မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (ည)

အရုဏ်တက်ချိန်သို့ နီးကပ်လာခဲ့ပြီ။

အဆုယာသည် စာရေးစက္ကူဖြူ တစ်ရွက်ကို စိုက်ကြည့်နေသည်။ “ဒါမျိုးကိစ္စက တကယ်ရော ဖြစ်နိုင်ပါ့မလားကွာ”

“ဘယ်ကိစ္စကို ပြောတာလဲ” ရှိုတာက မေးသည်။

“ဒီအိမ်ကြီးက အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်စပ်ပေးထားတယ် ဆိုတဲ့ ကိစ္စပေါ့ကွ။ ဟိုးအတိတ်က စာတွေက ငါတို့ဆီ ရောက်လာပြီး နွားနို့သေတ္တာထဲကို ငါတို့ ထည့်လိုက်တဲ့ စာတွေက ကျတော့ အတိတ်က လူတွေဆီ ရောက်သွားကြတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား”

“ရော … အခုချိန်ထိ မင်းက အဲဒီမေးခွန်းကို မေးနေတုန်းလားဟ” ရှိုတာက မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒီလို တကယ် ဖြစ်နေလို့ပဲ ငါတို့ သူများနဲ့ စာဆက်သွယ်လို့ ရနေတာပေါ့”

“အတော်တော့ ထူးဆန်းတဲ့ ကိစ္စပဲ” ယခု ဝင်ပြောသူမှာ ကိုဟိုင် ဖြစ်သည်။ “ဒီကိစ္စက ‘နာမီယာကုန်စုံဆိုင် တစ်ညတာ ပြန်လည် အသက်ဝင်ခြင်း’ ဆိုတာနဲ့ ပတ်သက်နေမယ် ထင်တယ်”

“ကြည့်ကြသေးတာပေါ့” အဆုယာက စက္ကူလွတ် တစ်ရွက်ကို ယူပြီး မတ်တတ်ရပ်လိုက်သည်။

“မင်း ဘယ်သွားမလို့လဲ” ရှိုတာက မေးသည်။

“လက်တွေ့ စမ်းသပ်ကြည့်မလို့”

အဆုယာသည် နောက်ဖေးတံခါးမှ ထွက်ပြီး တံခါးကို အသေအချာ ပိတ်ထားခဲ့သည်။ ထို့နောက် လမ်းကြားလေးမှ ဖြတ်ကာ ဆိုင်ရှေ့ တံခါးဆီသို့ လျှောက်သွားသည်။ ဗလာစာရွက်ကို လေးခေါက် ခေါက်ပြီး ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်မှ စာရွက်ခေါက်ကို ထိုးထည့်လိုက်သည်။ ထို့နောက် နောက်ဖေးတံခါးမှ တစ်ဆင့် အိမ်ထဲသို့ ပြန်ဝင်လာပြီး ဆိုင်ခန်းအတွင်းသို့ သွားကာ ယင်းလိပ်တံခါး၏ ဤမှာဘက်ခြမ်းကို အသေအချာ ငုံ့ကြည့်နေတော့သည်။ ဆိုင်အပြင်ဘက်မှ ထိုးထည့်လိုက်သော စက္ကူခေါက်သည် ပုံမှန်အားဖြင့် ဆိုလျှင် အတွင်းဘက်သို့ ရောက်ရှိပြီး ကြမ်းပြင်ပေါ်တွင် ကျနေရမည်။ သို့သော် အောက်တွင် ခံထားသော ကတ်စက္ကူပုံးထဲတွင် ဘာကိုမျှ မတွေ့ရချေ။

“ငါ ထင်ထားတဲ့အတိုင်းပဲ” ရှိုတာသည် ယုံကြည်မှု အပြည့်ရှိသော လေသံဖြင့် ပြောသည်။ “အခုချိန်မှာသာ ဒီဆိုင်ရဲ့ အပြင်ဘက်ကနေ စာတစ်စောင် ထိုးထည့်လိုက်ရင် အဲဒီစာဟာ လွန်ခဲ့တဲ့ ၃၂ နှစ်ကို ရောက်သွားတော့မှာ။ ဒါကိုပဲ ‘တစ်ညတာ အသက်ဝင်ခြင်း’ လို့ ခေါ်တာ နေမှာ။ ငါတို့ အခု ကြုံတွေ့ရတာကတော့ သူရဲ့ ပြောင်းပြန်သက်ရောက်မှု ပေါ့ကွာ”

“ဒါဆို ဒီမှာ မိုးလင်းသွားတာနဲ့ လွန်ခဲ့တဲ့ ၃၂ နှစ်က အတိတ်မှာ …….”

ရှိုတာက အဆုယာ၏ စကားကို ဖြည့်ပြောလိုက်သည်။ “အဘိုးကြီး ဂိသွားမှာပေါ့။ နာမီယာကုန်စုံဆိုင်ရဲ့ ပိုင်ရှင်လေ”

“အဲဒီလိုပဲ ကောက်ချက်ချရတော့မှာပေါ့” အဆုယာသည် ‘ဟူး’ ဟူ၍ ထွက်သက်ကို ခပ်ရှည်ရှည် မှုတ်ထုတ်လိုက်သည်။ အမှန်တကယ်ပင် ထူးထွေဆန်းပြားသော ကိစ္စ ဖြစ်သည်။ သို့သော် တခြားသော ဖြေရှင်းချက်လည်း ပေးစရာ မရှိ။

“ဟိုကလေးမလေး ဘယ်လို ဖြစ်သွားလဲ မသိဘူး” ကိုဟိုင်က တွေးဆနေသည့် အမူအရာဖြင့် ပြောသည်။ အဆုယာနှင့် ရှိုတာတို့ နှစ်ယောက်စလုံး၏ အကြည့်များ သူ့ထံသို့ ရောက်သွားကြသည်။ သူ တွန့်သွားသည်။ “တွေဝေတဲ့ပါပီကို ပြောတာလေ။ ငါတို့ရဲ့ ပြန်စာက သူ့အတွက် အကျိုးရော ရှိပါ့မလား မသိဘူး”

“မပြောတတ်ဘူး” အဆုယာ အနေဖြင့် ဤမျှသာ ပြန်ဖြေနိုင်သည်။ “ဒါပေမယ့် တော်တန်ရုံ လူကတော့ ယုံမှာ မဟုတ်ဘူး”

“အေးလေကွာ။ ဘယ်လိုပဲ တွေးကြည့် တွေးကြည့်၊ သံသယ ဖြစ်စရာချည်းပဲကိုး” ရှိုတာက ခေါင်းကုတ်နေသည်။

‘တွေဝေတဲ့ပါပီ’ ၏ တတိယမြောက် ပေးစာကို ဖတ်ပြီးသောအခါ အဆုယာတို့ စိတ်ပူပန်သွားခဲ့ကြသည်။ အခြေအမြစ် မရှိသော လူတစ်ယောက်၏ လိမ်ညာ အသုံးချခြင်းကို ခံရတော့မည်ဟု သူ့အပေါ် စိုးရိမ်မိကြသည်။ ထို့အပြင် သူသည်လည်း မာရူမစ်ဆူအန်တွင် နေခဲ့ဖူးသူ တစ်ယောက် ဖြစ်သောကြောင့် ၎င်းသံယောဇဉ်ကလည်း ရှိနေပြန်သည်။ သူတို့ သုံးယောက်သည် ‘တွေဝေတဲ့ပါပီ’ အား ကယ်တင်နိုင်မည့် နည်းလမ်းကို ခေါင်းချင်းရိုက်၍ ရှာဖွေခဲ့ကြသည်။ ကယ်တင်ရုံမျှ မကသေး။ သူ့ကို အောင်မြင်မှု လမ်းမထက်သို့ ရောက်အောင်ပင် ဆောင်ကြဉ်းပေးကြမည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့ဖြင့် အနာဂတ်တွင် ဖြစ်ပျက်လာမည့် အခြေအနေ တချို့ကို သူ့အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ၁၉၈၀ – ၁၉၉၀ ခုနှစ်များသည် ဂျပန်နိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများ ဖောင်းပွသော ကာလဖြစ်သည်။ ထိုအချိန်များအတွင်း ဖြစ်ပျက်လာမည့် အခြေအနေများအပေါ် မူတည်ပြီး မည်သို့ ရင်းနှီးမြှုပ်နှံရမည်ကို သူ့အား အကြံဉာဏ် ပေးနိုင်သည်။

သူတို့သည် ထိုကာလတွင် ဖြစ်ပျက်ခဲ့သော စီးပွားရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို အင်တာနက်ပေါ်မှ ရှာဖွေစုဆောင်းပြီး အနာဂတ် ဟောစာတမ်းတစ်ခု အလား စာထဲတွင် ထည့်ရေးခဲ့ကြသည်။ ထို့အပြင် ဘဏ္ဍာရေး အကျပ်အတည်း ကျရောက်ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အလားအလာ တချို့ကိုပါ ဖော်ပြပေးခဲ့သည်။ ‘အင်တာနက်’ ဟူသော ဝေါဟာရကို ထည့်မသုံးမိစေရန် သတိထားရသည်မှာ လွယ်ကူလှသည့် ကိစ္စတော့ မဟုတ်ပေ။

သူ့ကို သဘာဝ ဘေးအန္တရာယ်များ အကြောင်း သတိပေးသင့် မသင့်ကို ဆုံးဖြတ်ရသည်မှာ ပို၍ပင် ခက်ခဲခဲ့သည်။ ၁၉၉၅ ခု ကိုဘေးငလျင်၊ ၂၀၁၁ ခု တိုဟိုးကုငလျင် စသည် စသည်ဖြင့် ပြောချင်စရာများက တောင်လို ပုံနေသည်။

သို့သော် ထိုကိစ္စများကို ကြိုတင် အသိမပေးရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ‘ငါးဆိုင်မှ ဂီတသမား’ ကို မီးဘေး အန္တရာယ်အကြောင်း ကြိုတင် အသိမပေးသကဲ့သို့ပင်။ လူတို့၏ ဇာတိ-မရဏနှင့် ပတ်သက်သည့် ကိစ္စများတွင် ဝင်မရှုပ်သည်က အကောင်းဆုံး ဖြစ်မည်ဟု သူတို့ သဘောပေါက်ကြသည်။

“အားလုံးက မာရူမစ်ဆူအန်နဲ့ တစ်မျိုးမဟုတ် တစ်မျိုး ပတ်သက်နေတာကတော့ အတော် အံ့ဩစရာပဲ” ရှိုတာက မှတ်ချက်ပြုသည်။ “ဘာဖြစ်လို့ အဲဒီလို လာဖြစ်နေရတာလဲ။ တိုက်ဆိုင်မှု သက်သက်ပဲလား”

ထိုအချက်ကို အဆုယာကလည်း သတိထားမိသည်။ တိုက်ဆိုင်မှုဟု ဆိုရအောင်ကလည်း လွန်လွန်းအံ့ထင်။ ယနေ့ညတွင် သူတို့ သုံးယောက် ဤနေရာသို့ ရောက်ရှိလာခြင်းမှာလည်း မာရူမစ်ဆူအန်နှင့် ပတ်သက်နေပြန်သည်။

သူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သော ဂေဟာသည် ယခုအခါ ဒုက္ခနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ရှိုတာထံမှ ကြားသိခဲ့ရသည်။ ပြီးခဲ့သည့် လဆန်းပိုင်းက ရှိုတာ အပါအဝင် သူတို့သုံးဦးသည် ခါတိုင်းကဲ့သို့ တစ်နေရာတွင် ဘီယာစုသောက်ခဲ့ကြသည်။ သို့သော် စုရပ်မှာ အရက်ဘား မဟုတ်။ လျှော့ဈေးပေးနေသော အရက်စတိုးမှ သံဘူးဘီယာများနှင့် ဆိုဒါများ ဝယ်ယူပြီး သူတို့သည် ပန်းခြံထဲတွင် စုသောက်ခဲ့ကြခြင်း ဖြစ်သည်။

“ဘွားတော်တစ်ယောက်က မာရူမစ်ဆူအန်ကို ဝယ်မလို့တဲ့။ အသစ် ပြန်ဆောက်ပေးမလို့လို့ ပြောတာပဲ။ ငါတော့ မယုံပါဘူးကွာ”

ရှိုတာသည် လျှပ်စစ်ပစ္စည်း လက်ကားအရောင်းဆိုင်မှ အလုပ်ပြုတ်လာသောကြောင့် စတိုးဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်း ဝင်လုပ်နေရသည်။ ထိုစတိုးဆိုင်မှာ ဂေဟာနှင့် အလွန်နီးသောကြောင့် သူသည် ဂေဟာသို့ မကြာမကြာ ရောက်ဖြစ်နေသည်။ လျှပ်စစ် ပစ္စည်းဆိုင်မှ သူ အလုပ်ပြုတ်ခဲ့ရသည့် အကြောင်းအရင်းမှာ ကံဆိုး၍ ဝန်ထမ်းလျှော့ချသည့် စာရင်းထဲတွင် ပါသွားခြင်းကြောင့်သာ ဖြစ်သည်။

“သွားပါပြီကွာ။ နေစရာ မရှိတော့ရင် အဲဒီမှာ သွားကပ်နေမလားလို့ စိတ်ကူးနေတာ” ကိုဟိုင်က သနားကမား မျက်နှာပေးနှင့် ပြောနေသည်။ သူလည်း အလုပ်လက်မဲ့ ဖြစ်နေသည်။ ယခင်က ကားဝပ်ရှော့တွင် အလုပ်လုပ်ခဲ့သော်လည်း ၎င်းကားဝပ်ရှော့ကို ပြီးခဲ့သည့် မေလက ရုတ်တရက် ပိတ်သိမ်းသွားသည်။ လက်ရှိအချိန်တွင် အလုပ်ရုံအတွင်းရှိ အဆောင်၌ နေထိုင်ခွင့် ရနေသေးသော်လည်း ၎င်းနေရာမှ အနှေးနှင့်အမြန် ဆင်းပေးရတော့မည်မှာ သေချာနေသည်။

အဆုယာသည်လည်း သူတို့နှင့် ဘဝတူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်လကအထိ သူသည် ကုန်ထုတ်စက်ရုံ တစ်ရုံတွင် အလုပ်လုပ်နေခဲ့သည်။ ထိုစက်ရုံတွင် သူ အလုပ်လုပ်နေစဉ်က ကုမ္ပဏီအသစ် တစ်ခုအတွက် ကုန်ပစ္စည်းအသစ် တစ်မျိုးကို ထုတ်လုပ်ပေးခဲ့ရသည်။ ၎င်းပစ္စည်း၏ အတိုင်းအတာမှာ ယခင်က ထုတ်လုပ်ခဲ့ဖူးသော အမှာစာများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ ထို့ကြောင့် အဆုယာသည် အသေအချာ ထပ်ပြန်တလဲလဲ စစ်ဆေးပြီး ထိုကုမ္ပဏီထံမှလည်း အတည်ပြုချက် ရယူခဲ့သည်။ ကုမ္ပဏီဘက်ကလည်း ထိုဒီဇိုင်းကို မှန်ကန်ကြောင်း အတည်ပြုပေးသဖြင့် အတည်ပြုချက်အတိုင်း ထုတ်လုပ်လေတော့သည်။ သို့သော် ပြဿနာ တက်လာခဲ့သည်။ အဆုယာတို့နှင် ဆက်သွယ်သော ကုမ္ပဏီဘက်မှ ဝန်ထမ်းသည် လူသစ်ဖြစ်သောကြောင့် တခြားပစ္စည်းများနှင့် ရောထွေးသွားကာ ကိန်းဂဏန်းများ လွဲချော်ကုန်သည်။ အကျိုးရလဒ်အားဖြင့် ထုတ်လုပ်ခဲ့သမျှသော ကုန်ပစ္စည်းများ အားလုံးကို စံမမီဟု ဆိုကာ ငြင်းပယ်ခြင်း ခံလိုက်ရတော့သည်။ ထို့သို့ မှားယွင်းခဲ့ခြင်းအတွက် အဆုယာကို အပြစ်ပုံလိုက်ကြသည်။ လုံလောက်သော စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း မရှိ ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို အပြစ်တင်ကြသည်။

ထိုကဲ့သို့သော ကိစ္စမျိုးမှာ မကြာခဏပင် ဖြစ်ပေါ်နေတတ်သည်။ မကြာခဏ မှားယွင်းနေသောကြောင့်လည်း မိခင်ကုမ္ပဏီက စက်ရုံအလုပ်သမားများကို နည်းနည်းမျှ ကြည့်မရနိုင်အောင် ဖြစ်နေသည်။ အလုပ်သမားများဘက်မှ စစ်ကူလိုက်၍ ပြောဆိုပေးမည့် သူလည်း မရှိပေ။ ထို့ကြောင့် ပြဿနာ တက်လာသည်နှင့် အဆုယာတို့ ကဲ့သို့သော အောက်ခြေ အလုပ်သမားများကသာ ခေါင်းခံကြရတော့သည်။

နောက်ဆုံးတော့ အဆုယာလည်း သည်းမခံနိုင်တော့ဘဲ “အလုပ် ထွက်တယ်ကွာ” ဟု ပြောကာ စက်ရုံမှ ထွက်ခွာလာခဲ့သည်။

သူ့တွင် ဘဏ်စုငွေ များများစားစား မရှိ။ ဘဏ်စာရင်းထဲမှ လက်ကျန်ငွေ ပမာဏကို ကြည့်ရင်း အခြေအနေ မဟန်နိုင်တော့မှန်း သူ သဘောပေါက်လာသည်။ အိမ်ခန်းငှားခကိုလည်း မပေးဆောင်နိုင်ခဲ့သည်မှာ ၂ လပင် ရှိလာခဲ့ပြီ။

ထိုသို့သော ဘဝမျိုးသို့ ကျရောက်နေကြသည့် လူသုံးယောက်တို့သည် အတူတကွ စုထိုင်ကာ မာရူမစ်ဆူအန်ကို လွန်စွာ စိုးရိမ်ကြောင်း ပြောကြားနေကြသော်လည်း သူတို့ မည်သို့မျှ တတ်နိုင်သည် မဟုတ်။ အလွန်ဆုံး အားဖြင့် ဂေဟာကို ဝယ်ယူခဲ့သော သူဌေးမကြီးကို ပြစ်တင်ကျိန်ဆဲရန်သာ လုပ်နိုင်ကြသည်။

ထိုစိတ်ကူးကို မည်သူက အကြံပြုခဲ့ကြောင်း အဆုယာ မမှတ်မိတော့ပေ။ သူ့အကြံလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူကိုယ်တိုင် လက်သီးလက်မောင်း တန်းပြီး စကားတစ်ခွန်း ပြောခဲ့သည်ကိုသာ သူ မှတ်မိတော့သည်။

“ချမယ်ကွာ။ အဲဒီဘွားတော်ရဲ့ ပစ္စည်းကို ခိုးတာပဲ။ ဘုရားသခင်က ငါတို့ကို ခွင့်လွှတ်မှာပါ”

ရှိုတာနှင့် ကိုဟိုင်တို့ကလည်း အားတက်သရော လက်သီးများ မြှောက်ချီလျက်။

သူတို့ သုံးယောက်သည် သက်တူရွယ်တူများ ဖြစ်ကြသောကြောင့် အလယ်တန်းမှ အထက်တန်းအထိ တပူးတွဲတွဲ နေခဲ့ကြသည်။ မဟုတ်တာ မှန်သမျှ ပြုလုပ်ရာတွင်လည်း အတွဲညီသည်။ ဆိုင်ဖောက်ခြင်း၊ အလစ်သုတ်ခြင်း၊ လမ်းဘေး လူမဲ့အရောင်းစက်များကို ဖောက်ထွင်းခြင်း စသည့် အကြမ်းဖက် လုယက်ခြင်း မဟုတ်သော ခိုးဆိုးနှိုက် အလုပ်မှန်သမျှကို သုံးယောက်သား တက်ညီလက်ညီ လုပ်ခဲ့ကြဖူးသည်။ ယခုအချိန်ထိ တစ်ခါမျှ အဖမ်းမခံခဲ့ရဖူးသည်မှာလည်း ပြန်စဉ်းစားကြည့်လျှင် အံ့ဩစရာ ကောင်းနေပေသည်။ သူတို့၏ ကိုယ်ပိုင် စည်းကမ်းများ အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့သောကြောင့်လည်း ဖြစ်ပေမည်။ ၎င်းတို့မှာ လူ့စည်း ဘီးလူးစည်းကို နားလည်ရန်၊ နေရာတစ်နေရာတည်းတွင် နှစ်ကြိမ် အမှု မလုပ်ရန်နှင့် လုပ်နည်းကိုင်နည်းကို နှစ်ကြိမ် မထပ်စေရန် တို့ ဖြစ်သည်။

လူမရှိသော အိမ်လွတ်တစ်လုံးကို သူတို့ အထက်တန်း ကျောင်းသားဘဝက ဖောက်ခဲ့ကြဖူးသည်။ အလုပ်ရှာရန် အဝတ်အစား အသစ်တစ်စုံစီ ဝယ်လိုကြသောကြောင့် ဖြစ်သည်။ သူတို့၏ ပစ်မှတ်မှာ ကျောင်းထဲမှ အချမ်းသာဆုံး ကျောင်းသား၏ နေအိမ် ဖြစ်သည်။ ထိုအိမ်သားများ အပန်းဖြေခရီး ထွက်တတ်သော အချိန်များကို စုံစမ်းကာ အိမ်တွင်းရှိ သူခိုးဖမ်း စနစ်များကို လေ့လာပြီးသည်နှင့် သူတို့ လှုပ်ရှားကြတော့သည်။ သူတို့ ခြေချော်လက်ချော် ဖြစ်သွားခဲ့လျှင် မည်သို့ ဖြစ်လာနိုင်သည်ကို သူတို့ တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ နောက်ဆုံးတွင် သော့ခတ်မထားသော အံဆွဲထဲမှ ငွေသား သုံးသောင်းကို အလွယ်တကူနှင့် ခိုးထုတ်နိုင်ခဲ့သည်။ လိုအပ်သော ငွေပမာဏ ရသောအခါ လောဘ တက်မနေတော့ဘဲ အိမ်ထဲမှ ထွက်လာခဲ့ကြသည်။ ခြေရာလက်ရာ မကျန်ခဲ့သောကြောင့် အိမ်ရှင်တို့က သူတို့၏ ပိုက်ဆံ အခိုးခံလိုက်ရသည်ကိုပင် သတိထားမိကြပုံ မပေါ်ပေ။ အင်မတန် ပျော်စရာ ကောင်းသော ဂိမ်းတစ်ခုပါတကား။

အထက်တန်းကျောင်း ပြီးကြသောအခါ ထိုသို့သော ခိုးဆိုးနှိုက် အလုပ်များကို ဆက် မလုပ်ကြတော့ပေ။ သူတို့လည်း အရွယ်ရောက်လာပြီ ဖြစ်သောကြောင့် အဖမ်းခံရလျှင် သတင်းစာထဲတွင် သူတို့၏ နာမည်များ စာလုံးမဲကြီးနှင့် ပါလာတော့မည် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ မည်သူမျှ ကန့်ကွက်မည့်သူ မရှိ။ ယခုအခါ သူတို့ အားလုံး ဘဝပျက်နေ၍ စိတ်ထဲမှ သူတို့၏ နာကျည်းချက်များကို ဖောက်ထုတ်ပစ်ရန် အခွင့်အလမ်း ရှာနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် အဆုယာသည် မာရူမစ်ဆူအန်၏ အနာဂတ်ရေးအတွက် နည်းနည်းမျှ စိတ်မဝင်စားချေ။ အုပ်ချုပ်ရေးမှူးဟောင်းကို ကြည်ညိုရင်းစွဲ ရှိသည်ဟု ဆိုနိုင်သော်လည်း မစ္စတာကာရိယကိုမူ သူ ကြည့်မရပေ။ ထိုလူ ဂေဟာသို့ ရောက်လာကတည်းက ဂေဟာ၏ အနေအထားမှာလည်း အဆိုးရွားကြီး ဆိုးရွားလာခဲ့သည်။

သူတို့၏ သားကောင်ကို တာဝန်ယူ စောင့်ကြည့်ရသူမှာ ရှိုတာ ဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက် သူတို့ သုံးဦးသား ပြန်ဆုံမိကြသောအခါ ရှိုတာက ဝမ်းပမ်းတသာ ကြေညာလေတော့သည်။ “သတင်းကောင်းပဲဟေ့။ ငါ အဲဒီဘွားတော်ရဲ့ အိမ်တစ်လုံးကို တွေ့ထားပြီ။ သူ မာရူမစ်ဆူအန်ကို လာမယ်လို့ သတင်းရတာနဲ့ ငါ မော်တော်ဆိုင်ကယ် တစ်စီးငှားပြီး သူ့ကို စောင့်နေခဲ့တာ။ ပြီးတော့ သူ့နောက်ကနေ နောက်ယောင်ခံပြီး လိုက်သွားတာနဲ့ အဲဒီအိမ်ကို တွေ့ခဲ့တာပဲ။ ဂေဟာကနေ ဆိုရင် မိနစ်နှစ်ဆယ်လောက် မောင်းရမယ်။ အိမ်ကတော့ သားသားနားနားပဲကွ။ ငါတို့အတွက်ကတော့ ဘာမှ အခက်အခဲ ရှိမယ် မထင်ဘူး။ အလွယ်တကူ ဝင်လို့ ရနိုင်တယ်။ သူ့ အိမ်နီးနားချင်းတွေရဲ့ ပြောစကားအရ ဆိုရင် ဘွားတော်က တစ်လတစ်ကြိမ်တောင် အဲဒီအိမ်ကို လာတာ မဟုတ်ဘူးတဲ့။ အဲ … စိတ်ပူမနေနဲ့ဦး။ သူ့ အိမ်နီးချင်းတွေ သံသယ မဝင်အောင် ဘယ်လို လုပ်ရမယ် ဆိုတာ ငါ ကောင်းကောင်း နားလည်ပါတယ်ကွ”

ရှိုတာ ပြောသည့်စကားသာ အမှန်ဆိုလျှင် ထိုသတင်းမှာ အမှန်ပင် သတင်းကောင်း ဖြစ်ပေသည်။ မေးစရာ တစ်ခု ကျန်နေသည်မှာ အိမ်ထဲတွင် တန်ကြေးရှိသော အဖိုးတန်ပစ္စည်းများ မည်မျှ ရှိသနည်း ဟူသော မေးခွန်း။

“မရှိဘဲ နေမလားကွ” ရှိုတာက အပြည့်အဝ အာမခံနေသည်။ “အဲဒီဘွားတော်ရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေက အကုန်လုံး ရှယ်တွေချည်းပဲ။ အခုအိမ်က အနားယူ အပန်းဖြေတဲ့ အိမ်ဆိုပေမယ့် လက်ဝတ်ရတနာတို့၊ အဖိုးတန် ကြွေထည်တွေ၊ ပန်းချီကားတွေ မရှိဘဲ နေမှာ မဟုတ်ဘူး”

ရှိုတာ၏ စကားက မှားနိုင်ဖွယ် မရှိ။ အဆုယာနှင့် ကိုဟိုင်တို့ကလည်း သူ၏ အမြင်ကို ထောက်ခံလိုက်ကြသည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူဌေးများ၏ အိမ်တွင် မည်သို့သော ပစ္စည်းများ ထားလေ့ရှိသည်ကို သူတို့ ခန့်မှန်းတတ်ကြသည် မဟုတ်။ သူတို့ စိတ်ကူးထဲတွင် မြင်ယောင်နေကြသည်မှာ ရုပ်ရှင် ဇာတ်လမ်းတွဲများထဲတွင် ပါတတ်သော သဘာဝ မကျလှသည့် ရွှေဘုံရွှေနန်းများသာ ဖြစ်သည်။

သူတို့ လှုပ်ရှားမည့် နေ့ကို စက်တင်ဘာလ ၁၂ ရက်နေ့ည အဖြစ် သတ်မှတ်လိုက်ကြသည်။ ထိုနေ့ကို ရွေးချယ်ရခြင်းမှာ ဘာမျှ ထွေထွေထူးထူး အကြောင်း မရှိပေ။ ရှိုတာ၏ အချိန်ပိုင်းအလုပ်က ထိုနေ့တွင် နားရက် ဖြစ်နေခြင်းမှာ အဓိက အကြောင်းအရင်းပင် ဖြစ်သည်။ သို့သော် နားရက်ဟူသည် ထိုနေ့ တစ်နေ့တည်း ရှိသည်တော့ မဟုတ်။ ထို့ကြောင့် ချုပ်ကြည့်လျှင် အားလုံးမှာ တိုက်ဆိုင်မှု သက်သက်မျှသာ ဖြစ်လေသည်။

ကိုဟိုင်သည် ဖောက်ထွင်းမှုတွင် အသုံးပြုရန် ကားတစ်စီး ရှာလာခဲ့သည်။ ကားဝပ်ရှော့တွင် သူ အလုပ်လုပ်စဉ်က ရလာခဲ့သော ပညာရပ်များက ဤနေရာတွင် အသုံးဝင်နေသည်။ သို့သော် ထိုပညာမှာ မော်ဒယ်နိမ့် ကားစုတ်များတွင်သာ အသုံးတည့်နိုင်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ည ၁၁ နာရီကျော်ကျော် လောက်တွင် သူတို့သုံးဦး စတင် လှုပ်ရှားကြသည်။ သူတို့သည် ရှေးနည်းဟောင်းအတိုင်း ပန်းခြံဘက်တွင် ရှိသော မှန်ပြတင်းပေါက်ကို ရိုက်ခွဲပြီး မင်းတုပ်ကို ဖြုတ်၍ အိမ်ထဲသို့ လျှိုဝင်ခဲ့ကြသည်။ ခွဲမည့်မှန်ကို ကြိုတင် တိတ်ကပ်ထားသောကြောင့် ရိုက်ခွဲသည့်အခါတွင် အသံကျယ်ကျယ် မထွက်သည့်အပြင် မှန်စများလည်း ဘေးဘက်သို့ မလွှင့်စင်တော့ပေ။

သူတို့ တွက်ဆထားသည့်အတိုင်းပင် အိမ်ထဲတွင် လူတစ်ဦးတစ်ယောက်မျှ မရှိ။ သို့ဖြင့် သူတို့သည် လွတ်လွတ်လပ်လပ်ပင် စိတ်တိုင်းကျ ပစ္စည်းများကို တွေ့သမျှ ကောက်ထည့်ပြီး မြန်မြန် လစ်ထွက်ကြမည်ဟု စိတ်ကူးထားသည်။ သို့သော် သူတို့ ကြာကြာ မပျော်လိုက်ရဘဲ စိတ်ဓာတ်ကျကုန်ကြသည်။

အိမ်တွင်း၌ ရှာသင့်ရှာထိုက်သော နေရာမှန်သမျှကို ရှာဖွေခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်။ တစ်ကိုယ်လုံးတွင် ကမ္ဘာကျော် အဝတ်တန်ဆာများကို ဝတ်ဆင်ထားသော ထိုအမျိုးသမီး၏ အပန်းဖြေအိမ်သည် အဘယ်ကြောင့် သာမန် မိသားစုတစ်စု၏ အိမ်ကဲ့သို့ ရိုးရှင်းနေရသနည်း။ “ထူးဆန်းလိုက်တာ” ရှိုတာက ခေါင်းကို ငဲ့စောင်းလျက် စဉ်းစားနေသည်။ တစ်နေရာရာတွင် တစ်ခုခုတော့ ရှိရချေမည်။ သို့သော် … ဘာမျှ မရှိ။

ထိုစဉ် ခြံဝင်းအနီးသို့ ကားတစ်စီး ထိုးရပ်လိုက်သံကို ကြားကြရသည်။ သုံးဦးသားသည် တိုင်ပင်ထားသကဲ့သို့ ဓာတ်မီးများကို ချက်ချင်း ပိတ်လိုက်ကြသည်။ ထို့နောက် အိမ်တံခါးဖွင့်သံ ထွက်ပေါ်လာသည်။ အဆုယာ၏ လက်များ တုန်ယင်လာသည်။ ကြည့်ရသည်မှာ ထိုမိန်းမကြီး အိမ်ပြန်လာခြင်း ဖြစ်မည်။ ရှိုတာ ပြောခဲ့တုန်းက ထိုသို့ မဟုတ်။ သို့သော် အပြစ်တင်နေဖို့လည်း အချိန် မရှိတော့ပြီ။

အိမ်အပြင် ဝင်ပေါက်မီးနှင့် ဧည့်ခန်းမီးများ လင်းထိန်သွားသည်။ ခြေသံများကလည်း နီးသည်ထက် နီးလာ၍ အဆုယာသည် အားကို တင်းထားလိုက်တော့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *