကျောင်းပြီးထားသူ တာကာယူကီအတွက် ၎င်းစက်ပစ္စည်း၏ အသုံးဝင်ပုံကို သံသယ ရှိနေသည်။ သို့သော် ဥက္ကဋ္ဌကမူ ၎င်းပစ္စည်းကို အတိုင်းအဆမရှိ အသုံးဝင်လိမ့်မည်ဟု ချီးမွမ်းခန်း ဖွင့်နေလေသည်။

“ဒါကြောင့် အခုချိန်က စပြီး ခင်ဗျားတို့တတွေ ကွန်ပျူတာကို စိတ်ပါလက်ပါ သင်ထားကြဗျ” ၎င်းမှာ ယခုတလော ရွတ်ဆိုနေကျဖြစ်သော ဥက္ကဋ္ဌ၏ ဂါထာတစ်ပုဒ် ဖြစ်သည်။

အစ်မဖြစ်သူ ယိုရီကို ဖုန်းဆက်လာချိန်တွင် တာကာယူကီသည် ‘ကွန်ပျူတာမိတ်ဆက်’ စာအုပ်ကို ဖတ်နေသည်။ စာအုပ်ထဲမှ စကားလုံးတစ်လုံး၏ အနက်အဓိပ္ပာယ်ကို နားမလည်သောကြောင့် စိတ်ရှုပ်ကာ စာအုပ်ကို လွှင့်ပစ်ချင်စိတ် ပေါက်နေသည်။

“အလုပ်ထဲအထိ ဖုန်းခေါ်လာရတာ အားနာပါတယ်” ယိုရီကိုက တောင်းပန်သည်။

“ရပါတယ်။ ဘာကိစ္စလဲ။ အဖေ့ကိစ္စပဲလား” အစ်မဖုန်းဆက်လာလျှင် ပထမဆုံး မြင်ယောင်လာသည်မှာ အဖေ၏ မျက်နှာပင် ဖြစ်သည်။

“အင်း” ယိုရီကို၏ အဖြေမှာ သူ ထင်ထားသည့်အတိုင်း ဖြစ်နေသည်။ “မနေ့က ငါ သူ့ဆီ ရောက်ခဲ့သေးတယ်။ ဒါပေမယ့် ဆိုင်တံခါး ပိတ်ထားတယ်။ ဘာတွေများ ကြားထားသေးလဲ”

“ဟင့်အင်း။ ဘာမှ မကြားမိပါဘူး။ ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့ ဆိုင်ပိတ်တာလဲလို့ ငါ သူ့ကို မေးကြည့်တယ်။ ဘာမှ မဖြစ်ဘူးတဲ့။ တစ်ခါတလေ အနားယူချင်လို့လို့ ပြန်ပြောတယ်”

“အင်း ဟုတ်မှာပေါ့။ အဲဒါ ဘာဖြစ်လို့လဲ”

“အဲဒီလို မဟုတ်ဘူး။ အပြန်လမ်းမှာ အဲဒီနားက အိမ်တစ်အိမ်ကို ဝင်စုံစမ်းကြည့်ခဲ့တယ်။ နာမီယာကုန်စုံဆိုင်ရဲ့ အခြေအနေ ဘယ်လို ရှိလဲလို့ မေးကြည့်တာပေါ့။ သူတို့ အပြောက ဆိုင်ပိတ်ထားတာ တစ်ပတ်လောက် ရှိပြီတဲ့”

တာကာယူကီက မျက်မှောင်ကို ကုတ်လိုက်သည်။ “ဒါဆို တစ်ခုခု ဖြစ်နေပြီ”

“အဖေရဲ့ မျက်နှာကလည်း မကောင်းဘူး။ ပြီးတော့ အတော်လေး ပိန်သွားသလိုပဲ”

“နေမကောင်းဘူးလား”

“ငါလည်း အဲဒီလို ထင်တာပဲ”

ဤကိစ္စမှာ အလွန် စိုးရိမ်စရာ ကိစ္စ ဖြစ်သည်။ ယူဂျီအနေနှင့် ဆိုရလျှင် စာအမေးအဖြေ လုပ်နေရခြင်းသည် သူ့၏ ဘဝအပန်းဖြေရာ အလုပ်တစ်ခု ဖြစ်နေသည်။ အကယ်၍ ၎င်းကို ဆက်လက် လုပ်ကိုင်လိုလျှင် ကုန်စုံဆိုင်ကို မည်သည့် နည်းဖြင့်မဆို ဆက်လက် ဖွင့်ထားရန် လိုအပ်ပေလိမ့်မည်။

မနှစ်က တာကာယူကီသည် ဆိုင်ပိတ်လိုက်ရန် ယူဂျီအား ဖျောင်းဖျ ပြောဆိုခဲ့ဖူးသည်။ ထိုစဉ်က သူ၏ အမူအရာကို ပြန်လည် မြင််််ယောင်မိသောအခါ ယူဂျီသည် မဖျားမနာဘဲ ဆိုင်ကို လုံးဝ ပိတ်လိမ့်မည် မဟုတ်ကြောင်း နားလည်လာသည်။

“ကျွန်တော် သဘောပေါက်ပြီ။ ဒီနေ့ပဲ ကျွန်တော် ပြန်သွားကြည့်လိုက်မယ်”

“အေးဟယ်၊ သွားကြည့်လိုက်စမ်းပါဦး။ နင့်ကိုသာဆိုရင် သူ အမှန်အတိုင်း ပြောချင် ပြောမှာ”

ထိုသို့ တစ်ထစ်ချ ပြော၍ မဖြစ်နိုင်။ တာကာယူကီက ထိုသို့ တွေးနေသည်။ “ဟုတ်ကဲ့။ ကျွန်တော် မေးကြည့်လိုက်မယ်” ဟု ပြောကာ ဖုန်းချလိုက်သည်။

ရုံးဆင်းချိန် ရောက်သောအခါ သူသည် ကုမ္ပဏီမှ ဖခင်ထံသို့ တိုက်ရိုက် ထွက်လာခဲ့သည်။ လမ်းပေါ်တွင် အများသုံးဖုန်းဖြင့် အိမ်သို့ ဖုန်းဆက်ပြီး အကျိုးအကြောင်းကို ရှင်းပြလိုက်သည်။ ဖူမီကိုကလည်း စိတ်ပူနေသည်။

ယခုနှစ် ဇန္နဝါရီလက ဖခင်နှင့် နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဖူမီကိုနှင့် သားကို တစ်ပါးတည်း ခေါ်ဆောင်၍ ဖခင်ထံသို့ သွားရောက်ခဲ့ပြီး ဖခင်ကို ကြည့်ရသည်မှာ သန်မာဖျတ်လတ်ဆဲ ဖြစ်သည်။ သူ့ထံသို့ မရောက်သည်မှာ နှစ်ဝက်မျှ ကြာခဲ့ပြီ ဖြစ်၍ ဤအတောအတွင်း ဘာတွေများ ဖြစ်ခဲ့သနည်း။

ည ၉ နာရီကျော်တွင် တာကာယူကီသည် နာမီယာကုန်စုံဆိုင်သို့ ဆိုက်ရောက်ခဲ့သည်။ ခြေလှမ်းတုံ့၍ လှမ်းကြည့်သောအခါ ဆိုင်၏ ယင်းလိပ်တံခါးကို အပြည့်ပိတ်ထားသည်။ ထိုမြင်ကွင်းမှာ ဘာမျှ ထူးခြားမှု မရှိသော်လည်း သူ၏ စိတ်ထဲမှာတော့ ထင့်နေသည်။ ဆိုင်ကြီးတစ်ဆိုင်လုံး အသက်မဲ့နေသည့် အလား မြင်ယောင်နေမိသည်။

နောက်ဖေးတံခါးသို့ ပတ်သွားပြီး တံခါးလက်ကိုင်ကို ဆွဲကြည့်သောအခါ တံခါးလော့ချထားသည်ကို တွေ့ရသည်။ တာကာယူကီသည် သော့ပိုကို ထုတ်လိုက်သည်။ ဤသော့ကို အသုံးမပြုခဲ့ရသည်မှာ ကြာလှချေပြီ။

တံခါးဖွင့်၍ ဝင်သွားသောအခါ မီးဖိုချောင်မီးက ဖွင့်လျက် ရှိနေသည်။ ရှေ့ဆက်လျှောက်သွားသောအခါ ခုတင်ပေါ်တွင် လဲလျောင်းနေသော ယူဂျီကို တွေ့လိုက်ရသည်။

အသံတစ်စုံတစ်ခု ကြားသွားသောကြောင့် ဖြစ်မည်။ ယူဂျီသည် ကိုယ်ကို လှည့်ကာ အခန်းပြင်ဘက်သို့ လှမ်းကြည့်သည်။ “မင်းလား။ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ။ အစ်မက အဖေ့ကို စိတ်ပူလို့ ကျွန်တော်ဆီ ဖုန်းဆက်လာတယ်။ အဖေ ဆိုင်ပိတ်ထားတယ်ဆို။ ပြီးတော့ တစ်ပတ်ကြီးများတောင်”

“ယိုရီကိုလား။ ဒီကောင်မလေးကတော့ ကိုယ်နဲ့ မဆိုင်တာကို အင်မတန် ဝင်ရှုပ်တတ်တာပဲ”

“ဘာလို့ မဆိုင်ရမှာလဲ အဖေရာ။ ဘာတွေ ဖြစ်နေတာလဲဗျ။ နေလို့ ထိုင်လို့ မကောင်းဘူးလား”

“ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး”

ထိုသို့ ပြောခြင်းဖြင့် နေထိုင်မကောင်းကြောင်း ဝန်ခံရာ ရောက်နေသည်။

“ဘယ်နေရာ နေလို့ မကောင်းတာလဲ”

“ငါ ပြောပြီးပြီပဲ။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ဆိုနေ။ ဘယ်နေရာမှ နာကျင်တာ နေမကောင်းတာ မရှိဘူး”

“ဒါဆို ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဆိုင်ပိတ်ရတာလဲ။ ကျွန်တော်ကို ပြောပြပါဦး”

ယူဂျီက နှုတ်ဆိတ်နေသည်။ ဖခင်သည် ခေါင်းမာသောကြောင့် မဖြေလိုခြင်း ဖြစ်မည်ဟု ယူဆလိုက်မိသည်။ သို့သော် ဖခင်၏ မျက်နှာကို ကြည့်လိုက်မိသောအခါတွင် သူ အံ့အားသင့်သွားလေသည်။ ဖခင်သည် နဖူးပြင်ကို အစွမ်းကုန် ရှုံ့ထားပြီး နှုတ်ခမ်းတစ်စုံကိုလည်း ခပ်တင်းတင်း စေ့ထားလေသည်။ မျက်နှာ အမူအရာက အင်မတန် နာကျင်ခံခက်ယောင် ထင်ရှားပေါ်လွင်နေသည်။

“အဖေ၊ ဘာဖြစ် …”

“သား” ယူဂျီထံမှ စကားသံ ပွင့်ဟလာသည်။ “အခန်း ရှိတယ် မဟုတ်လား”

“အဖေက ဘာကို ဆိုလိုတာလဲ”

“မင်းတို့နေရာမှာလေ။ တိုကျိုမှာ”

“ရှိတာပေါ့” တာကာယူကီက ခေါင်းညိတ်ပြသည်။

တာကာယူကီသည် မနှစ်က မြို့အနောက်ဘက်ခြမ်း၌ တည်ရှိသော မီတာကာတွင် အိမ်တစ်လုံး ဝယ်ခဲ့သည်။ အိမ်မှာ အသစ် ကျပ်ချွတ် မဟုတ်သော်လည်း သူတို့ မပြောင်းရွှေ့ခင် ပြန်လည် ပြင်ဆင်ထားသောကြောင့် အသစ်ကဲ့သို့ ဖြစ်နေလေသည်။ ယူဂျီလည်း ထိုအိမ်သို့ ရောက်ဖူးသည်။

“အခန်းပိုရော ရှိသေးရဲ့လား”

တာကာယူကီသည် ဖခင်ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သည်။ တစ်ချိန်တည်းမှာပင် ဖခင် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို အံ့အားသင့်နေမိသည်။

“ရှိတာပေါ့ အဖေရ။ ကျွန်တော်တို့ အစောကြီးကတည်းက အဖေ့အတွက် အခန်းတစ်ခန်း ရာထားပြီးသား။ ပထမထပ်မှာလေ။ အဖေရောက်လာတုန်းက ကျွန်တော် ပြခဲ့သေးတယ် မဟုတ်လား။ အခန်းက နည်းနည်း ကျဉ်းပေမယ့် နေရောင် ကောင်းကောင်း ရတယ်။

ယူဂျီသည် သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး မျက်ခုံးမွေးအထက်မှ အရေပြားကို ကုတ်နေလေသည်။

“ဖူမီကိုကရော ဘယ်လို မြင်လဲ။ သူ တကယ်ပဲ လက်ခံနိုင်ပါ့မလား။ ကိုယ်ပိုင်အိမ်လေး ရထားတာမှ မကြာသေးဘူး။ ကိုယ့်လင် ကိုယ့်သားနဲ့ ပျော်ပျော်ရွှင်ရွှင် အတူ နေကြမယ်လို့မှ မကြံရသေးဘူး။ အဘိုးကြီးတစ်ယောက် ရုတ်တရက် ရောက်လာမှာဆိုတော့ အနှောင့်အယှက် ပေးတယ်လို့များ ယူဆနေမလား မသိဘူး”

“အဲဒါတော့ စိတ်ချအဖေ။ ကျွန်တော်တို့ အိမ်ဝယ်ဖို့ စရွေးကတည်းက အဖေနဲ့ အတူတူ နေနိုင်ဖို့ ဆိုတဲ့ စံနှုန်းနဲ့ ကျွန်တော်တို့ ရွေးချယ်ခဲ့ကြတာ”

“ဪ …….”

“အခု လိုက်နေတော့မလား။ ကျွန်တော်တို့က အဖေ့ကို အချိန်မရွေး စောင့်မျှော်နေတာပါ”

“ကောင်းပြီလေ” ယူဂျီ၏ အမူအရာမှာ ပြေလျော့သွားခြင်း မရှိသေးပေ။ “သားတို့ကို ဒုက္ခပေးသလို ဖြစ်နေပြီ”

“အဲဒီလို မပြောပါနဲ့ အဖေရယ်။ ဒါပေမယ့် …. ဘာတွေ ဖြစ်ကုန်တာလဲ။ ဆိုင်ကို အမြဲ ဖွင့်သွားမယ်လို့ အဖေ အရင်က ပြောခဲ့ဖူးတယ်လေ။ အဖေ တကယ်ပဲ နေထိုင်မကောင်း ဖြစ်နေတာ မဟုတ်လား”

“အဲဒီလို မဟုတ်ပါဘူးကွာ။ တောင်တောင်အီအီ လျှောက်တွေးမနေစမ်းနဲ့။ ဘယ်လို ပြောရမလဲ။ အဲ ……” ယူဂျီက ပြောရန် စကားလုံး ရှာနေသည့်နှယ် ရပ်တန့်သွားသည်။ “အချိန်လည်း တန်ပြီလေကွာ”

တာကာယူကီက ခေါင်းညိတ်ပြလိုက်သည်။ ယူဂျီက ဘာမျှ ရှင်းပြလိုစိတ် မရှိမှန်း သိနေသောကြောင့် သူကလည်း အတင်းအကျပ် မမေးလိုတော့ပေ။

နောက်တစ်ပတ်အကြာတွင် ယူဂျီသည် နာမီယာကုန်စုံဆိုင်မှ ထွက်ခွာလာခဲ့သည်။ အိမ်ပြောင်းရွှေ့ဝန်ဆောင်မှု ကုမ္ပဏီကို ငှားရမ်းမနေတော့ဘဲ မိသားစုဝင်များ ကိုယ်တိုင် အိမ်ပြောင်းရွှေ့ခြင်း အမှုကို ပြုလုပ်ခဲ့ကြသည်။ အရေးတကြီး လိုအပ်သော ပစ္စည်းများကိုသာ သယ်ဆောင်သွားခဲ့ပြီး တခြားအရာများ အားလုံးကို ဆိုင်တွင် ထားပစ်ခဲ့သည်။ ထိုအခန်းအား မည်သို့ စီမံရမည်ကို မဆုံးဖြတ်ရသေးချေ။ အကယ်၍ ရောင်းလိုသည်ပဲ ထားဦး။ အချိန်တိုအတွင်း ဝယ်လက် တွေ့နိုင်မည် မဟုတ်သောကြောင့် ထိုအတိုင်း ပစ်ထားလိုက်ရသည်။

မီတာကာသို့ သွားရာလမ်းတွင် ငှားရမ်းထားသော ထရပ်ကား၏ ရေဒီယိုမှ Southern All Stars ၏ ‘အီတိုရှိ နော အယ်လီ’ (မောင့်အချစ်လေး အယ်လီ) သီချင်း လွှင့်နေသည်။ ၎င်းသီချင်းသည် မတ်လ အခွေထွက်ချိန်ကတည်းက အင်မတန် လူကြိုက်များ ရေပန်းစားနေသည်။

ဇနီးသည် ဖူမီကိုနှင့် သားတော်မောင်ကလည်း အတူလာနေသည့် ဖခင်ကြီးအား ဝမ်းသာအယ်လဲ ကြိုဆိုခဲ့ကြသည်။ သို့သော် တာကာယူကီ၏ အတွင်းစိတ်မှ အလိုလို သိနေခဲ့သည်။ သားမောင်ကိုတော့ ထည့်တွက်စရာ မလို။ ဖူမီကို၏ စိတ်ထဲတွင် များစွာ ကြည်ဖြူလှမည် မဟုတ်ကြောင်း သူ သိနေသည်။ သို့သော် သူသည် ယဉ်ကျေးနူးညံ့သော အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် ထိုသို့သော စကားမျိုးကို ထုတ်ဖော်ဖွင့်ဟလိမ့်မည် မဟုတ်ပေ။ ထိုအားသာချက်ကြောင့်လည်း တာကာယူကီက သူ့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယူဂျီလည်း သူ၏ ပတ်ဝန်းကျင်အသစ်ကို နှစ်လိုကျေနပ်ပုံ ရသည်။ နေ့စဉ်နေ့တိုင်း သူ၏ ကိုယ်ပိုင်အခန်းထဲတွင် စာဖတ်လိုက်၊ တီဗီကြည့်လိုက်၊ တစ်ခါတစ်ရံ အပြင်ထွက် လမ်းလျှောက်လိုက် လုပ်နေလေသည်။ အထူးသဖြင့် သူ့အား ကျေနပ်ဝမ်းမြောက်စေသည်မှာ သူ၏ မြေးငယ်ကို အချိန်တိုင်း မြင်ခွင့် ရနေခြင်းပင် ဖြစ်သည်။

သို့သော် ၎င်းအခြေအနေသည် ကြာရှည် မခံခဲ့။

သားအဖများ အတူနေထိုင်ကြပြီး များမကြာခင်မှာပင် ယူဂျီသည် မထင်မှတ်ဘဲ ဗုန်းဗုန်းလဲလေတော့သည်။ ညအချိန်တွင် ရုတ်တရက် နာကျင်လာသောကြောင့် ဆေးရုံသို့ အမြန် ပို့လိုက်ရသည်။ သူ၏ အပြောအရ ဗိုက်အရမ်းနာသည်ဟု ဆိုသည်။ ထိုသို့သော အခြေအနေမျိုးကို ယခင်က တစ်ခါမျှ မကြုံဖူးသောကြောင့် တာကာယူကီလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။

နောက်တစ်နေ့တွင် တာကာယူကီသည် ဖခင်၏ ရောဂါအခြေအနေကို ဆရာဝန်ထံမှ သိလာရသည်။ အသေးစိတ် ဆက်လက် စစ်ဆေးရန် လိုအပ်သေးသည် မှန်သော်လည်း အသည်းကင်ဆာ ဖြစ်ကြောင်းမှာမူ သေချာသလောက် ရှိနေသည်။

“ကင်ဆာက နောက်ဆုံးအဆင့်ပဲ” ဟု ဆရာဝန်က မျက်မှန်ပေါ်မှ ကျော်ကြည့်၍ ခံစားချက်မဲ့သော လေသံဖြင့် ပြောခဲ့သည်။

“ဆရာ့သဘောက ကုလို့ မရတော့ဘူးလို့ ဆိုလိုတာလား”

“အဲဒီလို ယူဆလို့ ရပါတယ်” ဆရာဝန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။ ဤသို့ဆိုလျှင် ခွဲစိတ်ကုသလျှင်လည်း မျှော်လင့်ချက် မရှိနိုင် ဟူသော သဘောပင်။

ယူဂျီကတော့ ထိုစကားများကို မကြားခဲ့ရပေ။ သူတို့ ဆွေးနွေးနေကြစဉ် အချိန်က သူသည် မေ့ဆေးအရှိန်ဖြင့် သတိမရသေး။

သူတို့သည် လူနာအား ရောဂါအခြေအနေမှန်ကို ဖွင့်မပြောရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆင်ပြေမည့် ရောဂါနာမည် တစ်ခုခု ပြော၍ ဖုံးဖိထားရန် ပြင်ဆင်ထားသည်။

ယိုရီကိုသည် အဖြစ်မှန်ကို သိရသောအခါ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။ ဖခင်အား စောစောစီးစီး မစစ်ဆေး ပေးနိုင်ခြင်းအတွက် နောင်တရနေသည်။ မိမိကိုယ်ကိုယ် အပြစ်တင်နေသော အစ်မကို မြင်ရသောအခါ တာကာယူကီလည်း စိတ်မကောင်း ဖြစ်လာသည်။ ဖခင် မလန်းမဆန်း ဖြစ်နေသည်ကို ရိပ်စားမိသော်လည်း ဤမျှ ဆိုးဆိုးရွားရွား ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမျှ မစဉ်းစားခဲ့ဖူးချေ။

ထိုအချိန်မှ စ၍ ယူဂျီသည် သေမင်းနှင့် စစ်ခင်းနေရလေတော့သည်။ သို့သော် ကံကောင်းသည်ဟု ဆိုရမည်လား မသိ။ နာကျင်သည်ဟု သူ ဘယ်တုန်းကမျှ မငြီးငြူခဲ့စဖူး။ ဆေးရုံသို့ သွားရောက် ကြည့်ရှုသည့် အခါတိုင်း တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ပို၍သာ ပိန်ချုံးလာသည်ကို မြင်တွေ့နေရသောကြောင့် တာကာယူကီ၏ စိတ်ထဲ အားမလို အားမရ ဖြစ်နေခဲ့ရသည်။ သို့သော် ခုတင်ပေါ် လဲလျောင်းနေသော ယူဂျီကို ကြည့်ရသည်မှာ ယခင်ထက် ပို လန်းဆန်းနေသယောင် ထင်ရသည်။

ထိုသို့ဖြင့် တစ်လနီးပါးမျှ ကုန်လွန်သွားသည်။ တာကာယူကီသည် ရုံးဆင်းသည်နှင့် ဆေးရုံသို့ သွား၍ ဖခင်ကို ကြည့်ရှုသည်။ ယူဂျီသည် မထိုင်စဖူး ခုတင်ပေါ်တွင် ထိုင်လျက် ပြတင်းပေါက် အပြင်ဘက်သို့ ငေးမျှော်ကြည့်နေသည်။ သူ၏ အခန်းမှာ လူနာနှစ်ယောက်ခန်း ဖြစ်ပြီး ခုတင်တစ်လုံးမှာ လွတ်လျက် ရှိသည်။

“အဖေ ဒီနေ့ လန်းဆန်းနေပါလား” တာကာယူကီက နှုတ်ဆက်လိုက်သည်။

ယူဂျီသည် သားကို မော့ကြည့်ပြီး ဘာမျှ ပြန်မပြောဘဲ ပြုံးနေသည်။

“ခါတိုင်းအချိန်က အနိမ့်ဆုံး အဆင့်ကို ရောက်နေတော့ တစ်ရက်တလေတော့လည်း အတက်ဘက် ရောက်လာဦးမှာပေါ့”

“တက်တာကောင်းတယ်။ ဒါက အဖေကြိုက်တဲ့ ပဲပေါက်ဆီ” တာကာယူကီသည် စက္ကူအိတ်ကို ခုတင်ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။

ယူဂျီသည် စက္ကူအိတ်ကို တစ်ချက်လှမ်းကြည့်ပြီး တာကာယူကီဘက်သို့ ပြန်လှည့်လာသည်။

“မင်းကို အကူအညီ တောင်းစရာ ရှိတယ်”

“ဘာများလဲ”

“အဲ ..……..” ယူဂျီသည် အသံရှည်ဆွဲ၍ ရေရွတ်နေရင်း အကြည့်ကို လွှဲဖယ်လိုက်သည်။ ထို့နောက် တွန့်ဆုတ်သော အသံနေ အသံထားဖြင့် ပြောဆိုလာသည်။ ထိုစကားမှာ တာကာယူကီ လုံးဝ မျှော်လင့်မထားသော စကားတစ်ခွန်း ဖြစ်နေသည်။

သူ ဆိုင်သို့ ပြန်လိုကြောင်း ပြောလာသည်။

“ဘာလုပ်ဖို့ ပြန်မှာလဲ။ ဆိုင်ဖွင့်ဦးမလို့လား။ အဖေ ကျန်းမာရေး ကောင်းတာလည်း မဟုတ်ဘူး”

ယူဂျီက ခေါင်းကို ခါယမ်းနေသည်။

“ဆိုင်မှာ ရောင်းစရာ ပစ္စည်းမှ မရှိတာ။ ဖွင့်လည်း အပိုပါပဲ။ ဒါပေမယ့် ကိစ္စ မရှိပါဘူးလေ။ ငါ အဲဒီကို ပြန်သွားချင်ရုံ သက်သက်ပါပဲ”

“ဘာဖြစ်လို့ ပြန်သွားချင်ရတာလဲ”

ယူဂျီ နှုတ်ဆိတ်နေသည်။ ပြောသင့် မပြောသင့် စဉ်းစားနေဟန် ရှိသည်။

“လက်တွေ့ကျကျ တွေးကြည့်စမ်းပါဦး အဖေရာ။ အဖေရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ တစ်ယောက်တည်း နေလို့ လုံးဝ မဖြစ်နိုင်ဘူးလေ။ လူတစ်ယောက်က အဖေကို အနားမှာ စောင့်ရှောက်ပေးနေမှ ဖြစ်မှာ။ အဲဒီလို မဖြစ်နိုင်ဘူး ဆိုတာကို အဖေ နားလည် သဘောပေါက်သင့်ပါတယ်”

ထိုစကားကြောင့် ယူဂျီသည် မျက်မှောင်ကုတ်သွားပြီး ခေါင်းခါလိုက်သည်။

“စောင့်ရှောက်ဖို့ လူမလိုပါဘူးကွာ။ ငါတစ်ယောက်တည်းလည်း ဖြစ်ပါတယ်”

“ဘယ်ဖြစ်မှာလဲဗျာ။ တွေးကြည့်ရုံနဲ့ သိနေတာပဲ။ လူနာတစ်ယောက်ကို ဂရုမစိုက်ဘဲ ပစ်ထားလို့မှ မဖြစ်တာ။ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောပါနဲ့တော့”

ယူဂျီသည် သူ့ကို စေ့စေ့စိုက်ကြည့်နေသည်။ မျက်လုံးများက တစ်စုံတစ်ရာကို ရှင်းပြချင်နေသယောင်။ “တစ်ညတည်း နေရရင် ဖြစ်ပြီ”

“တစ်ည”

“အင်း၊ တစ်ည။ ဆိုင်ထဲမှာ တစ်ယောက်တည်း တစ်ညတာ နေခွင့် ရချင်တယ်”

“အဖေ ဘာတွေ ဖြစ်နေတာလဲ”

“မင်းကို ပြောလည်း အပိုပါပဲ။ မင်း နားလည်နိုင်မှာ မဟုတ်ဘူး။ အဲ … တခြားသူကို ပြောလည်း နားလည်မှာ မဟုတ်ဘူး။ ငါ့ကို ရူးလို့ ပြောနေတယ်ပဲ ထင်ပြီး အဖက်လုပ်ကြမှာ မဟုတ်ဘူး”

“အဖေက ကျွန်တော်ကို ပြောမပြဘဲ နားလည်မလည် ဘယ်လိုလုပ်ပြီး သိနိုင်မလဲ”

“အင်း …….” ယူဂျီသည် ခေါင်းကို ငဲ့စောင်း၍ စဉ်းစားသည်။ “မဖြစ်သေးပါဘူး။ မင်း ယုံမှာ မဟုတ်ဘူး”

“ဗျာ။ မယုံဘူး? ဘာကို မယုံရမှာလဲ”

ယူဂျီက မေးခွန်းကို ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ “တာကာယူကီ၊ ငါ အချိန်မရွေး ဆေးရုံ ဆင်းနိုင်တယ်လို့ ဆရာဝန်က မင်းကို မပြောဘူးလား။ မဟုတ်လည်း ကုလို့ ရတာမှ မဟုတ်ဘဲ။ လူနာ စိတ်ချမ်းသာသလို နေပါစေလို့ သူတို့က မင်းကို အဲဒီလို ပြောတယ် မဟုတ်လား”

တာကာယူကီ နှုတ်ဆိတ်ရမည့် အလှည့် ရောက်လာသည်။ ယူဂျီ ပြောခဲ့သည်မှာ အမှန်။ ဆရာဝန်က သူ့ကို အသိပေးထားခဲ့သည်။ ယူဂျီ၏ ရောဂါအခြေအနေသည် ကုသနိုင်သည့် အဆင့်ကို လွန်သွားပြီ ဖြစ်သောကြောင့် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သော အခြေအနေတွင် ရှိနေသည်။

“တောင်းပန်ပါတယ် သားရယ်” ယူဂျီက လက်အုပ်ချီ၍ အသနားခံနေလေသည်။

“အဲဒီလို မလုပ်ပါနဲ့ အဖေရာ”

“ငါ့မှာ အချိန် မရှိတော့ဘူး။ မင်း ငါ့ကို ဘာမှ မပြောပါနဲ့လား။ ဘာမှလည်း မမေးပါနဲ့လား။ ငါလုပ်ချင်တဲ့ အလုပ်ကို နောက်ဆုံးအနေနဲ့ လုပ်သွားပါရစေလားကွာ”

ဖခင်အိုကြီး၏ စကားသည် တာကာယူကီ၏ ရင်ကို လေးပင်သွားစေသည်။ ဖခင်၏ ဆန္ဒကို လုံးစေ့ပတ်စေ့ နားမလည်သော်လည်း သူ၏ ဆန္ဒကို အကောင်အထည် ဖော်ပေးလိုက်ချင်သည်။ သူ သက်ပြင်းချလိုက်သည်။ “အဖေ ဘယ်တော့ သွားချင်တာလဲ”

“မြန်လေ ကောင်းလေပဲ။ ဒီည ဆိုရင်ရော”

“ဒီည?” တာကာယူကီက မျက်လုံးပြူးလျက် “ဘာဖြစ်လို့ အဲဒီလောက် လောနေရတာလဲ”

“ငါ ပြောပြီးပြီပဲ။ အချိန်မရှိတော့ဘူး”

“ဒါပေမယ့် အသိပေးစရာ ရှိတဲ့လူတွေကိုတော့ အသိပေးရဦးမယ်လေ”

“မလိုပါဘူးကွာ။ ယိုရီကိုကိုတော့ သွားမပြောနဲ့ဦး။ အိမ်ခဏ ပြန်မယ်လို့ ဆေးရုံကို အသိပေးပြီး ဆိုင်ကို တန်းသွားကြတာပေါ့”

“အဖေ … ဘာတွေ ဖြစ်နေတာလဲဗျာ။ အကျိုးအကြောင်းတော့ ကျွန်တော်ကို ပြောပြသင့်တယ် ထင်တာပဲ”

ယူဂျီက မျက်နှာလွှဲသွားသည်။ “တကယ်လို့ မင်းကို ပြောပြရင် မင်းက ငါ့ကို သွားခွင့်ပြုတော့မှာ မဟုတ်ဘူး”

“ဟင့်အင်း၊ ကျွန်တော် ကတိပေးတယ်။ အဖေကို ဆိုင်လိုက်ပို့ ပေးမယ်။ ကျွန်တော့်ကိုသာ ပြောပြစမ်းပါ”

ယူဂျီသည် တာကာယူကီဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။ “တကယ် ပြောတာလား။ မင်း ငါ့စကားကို တကယ် ယုံမှာလား”

“တကယ်ပေါ့။ ကျွန်တော် ယုံပါ့မယ်။ ယောက်ျားကတိ”

“ကောင်းပြီလေ” ယူဂျီက ခေါင်းညိတ်ပြသည်။ “ဒါဆို ငါ မင်းကို ပြောပြမယ်”

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *