ဟာရုမိသည် ဤသတင်းကို မထင်မှတ်ဘဲ သိလာခဲ့ရသည်။ အသစ်လဲထားသော နောက်ဆုံးပေါ် လက်ကိုင်ဖုန်းပေါ်တွင် အချက်အလက်တချို့ကို ရှာဖွေနေစဉ် အဖြေရလဒ်တစ်ခုက သူ၏ အာရုံကို ညှို့ယူထားလိုက်သည်။ ‘နာမီယာကုန်စုံဆိုင် – တစ်ညတာ ပြန်လည် အသက်ဝင်ခြင်း’
နာမီယာကုန်စုံဆိုင် ….. ဟာရုမိအတွက် ဘယ်တော့မှ မေ့ပျောက်သွားလိမ့်မည် မဟုတ်သော၊ အတိအကျ ဆိုရလျှင် မေ့ပျောက်သွားနိုင်မည် မဟုတ်သော စကားစု ဖြစ်သည်။ ထိုခေါင်းစဉ်ကို တို့နှိပ်လိုက်သောအခါ သီးသန့်ဝက်ဆိုဒ်တစ်ခုသို့ ဝင်ရောက်သွားသည်။ ဝက်ဆိုဒ်ထဲတွင် ဤသို့ ရေးသားထားသည်။ စက်တင်ဘာလ ၁၃ ရက်နေ့သည် နာမီယာကုန်စုံဆိုင် ဆိုင်ပိုင်ရှင်၏ ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ထို့ကြောင့် ၎င်းဆိုင်တွင် ယခင်က အကြံဉာဏ် တောင်းခံခဲ့ဖူးကြသည့် လူများအား အသိပေးလိုသည်။ ထိုစဉ်က ရရှိခဲ့သော အကြံဉာဏ်များသည် ထိုသူတို့အတွက် အကျိုး ရှိမရှိ ဖြေကြားပေးစေလိုသည်။ ၁၃ ရက်နေ့ ည သုညနာရီမှ အရုဏ်မတက်ခင် အချိန်အထိ စပ်ကြားတွင် ဆိုင်၏ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်မှ စာထည့်၍ မိမိတို့၏ အတွေ့အကြုံများကို ပြောပြပေးကြပါရန် တောင်းခံထားသည်။
သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ ယခုလို ခေတ်ကာလမျိုးတွင် ဤဆိုင်နာမည်ကို နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့။ ဝက်ဆိုဒ်ကို စီမံသူမှာ ဆိုင်ရှင်၏ မြေးမြစ်များပင် ဖြစ်ရပေမည်။ ၃၃ နှစ်မြောက် နှစ်ပတ်လည်အတွက် ဂုဏ်ပြုအစီအစဉ်ကိုသာ ဖော်ပြထားပြီး တခြား ဘာမျှ ဟုတ်ဟုတ်ငြားငြား ရေးထားခြင်း မရှိပေ။
နောက်ပြောင် ကျီစယ်နေခြင်း ဖြစ်မည်လော။ ရှေးဦးစွာ သူ ထိုသို့ စဉ်းစားမိသည်။ သို့သော် ဤသို့ နောက်ပြောင်ခြင်းဖြင့် မည်သို့ အကျိုးရှိနိုင်ပါအံ့နည်း။ မည်သူကရော အချိန်ကုန်ခံ၍ နောက်ပြောင်နေပါမည်နည်း။ ဤစာကို လူ မည်ရွေ့မည်မျှက ဖတ်မိကြပြီး ထိုသူများထဲမှ မည်မျှလောက်က နာမီယာကုန်စုံဆိုင်ကို သိရှိကြအံ့နည်း။
ဟာရုမိ၏ စိတ်ကို ဖမ်းစားနိုင်စွမ်း အရှိဆုံး အချက်မှာ စက်တင်ဘာလ ၁၃ ရက်နေ့သည် မစ္စတာနာမီယာ၏ နှစ်ပတ်လည်နေ့ ဖြစ်နေခြင်းပင်။ မစ္စတာနာမီယာနှင့် နောက်ဆုံး စာဆက်သွယ်ခဲ့သည့် နေ့မှာလည်း တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့သော ၃၂ နှစ်က စက်တင်ဘာလ ၁၃ ရက်နေ့ ဖြစ်နေသည်။
နောက်ပြောင်ကျီစယ်နေခြင်း လုံးဝ မဖြစ်နိုင်။ မစ္စတာနာမီယာကို ဂုဏ်ပြုရန် ရည်ရွယ်သော အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုပင် ဖြစ်ရမည်ဟု ဟာရုမိ ယုံကြည်သည်။ ထို့သို့ဆိုလျှင် ပေယျာလကန် ပြု၍ မဖြစ်တော့။ စာတစ်စောင် ရေးကို ရေးရမည်။ ကျေးဇူးတင်စာ ဖြစ်ကြောင်း ရှင်းပြနေစရာပင် လိုအံ့မထင်။
သို့သော် နာမီယာကုန်စုံဆိုင် အမှန်တကယ် တည်ရှိနေခြင်း ရှိမရှိ ဆိုသည်ကိုမူ ကြိုတင် စုံစမ်းထားသင့်သည်။ သူသည် နှစ်စဉ်နှစ်တိုင်း တာမူရာအိမ်သို့ အကြိမ်ပေါင်းများစွာ ရောက်သည်ဟု ဆိုနိုင်သော်လည်း နာမီယာကုန်စုံဆိုင် ရှိရာဘက် အခြမ်းသို့ မရောက်ဖြစ်ခဲ့ပေ။
မာရူမစ်ဆူအန်သို့ သွားပြီး ဂေဟာကိစ္စများ ဆွေးနွေးတိုင်ပင်ရန် ချိန်းထားသည်နှင့် အခန့်သင့်ပင် ဖြစ်နေသည်။ ဂေဟာမှ အပြန်တွင် နာမီယာကုန်စုံဆိုင်သို့ တစ်ခဏ ဝင်ကြည့်နိုင်သည်။
ဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးသူမှာ တာဝန်ခံ မစ္စတာ ကာရိယပင် ဖြစ်သည်။
“မာရူမစ်ဆူအန်နဲ့ ပတ်သက်ပြီး မီနာဇုကိ မိသားစုက ကျွန်တော့်ကို အာဏာကုန် လွှဲအပ်ထားပါတယ်။ အခုအချိန်ထိ အုပ်ချုပ်ရေးအပိုင်းမှာ သူတို့ ဝင်ရောက် စွက်ဖက်ခြင်း မရှိပါဘူး” စကားပြောလိုက်တိုင်း သူ၏ ပါးလျသော မျက်ခုံးတို့က တွန့်လိမ် လှုပ်ရှားနေကြသည်။
“ဂေဟာရဲ့ ဘဏ္ဍာရေး အခြေအနေကို သူတို့ဆီ အမှန်အတိုင်း တင်ပြလိုက်ရင်ရော။ ဒါဆို သူတို့ တစ်မျိုးတစ်မည် စဉ်းစားချင် စဉ်းစားလာကြမှာပေါ့”
“စိတ် မပူပါနဲ့ဗျာ။ ကျွန်တော်ကလည်း သူတို့ကို ပုံမှန် အစီရင်ခံနေတာပါပဲ။ အစီရင်ခံစာကို ဖတ်ပြီးတဲ့နောက်လည်း သူတို့က ကျွန်တော့်ကိုပဲ ယုံကြည်စွာ လွှဲအပ်ထားဆဲပါ”
“ဒါဆို အဲဒီအစီရင်ခံစာ ကျွန်မကို ပြလို့ ရမလား”
“ဝမ်းနည်းပါတယ်ဗျာ။ အပြင်လူတစ်ယောက်ကို ပြလို့ မဖြစ်ပါဘူး”
“မစ္စတာကာရိယ၊ ရှင် အသေအချာ ပြန်ပြီး စဉ်းစားပါဦး။ ဒီအတိုင်းသာ ဆက်သွားနေရင် ဒီဂေဟာလည်း မွဲပြာကျသွားလိမ့်မယ်”
“အဲဒီ အတွက်တော့ ခင်ဗျား စိတ်ပူ မနေပါနဲ့ဗျာ။ ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံစည် လုပ်ဆောင်သွားမှာပါ။ အပြန်ခရီးလမ်း ဖြောင့်ဖြူးပါစေဗျာ” ကာရိယသည် ဆံပင်ကို ဆီရွှဲရွှဲနှင့် ပိနေအောင် ဖြီးထားသော သူ့ခေါင်းကို ညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ယနေ့အတွက်တော့ တော်လောက်ပြီဟု ဟာရုမိ ယူဆသည်။ လွယ်လွယ်နှင့် နောက်ဆုတ်လိမ့်မည်တော့ မဟုတ်။ မီနာဇုကိ မိသားစုကို ဖြောင်းဖြ ပြောဆိုသည့် နည်းလမ်းသာ ကျန်တော့သည်ဟု ဟာရုမိ တွေးသည်။
ကားရပ်နားကွင်းသို့ ရောက်သောအခါ ကားပေါ်တွင် ရွှံ့တုံးရွှံ့ခဲများ ပေရေနေသည်ကို တွေ့လိုက်ရသည်။ သို့ဖြင့် ဟာရုမိသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ ကလေးတချို့သည် နံရံပေါ်မှ ပြူတစ်ပြူတစ် လုပ်ကာ သူ့ကို ချောင်းကြည့်နေကြသည်။ သူ ပြန်ကြည့်နေသည်ကို မြင်လိုက်သည်နှင့် ဇက်များ ပုဝင်သွားကြပြန်သည်။ ဟာရုမိ သက်ပြင်းချလိုက်မိသည်။ မိမိကို လူဆိုးတစ်ယောက်နှယ် မှတ်ထင်နေကြပြီကော။ ကာရိယ၏ လက်ချက်ဖြစ်မည်မှာ ယုံမှားစရာ မရှိပေ။
သူသည် ရွှံများကို အမှုမထားဘဲ ကားစက်နှိုး၍ ထွက်လာခဲ့သည်။ ကားနောက်ကြည့်မှန်မှ ကြည့်လိုက်သောအခါ ကလေးများ အပြင်သို့ ပြေးထွက်လာသည်ကို တွေ့ရသည်။ သူ့ကို ကြည့်၍ တစ်စုံတစ်ရာ အော်နေကြသည်။ “ဘယ်တော့မှ ပြန်မလာနဲ့တော့” ဟူသော စကားမျိုး ဖြစ်ပေလိမ့်မည်။
စိတ်ထဲတွင် မအီမသာ ဖြစ်နေသော်လည်း ဟာရုမိသည် နာမီယာကုန်စုံဆိုင်ကို သွားကြည့်ရန် မမေ့ခဲ့ပေ။ မပီ ဝိုးတဝါး ဖြစ်နေပြီ ဖြစ်သော သူ၏ မှတ်ဉာဏ် အပိုင်းအစကို အားကိုးပြု၍ ကားကို ဘယ်ညာ ကွေ့လာခဲ့သည်။
မကြာခင်တွင် သူ ရင်းနှီးခဲ့ဖူးသော လမ်းကြောင်းကို တွေ့ရသည်။ လွန်ခဲ့သော နှစ် ၃၀ ကနှင့် နှိုင်းစာလျှင် များစွာ ပြောင်းလဲခြင်း မရှိ။
နာမီယာကုန်စုံဆိုင်သည်လည်း သူ စာလာထည့်ခဲ့စဉ် အချိန်ကကဲ့သို့ မူလနေရာ၌ပင် ပုံစံမပျက် တည်ရှိနေလေသည်။ ဆိုင်းဘုတ်ပေါ်မှ စာလုံးများသည် ပုံပျက်ကာ ဖတ်မရတော့ပြီ။ ယင်းလိပ်တံခါးမှာလည်း သံချေးအလိမ်းလိမ်း တက်နေသည်။ သို့သော် မြေးမလေးတစ်ယောက်ကို စောင့်ဆိုင်းနေသော အဘိုးအိုတစ်ယောက်ကဲသို့ နွေးထွေးနှစ်လိုသော အငွေ့အသက်များ ပျံ့နှံ့နေလေသည်။
ဟာရုမိသည် ကားကို ရပ်ပြီး မှန်ပြတင်းကို ချကာ နာမီယာကုန်စုံဆိုင်ကို စိုက်ကြည့်နေမိသည်။ တစ်ခဏကြာမှ တာမူရာအိမ်သို့ သွားရန် မောင်းထွက်လာခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့ည အလုပ်ဆင်းသော အခါတွင် ဟာရုမိသည် အိမ်သို့ ပြန်လာပြီး ကွန်ပျူတာကို ငေးလျက် ပြန်စာရေးရန် စဉ်းစားနေသည်။ စောစောစီးစီး ကြိုရေးထားမည်ဟု နဂိုက စိတ်ကူးထားသော်လည်း ယခုရက်ပိုင်း အလုပ်များနေသောကြောင့် မည်သိုမျှ အချိန်အား မရနိုင်ဘဲ ရှိနေခဲ့သည်။ တကယ်တမ်းတွင် ယနေ့ညလည်း အားလှသည်တော့ မဟုတ်။ ဧည့်သည်တစ်ယောက်နှင့် ညစာအတူစားရန် ဖိတ်ကြားခြင်း ခံထားရသည်။ သို့သော် အရေးကြီးသော အလုပ်တစ်ခု မပြီးပြတ်သေး၍ လုပ်စရာရှိသည်ဟု အကြောင်းပြကာ ယုံကြည်စိတ်ချရသော လက်အောက် ဝန်ထမ်းတစ်ယောက်ကို သူ့ကိုယ်စား ဧည့်ခံပွဲသို့ တက်ခိုင်းထားရသည်။
ကြည့်လိုက်၊ စစ်လိုက်၊ ပြန်ပြင်လိုက်နှင့် ည ၉ နာရီကျော်မှ စာရေး၍ ပြီးသည်။ ထို့နောက်မှ စာရေးစက္ကူပေါ်သို့ မိမိလက်ရေးဖြင့် ကူးရေးလေတော့သည်။ အရေးကြီး ပုဂ္ဂိုလ်တစ်ဦးထံသို့ စာရေးလိုလျှင် မိမိလက်ရေးဖြင့်သာ တလေးတစား ရေးသားရမည်ဟု ငယ်စဉ်ကတည်းက သူ ဤသို့ ခံယူထားသည်။
ကူးရေးထားသော စာကို နောက်တစ်ကြိမ် ပြန်ဖတ်ပြီး စိတ်တိုင်းကျပြီ ဆိုမှ သူသည် စာရွက်ကို ခေါက်ပြီး စာအိတ်ထဲသို့ ထည့်လိုက်သည်။ စာရေးစက္ကူနှင့် စာအိတ်တို့သည် ယနေ့ စာထည့်ရန်အတွက် တကူးတက ဝယ်ယူထားခြင်း ဖြစ်သည်။
သိမ်းဆည်းပြင်ဆင်ပြီး၍ အိမ်မှ ထွက်လာသောအခါ ည ၁၀ နာရီပင် ထိုးလုပြီ။ သူသည် သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းမိစေရန် သတိထားရင်း လီဗာကို နင်းလာခဲ့သည်။
နှစ်နာရီခန့် မောင်းနှင်ပြီးသောအခါ ဦးတည်ရာ နေရာအနီးသို့ ရောက်လာခဲ့သည်။ သူသည် နာမီယာကုန်စုံဆိုင်သို့ အရင်ဆုံး သွားမည်ဟု စိတ်ကူးထားသော်လည်း ၁၂ နာရီထိုးရန် အချိန်အနည်းငယ် လိုနေသေးသည်။ သို့ဖြင့် တာမူရာအိမ်သို့ အရင် သွားပြီး အဝတ်အစားအိတ်များကို သွားထားမည်ဟု ဆုံးဖြတ်လိုက်သည်။ ယနေ့ည တာမူရာအိမ်တွင် ညအိပ်မည် ဖြစ်သည်။
ဟာရုမိသည် တာမူရာအိမ်ကို ပိုင်ဆိုင်ပြီးနောက်တွင် မူလ သဘောတူညီချက်အတိုင်း ဟိဒေအိုကို ထိုအိမ်၌ ဆက်လက် နေထိုင်စေခဲ့သည်။ သို့သော် ဟိဒေအိုသည် ၂၁ ရာစုကို မမီလိုက်ချေ။ အဘွားဆုံးသောအခါ ဟာရုမိသည် အိမ်ကို အတန်ငယ် မွမ်းမံပြင်ဆင်လိုက်ပြီး သူ၏ အနားယူရာ အိမ်ဂေဟာအဖြစ် အသုံးချခဲ့သည်။ သူ၏ စိတ်ထဲတွင် တာမူရာအိမ်သည် သူ၏ ချက်မြှုပ်ရာ ဇာတိအိမ်ဖြစ်သည်။ ပတ်ဝန်းကျင်၏ စိမ်းလန်းသာယာမှုတို့သည် သူ့စိတ်ကို ချမ်းမြေ့ကြည်လင်စေသည်။
ယခုနှစ်များအတွင်း ဤအိမ်သို့ တစ်လ၊ နှစ်လကြာမှ တစ်ကြိမ်လောက်သာ လာတတ်သဖြင့် ရေခဲသေတ္တာထဲတွင် ငရုတ်ဆီပုလင်းနှင့် ရေခဲရိုက်ထားသော ပစ္စည်းတချို့မှ လွဲ၍ ဘာမျှ မရှိပေ။
တာမူရာအိမ်၏ အနီးပတ်ဝန်းကျင်တွင် လမ်းမီးတိုင် မရှိသောကြောင့် ပုံမှန်ဆိုလျှင် ယခုလို အချိန်၌ မှောင်မဲနေသည်။ သို့သော် ယနေ့ညတွင် လရောင်စမ်းနေသောကြောင့် အဝေးမှပင် အိမ်ကို လှမ်းမြင်နိုင်သည်။
ပတ်ဝန်းကျင်တွင်လည်း လူခြေတိတ်လျက် ရှိသည်။ ခြံဝင်းထဲတွင် ကားဂိုဒေါင် ရှိသော်လည်း ဟာရုမိသည် ကားကို လမ်းဘေးတွင်သာ ရပ်ထားခဲ့သည်။ အသစ်လဲရန် အဝတ်တချို့နှင့် အလှကုန်ပစ္စည်းများသာ ပါသော လက်ဆွဲအိတ်ကို ပခုံးတွင် လွယ်လျက် ကားပေါ်မှ ဆင်းခဲ့သည်။ လပြည့်ဝန်းသည် ကောင်းကင်ပြင်၌ ထိန်ထိန်သာလျက် ဝင်းပနေသည်။
ခြံတံခါးကို ဖြတ်၍ အိမ်တံခါးမကြီးကို ဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် မွှေးရနံ့တစ်ခုက နှာသီးဖျားသို့ တိုးဝင်လာသည်။ ဖိနပ်စင်ပေါ်တွင် တင်ထားသော အနံ့ပျောက် အမွှေးခဲတစ်ခဲက သူ့ကို ကြိုဆို နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတစ်ခေါက် သူ ရောက်ခဲ့စဉ်က သူ တင်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ကားသော့ကို ၎င်းနံ့သာခဲဘေးတွင် ချထားလိုက်သည်။
နံရံပေါ်ရှိ မီးခလုတ်ကို လက်ဖြင့် စမ်းကာ ဖွင့်လိုက်ပြီး ဖိနပ်ချွတ်၍ အိမ်ထဲသို့ ဝင်လာခဲ့သည်။ အနီးတွင် ညှပ်ဖိနပ် တစ်ရံ ရှိသော်လည်း အလုပ်ရှုပ်သည်ဟု ခံစားရသောကြောင့် ပုံမှန်အားဖြင့် ဝတ်လေ့ဝတ်ထ မရှိ။ ဧည့်ခန်းမအတိုင်း ဆက်ဝင်သွားလျှင် အဆုံး၌ အိပ်ခန်းတံခါး ရှိသည်။
သူသည် အိပ်ခန်းတံခါးကို ဖွင့်ပြီး နံရံပေါ်မှ မီးခလုတ်ကို စမ်းလိုက်သည်။ သို့သော် မီးခလုတ်ကို မစမ်းမိခင် သူ့လက်မှာ လမ်းခုလတ်တွင် ရပ်တန့်သွားသည်။ မူမမှန်သော အငွေ့အသက်တစ်ခုကို ခံစားရသောကြောင့် ဖြစ်သည်။ မဟုတ်။ အငွေ့အသက် မဟုတ်။ အနံ့အသက်။ မိမိနှင့် မည်သို့မျှ ပတ်သက် စပ်ဆိုင်ခြင်း မရှိသော အနံ့အသက်တစ်မျိုး။ ဤအိမ်ခန်းအတွင်း၌ ဤအနံ့မျိုး ရှိနေစရာ အကြောင်း မရှိ။
အန္တရာယ်နံ့ကို သတိထားမိသည်နှင့် သူ ချက်ချင်း နောက်ပြန် လှည့်လိုက်သည်။ သို့သော် ခလုတ်စမ်းနေခဲ့သော သူ၏ လက်တစ်ဘက်ကို လူတစ်ဦးတစ်ယောက်က ဖမ်းဆုပ်ထားခဲ့လေပြီ။ ဆတ်ခနဲ ဆောင့်ဆွဲခံလိုက်ရပြီး ဘာမှန်း မသိသော အရာတစ်ခုကြောင့် ပါးစပ်လည်း လှုပ်၍ မရတော့။ အကူအညီ တောင်းရန် အခွင့်အလမ်းပင် ပိတ်သွားခဲ့လေပြီ။
“မအော်နဲ့။ ငြိမ်ငြိမ်နေရင် ဘာမှ မဖြစ်စေရဘူး” နားထဲသို့ လူငယ်တစ်ယောက်၏ အသံတစ်သံ တိုးဝင်လာသည်။ သူ၏ နောက်ကျောမှ ဖြစ်သောကြောင့် ထိုသူ၏ မျက်နှာကိုတော့ မမြင်ရ။
ဟာရုမိ၏ အတွေးများ ချာချာလည်နေသည်။ အဘယ်ကြောင့် အိမ်ထဲတွင် သူစိမ်းတစ်ယောက် ရှိနေရသနည်း။ သူ ဒီအိမ်ထဲ ပုန်းအောင်းနေသည်မှာ အဘယ်အတွက်ကြောင့်နည်း။ အဘယ်ကြောင့် ယနေ့မှ ဤသို့သော ကံဆိုးသည့် အဖြစ်မျိုးနှင့် ကြုံရသနည်း။ မေးခွန်းပေါင်း များစွာက သူ့ခေါင်းထဲသို့ တရစပ် တိုးဝင်လာနေကြသည်။
ပြန်လည် တွန်းလှန်လိုစိတ်များ ပြင်းပြနေသော်လည်း ခန္ဓာကိုယ်ကတော့ နည်းနည်းမျှ လှုပ်မရပေ။ လေဖြတ်သွားသူ တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
“ဟေ့ … ရေချိုးခန်းထဲမှာ တဘက်တွေ ရှိတယ် မဟုတ်လား။ နည်းနည်း ယူလာခဲ့စမ်းပါ” အမျိုးသားတစ်ယောက်၏ အသံ။ သို့သော် ဘာတုံ့ပြန်မှုမှ ထွက်မလာ။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် နောက်တစ်ကြိမ် အော်လိုက်ပြန်သည်။ “တဘက် မြန်မြန် ယူလာခဲ့ပါဟ။ လှုပ်ပဲ့လှုပ်ပဲ့ လုပ်မနေစမ်းနဲ့”
အမှောင်ထဲတွင် လူရိပ်တစ်ခု ခပ်သွက်သွက် လှုပ်ရှားနေသည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ နောက်ထပ်တစ်ယောက် ရှိရပေဦးမည်။
ဟာရုမိသည် လေကို နှာခေါင်းမှ ခပ်ပြင်းပြင်း ရှူသွင်းနေမိသည်။ သူ၏ နှလုံးခုန်နှုန်းမှာ မူမှန်အဆင့်သို့ ပြန်မရောက်သေး။ သို့သော် တဖြည်းဖြည်းနှင့် ကျိုးကြောင်းဆင်ခြင်နိုင်သည့် အဆင့်သို့ ပြန်ရောက်လာသည်။ သူ့ပါးစပ်ကို ဖိထားသောအရာမှာ ရာဘာလက်အိတ် စွတ်ထားသော လက်တစ်ဘက်ဖြစ်ကြောင်း သူ သိမြင်လာပြီ။
ထိုစဉ်မှာပင် တခြား ယောက်ျားတစ်ယောက်၏ အသံက နားထဲသို့ တိုးဝင်လာသည်။ “မြန်မြန် လုပ်ပါကွ” သူ့နံဘေးမှ ထွက်ပေါ်လာသော အသံဖြစ်သည်။
“အတော် နှေးတဲ့ကောင်ပဲ” သူ့ကို ဖမ်းချုပ်ထားသော အမျိုးသားက လှမ်းအော်လိုက်သည်။ “သူ့အိတ်ကို မွှေကြည့်ကွာ။ အထဲမှာ ပိုက်ဆံအိတ်တော့ ပါမှာပေါ့”
သူ့အနောက်မှ လူတစ်ယောက်သည် ဟာရုမိ၏ အိတ်ကို ဆွဲယူသွားပြီး အိတ်ထဲသို့ မွှေနှောက်နေလေသည်။ များမကြာမီ “တွေ့ပြီ” ဟူသောအသံ ထွက်ပေါ်လာပြန်သည်။
“ပိုက်ဆံ ဘယ်လောက်ပါသလဲ”
“နှစ်သောင်း၊ သုံးသောင်းလောက်ပေါ့။ ကျန်တာတွေကတော့ ဘာကတ်တွေမှန်း မသိဘူး”
သက်ပြင်းချသံကို ဟာရုမိ ကြားလိုက်ရသည်။
“အဲဒီလောက် နည်းနည်းလေးပဲလားဟ။ ထားပါတော့ကွာ။ ပိုက်ဆံကို ယူခဲ့။ ကတ်တွေက သုံးစားလို့ မရဘူး”
“ပိုက်ဆံအိတ်ကရော။ နာမည်ကြီးတံဆိပ်ကွ”
“အဟောင်းတွေကို ဘာလုပ်ဖို့ ယူနေဦးမှာလဲ။ အဲဒီလက်ဆွဲအိတ်ကတော့ အသစ်ကျပ်ချွတ်ပဲ။ အဲဒါယူခဲ့”
တစ်ခဏကြာသောအခါ ခြေသံများ နီးကပ်လာပြန်သည်။ “ဒါဆို ရပြီလား” ထိုအသံရှင်မှာလည်း ငယ်ရွယ်သေးဟန် တူသည်။
“ရတယ်။ တစ်ထည်နဲ့ သူ့မျက်လုံးတွေကို လုံအောင် အုပ်ချည်ထား။ လက်တွေကိုလည်း နောက်ပြန် မြဲမြဲချည်။ လွတ်မသွားစေနဲ့ဦး”
ထိုလူသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ဟာရုမိ၏ မျက်လုံးများကို မျက်နှာသုတ်ပဝါဖြင့် အုပ်ချည်လေတော့သည်။ မျက်နှာသုတ်ပဝါပေါ်တွင် ဆပ်ပြာမှုန့်အနံ့က သင်းနေသည်။ သူ အသုံးပြုလေ့ရှိသော ဆပ်ပြာမှုန့်၏ မွှေးရနံ့။
မျက်နှာသုတ်ပဝါကို ဟာရုမိ၏ နောက်စေ့တွင် မြဲမြံစွာ ထုံးချည်ထားသည်။ ပြန်ဖြေဖို့ပင် တော်ရုံနှင့် မလွယ်နိုင်။
ထို့နောက် သူတို့သည် ဟာရုမိကို ကုလားထိုင်ပေါ်တွင် အထိုင်ခိုင်းပြီး လက်နှစ်ဘက်ကို ကုလားထိုင် နောက်မှီနှင့် တွဲလျက် လက်ပြန်ကြိုး တုပ်လိုက်သည်။ ခြေထောက် တစ်ဘက်စီကိုလည်း ထိုင်ခုံ ခြေထောက်တစ်ဘက်စီတွင် ချည်လိုက်ကြသည်။ ထိုသို့ ချည်နှောင်နေစဉ် ကာလတစ်လျှောက်လုံး ရာဘာလက်အိတ် စွတ်ထားသော လက်သည် သူ၏ ပါးစပ်ကို အားဖြင့် ဖိပိတ်ထားလေသည်။
“ကျုပ်တို့ ခင်ဗျားကို ပြောစရာ ရှိတယ်” ဟာရုမိ၏ ပါးစပ်ကို ပိတ်ထားသော အမျိုးသားထံမှ စကားသံ ထွက်ပေါ်လာသည်။ သူသည် သူတို့အားလုံး၏ ခေါင်းဆောင်ပင် ဖြစ်ရပေမည်။ “ခဏနေကျရင် ခင်ဗျား ပါးစပ်ကို လွှတ်ပေးမယ်။ အော်ကြီးဟစ်ကျယ်တော့ လုပ်မယ် မကြံနဲ့။ ကျုပ်တို့မှာ လက်နက်တွေ ပါတယ်။ အော်ရင်တော့ အသတ်ခံရပြီသာ မှတ်။ ကျုပ်တို့လည်း အဲဒီလိုမျိုး လုပ်ချင်တာ မဟုတ်ဘူး။ ခင်ဗျားသာ တိတ်တိတ်ဆိတ်ဆိတ် နေမယ်ဆိုရင် ခင်ဗျားကို ကျုပ်တို့ လက်ဖျားနဲ့တောင် မထိဘူး။ ခင်ဗျား သဘောတူမယ်ဆိုရင် ခေါင်းညိတ်ပြ”
ဟာရုမိအနေဖြင့် ငြင်းဆန်နေစရာ အကြောင်း မရှိပေ။ သို့ဖြင့် စကားဆုံးသည်နှင့် ခေါင်းညိတ်ပြလိုက်သည်။ ပါးစပ်ကို ဖိထားသော လက်လည်း ချက်ချင်း ပြေလျော့သွားလေသည်။
“စိတ်မကောင်းပါဘူး” ခေါင်းဆောင် အမျိုးသားက ပြောသည်။ “ခင်ဗျားလည်း အခုလောက်ဆို သိရောပေါ့။ ကျုပ်တို့က သူခိုးတွေဗျ။ ဒီည ဒီအိမ်မှာ လူမရှိလောက်ဘူးလို့ ကျုပ်တို့ ယူဆထားလို့ ဖောက်ဝင်လာခဲ့တာပဲ။ မထင်မှတ်ဘဲ ခင်ဗျားက ရုတ်တရက် ပြန်ရောက်လာတော့ ခင်ဗျားကို အခုလို ချည်ထားရတဲ့ အဖြစ်မျိုး ကျရောက်သွားတော့တာပဲ။ ဒီတော့ ကျုပ်တို့ကို စိတ်မဆိုးပါနဲ့”
ဟာရုမိက ဘာမျှ ပြန်မပြောဖြစ်။ သက်ပြင်းကိုသာ ချနေမိသည်။ မိမိကို ဤသို့ ခွေးချည် ဝက်ချည် ချည်ထားပြီးမှ သူတို့ကို စိတ်မဆိုးရန် တောင်းပန်နေပြန်သည်။ အဓိပ္ပာယ် မရှိသည့် ဖြစ်ခြင်း။ သို့သော် ထိုစကားကြောင့် သူ၏ စိုးရိမ်စိတ်များ အနည်းငယ် ပြေလျော့သွားသည်။ ထိုလူများသည် ပင်ကိုအားဖြင့် စိတ်ထား ဆိုးယုတ်ကြသူများ မဟုတ်ကြောင်း သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
“ကျုပ်တို့ လိုချင်တာ ရတာနဲ့ ဒီအိမ်ကနေ ချက်ချင်း ထွက်သွားမှာပါ။ ဒါပေမယ့် ကျုပ်တို့ အခုချိန်ထိ တန်ဖိုးရှိတဲ့ပစ္စည်း ဘာတစ်ခုမှ မည်မည်ရရ ရှာမတွေ့သေးလို့ ထွက်သွားဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ကျုပ်တို့ကို အမှန်အတိုင်း ဖြေပါ။ တန်ကြေးရှိတဲ့ ပစ္စည်းတွေ ဘယ်နားမှာ သွားသိမ်းထားသလဲ။ ဒီအခြေအနေ ရောက်နေမှတော့ ကျုပ်တို့လည်း ချေးများ မနေနိုင်ဘူး။ ဘာဖြစ်ဖြစ် အကုန်လုံးသာ ပြောပြ”
ဟာရုမိသည် အသက်ကို မှန်မှန် ရှူပြီးမှ စပြောလေသည်။ “ဒီအိမ်မှာ ဘာမှ ရှိတာ မဟုတ်ဘူး”
ထိုသူ့ထံမှ ‘ဟွန်း’ ဟူသော နှာမှုတ်သံကို ကြားလိုက်ရသည်။
“ဟုတ်ပါ့မလား။ မဖြစ်နိုင်တာ။ ခင်ဗျားရဲ့ အကြောင်းကို ကျုပ်တို့ စုံစမ်းထားပြီးပြီ။ ခင်ဗျား ညာနေလည်း အပိုပဲ”
“ကျွန်မ မညာပါဘူး” ဟာရုမိက ခေါင်းခါပြသည်။ “စုံစမ်းထားပြီးပြီ ဆိုရင် ကျွန်မ ဒီအိမ်မှာ အမြဲ မနေဘူးဆိုတာကိုလည်း ရှင်တို့ သိပြီးလောက်ရောပေါ့။ ဒါကြောင့် ပိုက်ဆံ မပြောနဲ့၊ တန်ကြေးရှိတဲ့ပစ္စည်း ဘာတစ်ခုမှ ဒီအိမ်မှာ မထားထားဘူး”
“အဲဒီလို ဆိုပေမယ့် ပစ္စည်းတစ်ခုခုတော့ ရှိရဦးမှာပေါ့ဗျာ” စိတ်လှုပ်ရှားသောကြောင့် သူ၏ အသံက အနည်းငယ် တုန်ခါနေသည်။ “သေသေချာချာ စဉ်းစားပါဦး။ ရှိကို ရှိရမှာပေါ့။ ခင်ဗျား စဉ်းစားလို့ မရမချင်း ကျုပ်တို့ကလည်း ဒီအိမ်က ခွာမှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားလည်း စားသာမယ် မထင်နဲ့”
မပြောပြလျှင် သူပြောသည့်အတိုင်း ဒုက္ခခံရနိုင်သည်မှာ မှန်သော်လည်း ဤအိမ်ကြီးတွင် တန်ကြေးရှိသည့် ဘာပစ္စည်းမျှ မရှိသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ဟိဒေအို ချန်ထားခဲ့သည့် လက်ဝတ်ရတနာများပင် တိုကျိုရှိ ကွန်ဒိုတိုက်ခန်းသို့ အကုန်လုံး ရွှေ့ပြောင်းထားပြီး ဖြစ်သည်။
“ဘေးနားက အိပ်ခန်းထဲမှာ အံဝှက်တစ်ခု ရှိတယ်။ အဲဒီအထဲမှာ သိမ်းထားတဲ့ ရေနွေးခရား အချိုစုံက နာမည်ကြီး ကြွေထည်ပညာရှင် တစ်ယောက်ရဲ့ လက်ရာပစ္စည်းပဲ”
“ကျုပ်တို့ အဲဒါကို ယူပြီးပြီ။ ပြီးတော့ နံရံပေါ်က လက်ရေး စာပန်းချီကားကိုလည်း ရပြီးပြီ။ နောက်ထပ် ဘာရှိသေးလဲ”
ဟိဒေအို ယခင်က ပြောခဲ့ဖူးသည်။ အချိုစုံသည် ပစ္စည်းမှန် ဖြစ်သော်လည်း စာပန်းချီကားမှာမူ ပုံနှိပ်ကားသာ ဖြစ်သည်။ ထိုကိစ္စကို အသိမပေးမှ တော်ပေမည်။
“အပေါ်ထပ် အိပ်ခန်းထဲမှာရော ရှင်တို့ ရှာပြီးပြီလား။ မြက်ဖျာ ၈ ချပ်ခန်းကြီးလေ”
“အကုန်လုံး မွှေပြီးသွားပြီ။ တန်ဖိုးရှိတဲ့ ပစ္စည်း ဘာတစ်ခုမှ မတွေ့ဘူး”
“မှန်တင်ခုံက အံဆွဲထဲကိုရော? အပေါ်ကနေ ရေရင် ဒုတိယမြောက် အံဆွဲက အထပ်နှစ်ထပ် ပါတယ်။ အောက်ထပ်မှာ လက်ဝတ်လက်စားတွေ ထည့်ထားတယ်။ အဲဒီနေရာကိုရော ရှင်တို့ ကြည့်ပြီးပြီလား”
ထိုသူ့အထံမှ ဘာမျှ ပြန်မကြားရ။ သူတို့အချင်းချင်း မျက်စပစ်၍ မေးမြန်းနေပုံ ရသည်။
“မင်း သွားကြည့်လိုက်စမ်း” ထိုသူက ပြောသည်။ ထို့နောက် အနားမှ ထွက်ခွာသွားသော ခြေသံတစ်သံကို ကြားနေရသည်။
၎င်းမှန်တင်ခုံကို ဟိဒေအို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော ရှေးဟောင်း လက်ရာများကို သဘောကျသောကြောင့် ဟာရုမိ၏ မှန်တင်ခုံကို မပစ်ရက်ဘဲ သိမ်းဆည်းထားခဲ့သည်။ အံဆွဲထဲတွင် လက်ဝတ်လက်စား တချို့ အမှန်ပင် ရှိသည်။ သို့သော် ဟာရုမိ၏ ဥစ္စာတော့ မဟုတ်။ ဟိဒေအို၏ သမီး ခိုးကို အပျိုဘဝက စုဆောင်းထားသော ပစ္စည်းများသာ ဖြစ်သည်။ ဟာရုမိသည် ထိုပစ္စည်းများကို တစ်ခါမျှ စေ့စေ့စပ်စပ် မကြည့်ခဲ့ဖူးပေ။ သို့သော် တန်ကြေးမရှိမှန်း အလိုလို သိနေသည်။ အကယ်၍ တန်ကြေး တစ်စုံတစ်ရာ ရှိခဲ့ပါမူ ခိုးကိုသည် အိမ်ထောင်ပြုစဉ်က သူနှင့် တစ်ပါးတည်း ယူဆောင်သွားမည်ဟု ဧကန်မုချ။
“ရှင်တို့က ကျွန်မကိုမှ ရွေးပြီး ဘာဖြစ်လို့ အခုလို လုပ်ရတာလဲ။ ….. ဘာဖြစ်လို့ ဒီအိမ်ကိုမှ ရွေးခဲ့ရတာလဲ” ဟာရုမိက မေးသည်။
“ဘာရယ် မဟုတ်ပါဘူး” တစ်ခဏတာ ဆိုင်းငံ့နေပြီးမှ ခေါင်းဆောင် အမျိုးသားက အဖြေပေးသည်။ “ဒီလိုပဲ ရှာတွေ့တာပေါ့”
“ဒါဆို ကျွန်မအကြောင်းကို ဘာလုပ်ဖို့ စုံစမ်းနေစရာ လိုဦးမလဲ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့”
“လျှာမရှည်ပါနဲ့။ အဲဒီကိစ္စက အရေးကြီးတာ မဟုတ်ဘူး”
“ဘာလို့ အရေးမကြီးရမှာလဲရှင်။ ကျွန်မ အရမ်း သိချင်နေတယ်”
“တော်ဗျာ။ အရေးမကြီးဘူးဆို မကြီးဘူးပေါ့။ ပါးစပ် ပိတ်ထားစမ်းပါ”
ယခုလို အခြေအနေမျိုးတွင် သူပြောသည့်အတိုင်း ပါးစပ်ပိတ်ထားသည်က ပိုကောင်းမည်ဟု ဟာရုမိ ယူဆသည်။ သူတို့ကို ကလန်ကဆန် လုပ်၍ မဖြစ်။
အေးတိအေးစက် နိုင်လှသော တိတ်ဆိတ်ခြင်းကို အသံတစ်သံက ဖြိုခွဲပစ်လိုက်သည်။ “ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ ရမလား” ခေါင်းဆောင်၏ အသံမဟုတ်။ စကားပြောသည့် လေသံက ထင်မှတ်မထားလောက်အောင် ချိုသာလွန်းနေသည်။
“ဟေ့ကောင်” ခေါင်းဆောင်လုပ်သူက လှမ်းငေါက်သည်။ “မင်းက ဘာစပ်စုချင်သေးတာလဲ”
“ကိစ္စတစ်ခု ငါ သူ့ကို မေးကြည့်ချင်တယ်”
“တော်စမ်းပါကွာ”
“ရှင် ဘာသိချင်တာလဲ” ဟာရုမိက ပြောသည်။ “မေးလေ”
လူတစ်ယောက်က မကျေနပ်သည့် သဘောဖြင့် တောက်ခေါက်လိုက်သည်။ ခေါင်းဆောင်လုပ်သူပင် ဖြစ်ရပေမည်။
“ဟော်တယ် ပြောင်းဖွင့်မလို့ဆိုတာ တကယ်ပဲလား” တခြား အမျိုးသားတစ်ယောက်က မေးသည်။
“ဟော်တယ်? ဘာဟော်တယ်လဲ”
“မာရူမစ်ဆူအန်ကို ဖျက်ချပြီး ဇိမ်ဟော်တယ် ပြောင်းဆောက်မလို့ဆို”
မာရူမစ်ဆူအန် ဆိုသည့် စကားကို အမှတ်မထင် ကြားလိုက်ရသောကြောင့် ဟာရုမိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုသို့ဆိုလျှင် ဤလူများသည် မစ္စတာကာရိယနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေကြပေတော့မည်။
“ကျွန်မမှာ အဲဒီလို အစီအစဉ် မရှိပါဘူး။ မာရူမစ်ဆူအန်ကို ပြန်ပြီး ပြုပြင်ပေးချင်ရုံ သက်သက်ပါ”
“ခင်ဗျား စကားတွေက အလိမ်အညာတွေပါ ဆိုတာကို လူတိုင်း သိတယ်ဗျ” ခေါင်းဆောင်လုပ်သူက ဝင်ပြောလာသည်။ “ခင်ဗျားတို့ ကုမ္ပဏီက အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ပြန်မွမ်းမံပြီး ငွေများများဝင်အောင် လုပ်စားနေကြတာပဲ။ ပြီးတော့ အရင်ကလည်း ခရီးသွားတွေ တည်းတဲ့ ဟော်တယ်ကို ဇိမ်ဟော်တယ် ဖြစ်အောင် ပြောင်းပစ်ဖူးတယ် မဟုတ်လား”
“အဲဒီလို တကယ် လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုကိစ္စက အဲဒါနဲ့ ဘာမှ မဆိုင်ဘူးလေ။ မာရူမစ်ဆူအန် ကိစ္စက ကျွန်မ တစ်ယောက်တည်းရဲ့ ဆန္ဒနဲ့ လုပ်နေတာ”
“ရွှီးမနေပါနဲ့ဗျာ”
“ကျွန်မ မညာပါဘူး။ ခပ်ဘွင်းဘွင်း ပြောရရင် အဲဒီလို ခေါင်တဲ့ နေရာမျိုးမှာ ဇိမ်ဟော်တယ် သွားဆောက်တော့ရော ဘယ်ကလာ ဧည့်သည်ရမှာလဲ။ ကျွန်မ အဲဒီလောက် တုံးတဲ့ အလုပ်မျိုး မလုပ်ပါဘူး။ ယုံလိုက်စမ်းပါ။ ကျွန်မက အားနည်းတဲ့ သူတွေဘက်က အမြဲ ရပ်တည်ပေးနေတာပါ”
“တကယ် ပြောနေတာလား”
“အလကား ဟုတ်ပါ့မလားကွာ။ သူ့စကားကို သွား မယုံလိုက်လေနဲ့။ ဘာတုန်း အားနည်းသူဘက်မှာ ရပ်တည်တယ်လေး ဘာလေးနဲ့။ ငွေ ကောင်းကောင်း မဝင်နိုင်ဘူးလို့ သိတာနဲ့ တပြိုင်နက် တစ်ခါတည်း အဝေးကို ကန်ထုတ်ပစ်လိုက်တာပဲ မဟုတ်လား”
စကားဆုံးသောအခါ အောက်ထပ်သို့ ဆင်းလာသော ခြေသံများကို ကြားလာရသည်။
“အဲဒီလောက် ကြာရအောင် မင်း ဘာတွေ လုပ်နေတာလဲ” ခေါင်းဆောင်လုပ်သူက ပြစ်တင်မောင်းမဲနေသည်။
“ငါ အံဆွဲ အောက်အထပ်ကို ဘယ်လို ဖွင့်ရမှန်း မသိဘူး ဖြစ်နေတာ။ အခုတော့ ရသွားပြီ။ မိုက်တယ်ကွ။ ဒီဟာ ကြည့်ကြည့်”
ဂလုတ်ဂလက်အသံများ မြည်နေသည်။ အံဆွဲတစ်ခုလုံး ဖြုတ်ယူလာဟန် တူသည်။
ကျန် အမျိုးသားနှစ်ဦးက နှုတ်ဆိတ်နေသည်။ မည်သို့ပင် ကြည့်ကြည့် ရှေးဟောင်းပစ္စည်းများနှင့် တူနေသော ထိုလက်ဝတ်လက်စားများကို မည်မျှ တန်ကြေးရှိသည်ဟု သူတို့ လုံးဝ ခန့်မှန်းတတ်မည် မဟုတ်ပေ။
“မတတ်နိုင်ဘူးကွာ” ခေါင်းဆောင်လုပ်သူက ပြောသည်။ “ဘာမှ မရတာထက် စာရင်တော့ တော်သေးတာပေါ့။ အဲဒါတွေ ထည့်ခဲ့ကွာ။ မြန်မြန်လစ်ကြစို့”
ဟာရုမိ၏ နားထဲသို့ အဝတ်စ ပွတ်တိုက်သံများ ကြားနေရသည်။ ထို့နောက် ဇစ်ဖွင့်သံ၊ ပိတ်သံ။ သူတို့ ခိုးထားသမျှ ပစ္စည်းများကို လက်ဆွဲအိတ်ထဲ စုထည့်နေခြင်း ဖြစ်ရပေမည်။
“သူ့ကို ဘယ်လို လုပ်ကြမလဲ” မာရူမစ်ဆူအန်အကြောင်း မေးသော အမျိုးသားက ပြောသည်။
“တိတ်ခွေပေးစမ်း” တစ်ခဏတာ တုံ့ဆိုင်းနေပြီးမှ ခေါင်းဆောင်လုပ်သူက ပြောသည်။ “အော်လားပြုလား လုပ်ရင် စောက်ပြဿနာ တက်ကုန်လိမ့်မယ်”
တိတ်ဆွဲသံ၊ ဖြတ်သံများ ပေါ်လာပြီးနောက် ဟာရုမိ၏ ပါးစပ်ကို တိတ်ဖြင့် ပိတ်လိုက်ကြလေသည်။
“ဒီအတိုင်း ပစ်ထားလို့လည်း မဖြစ်သေးဘူးကွ။ ဒီအိမ်ထဲကို နောက်ထပ် ဘယ်သူမှ ထပ်ရောက်မလာတော့ဘူး ဆိုရင် သူက ငတ်ပြီး သေသွားတော့မှာပေါ့”
တစ်ခဏကြာ တိတ်ဆိတ်သွားပြန်သည်။ ကြည့်ရသည်မှာ အမှုကိစ္စအားလုံးကို ခေါင်းဆောင်လုပ်သူက ဆုံးဖြတ်နေပုံ ရသည်။
“ငါတို့ ဘေးကင်းရန်ကင်း ထွက်ပြေးနိုင်ပြီ ဆိုမှ သူ့ကုမ္ပဏီဆီ ဖုန်းဆက်ပြီး သူတို့ရဲ့ ဥက္ကဋ္ဌ ကြိုးအတုပ်ခံထားရကြောင်း ပြောပြလိုက်ရုံပေါ့။ ဒါဆို ဘာပြဿနာမှ မရှိတော့ဘူး”
“သူ အိမ်သာတက်ချင်ရင် ဘယ်လို လုပ်မလဲ”
“အောင့်ထားရုံ ရှိတာပေါ့ကွ”
“အောင့်နိုင်ပါ့မလား” လေသံကို နားထောင်ရသည်မှာ ဟာရုမိကို မေးမြန်းနေသယောင်။
သူက ခေါင်းညိတ်ပြလိုက်သည်။ လတ်တလောတွင် အိမ်သာ တက်ချင်စိတ် လုံးဝ မရှိသည်မှာ အမှန်။ အကယ်၍ သူတို့က သူ့ကို အိမ်သာသို့ လိုက်ပို့ပေးမည် ဆိုလျှင်လည်း သူက ငြင်းဆန်မည်သာ။ ယခုအချိန်တွင် သူ အတောင့်တဆုံးမှာ သူတို့ ဤအိမ်ထဲမှ အမြန်ဆုံး ထွက်သွားရေးပင် ဖြစ်သည်။
“ကဲ လစ်စို့။ ဘာပစ္စည်းမှ မကျန်ခဲ့ဘူးမလား” ခေါင်းဆောင်လုပ်သူ၏ စကားဆုံးသည်နှင့် သုံးယောက်သား ထွက်ခွာသွားကြသည်။ ခြေသံများသည် ဝေးသည်ထက် ဝေးသွားကြပြီး အိမ်ပေါက်ဝသို့ပင် ရောက်သွားလောက်ပြီ။
တစ်ခဏကြာသောအခါ ထိုသူ သုံးယောက်၏ အပြန်အလှန် စကားပြောသံများ ခပ်သဲ့သဲ့ ကြားလာရသည်။ ထိုစကားများထဲတွင် ‘ကားသော့’ ဟူသော စကားလုံးကိုသာ သဲသဲကွဲကွဲ ကြားလိုက်ရသည်။
ကားသော့ကို ဖိနပ်စင်ပေါ်တွင် ထားခဲ့မိသည်ကို သတိရသွားပြီး ဟာရုမိ အထိတ်တလန့် ဖြစ်သွားသည်။
သွားပြီ။ သူသည် အံကို ခပ်တင်းတင်း ကျိတ်လိုက်သည်။ လမ်းဘေးတွင် ရပ်ထားသော သူ့ကား၏ ဘေးခုံပေါ်တွင် သူ၏ ဟန်းဘတ်အိတ်ကို ချထားခဲ့သည်။ ကားပေါ် မဆင်းခင်က လက်ဆွဲအိတ်ထဲမှ ထုတ်၍ တင်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့ လက်ဆွဲအိတ်ထဲတွင် ရှာတွေ့သွားသော ပိုက်ဆံအိတ်မှာ အရံဆောင်အိတ်မျှသာ ဖြစ်သည်။ ပုံမှန် အသုံးပြုနေသော ပိုက်ဆံအိတ်မှာ ဟန်းဘတ်အိတ်ထဲတွင် ရှိသည်။ ထိုအထဲတွင် ငွေသားချည်း ယန်း နှစ်သိန်းကျော် ရှိနေသည်။ ထို့နောက် ဘဏ်ကတ်များ။
သို့သော် ဟာရုမိ စိုးရိမ်ပူပန်နေသည်မှာ ပိုက်ဆံအိတ် မဟုတ်။ အကယ်၍ သူတို့ ပိုက်ဆံအိတ်ကိုသာ ထုတ်ယူသွားလျှင် သူတို့ကို ကျေးဇူးပင် တင်ရဦးတော့မည်။ သို့သော် သူတို့ ဤသို့ လုပ်ကြလိမ့်မည် မထင်။ အမြန် ထွက်ပြေးရန်သာ တာဆူနေသောကြောင့် အထဲတွင် ဘာရှိသည်ကို စစ်ဆေးမနေနိုင်အားဘဲ အကုန်လုံး သယ်ချသွားပေတော့မည်။
ဟန်းဘတ်အိတ်ထဲတွင် နာမီယာကုန်စုံဆိုင်သို့ ရေးထားသော စာ ရှိနေသည်။ ထိုစာကို သူ ယူမသွားစေလို။
သို့သော် သေချာ ပြန်စဉ်းစားကြည့်လျှင် ဘာမျှတော့ ထူးမည် မဟုတ်ပေ။ အကယ်၍ စာအိတ်ကို ချန်ထားပေးခဲ့သည်ပဲ ရှိစေဦးတော့။ ယခုလက်ရှိ အခြေအနေအရ ဆိုလျှင် သူ ဘာများ လုပ်နိုင်ဦးမည်နည်း။ အနည်းဆုံး မိုးမလင်းခင် အချိန်ထိ သူ အနည်းငယ်မျှပင် လှုပ်၍ မရ။ နာမီယာကုန်စုံဆိုင်သည် တစ်ညတည်းသာ ပြန်လည် အသက်ဝင်မည် ဖြစ်၍ အရုဏ်ဦး နေရောင်နှင့်အတူ အစီအစဉ်အားလုံး နိဂုံးချုပ်သွားပေမည်။
ဟာရုမိအနေဖြင့် အနည်းဆုံး ကျေးဇူးတင်စကားတော့ ပြောလိုက်ချင်သည်။ မစ္စတာနာမီယာ၏ အကူအညီကြောင့် အင်မတန် ထက်မြက်သော စွမ်းပကားများ ပိုင်ဆိုင်လာခဲ့ရသည်။ နောက်နောင်တွင် မိမိသည်လည်း မစ္စတာနာမီယာကဲ့သို့ လူအများကို တတ်စွမ်းသမျှ ကူညီပေးသွားမည်။ – သူသည် စာထဲတွင် ထိုသို့ ရေးသားထားခဲ့သည်။
သို့သော် အဘယ် ကြမ္မာဆိုးကြောင့် ဤသို့သော အဖြစ်မျိုး ကြုံတွေ့နေရသနည်း။ အဘယ်ကြောင့် ဒုက္ခသည် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသနည်း။ သူ ဘာများ အမှားလုပ်ခဲ့မိသနည်း။ မှတ်မိသမျှ သူ၏ မှတ်ဉာဏ်ထဲတွင် မည်သူ့ကိုမျှ ဆိုးယုတ်သော စိတ်ဖြင့် ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးချေ။ မိမိ၏ ဘဝရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန်အတွက်သာ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။
ထိုသို့ စဉ်းစားနေစဉ် ခေါင်းဆောင်လုပ်သူ၏ စကားတစ်ခွန်းကို ရုတ်တရက် ပြန်လည် ကြားယောင်လာမိသည်။ ‘ဘာတုန်း အားနည်းသူဘက်မှာ ရပ်တည်တယ်လေး ဘာလေးနဲ့။ ငွေ ကောင်းကောင်း မဝင်နိုင်ဘူးလို့ သိတာနဲ့ တပြိုင်နက် တစ်ခါတည်း အဝေးကို ကုန်ထုတ်ပစ်လိုက်တာပဲ မဟုတ်လား’
ထိုစကားက သူ့နားထဲသို့ ဆောင့်ဝင်လာပြန်သည်။ သူ မည်သည့်အချိန်က ထိုသို့သော ကိစ္စမျိုးကို ပြုလုပ်ခဲ့ဖူးသနည်း။
သို့သော် သူ၏ အတွေးအာရုံတွင် လူတစ်ယောက်၏ မျက်နှာရုပ်သွင်တစ်ခု ထင်ပေါ်လာသည်။ မျက်ရည်များနှင့် စိုစွတ်နေသော ဂျပန်ပေါက်စီ ဆိုင်ပိုင်ရှင်၏ မျက်နှာပြင်တစ်ခု။
ဟာရုမိသည် နှာခေါင်းမှ လေပူများကို မှုတ်ထုတ်လိုက်သည်။ မျက်စိ၊ လက်ခြေများ တုတ်နှောင်ခံထားရသည့် အခြေအနေမှာပင် သူ မချိပြုံး ပြုံးလိုက်မိသည်။ မိမိ၏ ရည်မှန်းချက်အတွက် အမှန်တကယ်ပင် ရှေ့သို့သာ ဦးလှည့်မသုန် တန်းတန်းမတ်မတ်ကြီး လျှောက်သွားနေခဲ့သည်။ သို့သော် အာရုံစူးစိုက်မှုက တစ်နေရာတည်းသို့သာ ကျရောက်နေသောကြောင့် ဖြစ်မည် ထင်သည်။ သူ၏ အမြင်အာရုံထဲတွင် တူရှုရာက လွဲ၍ ဘာမျှ မမြင်ခဲ့။ ယခု အဖြစ်အပျက်မှာ ဝဋ်လည်ခြင်း မဟုတ်။ အချက်ပေး ခေါင်းလောင်းသံမျှသာ။ လူအများအပေါ် ယခင်ကထက် ပိုမို စာနာ နားလည်တတ်ရန် သတိပေးနေခြင်း ဖြစ်သည်။
တကယ်တော့ ဂျပန်ပေါက်စီဆိုင်ကို သူ အကူအညီ ပေးခဲ့သင့်သည်။