“သမီး ကားဂိတ်ဘက် ခဏ သွားလိုက်ဦးမယ်” ဟာရုမိသည် သူ၏ အဘွားတစ်ဝမ်းကွဲ တော်သူ ဟိဒေအိုကို လှမ်းပြောလိုက်သည်။ အဘွားသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။ လေထုထဲတွင်လည်း ငါးခြောက်မှုန့် ရနံ့များက သင်းပျံ့လျက် ရှိသည်။
“အေး အေး” ဟိဒေအိုက နောက်လှည့်ပြီး ခေါင်းညိတ်ပြသည်။ သူသည် သူ ချက်ပြုတ်နေသော သစ်သီးစုံဟင်းရည်ကို မြည်းကြည့်ရန် ခွက်ငယ်ထဲသို့ ထည့်နေသည်။
အိမ်မှ ထွက်လာပြီးနောက် ဟာရုမိသည် တံခါးဘေးတွင် ရပ်ထားသော စက်ဘီးပေါ်သို့ ခွတက်လိုက်သည်။ စက်ဘီး ခြေနင်းကို အသာအယာ နင်းပြီး ထွက်လာခဲ့သည်။ ဤနွေရာသီတွင် တတိယအကြိမ်မြောက် အပြင်သို့ နံနက်စောစော ထွက်ခဲ့ခြင်း ဖြစ်သည်။ မူမမှန်သည်ကို ဟိဒေအိုက ရိပ်မိနိုင်သော်လည်း ဟာရုမိကို ယုံကြည်သောကြောင့် ဘာမျှ မမေးချေ။
သူသည် သွားနေကျ လမ်းပေါ်တွင် ထုံးစံအတိုင်း ဖြေးဖြေးမှန်မှန် နင်း၍ သွားနေသည်။ မကြာခင်မှာပင် သူ၏ ဦးတည်ရာသို့ ရောက်လာခဲ့သည်။
ယမန်နေ့ညက ရွာသွန်းခဲ့သော မိုးကြောင့် ဖြစ်ပေလိမ့်မည်။ နာမီယာကုန်စုံဆိုင်ကို မြူခိုးများ အကြားတွင် မှုန်ဝါးဝါးသာ တွေ့မြင်နေရသည်။ ဘေးဘီတွင် လူမရှိကြောင်း သေချာတော့မှ ဟာရုမိသည် ဆိုင်ဘေးရှိ လမ်းကျဉ်းလေးထဲသို့ တိုးဝင်သွားသည်။ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က သူ၏ နှလုံးမှာ တဆတ်ဆတ် တုန်ခါနေခဲ့သည်။ ယခုတော့ ကျင့်သားရခဲ့လေပြီ။
ဆိုင်ခန်း အနောက်ဘက်တွင် တံခါးတစ်ချပ် ရှိသည်။ ၎င်းတံခါး၏ ဘေးတွင်မူ နွားနို့သေတ္တာဟောင်း တစ်လုံးကို တွေ့နိုင်သည်။ ဟာရုမိသည် ပင့်သက်ကို အားရှိပါးရှိ ရှိုက်သွင်းလိုက်ပြီး လက်ဆန့်တန်းကာ အဖုံးကို ဖွင့်သည်။ သေတ္တာထဲသို့ လှမ်းကြည့်လိုက်သောအခါ ယခင်အခါများကကဲ့သို့ အထဲတွင် စာတစ်စောင်ကို တွေ့ရသည်။
စိတ်ချသွားသည့် အနေဖြင့် ထွက်သက်ကို မှုတ်ထုတ်လိုက်သည်။
လမ်းကြားထဲမှ ပြန်ထွက်လာပြီး စက်ဘီးပေါ်သို့ တက်ကာ ခရီးနှင်လေတော့သည်။ တတိယမြောက် ပြန်စာပေါ်တွင် မည်သည့် အကြောင်းအရာများ ရေးထားမည်နည်း။ ခြေနင်းခုံကို အားကုန် နင်းချလိုက်သည်။ အိမ်သို့ မြန်မြန် ရောက်၍ စာကို ဖတ်ချင်လှပြီ။
မူတို ဟာရုမိသည် သူ့အဘွားအိမ်သို့ ပြန်ရောက်ခဲ့သည်မှာ ဩဂုတ်လ၏ ဒုတိယအပတ် စနေနေ့က ဖြစ်သည်။ ကံကောင်း ထောက်မစွာပင် သူ၏ နေ့အလုပ်ဖြစ်သော ကုမ္ပဏီနှင့် ညအလုပ်ဖြစ်သော ရှင်ဂျုကုမှ ဘားဆိုင်တို့သည် တစ္ဆေကြီးပွဲတော်အတွက် ရုံးပိတ်ထားကြသည်။ ထိုအခွင့်အရေးကို သူ လက်လွှတ်၍ မဖြစ်။ သို့မဟုတ်လျှင် သူ အိမ်သို့ ပြန်ခွင့် ရတော့မည် မဟုတ်ပေ။ နေ့ခင်းအလုပ် ဖြစ်သော ကုမ္ပဏီတွင် ခွင့်တစ်ရက် ရရန်ပင် အင်မတန်မှ ခဲယဉ်းလှသည်။ ဘားဆိုင်ကတော့ ပြဿနာ မရှိ။ ရက်ကြို အသိပေးထားလျှင် ခွင့်ယူနိုင်သည်။ သို့သော် သူက ညအလုပ်တွင် ခွင့်မယူချင်။ ငွေရှာကောင်းတုန်း အရွယ်တွင် ငွေများများ ရှာထားချင်သည်။
အိမ်ပြန်သည်ဟု ဆိုရသော်လည်း ဟာရုမိ ပြန်သည့် အိမ်မှာ သူ၏ ချက်မြှုပ်ရာ မွေးရပ်အိမ် မဟုတ်ပေ။ ယခုအိမ်၏ တံခါးမကြီးတွင် ‘တာမူရာ’ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။
သူ ငါးနှစ်သမီး အရွယ်တွင် ဟာရုမိ၏ မိဘနှစ်ပါးသည် ယာဉ်တိုက်မှု ဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။ တော်တန်ရုံ ဖြစ်ပွားလေ့ မရှိသော ယာဉ်တိုက်မှုမျိုး ဖြစ်သည်။ ကုန်ကားတစ်စီးသည် လမ်းလယ်မျဉ်းကို ဖြတ်ကျော်ပြီး တစ်ဘက် ယာဉ်ကြောပေါ်ရှိ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကားတစ်စီးကို ဝင်တိုက်ခဲ့သည်။ ထိုစဉ်က ဟာရုမိသည် မူကြိုကျောင်းတွင် ပြပွဲတစ်ခုအတွက် သရုပ်ပြ လေ့ကျင့်နေခဲ့သည်။ ထိုသတင်းဆိုးကို ကြားခဲ့ရစဉ် အခါက သူ မည်သို့ ခံစားခဲ့ရသည်ကို ယခုအခါ လုံးဝ မမှတ်မိတော့ပေ။ ကြေကွဲဝမ်းနည်း၍ ခိုကိုးရာမဲ့သော ခံစားမှုမျိုးပဲ ဖြစ်ရပေလိမ့်မည်။ သို့သော် မှတ်ဉာဏ်၏ ၎င်းအစိတ်အပိုင်းမှာ ယခုအခါ ဗလာကျင်းနေလေပြီ။ နောက်ပိုင်းမှသာ တခြားလူများထံမှ မိမိအကြောင်းကို ကြားသိခဲ့ရသည်။ ထိုအဖြစ်ဆိုး ဖြစ်ပွားပြီးသည့် နောက်တွင် နှစ်ဝက်ကြာမျှ သူ လုံးဝ စကား မပြောတော့ချေ။
ဟာရုမိသည် ဆွေမရှိ မျိုးမရှိသော တစ်ကောင်ကြွက်တော့ မဟုတ်။ သို့သော် ဆွေမျိုးများနှင့် အဆက်အသွယ် မရှိသလောက် နည်းပါးလှသောကြောင့် သူ့ကို မွေးစားရန် စိတ်ဝင်စားမည့်သူလည်း မရှိတော့ပေ။ ထိုသို့သော အခြေအနေမျိုးတွင် သူ့အား လက်ကမ်းကြိုဆိုခဲ့သူမှာ တာမူရာ လင်မယားပင် ဖြစ်သည်။
တာမူရာ ဟိဒေအိုသည် ဟာရုမိအမေ၏ ဒေါ်ကြီးဖြစ်သည်။ ထို့ကြောင့် သူနှင့် အဘွားတစ်ဝမ်းကွဲ တော်သည်။ ဟာရုမိ၏ အဘိုးသည် စစ်မြေပြင်တွင် သေဆုံးခဲ့ရပြီး အဘွားအရင်းသည်လည်း စစ်ကြီးအပြီးတွင် ရောဂါဖြင့် ဆုံးခဲ့ရှာသည်။ ဟိဒေအိုသည် သူ့ကို မြေးအရင်း တစ်ယောက်ပမာ ချစ်မြတ်နိုးခဲ့သည်။ သူ့အနေနှင့် တခြား အားကိုးစရာ ဆွေမျိုးလည်း မရှိသောကြောင့် ဟိဒေအိုသည် ဘုရားသခင်က ပို့လွှတ်လိုက်သော ကယ်တင်ရှင် တစ်ဦးပင် ဖြစ်နေတော့သည်။ ဟိဒေအို၏ လင်သား အဘိုးကလည်း စိတ်ကောင်းရှိသူ တစ်ဦး ဖြစ်သည်။
သို့သော် လောကဓံဟူသည် တက်ချည် နိမ့်ချည် မဟုတ်ပါလော။ တာမူရာ လင်မယား၏ တစ်ဦးတည်းသော သမီးသည် သူ့လင်သား၊ သားသမီးများနှင့်အတူ မိဘအိမ်သို့ ရုတ်တရက် ပြောင်းရွှေ့လာကြသည်။ တာမူရာတို့၏ သားမက်သည် စီးပွားပျက်စီး၍ အကြွေးနွံနစ်ကာ ခြေချစရာ နေရာ မရှိတော့သောကြောင့် လာရောက် ခိုကပ်နေခြင်း ဖြစ်ကြောင်း နောင်မှ သိလာခဲ့ရသည်။
မူလတန်း တက်နေစဉ် ကာလအတွင်း ဟာရုမိသည် မိဘမဲ့ဂေဟာ တစ်ခုသို့ အပို့ခံလိုက်ရသည်။ “အဘွားတို့ သမီးကို မကြာခင် ပြန်လာခေါ်မယ်နော်” ထိုစဉ်က သူ့ကို အဘွားက ထိုသို့ ပြောကြားခဲ့သည်။
ထိုကတိကို နောက်ခြောက်နှစ် ကြာသည့်အခါမှသာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ဟိဒေအိုထံတွင် ခိုကပ်နေသော သူ့သမီးနှင့် မိသားစုလည်း ထိုအိမ်တွင် မရှိကြတော့ပြီ။ ဟာရုမိကို ဂေဟာမှ ပြန်ခေါ်လာသည့် နေ့တွင် ဟိဒေအိုသည် သူ့ညီမ၏ ဓာတ်ပုံရှေ့တွင် လက်အုပ်ချီလျက် ဤသို့ ရေရွတ်နေခဲ့သည်။ “ငါ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလိုပဲ။ အခုမှ နင့်မျက်နှာကို ငါ ကောင်းကောင်း ရင်ဆိုင်ရဲတော့တယ်”
သူ့တို့အိမ်၏ မျက်စောင်းထိုးတွင် ကီတာဇာဝါ မိသားစု နေထိုင်ကြသည်။ သူတို့တွင် ရှီဇုကို အမည်ရှိ သမီးတစ်ယောက် ရှိပြီး ဟာရုမိထက် သုံးနှစ်ကြီးသည်။
မူကြိုကျောင်းသူ ဘဝ ဤအိမ်တွင် နေထိုင်ခဲ့စဉ်က ဟာရုမိသည် ရှီဇုကိုနှင့် မကြာခဏ အတူတူ ကစားခဲ့ကြသည်။ ယခု ဟာရုမိ အလယ်တန်းကျောင်းသို့ တက်ရတော့မည့် အချိန်တွင် ရှီဇုကိုမှာ အထက်တန်းကျောင်းသူ တစ်ယောက် ဖြစ်နေချေပြီ။ ၆ နှစ်တာမျှ ကွဲကွာသွားပြီးနောက် ယခု ပြန်တွေ့ရချိန်တွင်မူ ရှီဇုကို၏ ပုံပန်းသဏ္ဌာန်မှာ လူကြီးတစ်ယောက်ကဲ့သို့ ရှိနေပေတော့သည်။
ဟာရုမိကို ပြန်တွေ့ရသောကြောင့် ရှီဇုကိုလည်း ဝမ်းသာနေသည်။ “နင့်ကို အချိန်တိုင်း သတိရနေတာဟာ” သူက မျက်ရည်စမ်းစမ်းနှင့် ပြောနေရှာသည်။
ထိုနေ့မှ စ၍ သူတို့နှစ်ဦးသည် တစ်ပူးတွဲတွဲ ရှိနေကြတော့သည်။ ဟာရုမိနှင့် ရှီဇုကိုတို့သည် ညီအစ်မ အရင်းများကဲ့သို့ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးကြသည်။ အိမ်နီးနားချင်းလည်း ဖြစ်ကြသောကြောင့် အချိန်မရွေး တွေ့ဆုံနိုင်ကြလေသည်။ ယခုတစ်ခေါက် အိမ်ပြန်ရောက်သောအခါတွင်လည်း ဟာရုမိ အတောင့်တဆုံး အလုပ်မှာ ရှီဇုကိုနှင့် တွေ့ဆုံရန် ဖြစ်သည်။
ယခုအခါ ရှီဇုကိုသည် အားကစားသိပ္ပံတွင် စတုတ္ထနှစ် ကျောင်းသူတစ်ယောက် ဖြစ်နေပြီ။ သူသည် အထက်တန်း ကျောင်းသူဘဝကတည်းက ရိုးရာဓားသိုင်းကို စတင် သင်ယူခဲ့သည်။ နောက်ဆုံးတွင် အိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံ့လက်ရွေးစင်အဖြစ် စကာတင် ရွေးချယ်ရာ၌ စာရင်းဝင်လာခဲ့လေပြီ။ တက္ကသိုလ် တက်နေစဉ် ကာလတစ်လျှောက်လုံး အိမ်တွင် နေထိုင်သည်ဟု ဆိုရသော်လည်း လက်ရွေးစင် တစ်ယောက်အဖြစ် အရည်အချင်း ပြည့်မီနိုင်စေရန် အတွက် အချိန်ပြည့် လေ့ကျင့်နေရလေသည်။ နိုင်ငံရပ်ခြားသို့ သွားရောက် ယှဉ်ပြိုင်ရသည့် အကြိမ် အရေအတွက်ကလည်း တိုးပွားလာပြီး အိမ်တွင် မနေရသည်ကသာ များနေသည်။
ယခု နွေရာသီတွင်တော့ ရှီဇုကိုသည် အိမ်တွင် အားလပ်နေသည်။ သူ မျှော်မှန်း တောင့်တခဲ့သော အိုလံပစ်ပွဲတော်ကြီးကို ဂျပန်အစိုးရက သပိတ်မှောက်ပစ်လိုက်သည်။ ထိုကိစ္စအတွက် သူ စိတ်အတော် ထိခိုက်နေလိမ့်မည်ဟု နဂိုက ယူဆထားသော်လည်း သူနှင့် မျက်နှာချင်းဆိုင် ဆုံကြသောအခါတွင်မှ မိမိ စိတ်ပူနေသည်မှာ အပို ဖြစ်နေကြောင်း သိလာရသည်။ မမြင်ရသည်မှာ ကြာပြီ ဖြစ်သော ရှီဇုကိုသည် သွက်လက် ပေါ့ပါးနေသည်။ အိုလံပစ်အကြောင်း ပြောဆိုကြလျှင်လည်း ဟန်မူမပျက် အေးဆေးစွာ ပြောဆိုနိုင်လေသည်။ သူ ပြောပြချက်အရ ဆိုလျှင် နောက်ဆုံးအဆင့် စကာတင် ရွေးချယ်စဉ် ကျရှုံးပြီးကတည်းက သူ အရာအားလုံးကို လွှတ်ချထားနိုင်ခဲ့ပြီဟု ဆိုသည်။
“ဒါပေမယ့် လက်ရွေးစင်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အားကစားသမားတွေ အတွက်တော့ သနားစရာပဲ” ထိုသို့ ပြောနေစဉ်မှာတော့ စိတ်ထား ဖြူစင်ရှာသော ရှီဇုကို၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။
ရှီဇုကိုနှင့် မတွေ့ခဲ့ရသည်မှာ နှစ်နှစ်ရှိခဲ့ပြီ။ ယခင်က ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သော သူသည် ယခုအခါ အားကစားသမား တစ်ယောက် ပီသစွာ တောင့်တင်းကျစ်လစ်သော ကိုယ်ခန္ဓာ အချိုးအစားမျိုးကို ပိုင်ဆိုင်နေသည်။ ပခုံးကျယ်ပြီး လက်မောင်းအိုးပေါ်မှ ကြွက်သားများသည် သာမန် ယောက်ျားတစ်ယောက်ထက်ပင် ပြည့်ဖြိုးနေလေသည်။ ‘နိုင်ငံ့လက်ရွေးစင်အဖြစ် ပါဝင်ခွင့် ရတဲ့ သူတွေရဲ့ ခန္ဓာကိုယ် အချိုးအစားက နှယ်နှယ်ရရတော့ မဟုတ်ဘူး’ ဟာရုမိက ဤသို့ တွေးနေမိသည်။
“အမေက ငါ့ကို မြင်တိုင်း လှောင်နေတော့တာပဲဟာ။ ငါ အိမ်ထဲ ဝင်လာတာနဲ့ သူ့အိမ်က ကျဉ်းသွားသလိုပဲ တဲ့” ပြောပြီး ရှီဇုကိုက နှာခေါင်း ရှုံ့ပြသည်။ ၎င်းမှာ သူ၏ ငယ်ကျင့်ပင် ဖြစ်သည်။
ဟာရုမိသည် ရှီဇုကိုထံမှ နာမီယာကုန်စုံဆိုင် အကြောင်းကို ကြားခဲ့ရသည်။ မြို့ထဲရှိ တစ္ဆေကြီးပွဲတော် ကပွဲ ကျင်းပရာသို့ သွားကြည့်ပြီး အပြန်လမ်းတွင် ပြောပြခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူတို့သည် အနာဂတ် ရည်မှန်းချက်နှင့် အိမ်ထောင်ရေးအကြောင်း ပြောဆိုနေကြစဉ် ဟာရုမိက သူ့ကို ရုတ်တရက် မေးလိုက်မိသည်။ “ဓားသိုင်းနဲ့ ချစ်သူ၊ တစ်ခုခုကို ရွေးပါဆိုရင် နင် ဘာကို ရွေးမလဲ” ရှီဇုကိုကို ကလိလိုသောကြောင့် တမင် မေးလိုက်ခြင်း ဖြစ်သည်။
ရှီဇုကို၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်တောင်မခတ်ဘဲ ဟာရုမိကို စိုက်ကြည့်နေသည်။ တစ်ဘက်လူ ကြက်သီးထလောက်အောင် သူ၏ မျက်လုံးထဲတွင် အရောင်များက တစ်ဖျတ်ဖျတ် တောက်ပနေသည်။ ထို့နောက် ဘာ အသံမျှ မထွက်ဘဲ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။
“အယ် … ဘာဖြစ်လို့လဲ။ ငါ မပြောသင့်တဲ့ စကားကို ပြောလိုက်မိလို့လား။ ဆောရီးပဲဟာ။ နင့်ကို စိတ်မကောင်း ဖြစ်သွားအောင် လုပ်မိရင် ငါ တောင်းပန်ပါတယ်” ဟာရုမိကလည်း သူ့ကို ပျာပျာသလဲ တောင်းပန်နေမိသည်။
ရှီဇုကိုက ခေါင်းခါပြီး မျက်ရည်ကို လက်ဖြင့် သုတ်ကာ ခပ်ယဲ့ယဲ့ ပြုံးပြလေသည်။
“ဘာမှ မဖြစ်ပါဘူး။ နင် လန့်သွားအောင် လုပ်မိတာ ဆောရီးပဲ။ ငါ ဘာမှ မဖြစ်ပါဘူး။ တကယ် မဖြစ်ဘူး” သူက ဆက်ခါဆက်ခါ ခေါင်းယမ်းနေသည်။ ထို့နောက် ရှေ့သို့ ဆက်လှမ်းသွားသည်။
သူတို့ နှစ်ယောက်စလုံး အချိန် အတော်ကြာမျှ နှုတ်ဆိတ်နေကြသည်။ အပြန်ခရီးက ဆွဲဆန့်ခံထားရသည့်နှယ် ရှည်လျားလွန်းနေသည်။
ထို့နောက် ရှီဇုကို၏ ခြေလှမ်းများ တုံ့ရပ်သွားကြပြန်သည်။
“ဟာရုမိ၊ လမ်းကြုံတုန်း ငါ တစ်နေရာ ခဏ သွားချင်တယ်”
“လမ်းကြုံတုန်း? ရတယ်လေ။ ဘယ်ကိုလဲ”
“ရောက်ရင် နင် သိမှာပေါ့။ မပူပါနဲ့။ မဝေးတော့ဘူး”
ရှီဇုကို သူ့ကို ခေါ်သွားသည်မှာ ဆိုင်ဟောင်းတစ်ဆိုင်သို့ ဖြစ်သည်။ ဆိုင်းဘုတ်တွင် ‘နာမီယာကုန်စုံဆိုင်’ ဟု ရေးထားသည်။ ယင်းလိပ်တံခါး ပိတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဆိုင်ပိတ်ချိန် ရောက်နေသောကြောင့် တံခါးကို ပိတ်ထားခြင်းလော။ သို့တည်းမဟုတ် လုံးဝ ဆိုင်မဖွင့်တော့၍ ပိတ်ထားခြင်းလော ဆိုသည်ကိုမူ အပြင်ပန်းအရ ခွဲခြား မသိနိုင်ပေ။
“နင် ဒီဆိုင်ကို သိလား” ရှီဇုကိုက မေးသည်။
“နာမီယာ ….. ဒီနာမည်ကိုတော့ တစ်နေရာရာမှာ ကြားဖူးသလိုပဲ”
“ခေါင်းရှုပ်နေသလား။ စိတ်မပူနဲ့။ နာမီယာကုန်စုံဆိုင် ရှိတယ်” ရှီဇုကို ရွတ်နေသော အသံနေ အသံထားမှာ သီချင်းဆိုပြနေသည့်အလား။
“ဪ … ငါ မှတ်မိပြီ။ သူငယ်ချင်းတစ်ယောက် ပြောပြဖူးတယ်။ လက်စသတ်တော့ ဒီနေရာကိုး”
သူ အလယ်တန်း ကျောင်းတက်စဉ်က ၎င်းသတင်းကို သူ ကြားဖူးခဲ့သည်။ သို့သော် တစ်ခါမျှ မရောက်ခဲ့စဖူး။
“ဒီဆိုင်က အခု မဖွင့်တော့ဘူး။ ဒါပေမယ့် အခုထိတော့ အကြံဉာဏ် တောင်းခံတာမျိုးတွေ လုပ်လို့ ရနေသေးတယ်”
“ဟုတ်လား”
ရှီဇုကိုက ခေါင်းညိတ်ပြသည်။ “ငါ မကြာသေးခင်ကမှ သူ့ဆီကနေ အကြံဉာဏ်ကောင်း တချို့ ရထားခဲ့တာ”
ဟာရုမိက သူ့ကို မျက်လုံး အပြူးသားနှင့် ကြည့်နေမိသည်။ “တကယ် …”
“ငါ ဒီကိစ္စ ဘယ်သူ့ကိုမှ မပြောပြဖူးဘူး။ နင်က ပထမဆုံးပဲ။ ငါ မျက်ရည်ကျတာကို နင်က မြင်သွားတာကိုး” ပြောနေရင်းပင် သူ၏ မျက်ဝန်းများ အရည်လဲ့လာကြသည်။
ရှီဇုကို၏ ဇာတ်လမ်းကို ကြားရသောအခါ ဟာရုမိမှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ခဲ့ရသည်။ ဓားသိုင်း နည်းပြဆရာနှင့် ချစ်ကြိုးသွယ်ပြီး သူနှင့် လက်ထပ်ရန် ကြံရွယ်ထားကြောင်း သိရသည်နှင့်ပင် မထိတ်သာ မလန့်သာ ရှိနေရသည့်အထဲ ထိုသူမှာ ယခုအခါ လူ့လောကတွင် မရှိတော့ပြီ ဖြစ်ကြောင်း သိလိုက်ရသည့် အခါတွင်မူ ဟာရုမိ၏ မျက်လုံးများ ပြုတ်ကျသွားမတတ် ပြူးထွက်လာခဲ့သည်။ ထို့အပြင် ရှီဇုကိုသည် သူ့တွင် အချိန် လောက်လောက်ငင မရှိတော့သည်ကို သိနေခဲ့ပါလျက်နှင့် အိုလံပစ်ပြိုင်ပွဲအတွက် အလေ့အကျင့် မပြတ်ခဲ့သည်မှာ အံ့ဩဖွယ် ကောင်းလှပေစွ။
“ငါသာဆိုရင် အဲဒီလို လုပ်နိုင်မှာ မဟုတ်ဘူး” ဟာရုမိက ပြောသည်။ “ကိုယ်ချစ်နေတဲ့သူက သေအံ့မူးမူး ဖြစ်နေပြီလေ။ အဲဒီလို အခြေအနေမျိုးမှာ ငါသာဆိုရင် ထရိန်နင်ထဲ ဘယ်လိုမှ အာရုံစိုက်နိုင်လိမ့်မယ် မထင်ဘူး”
“ငါတို့ကို နားမလည်လို့သာ နင် အဲဒီလို ပြောတာပါ” ရှီဇုကို၏ လေသံနှင့် အမူအရာမှာ အလွန် တည်ငြိမ်လှသည်။ “သူ့မှာ အချိန်အများကြီး မကျန်တော့ဘူး ဆိုတာ သူလည်း သိနေလောက်မှာပဲ။ ဒါကြောင့်မို့ အဲဒီလို အကန့်အသတ် ရှိနေတဲ့ အချိန်လေးအတွင်းမှာ ငါရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ သူ ဆုတောင်းနေခဲ့တာပေါ့။ အဲဒါက သူရဲ့ အိပ်မက်လို့ ဆိုရင်လည်း မမှားဘူးလေ။ ငါ အဲဒီအချက်ကို နားလည် သဘောပေါက်လိုက်တာနဲ့ နောက်ထပ် တွေဝေ မနေတော့ဘူး”
ထိုသို့ မတွေဝေရန် လမ်းမှန် ပြပေးခဲ့သူမှာ နာမီယာကုန်စုံဆိုင်ပင် ဖြစ်ကြောင်း ရှီဇုကိုက ပြောပြသည်။
“အတော်ကို လေးစားစရာ ကောင်းတဲ့ လူကြီးပဲ။ ဝေ့လည်ကြောင်ပတ် လုပ်မနေဘူး။ အချက်ကျ လက်ကျ ပြောတတ်တယ်။ သူ ငါ့ကို ဆူလိုက်တာ ရစရာကို မရှိဘူး။ ဒါပေမယ့် သူ အဲဒီလို မညှာမတာ ထောက်ပြလို့ပဲ ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြန်မြင်လာရတယ်။ ဒါကြောင့်လည်း ကိုယ်လုပ်ရမည့် အလုပ်မှာ ပြတ်ပြတ်သားသား စိတ်နှစ်ထားနိုင်ခဲ့တာပေါ့”
“ဟုတ်လား …..” ဟာရုမိသည် နာမီယာကုန်စုံဆိုင်၏ ဟောင်းနွမ်းနေသော ယင်းလိပ်တံခါးကို စိုက်ကြည့်ရင်း အနည်းငယ် စိတ်ဝင်စားလာသည်။ မည်သို့ပင် ကြည့်ကြည့် အထဲတွင် လူနေနေသည်ဟု ထင်မှတ်ချင်စရာ အကြောင်း တစ်စုံတစ်ရာမျှ မရှိပေ။
“နင် ဘာစဉ်းစားနေသလဲ ဆိုတာ ငါသိတယ်” ရှီဇုကိုက ပြောသည်။ “ဒါပေမယ့် ငါပြောတာ အမှန်ပဲ။ ပုံမှန်အားဖြင့်တော့ လူနေလိမ့်မယ် မထင်ဘူး။ ဒါပေမယ့် ညပိုင်းကျရင် စာလာသိမ်းပြီး ပြန်စာကို မနက် မိုးမလင်းခင် နွားနို့သေတ္တာထဲမှာ ထည့်ထားခဲ့ပုံ ရတယ်။”
“အဲဒီလိုလား …..”
မည်သူသည် ထိုသို့ ဒုက္ခခံ၍ လုပ်နေပါအံ့နည်း။ ဟာရုမိက သံသယ ဝင်နေဆဲ။ သို့သော် ရှီဇုကို ကိုယ်တိုင် ပြောခဲ့သော စကားဖြစ်သောကြောင့် မှားစရာတော့ အကြောင်းမရှိ။
ထိုနေ့ညမှ စ၍ နာမီယာကုန်စုံဆိုင် အကြောင်းကို တနုံ့နုံ့နှင့် စဉ်းစားနေမိသည်။ တခြားကြောင့်တော့ မဟုတ်။ ဟာရုမိ ကိုယ်တိုင်တွင် အင်မတန် နက်ရှိုင်းလှသော စိတ်သောက တစ်ခု ရှိနေသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမှလည်း ဆွေးနွေးတိုင်ပင်၍ မဖြစ်။
သူ၏ အရှုပ်တော်ပုံကို အရိုးရှင်းဆုံး ဖြစ်အောင် စကားလုံး တစ်လုံးတည်းနှင့် ဖော်ပြရလျှင် ‘ငွေ’။
အဘွားသည် သူ့အား တိုက်ရိုက် ပြောဆိုခဲ့ခြင်း မရှိသော်လည်း တာမူရာမိသားစု၏ ဘဏ္ဍာရေး အခြေအနေမှာ အင်မတန်မှ ဆိုးရွားနေချေပြီ။ အကယ်၍ သင်္ဘောတစ်စီးနှင့် ပမာနှိုင်းရမည် ဆိုလျှင် တရိပ်ရိပ် မြုပ်နေသော သင်္ဘောပျက်တစ်စီး၏ ဝမ်းဗိုက်အတွင်းမှ ရေများကို ရေပုံးဖြင့် အဆက်မပြတ် ခပ်ထုတ်နိုင်ပါမှ ထိုသင်္ဘောသည် ရေပေါ်တွင် ခပ်ကြာကြာ ရပ်တည်နိုင်ခွင့် ရှိတော့မည့်အလား။ ထိုသို့သော အခြေအနေမျိုးတွင် ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း ပြောပြစရာပင် လိုမည် မဟုတ်ပေ။
တာမူရာ၏ စည်းစိမ်ဥစ္စာမှာ နဂိုမူလက ခိုင်မာတောင့်တင်းခဲ့သည်။ မြို့တစ်နံတစ်လျားတွင် မြေဧကပေါင်း များစွာ ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ၎င်းမြေအများစုကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ရောင်းထုတ်ပစ်ခဲ့ရသည်။ အကြောင်းအရင်းမှာ တစ်ခုတည်းသာ။ သားမက်၏ အကြွေးများကို ပြန်ဆပ်ရန်ပင် ဖြစ်သည်။ အကြွေးအားလုံး အကျေဆပ်ပြီးမှသာ သမီးက အိမ်ပေါ်မှ ဆင်းသွားသည်။ သို့မှသာ ဟာရုမိကို ပြန်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တာမူရာတို့၏ ဒုက္ခမှာ ထိုမျှနှင့် နိဂုံး မချုပ်သေး။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အဘိုးသည် လေဖြတ်သွားခဲ့ရာမှ ညာဘက် ခန္ဓာကိုယ်တစ်ပိုင်းမှာ သေသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သို့ဖြင့် ဟာရုမိသည် တိုကျိုသို့ သွားပြီး အလုပ်ရှာခဲ့ရသည်။ တာမူရာတို့ကို တတ်အားသရွေ့ ကူညီထောက်ပံ့ရန် မိမိတွင် တာဝန်ရှိသည်ဟု သူ ခံယူထားသည်။
သို့သော် ကုမ္ပဏီလစာမှာ သူ၏ နေထိုင်စားသောက် စရိတ်နှင့်ပင် ကုန်သလောက် နီးပါး ရှိနေပြီ ဖြစ်သောကြောင့် တာမူရာတို့ကို ကူညီရန်ဟူသော ရည်မှန်းချက်မှာ အိပ်မက်သာသာ ဖြစ်နေလေတော့သည်။
ဘားမယ်အသစ် စုဆောင်းပေးသော ပွဲစားနှင့် တွေ့ကြသောအချိန်က ဝင်ငွေကိစ္စအတွက် သူ စိတ်ဆင်းရဲနေချိန်ပင် ဖြစ်သည်။ တစ်နည်းဆိုရပါမူ အကယ်၍သာ ထိုကဲ့သို့သော အကျဉ်းအကျပ်မျိုး ကြုံနေရချိန် မဟုတ်ခဲ့လျှင် သူသည် ထိုအလုပ်မျိုးကို စမ်းကြည့်ချင်စိတ်ပင် ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ရိုးရိုးသားသား ဝန်ခံရလျှင် သူသည် ဘားမယ် လုပ်သူများကို အထင်အမြင် သေးသူတစ်ယောက် ဖြစ်ခဲ့သည်။
ယခု ထိုသို့ မဟုတ်တော့ပြီ။ တာမူရာတို့ကို ကျေးဇူးဆပ်နိုင်ရန် အလို့ငှာ ကုမ္ပဏီအလုပ်ကို ထွက်ပစ်ပြီး ဘားမယ်အလုပ်ကိုသာ အားသွန်ခွန်စိုက် လုပ်တော့မည်ဟု ကြံစည် စိတ်ကူးနေမိသည်။
ဤသို့သော ကိစ္စရပ်မျိုးကို အကြံဉာဏ် တောင်းခြင်းသည် အမှန်ပင် သင့်တော်ပါ၏လော။ တစ်ဘက်သားကို ဦးနှောက်ခြောက်အောင် ဒုက္ခပေးရုံ သက်သက်သာ ဖြစ်နေမည်လော။ အလယ်တန်း ကျောင်းသူဘဝ တစ်လျှောက်လုံး အသုံးပြုခဲ့သော စာရေးစားပွဲရှေ့တွင် ထိုင်လျက် ဟာရုမိ တွေဝေနေသည်။
‘လျှောက်စဉ်းစားနေလို့လည်း အပိုပဲ။ အစမ်း ရေးကြည့်တာပေါ့’ – ဤသို့ဖြင့် ဟာရုမိသည် အကြံတောင်းသည့်စာကို ရေးသားရန် ဆုံးဖြတ်လိုက်လေသည်။
နာမီယာကုန်စုံဆိုင်ရှိ စာထည့်ပေါက်တွင် စာထည့်ရန် လက်ကို ဆန့်တန်းလိုက်စဉ် ဟာရုမိ တွန့်ဆုတ်သွားပြန်သည်။ ပြန်စာကို အမှန်တကယ်ပင် ရနိုင်ပါ၏လော။ ရှီဇုကို၏ ပြောစကားအရ သူ ပြန်စာရခဲ့သည်မှာ ယမန်နှစ်က ဖြစ်သည်။ ယခုအချိန်တွင် ဤအိမ်ကြီး၌ လူမနေတော့ဘဲ မိမိ ထည့်လိုက်သော စာသည်လည်း အမှိုက်တစ်စအဖြစ် ဤအိမ်အိုကြီးနှင့်အတူ အစွန့်ပစ်ခံဘဝသို့ ရောက်ရှိသွားနိုင်ပေသည်။
‘ဘာဖြစ်ဖြစ်ဟာ’ ဟု တွေးပြီး မျက်စိစုံမှိတ်ကာ စာထည့်ပေါက်ထဲသို့ စာကို ထိုးထည့်လိုက်သည်။ စာပေါ်တွင် မိမိနာမည်အရင်းကို ရေးထားခြင်း မရှိသောကြောင့် တခြားသူများ မြင်သွားလျှင်လည်း မည်သူမည်ဝါမှန်း ခွဲခြားသိနိုင်မည် မဟုတ်ချေ။
နောက်တစ်နေ့ နံနက် ပြန်လာကြည့်သောအခါ နွားနို့သေတ္တာထဲတွင် စာတစ်စောင် ထည့်ထားသည်ကို တွေ့ရလေသည်။ အကယ်၍ သေတ္တာထဲ ဘာမျှ မရှိလျှင် သူ စိတ်ပျက်သွားမိမည်မှာ အမှန်။ ယခု ပြန်စာတစ်စောင်ကို လက်ဝယ်ပိုင်ပိုင် ရထားသော အချိန်၌မူ အဖြစ်အပျက်မှာ မှော်ဆန်နေသကဲ့သို့ ခံစားနေရပြန်သည်။
စာကို ဖတ်ရှုပြီးသောအခါ ရှီဇုကို၏ မှတ်ချက်များ မှန်ကန်ကြောင်း တွေ့လာရသည်။ စာထဲတွင် အချိုသပ်၍ ပြောနေခြင်းမျိုး အလျဉ်းမရှိ။ ပြောစရာ ရှိသည်ကို တဲ့တိုးပြောသည်။ ပြတ်ပြတ်သားသားဖြင့် မထောက်မညှာ ရေးသားထားသည်။ မိမိကို စိတ်မဆိုး ဆိုးလာအောင် တမင် ကြိမ်းမောင်းနေသည်နှင့်ပင် တူနေတော့သည်။
“မစ္စတာနာမီယာက အဲဒီလို တမင် လုပ်နေတာ” ရှီဇုကိုက သူ့ကို ပြောပြသည်။ “ကိုယ့်ရင်ထဲ တစ်နေရာမှာ ပုန်းကွယ်နေတဲ့ ခံယူချက်တွေကို အပေါ်တက်လာအောင် ထိုးဆွပေးနေတာလေ။ ဒါမှ မှန်ကန်တည့်မတ်တဲ့ လမ်းကြောင်းကို ကိုယ်ကိုယ်တိုင် ရွေးချယ်နိုင်မှာပေါ့”
သို့ဖြစ်စေကာမူ စကားလုံး အသုံးအနှုန်းများမှာ အတန်ငယ် ရိုင်းစိုင်းသည်ဟု ဟာရုမိက ယူဆသည်။ သူသည် ဘားမယ်အလုပ်ကို လွယ်လွယ်နှင့် ဆုံးဖြတ်ပြီး ဝင်လုပ်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် မစ္စတာနာမီယာသည် မိမိကို ဂုဏ်ပကာသန မက်မောနေသောကြောင့်သာ ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု သုံးသပ်ထားသည်။
ဟာရုမိသည် ချက်ချင်း ပြန်စာရေးပြီး ဖြေရှင်းခဲ့သည်။ မိမိသည် ဝတ်ကောင်းစားလှနှင့် နေထိုင်ရသည့် ဘဝကို တပ်မက်မောသောကြောင့် ကုမ္ပဏီအလုပ်ကို ထွက်၍ ဘားမယ်အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ကိုင်ရန် စိတ်ကူးနေခြင်း မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ တစ်နေ့နေ့တွင် ကိုယ်ပိုင် ဘားဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်နိုင်ရန်လည်း ရည်ရွယ်ထားကြောင်း ပြောပြခဲ့သည်။
သို့ပါသော်လည်း နောက်ထပ် ပြန်စာတစ်စောင်ကို ဖတ်ရသောအခါတွင် ပို၍ စိတ်တိုရပြန်သည်။ ရည်မှန်းချက်အပေါ် ထားရှိသော သူ၏ စိတ်သဘောထားနှင့် ပတ်သက်ပြီး အထင်အမြင် သေးသော မေးခွန်းများကို မေးမြန်းရက်သည်မှာ ယုံကြည်နိုင်စရာပင် မရှိတော့။ မိမိအား စောင့်ရှောက်ခဲ့ဖူးသူများကို ကျေးဇူးဆပ်နိုင်ရန်အတွက် အိမ်ထောင်သားမွေး ပြုပြီး သာယာသော မိသားစုတစ်ခုကို တည်ထောင်ပါ ဟူသော အကြံမျိုးသည် ‘လသာတုန်း ရေခံ’ ဆိုသကဲ့သို့ ဖြစ်နေတော့သည်။
ထို့နောက် စိတ်အေးအေးထားပြီး မိမိကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်သည်။ ထိုအခါမှ ထိုသို့ နားလည်မှု လွဲနေရခြင်းမှာ သူ့တွင်လည်း တာဝန်မကင်းကြောင်း သတိထားလာမိသည်။ မိမိသည် အရေးပါသည့် အကြောင်းအချက်များကို ဖုံးကွယ်ရန် ကြိုးစားခဲ့သောကြောင့်သာ မိမိ၏ ဘဝအခြေအနေမှန်ကို မည်သို့မျှ နားလည်မပေးနိုင်ခြင်း ဖြစ်ကြောင်း သဘောပေါက်လာသည်။
သို့ဖြင့် တတိယမြောက် စာထဲတွင် သူ့ဘဝနှင့် ဆိုင်သော အကြောင်းအချက် တစ်စိတ်တစ်ဒေသကို ဖော်ပြခဲ့သည်။ ငယ်စဉ်က ကြီးပြင်းခဲ့ရသော ပတ်ဝန်းကျင် အခြေအနေမှ စ၍ မိမိ၏ ကျေးဇူးရှင်များ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများအထိ မကွယ်မဝှက် ရေးသားခဲ့သည်။ မိမိ၏ အနာဂတ် စီမံကိန်းကိုလည်း မခြွင်းမချန် ဖွင့်ဟခဲ့သည်။
မစ္စတာနာမီယာသည် သူ့အား မည်သို့သော အဖြေမျိုးကို ဖြေကြားပေးလိမ့်မည်နည်း။ သူသည် မျှော်လင့်ခြင်း တစ်ဝက်၊ စိုးရိမ်ခြင်း တစ်ဝက်ဖြင့် စာကို စာထည့်ပေါက်ထဲသို့ ထည့်ခဲ့သည်။
အိမ်ပြန်ရောက်သောအခါ နံနက်စာမှာ အဆင်သင့် ဖြစ်နေပြီ။ သူသည် မြက်ဖျာပေါ်တွင် ထိုင်ပြီး စားပွဲအနိမ့်ပေါ်ရှိ သူ၏ နံနက်စာကို စားသုံးခဲ့သည်။ အဘိုးသည် တစ်ဘက်ခန်းတွင် လဲလျောင်းနေပြီး ဟိဒေအိုက ဆန်ပြုတ်ကို ဇွန်းဖြင့်ခပ်၍ သူ့အား ခွံ့ကျွေးနေသည်။ ထို့နောက် ခွက်ဖြင့် ထည့်ထားသော လက်ဘက်ရည် အအေးကို စုပ်ယူနိုင်ရန် သူ့နှုတ်ခမ်းတွင် တေ့ပေးလေသည်။ ထိုသို့သော မြင်ကွင်းကို ကြည့်နေရင်းနှင့် ဟာရုမိ၏ ရင်ထဲတွင် ခံစားမှုများ လှိုက်တက်လာပြန်သည်။ သူတို့ကို သူ ကူညီမှ ဖြစ်မည်။ သူ တစ်ခုခု လုပ်မှ ဖြစ်မည်။
နံနက်စာ စားပြီးနောက် သူ၏ အခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူ့အိတ်ကပ်ထဲမှ စာကို ထုတ်ယူပြီး စာရေးစားပွဲအနီးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ စာရွက်ခေါက်ကို ဖြန့်ကြည့်လိုက်သောအခါ ယခင်က မြင်နေခဲ့ဖူးသည့်အတိုင်း ကြောင်ခြစ်လက်ရေးများကို တွေ့ရလေသည်။
သို့သော် ဤစာ၏ အကြောင်းအရာမှာမူ ယခင်စာများနှင့် လုံးဝ ခြားနားခဲ့လေပြီ။
❝ သို့ – တွေဝေတဲ့ ပါပီ
တတိယမြောက်စာကို ဖတ်ပြီးပါပြီ။ မင်း ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ကျေးဇူးရှင်တွေအပေါ် ကျေးဇူးဆပ်ချင်တဲ့ မင်းရဲ့ စေတနာကို ငါ အပြည့်အဝ နားလည်ပါတယ်။ အခု မင်းကို မေးချင်တာလေး နည်းနည်း ရှိနေတယ်။
ချစ်သူအဖြစ် နေပေးဖို့ မင်းကို တောင်းဆိုထားတဲ့ လူက တကယ်ရော ယုံရလို့လား။ စားသောက်ဆိုင်တွေ အသစ်ဖွင့်နိုင်ဖို့ သူက ကူညီပေးခဲ့ဖူးတယ်လို့ မင်း ပြောတယ်။ အဲဒါ ဘယ်လို ဆိုင်မျိုးတွေလဲ။ ဘယ်လို ပုံစံမျိုး ကူညီခဲ့တာလဲ။ မင်း အသေးစိတ် မေးကြည့်ဖူးလား။ တကယ်လို့ အဲဒီဆိုင်တွေကို သွားလေ့လာဖို့ သူက မင်းကို ဖိတ်ခေါ်ခဲ့မယ်ဆိုရင် ဆိုင်ဖွင့်ချိန် မသွားဘဲ အလုပ်နားချိန်မျိုးမှာ မင်းကို ခေါ်သွားပေးဖို့ တောင်းဆိုကြည့်ပါ။ ပြီးရင် အဲဒီဆိုင်က ဝန်ထမ်းတွေနဲ့ အေးအေးဆေးဆေး စကားပြောကြည့်ကြည့်။
တစ်နေ့ မင်းရဲ့ ကိုယ်ပိုင်ဆိုင်ကို ဖွင့်ပြီဆိုတဲ့ အချိန်မှာ အဲဒီလူက မင်းကို ကူညီပေးပါမယ်လို့ ကတိပေးထားတယ် မဟုတ်လား။ မင်းတို့ တွဲနေတာကို သူ့မိန်းမက သိသွားပြီ ဆိုရင်တောင် သူက သူ့ကတိအတိုင်း ဆက်ပြီး မပျက်မကွက် အကောင်အထည် ဖော်ပေးနိုင်ပါ့မလား။
မင်းက သူ့ကို တစ်သက်လုံး တွဲသွားတော့မှာလား။ ကိုယ် တကယ်ချစ်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့လာတဲ့ အချိန်ကျရင် မင်း ဘယ်လို လုပ်မလဲ။
ငွေကြေး တောင့်တင်းနိုင်ဖို့ အတွက် မင်းက ဘားမယ်အလုပ်ကိုပဲ ဆက်လုပ်ဖို့ စိတ်ကူးထားတယ်။ ပြီးတော့ တစ်နေ့နေ့မှာ ကိုယ်ပိုင်ဆိုင် ဖွင့်နိုင်ရမယ် လို့လည်း မျှော်လင့်ထားတယ်။ ဒါဆို ပိုက်ဆံ ရစေ ရမယ်လို့သာ အာမခံနိုင်ရင် တခြား နည်းလမ်းတွေကိုရော မင်း လက်ခံနိုင်မလား။ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် ဘားမယ် အလုပ်ကိုပဲ မဖြစ်မနေ လုပ်ချင်နေတာလား။
အရက်ဘားမှာ အလုပ် မလုပ်ရဘဲ ငွေကြေးတောင့်တင်းနိုင်စေမယ့် တခြား နည်းလမ်းကို ငါက သင်ပေးမယ် ဆိုရင်ရော ငါရဲ့ လမ်းညွှန်မှုတွေကို နားထောင်ချင်တဲ့ ဆန္ဒ မင်းမှာ အပြည့်အဝ ရှိရဲ့လား။ အဲဒီ လမ်းညွှန်မှုတွေထဲမှာ ‘ဘားမယ် မလုပ်ရ’ တို့၊ ‘စိတ်မချရတဲ့ အကောင်တွေနဲ့ မတွဲရ’ တို့ ဆိုတာမျိုးတွေ ပါလာနိုင်တယ်။
ငါမေးထားတဲ့ မေးခွန်းတွေကို ဖြေပေးပါဦး။ မင်းရဲ့ အဖြေပေါ် မူတည်ပြီး မင်းရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်အောင် ငါ ကူညီပေးပါ့မယ်။
ဒါမျိုးကိစ္စကို မင်း ယုံနိုင်ဖို့ ခဲယဉ်းလိမ့်မယ်ဆိုတာ ငါ နားလည်တယ်။ ဒါပေမယ့် ငါ မင်းကို ညာနေစရာ အကြောင်း မရှိပါဘူး။ မင်းကို ညာတော့ရော ငါ့အတွက် ဘာအကျိုးရှိမှာမို့လဲ။ မဟုတ်ဘူးလား။
ဒါပေမယ့် မင်းကို တစ်ခုတော့ သတိပေးထားရဦးမယ်။
ငါတို့ ၉ လပိုင်း ၁၃ ရက်နေ့အထိပဲ စာအဆက်အသွယ် လုပ်နိုင်လိမ့်မယ်။ အဲဒီရက် လွန်သွားရင် ဘယ်လိုမှ ဆက်သွယ်လို့ ရမှာ မဟုတ်တော့ဘူး။
မင်း ပြန်ပြီး သေသေချာချာ စဉ်းစားကြည့်ဦးပေါ့။
နာမီယာကုန်စုံဆိုင် ❞