ဒုတိယနေ့တွင် နာရေးအခမ်းအနားသည် အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ နာရေးလိုက်ပို့ကြသော လူများမှာ အားလုံးလိုလို ယမန်နေ့က လူများသာ ဖြစ်သည်။ ဆွေမျိုးသားချင်းများက စောစောစီးစီး ရောက်လာကြသော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည့် ဂယက်အရှိန်ကြောင့် ကတ်ဆူရိုကို အေးတိအေးစက် ဆက်ဆံကြသည်။ ဦးလေးကလည်း သူ့ကို စကားလာမပြောတော့ပေ။
ဆွေမျိုးသားချင်းများအပြင် ကုန်သည်လောကမှ လူများနှင့် မြို့နယ် အုပ်ချုပ်ရေးဌာနမှ ပုဂ္ဂိုလ်များကိုလည်း တွေ့ရသည်။ ကတ်ဆူရိုသည် သူတို့နှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။
၎င်းတို့ထဲမှ တစ်ဦးမှာ သူ၏ ငယ်သူငယ်ချင်း ဖြစ်သည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသောကြောင့် ကတ်ဆူရိုသည် မိမိ၏ အလယ်တန်း ကျောင်းနေဖက် သူငယ်ချင်းကိုပင် မမှတ်မိနိုင်ဘဲ ဖြစ်နေလေသည်။ သူတို့ဖွင့်ထားသော တံဆိပ်တုံးဆိုင်နှင့် မိမိတို့၏ ငါးဆိုင်သည် တစ်လမ်းတည်းတွင် တည်ရှိသည်။
ကတ်ဆူရိုသည် ထိုသူ၏ အကြောင်းကို ဆက်တွေးနေမိသည်။ သူ၏ ဖခင်သည် သူငယ်စဉ်ကတည်းက ဆုံးပါးသွားသောကြောင့် သူ့အဘိုးက သူ့ကို တံဆိပ်ထွင်းနည်း သင်ကြားပေးခဲ့သည်။ အထက်တန်း အောင်သည်နှင့် ဆိုင်တွင် ချက်ချင်းဆိုသလို ဝင်ရောက်ကူညီခဲ့သည်။ ယနေ့လည်း သူသည် တံဆိပ်တုံးဆိုင်ကို ကိုယ်စားပြု၍ နာရေးအခမ်းအနားသို့ တက်ရောက်ခြင်း ဖြစ်ရပေမည်။
အမွှေးတိုင်ထွန်းပြီးနောက် ကတ်ဆူရိုတို့၏ အရှေ့မှ ဖြတ်လျှောက်စဉ် သူသည် အင်မတန် ယဉ်ကျေးစွာ ခါးညွတ်၍ အရိုအသေပြုနေပုံမှာ ကတ်ဆူရိုထက် များစွာ အသက်ကြီးဟန် ပေါက်နေသည်။
အသုဘရှူ အခမ်းအနား ပြီးနောက် အခေါင်းကို ပင့်ဆောင်ခြင်းနှင့် သင်္ဂြိုဟ်ခြင်း ကိစ္စများ ပြုလုပ်ကြသည်။ ထို့နောက် ဆွေမျိုးသားချင်းများသည် မြို့နယ်ခန်းမသို့ ပြန်လာကြပြီး ရက်လည် တရားပွဲကို ကျင်းပသည်။ နောက်ဆုံးတွင် တာကေအိုက ဆွေမျိုးသားချင်းများကို ကျေးဇူးတင်စကား ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆွေမျိုးသားချင်းများ အားလုံး ပြန်သွားကြပြီးမှ ကတ်ဆူရိုတို့ မိသားစုလည်း အိမ်ပြန်လာကြသည်။ သယ်စရာ ပစ္စည်းများစွာ ရှိနေသည်။ သူတို့သည် ဆိုင်သုံး ကုန်တင်ကား၏ နောက်ခန်းတံခါးကို ဖွင့်ပြီး နာရေးအခမ်းအနားသုံး ပစ္စည်းပစ္စယများနှင့် ပန်းများကို တင်လိုက်ကြသည်။ နောက်ခန်းသည် ၎င်းပစ္စည်းများနှင့် ပြည့်လျှံသွားလေသည်။ ကားမောင်းမည့်သူမှာ တာကေအို ဖြစ်သည်။
“ကတ်ဆူရို၊ သား ရှေ့ခန်းမှာ ထိုင်လိုက်” ကာနာကိုက ပြောသည်။
“ဟင့်အင်း၊ အမေပဲ ထိုင်ပါ။ ကျွန်တော် လမ်းလျှောက်ပြန်မယ်”
ကာနာကို၏ မျက်နှာက မကျေနပ်သည့်ဟန် ပေါ်လွင်နေသည်။ သူသည် ဖခင်ဘေးနားတွင် မထိုင်ချင်၍ ငြင်းဆိုနေသည်ဟု ယူဆနေပုံ ရသည်။
“ကျွန်တော် တစ်နေရာကို သွားစရာ ရှိလို့။ မကြာပါဘူး”
“အန် …..”
ကတ်ဆူရိုသည် ဇဝေဇဝါ ဖြစ်နေသော သူ့မိခင်ကို ကျောခိုင်း၍ လမ်းလျှောက်ထွက်ခဲ့သည်။ သူ ဘယ်ကို သွားမည် ဆိုသည့်အကြောင်းကို သူ ရှင်းပြ မနေချင်။
သူသည် လျှောက်နေရင်း နာရီကို ငုံ့ကြည့်လိုက်သည်။ ၆ နာရီ ထိုးခါနီးလေပြီ။
မနေ့ညက ကတ်ဆူရိုသည် အိမ်မှ ခိုးထွက်ခဲ့သေးသည်။ ဂျင်းဘောင်းဘီ အိတ်ကပ်ထဲတွင် အညိုရောင် စာအိတ်တစ်လုံးကို ထည့်၍ နာမီယာကုန်စုံဆိုင်သို့ သွားခဲ့ခြင်း ဖြစ်သည်။ စာထဲတွင် သူ၏ စိတ်ရှုပ်စရာ အဖြစ်အပျက်များကို အပြည့် ရေးသားထားသည်။ အားလုံး သူကိုယ်တိုင် ရေးသားထားသည်ဟု ပြောစရာပင် လိုမည် မထင်။
သူ၏ နာမည်အရင်းကို အသိမပေးထားသော်လည်း သူ လက်ရှိ ကြုံတွေ့နေရသော အခြေအနေများကိုမူ အခြွင်းအချန် မရှိ၊ ပြည့်စုံစွာ ရေးသားထားသည်။ သူ သိချင်နေသည်မှာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သို့ ပြုလုပ်ရပါမည်နည်း။ မိမိရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖော်ရမည်လော။ သို့မဟုတ် ရည်မှန်းချက်ကို စွန့်လွှတ်ပြီး မိသားစု လုပ်ငန်းကို ဆက်ခံရမည်လော။
ရိုးသားစွာ ဝန်ခံရလျှင် ယနေ့နံနက် အိပ်ရာနိုးလာသောအခါ သူ မနေ့ညက လုပ်ခဲ့မိသည့် ကိစ္စအတွက် နောင်တ ရနေမိသည်။ ထိုအိမ်ကြီးတွင် လူနေတော့မည် မဟုတ်ပေ။ မနေ့ညက တွေ့ခဲ့သော စက်ဘီးနှင့် မိန်းကလေးသည်လည်း ဂေါက်ကြောင်သာ ဖြစ်ရပေမည်။ ထိုသို့ အမှန်ဖြစ်နေလျှင် မည်သို့ လုပ်ရပါအံ့နည်း။ သူ့စာကို အခြားသူ လက်ထဲသို့ ရောက်သွားမည်ကိုလည်း သူ မလိုလား။
သို့သော် တခြားတစ်ဘက်မှလည်း သူ မျှော်လင့်နေမိသည်။ ထိုမိန်းကလေးကဲ့သို့ အသုံးတည့်မည့် အကြံဉာဏ်တစ်ခု ရကောင်း ရနိုင်ပေသည်။
မယုံတစ်ဝက် ယုံတစ်ဝက် စိတ်ထားဖြင့် ကတ်ဆူရိုသည် လမ်းကုန်းမြင့်အတိုင်း လျှောက်လာခဲ့သည်။ မကြာခင် နာမီယာကုန်စုံဆိုင်၏ အိုဟောင်းသော အသွင်အပြင်က သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ မနေ့ည သူလာစဉ်က မှောင်လွန်းသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ မူလက နို့နှစ်ရောင်ရှိခဲ့သော နံရံမျက်နှာပြင်သည် ယခုအခါ ညိုမဲနေလေပြီ။
ဆိုင်ခန်းနှင့် ကားဂိုဒေါင်အကြားတွင် ကျဉ်းမြောင်းသော လမ်းကြားလေး တစ်ခုရှိသည်။ ဆိုင်၏ အနောက်ဘက်သို့ သွားရန်မှာ ထိုလမ်းကြားလေးကို အသုံးပြုမှသာ ရောက်နိုင်သည်။ နံရံနှင့် ပွတ်တိုက်မိကာ အင်္ကျီပေကုန်မည် စိုး၍ သူသည် သတိထား၍ လျှောက်ဝင်သွားသည်။
အနောက်ဘက်တွင် တံခါးတစ်ပေါက် ရှိပြီး တံခါး၏ ဘေးတွင် နွားနို့သေတ္တာတစ်လုံးကို အမှန်ပင် ချထားသည်။ ကတ်ဆူရိုသည် တံတွေးကို မျိုချပြီး အဖုံးဖွင့်ရန် လက်ကို လှမ်းလိုက်သည်။ အနည်းငယ် ကျပ်နေပြီ ဖြစ်သော်လည်း ဖွင့်၍တော့ ရနေသေးသည်။
အထဲသို့ ကြည့်လိုက်သောအခါ အညိုရောင် စာတစ်စောင်ကို တွေ့ရလေသည်။ ကတ်ဆူရိုက ၎င်းကို လှမ်းယူလိုက်သည်။ သူ၏ နဂိုစာအတိုင်းပင် ဘာမျှ ထူးခြားမှု မရှိ။ သို့သော် စာလက်ခံသူ နေရာတွင် ဘောပင်အနက်ရောင်ဖြင့် ဤသို့ ရေးထားသည်။ ‘သို့ – ငါးဆိုင်မှ အနုပညာသည်’
သူ အံ့အားသင့်သွားသည်။ ဤနေရာတွင် တစ်ဦးတစ်ယောက် နေထိုင်နေရပေမည်။ ကတ်ဆူရိုသည် နောက်ဖေးတံခါး အရှေ့တွင် ရပ်လိုက်ပြီး နားကပ်ကာ နားထောင်ကြည့်သည်။ ဘာအသံမျှ မကြားရ။
စာပြန်သူသည် တခြား တစ်နေရာတွင် နေထိုင်ပြီး အကြံဉာဏ် တောင်းသည့်စာ ရောက်မရောက်ကို ညတိုင်းညတိုင်း လာရောက်ကြည့်ရှုပေမည်။ ထိုသို့သာ ဖြစ်တန်ရာသည်။ သို့သော် အဘယ်ကြောင့် ဤမျှ ဒုက္ခခံနေရသနည်း။
ကတ်ဆူရိုသည် စိတ်ရှုပ်ထွေးစွာဖြင့် ကုန်စုံဆိုင်မှ ထွက်ခွာလာခဲ့သည်။ ၎င်းမေးခွန်းသည် အမှန်တကယ်လည်း အရေးကြီးလှသည် မဟုတ်။ သူ့အကြောင်းနှင့် သူတော့ ရှိရပေလိမ့်မည်။ ထို့ထက် သူ ပို၍ စိတ်ဝင်စားနေသည်မှာ ပြန်စာထဲမှ အကြောင်းအရာကို ဖြစ်သည်။
ကတ်ဆူရိုသည် စာအိတ်ကို ကိုင်လျက် ဟိုဒီလျှောက်သွားရင်း တိတ်ဆိတ်အေးဆေးစွာ စာဖတ်နိုင်မည့် နေရာတစ်ခုကို ရှာသည်။
ပန်းခြံသေးသေးတစ်ခုကို သူ တွေ့သွားသည်။ အထဲတွင် စီးစော်၊ လျောစီးခုန်နှင့် သဲကွင်းသာ ရှိပြီး လူရိပ်လူခြေ မတွေ့ရ။ သူသည် ခုံတန်းရှည်တစ်လုံးတွင် ထိုင်လိုက်သည်။ ဝင်သက်ထွက်သက်ကို အကြိမ်များစွာ ခပ်ပြင်းပြင်း ရှူရှိုက်ပြီးမှ စာအိတ်ကို ဖောက်ကြည့်လိုက်သည်။ အထဲတွင် စာရွက်တစ်ရွက်ကို တွေ့ရသည်။ သူ၏ ရင်မှာ တဒိတ်ဒိတ် ခုန်လျက် စာကို စဖတ်လေသည်။
❝ သို့ – ငါးဆိုင်မှ အနုပညာသည်
ခင်ဗျားရဲ့ စိတ်သောကကို ကျွန်တော် နားလည်ပါပြီ။ အခုလို ကိုယ့်ရဲ့ အတွင်းရေးကို မကွယ်မဝှက် ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ခင်ဗျား သိပ်ကံကောင်းတာပဲဗျာ။ ခင်ဗျားက မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ငါးဆိုင်ရဲ့ တစ်ဦးတည်းသော သားတစ်ယောက် မဟုတ်လား။ ဒါဆို ဘာမှ အပင်ပန်းခံပြီး လုပ်စရာမလိုဘဲနဲ့ ဆိုင်တစ်ဆိုင်ကို ဆက်ခံရတော့မှာပဲ။ အရင်ကတည်းက အစဉ်မပြတ် အားပေးလာကြတဲ့ ဖောက်သည်ဟောင်းတွေလည်း အများကြီး ရှိနေမှာပေါ့။ ရောင်းအားကောင်းဖို့ ပင်ပင်ပန်းပန်းတောင် ကြိုးစားနေစရာ မလိုတော့ဘူး။
ခင်ဗျားကို တစ်ခုလောက် မေးကြည့်ပါရစေ။ ခင်ဗျား ပတ်ဝန်းကျင်မှာ အလုပ်ရှာမရလို့ ဆိုပြီး စိတ်ညစ်နေတဲ့လူများ မရှိဘူးလား။
မရှိဘူး ဆိုရင်တော့ အင်မတန်မှ သာယာစိုပြည်နေတဲ့ ခေတ်ကောင်းကြီး တစ်ခုပေပဲဗျ။
နောက်ထပ် အနှစ်သုံးဆယ်လောက် ရှေ့တိုးကြည့်လိုက်ဗျာ။ အဲဒီလို အပူအပင် ကင်းတဲ့ နေ့ရက်မျိုး ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။ အလုပ်တစ်ခု ရှိနေရင်ကိုပဲ မဆိုးတော့ဘူးဗျ။ တက္ကသိုလ် ဘွဲ့ရထားတာတောင် ထမင်းတစ်နပ် နပ်မှန်အောင် စားရဖို့ အာမခံချက် မရနိုင်တော့ဘူး။ အဲဒီလိုခေတ်မျိုး မကြာခင် ရောက်လာတော့မယ်။ တကယ်ကို ရောက်လာတော့မှာ။ ကျွန်တော် ခင်ဗျားနဲ့ လောင်းရဲတယ်။
ခင်ဗျားက တက္ကသိုလ်ကို တက်ခွင့်ရပြီး ဘွဲ့ရတဲ့အထိ ကျောင်းပြီးအောင် မတက်ခဲ့ဘူးနော်။ မိဘတွေက ငွေကြေး အကုန်အကျခံပြီး တက္ကသိုလ် တက်ခွင့်ရအောင် လုပ်ပေးခဲ့တာကိုပဲ ခင်ဗျားက အဲဒီအခွင့်အရေးကို စွန့်လွှတ်ပစ်ခဲ့တယ်။ ကျွတ် ကျွတ် ကျွတ်။
ပြီးတော့ ရှိသေးတယ်။ ဂီတတဲ့ … ဟုတ်လား။ ခင်ဗျားရဲ့ ရည်မှန်းချက်က သဘင်သည်တစ်ယောက် ဖြစ်ဖို့ မဟုတ်လား။ မိဘ အမွေအနှစ်ဖြစ်တဲ့ ငါးဆိုင်ကို ပစ်ပြီး ဂစ်တာတစ်လက်နဲ့ တိုက်ပွဲဝင်တော့မယ်ပေါ့။ အမလေး … အမလေး။
ကျွန်တော် ခင်ဗျားကို ဘာအကြံဉာဏ်မှ မပေးချင်တော့ဘူး။ တစ်ခွန်းပဲ ပြောလိုက်ပါရစေ။ ခင်ဗျား ကြိုက်သလိုသာ လုပ်ပေတော့ဗျာ။ ကလေးအတွေးပဲ အမြဲတွေးနေတတ်တဲ့ ခင်ဗျားလို လူတစ်ယောက်အဖို့ လူ့လောကအလယ်မှာ ဒုက္ခရောက်ရတာကလည်း ဖြစ်ထိုက်တဲ့ ကိစ္စပဲ။ အဲဒီလို ဆိုပေမယ့်လည်း နာမီယာကုန်စုံဆိုင်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီး ဖြေစရာ ရှိတာတော့ ဖြေပေးလိုက်ပါဦးမယ်။
ကျွန်တော် ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ပါဘူး။ ဂီတာကို တစ်နေရာ လွှင့်ပစ်လိုက်ပြီး ငါးဆိုင်ကို မြန်မြန် ဆက်ခံလိုက်စမ်းပါဗျာ။ ခင်ဗျားအဖေရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး မဟုတ်လား။ အခုချိန်မှာ ခင်ဗျား တွေဝေမိန်းမော နေရမယ့် အချိန် မဟုတ်တော့ဘူး။ ဂီတကို အားကိုးပြီး ထမင်းစားဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ။ သူမတူတဲ့ ပါရမီနဲ့ ထူးချွန်တဲ့ လူနည်းစုအတွက်လောက်သာ အလုပ်ဖြစ်ရင် ဖြစ်လိမ့်မယ်။ ခင်ဗျားကတော့ ဖြစ်မယ် မထင်ဘူး။ စိတ်ကူးယဉ်မနေနဲ့တော့။ လက်တွေ့ကျကျ ရင်ဆိုင်လိုက်စမ်းပါ။
နာမီယာကုန်စုံဆိုင် ❞
ဖတ်ရင်း ဖတ်ရင်းနှင့် စာကိုင်ထားသော ကတ်ဆူရို၏ လက်မှာ တုန်ယင်လာသည်။ ဒေါသထွက်နေခြင်း ဖြစ်ကြောင်း ပြောနေစရာပင် မလိုပေ။
‘ဘာတုန်းဟ’ သူက တွေးနေမိသည်။ ‘သူက ဘာမို့လို့ ငါ့ကို အခုလို ဆူနေ ဆဲနေရတာလဲ’
‘ဂီတကို စွန့်လွှတ်ပြီး မိသားစု လုပ်ငန်းကို ဆက်ခံလိုက်’ – ထိုသို့သော အဖြေမျိုး ပေးလာလိမ့်မည်ဟု သူ မျှော်လင့်ထားပြီး ဖြစ်သည်။ တစ်ဘက်လူရဲ့ အဖြေမှာ လက်တွေ့ကျပြီး ဘေးအကင်းဆုံး ဖြစ်သည်။ သို့သော် ထိုမျှ မာရေကျောရေဖြင့် ပြောရန် လိုအပ်ပါ၏လော။ လူမှုရေး ခေါင်းပါးလွန်းလှသည်။
ကတ်ဆူရိုက စာပို့ခဲ့မိသည်ကိုပင် နောင်တရနေမိသည်။ သူသည် စာရွက်နှင့် စာအိတ်ကို လုံးချေပြီး အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ပြီး အမှိုက်ပုံးကို ရှာနေလေသည်။
သို့သော် အမှိုက်ပုံး ရှာမတွေ့သောကြောင့် ၎င်းစာကို အိတ်ကပ်ထဲတွင် ထည့်ထားလျက် အိမ်သို့ ပြန်ရောက်လာသည်။ မိဘနှစ်ဦးနှင့် အေမီကိုတို့သည် နာရေး ကန်တော့စင်၌ အသုံးပြုခဲ့သော ပစ္စည်းကိရိယာများကို ဘုရားစင် ရှေ့တွင် ပြန်လည် နေရာချရင်း အလုပ်ရှုပ်နေကြသည်။
“သား ဘယ်သွားနေတာလဲ။ ဒီလောက် မှောင်မှ ပြန်လာတယ်” ကာနာကိုက မေးသည်။
“အဲ … ဟိုနားဒီနား လျှောက်သွားနေတာ” ကတ်ဆူရိုသည် ပြော၍ အပေါ်ထပ်သို့ တက်သွားသည်။
မိမိအခန်းသို့ ပြန်ရောက်သောအခါ အင်္ကျီလဲလိုက်သည်။ ကတ်ဆူရိုသည် လုံးချေထားသော စက္ကူနှင့် စာအိတ်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ သို့သော် ချက်ချင်း စိတ်ပြောင်းသွားပြီး ပြန်ကောက်ယူလိုက်သည်။ ကြေမွနေသော စက္ကူကို ဖြန့်ပြီး နောက်တစ်ခေါက် ပြန်ဖတ်ကြည့်သည်။ အကြိမ် မည်မျှပင် ဖတ်ကြည့်စေကာမူ ၎င်းစာသည် သူ့စိတ်ကို ကြည်လင်သွားအောင် မစွမ်းဆောင်နိုင်ပေ။
၎င်းကို ပစ်ထားလိုက်သင့်သည်ဟု သူ နားလည်သော်လည်း တစ်ခုခု ပြန်ပြောလိုက်ချင်စိတ်ကို ဖုံးမနိုင် ဖိမရ ဖြစ်နေသည်။ ၎င်းစာကို ရေးသားခဲ့သောသူသည် အမှားတစ်ခုကို ကျူးလွန်ထားသည်။ သူ့စာထဲတွင် သုံးနှုန်းထားသော ‘မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ငါးဆိုင်’ ဟူသည် စကားစုကို ကြည့်ခြင်းအားဖြင့် အင်မတန် ကြီးကျယ်ခမ်းနားသော ဆိုင်ကြီးတစ်ဆိုင် ဖြစ်လိမ့်မည်ဟု သူ့ဘက်မှ ယူဆထားဟန် ရှိသည်။ အကြံဉာဏ် တောင်းခံနေသူကို ပိုက်ဆံ ကျိကျိတက် ချမ်းသာသော သူဌေးသားတစ်ဦးဟု ယူဆထားနေခြင်းလော။
ထိုသူက ကတ်ဆူရိုကို ‘လက်တွေ့ကျကျ ရင်ဆိုင်’ ရန် ပြောနေသည်။ သို့သော် ကတ်ဆူရိုကလည်း လက်တွေ့ဘဝထဲမှ ရှောင်ပြေးရန် မကြိုးစားခဲ့။ ထိုသို့ ရှောင်ပြေးမနေ၍သာ ယခုကဲ့သို့ ဦးနှောက်ခြောက်နေရခြင်း ဖြစ်ပေသည်။ စာပြန်သူက ထိုအချက်ကို ရိပ်စားမိပုံ မရ။
ကတ်ဆူရိုသည် စာရေးစားပွဲ ရှေ့သို့ လာပြီး အံဆွဲကို ဆွဲဖွင့်၍ စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်သည်။ အချိန် အတော်ကြာမှ အောက်ပါအတိုင်း စာတစ်စောင် ရေးပြီးတော့သည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
စာပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လူကြီးမင်းရဲ့ ပြန်စာကို ရတဲ့အတွက် ကျွန်တော် အင်မတန် အံ့ဩခဲ့မိတယ်။
ဒါပေမယ့် စာဖတ်ပြီးသွားတဲ့အခါမှာ ကျွန်တော် စိတ်ပျက်ခဲ့ရပြန်တယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် လူကြီးမင်းက ကျွန်တော်ရဲ့ စိတ်သောကကို နည်းနည်းလေးမှ နားမလည်ခဲ့ဘူး။ မိဘစီးပွားရေးကို ဆက်ခံတာဟာ အာမခံချက် အရှိဆုံးသော ရွေးချယ်မှုဆိုတာကို ကျွန်တော်လည်း သိပါတယ်။ လူကြီးမင်းအနေနဲ့ ပြောပြနေဖို့တောင် မလိုပါဘူး။
ဒါပေမယ့် လက်ရှိ အခြေအနေအရ အာမခံချက် ရှိတယ် ဆိုတာတောင် ပြောပလောက်အောင် အာမခံချက် ရှိတာမျိုး မဟုတ်ဘူး။
လူကြီးမင်းက အထင်လွဲနေပုံ ရတယ်။ ကျွန်တော်တို့ရဲ့ ဆိုင်ဟာ နှစ်ခန်းစာ သာသာလောက်သာ ကျယ်တဲ့ ဆိုင်သေးသေးလေး တစ်ဆိုင်ပါ။ ပြီးတော့ ကျွန်တော်တို့ကို ချမ်းသာအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ကံကောင်း ထောက်မစွာနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ် ကုန်ကျစရိတ်တွေကို ကာမိနေရုံလောက်ပဲ။ အဲဒီလို စီးပွားရေး လုပ်ငန်းတစ်ခုကို လက်လွှဲယူလိုက်တာနဲ့ တစ်ဘဝစာ ခိုင်လုံသွားပြီလို့ ယူဆရင် မှားသွားပါလိမ့်မယ်။ ဒါကြောင့် သတ္တိရှိရှိနဲ့ နောက်လမ်းကြောင်းတစ်ခုကို ထိုးဖောက်ကြည့်တာဟာ နည်းလမ်းကောင်းတစ်ခုပဲ မဟုတ်ပါလား။ ရှေ့စာထဲမှာလည်း ပြောဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော့်မိဘတွေက ကျွန်တော်ကို ထောက်ခံ အားပေးကြတယ်။ တကယ်လို့ ကျွန်တော်က ကျွန်တော့်အိပ်မက်တွေကို ရုတ်ချည်း စွန့်လွှတ်လိုက်ရင် သူတို့က ကျွန်တော့်ကို အယုံအကြည် ကင်းမဲ့ကုန်မှာပေါ့။
ပြီးတော့ လူကြီးမင်း အထင်လွဲနေတာ တစ်ခုရှိသေးတယ်။ ကျွန်တော်က ဂီတကို စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ သဘောထားတာ။ သီချင်းဆို၊ သီချင်းရေး၊ စတိတ်ရှိုးပွဲ ကျင်းပပြီး အသက်မွေးဖို့ စိတ်ကူးထားတာ။ ဒါကို ဝါသနာအရ ဂီတနဲ့ အပျင်းဖြေနေတဲ့ လူတစ်ယောက်လို့ လူကြီးမင်းက ကျွန်တော်ကို သဘောထားနေတယ်။ ဒါကြောင့်လည်း လူကြီးမင်းက ကျွန်တော်ကို ‘ငါးဆိုင်မှ အနုပညာသည်’ လို့ လိပ်မူထားတာ နေမယ်။ ကျွန်တော့်ကို ပြင်ဆင်ခွင့် ပြုပါ၊ လူကြီးမင်း။ ကျွန်တော်ဟာ ဂီတနဲ့ ရိုးသားစွာ အသက်မွေး ဝမ်းကြောင်းပြုဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပါ။ အပျင်းပြေ ယောင်ယောင်ဝါးဝါး လျှောက်လုပ်နေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။
အနုပညာ လောကမှာ အောင်မြင်ကျော်ကြားဖို့ အတွက် အလွန် ထူးခြားတဲ့ ပါရမီတစ်မျိုး လိုအပ်တယ် ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အဲဒီလို ပါရမီ မရှိပါဘူးလို့ လူကြီးမင်းက ဘာနဲ့ အကဲဖြတ်လိုက်တာလဲ။ ကျွန်တော်ရဲ့ သီချင်းတွေကို နားထောင်ဖူးလို့လား။ ကျေးဇူးပြုပြီး ရမ်းသန်း ကောက်ချက်ချတာမျိုး မလုပ်ပါနဲ့။ ဘယ်ကိစ္စမှာမဆို ရင်ဆိုင်ယှဉ်ပြိုင်မှု မရှိရင် စစ်မှန်တဲ့ အရည်အချင်းဆိုတာကို သိရမှာ မဟုတ်ဘူး။
လူကြီးမင်းရဲ့ ပြန်စာကို မျှော်လင့်လျက်
ငါးဆိုင်မှ ဂီတသမား ❞