မျက်စိနှစ်လုံး ပွင့်လာသည်နှင့် ဟာရုမိ နှာချေလေတော့သည်။ တစ်ကိုယ်လုံး ချမ်းစိမ့်နေသောကြောင့် စောင်ကို ပခုံးအထက်သို့ ရောက်အောင် ဆွဲတင်လိုက်သည်။ လေအေးပေးစက်ကြောင့် လွန်စွာ ချမ်းစိမ့်နေသည်။ မနေ့ညက ရာသီဥတု အရမ်း ပူသောကြောင့် အဲယားကွန်း အပူချိန်ကို အနိမ့်ဆုံးသို့ နှိမ့်ချထားခဲ့ပြီး အိပ်ခါနီးတွင် ပုံမှန်အတိုင်း ပြန်ထားရန် မေ့လျောသွားခဲ့သည်။ ဖတ်လက်စ စာအုပ်ကို ခေါင်းအုံးဘေးတွင် တွေ့ရပြီး စာကြည့်မီးကိုလည်း မပိတ်ခဲ့မိပေ။
နာရီပေါ်မှ လက်တံများသည် ၇ နာရီထိုးရန် တာဆူနေကြသည်။ နိုးစက်နာရီကို နံနက် ၇ နာရီတွင် အချက်ပေးရန် သတ်မှတ်ထားသော်လည်း အချက်ပေးသံကိုမူ သူ ကြားရခဲသည်။ သူသည် အချက်ပေးသံ မမြည်ခင်ကပင် နိုးနှင့်နေသောကြောင့် အသံကို ကြိုပိတ်ထားတတ်သည်။
ဟာရုမိသည် လက်ဆန့်ကာ နှိုးစက်နာရီကို ပိတ်ပြီး အိပ်ရာမှ ထလိုက်သည်။ နွေနေခြည်များသည် ပြတင်းလိုက်ကာကို ဖောက်ထွက်ကာ အခန်းတွင်းသို့ တိုးဝင်နေကြသည်။ ထိုသို့ဆိုလျှင် ယနေ့လည်း အလွန် ပူသော နေ့တစ်နေ့ ဖြစ်ချေဦးတော့မည်။
အိမ်သာမှ ထွက်လာပြီးနောက် သူသည် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ကိုယ်လုံးပေါ် မှန်ကြီး၏ ရှေ့တွင် ရပ်လျက် မှန်ထဲမှ ပုံရိပ်ကို ကြည့်၍ အံ့အားသင့်နေသည်။ သူ့ကိုယ်သူ အသက်နှစ်ဆယ် အရွယ်ရှိ မိန်းမပျိုလေး တစ်ယောက်ဟုသာ အထင်ရောက်နေခဲ့သည်။ သို့သော် မှန်ထဲမှ ရုပ်သွင်မှာ ဘယ်လိုပင် ကြည့်ကြည့် ၅၁ နှစ်အရွယ် မိန်းမကြီးတစ်ယောက်မှန်း သိသာနေသည်။
မှန်ထဲမှ ရုပ်သွင်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့် ထိုသို့သော အထင်မှား အမြင်မှားမှုမျိုး ဖြစ်နေရသနည်း။ သေချာ ပြန်စဉ်းစားကြည့်သည်။ မနေ့ညက မက်ခဲ့သော အိပ်မက်ကြောင့် ဖြစ်ရပေမည်။ အိပ်မက်အကြောင်းကို သူ ရေရေရာရာ မမှတ်မိတော့ပေ။ သို့သော် ဝိုးတဝါး မှတ်မိနေသည်မှာ အိပ်မက်ထဲတွင် တွေ့မြင်ခဲ့ရသော ဟာရုမိသည် အသက် ၂၀ ပတ်ဝန်းကျင်သာ ရှိပြီး မာရူမစ်ဆူအန်မှ မစ္စတာမီနာဇုကိနှင့်လည်း ဆုံခဲ့ကြသေးသည်။
အဘယ်ကြောင့် ထိုသို့သော အိပ်မက်မျိုး မြင်မက်ခဲ့ရသနည်း ဆိုသည့် အကြောင်းအရင်းကို သူ သိနေသောကြောင့် အိပ်မက်အပေါ် များစွာ အံ့ဩခြင်း မဖြစ်ခဲ့ပေ။ သို့သော် အိပ်မက်ထဲမှ အကြောင်းအရာကို အပြည့်အဝ မမှတ်မိနိုင်တော့သောကြောင့် နှမြောတသ ဖြစ်နေမိသည်။
မှန်ထဲမှ မိမိ၏ ပုံရိပ်ကို ကြည့်၍ သူ ခေါင်းညိတ်လိုက်သည်။ အသားအရေမှာ အတန်ငယ် လျောရဲစပြုနေပြီး အရေးအကြောင်းများကလည်း ဟိုတစ်စ ဒီတစ်စ။ ၎င်းတို့မှာ ရုန်းကန်လာခဲ့ရသော သူ့ဘဝ၏ သင်္ကေတများ ဖြစ်သည်။ အမှတ် လက္ခဏများ ဖြစ်သည်။ ရှက်စရာဟု သူ နည်းနည်းလေးမျှ မမှတ်ယူခဲ့ပေ။
ဟာရုမိသည် မျက်နှာသစ်ပြီးနောက် အလှပြင်သည်။ ထို့နောက် နံနက်စာစားရင်း Notebook ကွန်ပျူတာဖြင့် သတင်းအချက်အလက်များကို ရှာဖွေစစ်ဆေးနေသည်။ နံနက်စာအတွက် အသားညှပ်ပေါင်မုန့်နှင့် သစ်သီးဖျော်ရည်ကို မနေ့ညက သူ ဝယ်ထားခဲ့သည်။ သူ မည်သည့်နေ့ရက်က နောက်ဆုံး ချက်ပြုတ် စားသောက်ခဲ့သနည်း ဆိုသည်ကို မမှတ်မိတော့ပေ။ ညဘက်ဆိုလျှင်လည်း အပြင် စားသောက်ဆိုင်များတွင်သာ မိတ်ဆွေများနှင့် စားသောက်တတ်လေသည်။
အားလုံး ပြင်ဆင်ပြီးသည်နှင့် သူသည် ခါတိုင်းကဲ့သို့ အလုပ်သို့ ထွက်လာခဲ့သည်။ ယခုအခါတွင် သူသည် ပေါ့ပါးကျစ်လစ်သော ပြည်တွင်းဖြစ် ကားကိုသာ စီးပြီး ဟိတ်ဟန်ကြီးသော အနောက်နိုင်ငံ ကားများကို ငြီးငွေ့သွားခဲ့ပြီ။ သူကိုယ်တိုင် ကားမောင်းပြီး ၈ နာရီခွဲခန့်တွင် ရော်ပွန်ဂီရှိ ရုံးသို့ ရောက်တတ်သည်။
သူ၏ ရုံးစိုက်ရာ ဆယ်ထပ်တိုက်၏ ကားရပ်နားကွင်းတွင် သူ့ကားကို ထိုးပြီးနောက် ဓာတ်လှေကားရှိရာသို့ လျှောက်လာခဲ့သည်။
“မစ္စမူတို၊ မစ္စမူတို” ယောက်ျားတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
ဟာရုမိသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သောအခါ ပိုလိုရှပ် ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် ခြေတစ်ဘက် တရွတ်ဆွဲကာ သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့ရသည်။ ထိုမျက်နှာကို သူ မြင်ဖူးသလို ရှိသည်။ သို့သော် မည်သူမည်ဝါမှန်း သူ မမှတ်မိ။
“မစ္စမူတို၊ ကျွန်တော် တောင်းပန်ပါတယ်။ မုန့်ဈေးတန်းက ကိစ္စကို နောက်တစ်ခေါက်လောက် ပြန်စဉ်းစားပေးပါဦးဗျာ”
“မုန့်ဈေးတန်း? ဪ ……” သူ သတိရပြီ။ ထိုသူမှာ ဂျပန်ရိုးရာ ပဲပေါက်ဆီဆိုင်မှ ဆိုင်ရှင် ဖြစ်သည်။
“ကျွန်တော့်ကို နောက်ထပ် တစ်လလောက် ထပ်ပြီး ခွင့်ပြုပေးပါလား ခင်ဗျာ။ တစ်လတည်းပါ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြပါ့မယ်” ဆိုင်ရှင်သည် ခါးကို အစွမ်းကုန် ညွတ်ချထားသည်။ သူ၏ ပါးလျသော ဆံပင်များက နဖူးပြောင်ပြောင်ပေါ်တွင် ဖြာကျနေကြပုံမှာ အနက်ရောင် လိုင်းအစင်းများပါသော ဘားကုတ်နှင့်ပင် တူနေတော့သည်။ သူ၏ ဦးခေါင်းကို ကြည့်ရင်း သူ့ဆိုင်တွင် ရောင်းနေသော အုန်းခွံရောင် သစ်အယ်ပေါက်စီကို မြင်ယောင်လာစေသည်။
“ကျွန်မတို့ရဲ့ သဘောတူညီချက်ကို ရှင် မေ့သွားပြီ ထင်တယ်။ ဆိုင်တစ်ဆိုင်ဟာ လူကြိုက်နည်းလို့ နှစ်လဆက်တိုက် မဲအနည်းဆုံး ဖြစ်နေပြီ ဆိုရင် အဲဒီဆိုင်ကို ကျွန်မတို့ ဖယ်ရှားပစ်ပိုင်ခွင့် ရှိတယ်လေ။ သဘောတူ စာချုပ်ထဲမှာ အဲဒီအတိုင်း ရေးထားတာပဲ မဟုတ်လား”
“ကျွန်တော် နားလည်ပါတယ်။ အဲဒါကြောင့်လည်း အခွင့်ပန်ချင်လို့ ကျွန်တော် ဒီကို ရောက်နေတာပေါ့။ နောက်ထပ် တစ်လလောက် ထပ်ဆိုင်းပေးပါဦးလားဗျာ”
“အဲဒီလိုတော့ မဖြစ်နိုင်ဘူးရှင့်။ နောက်ထပ် ဆိုင်ရှင်အသစ်နဲ့တောင် ကျွန်မတို့က ဆက်သွယ်ပြီးနေပြီ” ဟာရုမိက ရှေ့သို့ လျှောက်သွားလေသည်။
“ခင်ဗျား ကူညီမယ်ဆိုရင် ကူညီနိုင်ပါတယ်ဗျာ” ဆိုင်ရှင်က စိတ်မလျှော့သေး။ “ကျွန်တော်တို့ အဆင့်တက်အောင် ကြိုးစားနိုင်မှာပါ။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ကို အခွင့်အရေး ပေးစေချင်ပါတယ်။ အခုအချိန်သာ ဆိုင်ပိတ်လိုက်ရမယ် ဆိုရင် ကျွန်တော်တို့ လုပ်ငန်း ဆက်လည်နိုင်ဖို့လည်း မလွယ်တော့လို့ပါဗျာ။ ကျွန်တော်တို့ကို နောက်တစ်လလောက် ထပ်ပြီး အခွင့်အရေး ပေးစေချင်ပါတယ်”
ဆူညံသံများကို ကြားရသောကြောင့် လုံခြုံရေးဝန်ထမ်းတစ်ဦး အနားသို့ ရောက်လာသည်။ “ဘာကူညီပေးရမလဲ ခင်ဗျ”
“ဒီလူ ဒီတိုက်ပေါ်က မဟုတ်ဘူး။ သူ့ကို အပြင် ခေါ်သွားလိုက်ပါ”
လုံခြုံရေးဝန်ထမ်း၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။ “ဟုတ်ကဲ့။ ဖြစ်စေရပါမယ်”
“နေ … နေပါဦး။ ကျွန်တော် အလုပ်ကိစ္စနဲ့ လာတာပါ။ ကျွန်တော်တို့က စီးပွားရေး မိတ်ဖက်တွေလေဗျာ။ မစ္စမူတို၊ မစ္စမူတို ….”
ဟာရုမိသည် ပေါက်စီဆိုင်ရှင်၏ အော်သံများကို အမှုမထားတော့ဘဲ ဝင်ပေါက် တံခါးမကြီးဆီသို့ လျှောက်သွားလေသည်။
ထိုတိုက်ကြီး၏ ၅ လွှာနှင့် ၆ လွှာသည် ပါပီကုမ္ပဏီ၏ ရုံးခန်း ဖြစ်သည်။ လွန်ခဲ့သော ၉ နှစ်က ကုမ္ပဏီကို ရှင်ဂျုကုမှ ဤနေရာသို့ ပြောင်းရွှေ့လာခဲ့သည်။ ဥက္ကဋ္ဌ၏ ရုံးခန်းမှာ ၆ လွှာတွင် ရှိသည်။
သူသည် ကွန်ပျူတာဖြင့် တစ်နေ့တာ လုပ်စရာရှိသည့် အလုပ်ကိစ္စများကို လုပ်ဆောင်နေသည်။ သူ၏ အီးမေးလ် ဝင်စာပုံးထဲတွင် အသုံးမတည့်သော စာများနှင့် ပြည့်နှက်နေသည်။ စာပွေစာလေများကို စစ်ထုတ်ပေးသော စနစ်သည် မဆိုင်သော စာများကို အမှိုက်ပုံးထဲသို့ အလိုအလျောက် ပို့ပေးရမည် ဖြစ်သော်လည်း မည်သို့မျှ အရေးမပါသော အီးမေးလ်များသည် သူ၏ ဝင်စာပုံးထဲတွင် ပြည့်လျှံနေဆဲ ရှိနေသေးသည်။
စာတချို့ကို စာပြန်ပြီးချိန်တွင် ၉ နာရီ ကျော်လေပြီ။ ဟာရုမိသည် ကုမ္ပဏီ၏ ရုံးတွင်း တယ်လီဖုန်းကို ကောက်ကိုင်ပြီး ဂဏန်းတစ်ခု နှိပ်လိုက်သည်။ တစ်ဘက်မှ ချက်ချင်း ဖုန်းကိုင်လေသည်။
“မင်္ဂလာပါ” အလုပ်အမှုဆောင် မစ္စတာဆိုတိုဂျီမာ၏ အသံ ဖြစ်သည်။
“ခဏ လာပေးလို့ ရမလား”
“ဟုတ်ကဲ့”
တစ်မိနစ်ခန့် အကြာတွင် မစ္စတာဆိုတိုဂျီမာ ရောက်လာသည်။ သူသည် ရှပ်လက်တို ဝတ်ထားသည်။ ရုံးတွင်း၌ ယခင်နှစ်ကကဲ့သို့ လုံလောက်သော အအေးဓာတ်ကို မပေးနိုင်သေးပေ။
ဟာရုမိသည် ကားရပ်နားကွင်း၌ ဖြစ်ပျက်ခဲ့သမျှကို မစ္စတာဆိုတိုဂျီမာအား ပြောပြလိုက်သည်။ သူက နားထောင်ပြီး မဲ့ပြုံး ပြုံးနေသည်။
“အဲဒီ ဦးလေးကြီးလား။ ဝန်ထမ်းတွေ ပြောလို့ ကျွန်တော်လည်း ကြားထားပြီးပါပြီ။ သူက နားပွင့်မတတ် တစ်စွတ်စွတ် တောင်းပန်နေတော့တာတဲ့။ အခုလို အစ်မကြီးနဲ့ လာတွေ့မယ်လို့ ထင်တောင် ထင်မထားဘူး။ တကယ့်လူပဲဗျာ”
“အဲဒါက ဘယ်လို ဖြစ်ရတာလဲ။ ရှင်ပြောတော့ သူတို့ကို အသေအချာ ရှင်းပြထားပြီးလို့ သူတို့ကလည်း ထွက်ခွာပေးဖို့ သဘောတူထားတယ် ဆို”
“ပြောတော့ ပြောထားတာပဲလေ။ သူကိုက ဇွဲမလျှော့ချင်သေးတာ ခက်တယ်။ သူရဲ့ ပင်ရင်းဆိုင်မှာလည်း လာစားတဲ့ ဧည့်သည်က နည်းသထက် နည်းလာတော့ အခြေအနေကလည်း သိပ်မကောင်းဘူး ကြားတယ်”
“အဲဒီလို ဆိုပေမယ့် ကျွန်မတို့ဘက်ကလည်း ဘာမှ မတတ်နိုင်ဘူးလေ။ ကျွန်မတို့ အားလုံးက သဘောတူ စာချုပ်အတိုင်း အလုပ်လုပ် ကြရတာပဲဟာ”
“အစ်မကြီး ပြောတာ မှန်ပါတယ်။ တကယ်လည်း ကျွန်တော်တို့ စိတ်ပူရမယ့် ကိစ္စ မဟုတ်ပါဘူး”
လွန်ခဲ့သော နှစ်နှစ်ခန့်က ကမ်းခြေရှိ အရောင်းစင်တာကြီး တစ်ခုကို ပြန်လည် မွမ်းမံပြီးနောက် ၎င်းကုမ္ပဏီသည် ဟာရုမိတို့နှင့် အလုပ်တစ်ခု တွဲလုပ်ရန် ဆက်သွယ်လာခဲ့သည်။ သူတို့တွင် ပွဲလမ်းသဘင် ကျင်းပနိုင်သော နေရာလွတ်တစ်ခု ရှိပြီး ထိုနေရာကို အထိရောက်ဆုံး အသုံးချချင်ကြသည်။ သူတို့၏ မူလစိတ်ကူးမှာ ထိုကွင်းပြင်ကျယ်တွင် ဂီတဖျော်ဖြေပွဲ အသေးစားလေးများ လက်ခံကျင်းပပေးရန် စီစဉ်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် များစွာ အကျိုး မဖြစ်ထွန်းခဲ့ပေ။
ဟာရုမိ၏ ကုမ္ပဏီသည် ချက်ချင်းပင် သုံးသပ်လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သုံးသပ်ချက်၏ နောက်ဆုံး ရလဒ်မှာ သရေစာများကို တည်ခင်းရောင်းချသော ဈေးတန်းတစ်ခု ဖန်တီးရန် ဖြစ်သည်။ အရောင်းစင်တာအတွင်း နေရာအနှံ့ ပြန့်ကျဲနေသော မုန့်ဆိုင်များ၊ ကော်ဖီဆိုင်များကို တစ်နေရာတည်းတွင် စုစည်းလိုက်သည့်အပြင် ဂျပန်တစ်နိုင်ငံလုံးရှိ နာမည်ရ မုန့်ဆိုင်များ အားလုံးထံသို့ ဆက်သွယ်ပြီး ဤနေရာတွင် ဆိုင်ခွဲလာဖွင့်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤသို့ဖြင့် မုန့်ဈေးတန်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဈေးတန်းတွင် နှစ်စဉ်ပုံမှန် ရောင်းချနေသော မုန့်ဆိုင်ပေါင်း ၃၀ နှင့်အထက်တွင် ရှိသည်။
ရုပ်သံလိုင်းနှင့် အမျိုးသမီး မဂ္ဂဇင်းများ၏ အကူအညီဖြင့် ဤစီမံကိန်းမှာ အကြီးအကျယ် အောင်မြင်လာခဲ့သည်။ ဤမုန့်ဈေးတန်းတွင် လူကြိုက်များသော ဆိုင်များသည် သူတို့၏ ပင်ရင်းဆိုင်များကိုလည်း များစွာ ကောင်းကျိုး သက်ရောက်စေခဲ့သည်။
သို့သော် ပေါ့ပေါ့ဆဆ လုပ်နေ၍ မရပေ။ အကယ်၍ မုန့်အသစ်အဆန်းများ မတီထွင်နိုင်လျှင် စားသုံးသူ ဧည့်သည်များကလည်း အချိန်ခဏလေးနှင့် ငြီးငွေ့သွားကြတော့သည်။ ထို့ကြောင့် အရေးအကြီးဆုံး ကိစ္စမှာ ဖောက်သည်များကို စဉ်ဆက်မပြတ် ဆွဲဆောင်ထားနိုင်ရေးပင် ဖြစ်သည်။ ထိုသို့ ဆွဲဆောင် ထားနိုင်ရန်အတွက် မုန့်ဆိုင်များကို ကာလ အပိုင်းအခြားဖြင့် အသစ်ပြောင်းပေးရသည်။ စားသုံးသူ ဧည့်သည်များက မိမိတို့၏ ကျေနပ် အားရမှုအလျောက် ဆိုင်များကို အဆင့် သတ်မှတ်ပေးရသည်။ ထိုမဲရလဒ်အရ လူကြိုက်နည်းသော ဆိုင်ခန်းများကို မုန့်ဈေးတန်းမှ ထွက်ခွာခိုင်းသည်။ သို့ဖြင့် အသစ်အသစ်သော မုန့်ဆိုင်များအတွက်လည်း အခွင့်အရေး အသစ်များ အဆက်မပြတ် ရနေတော့သည်။ ထိုစနစ်ကြောင့် မုန့်ဆိုင်တိုင်းသည် လစဉ်လတိုင်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြရသည်။ သူတို့ တစ်ဦးစီ၏ ပြိုင်ဖက်မှာ ဈေးတန်းအတွင်းရှိ တခြားဆိုင်များ အားလုံးပင် ဖြစ်နေတော့သည်။
စောစောက ဂျပန်ပေါက်စီဆိုင်၏ ပင်ရင်းဆိုင်မှာ တိုကျိုမြို့ပေါ်တွင် ရှိသည်။ မုန့်ဈေးတန်း စီမံကိန်းကို စတင် အကောင်အထည် ဖော်ကြစဉ်က မြို့ပေါ်မှ ကုန်သည်များကို ဦးစားပေးမည် ဟူသော အစီအစဉ်ဖြင့် သူတို့ကို ဦးစားပေး၍ ဖိတ်ကြားခဲ့သည်။ သူတို့ကလည်း ဆိုင်ခွဲဖွင့်လို၍ ဝမ်းပမ်းတသာ လက်ခံခဲ့ကြသည်။ သို့သော် ထိုပေါက်စီဆိုင်၏ အရောင်းအစွံဆုံး ပစ္စည်းမှာ ပုံတုံးသော သစ်အယ်ပေါက်စီ ဖြစ်နေသည်။ ရောင်းအား အခြေအနေကလည်း မကောင်းလှ။ လတ်တလော ကောက်ခံထားသော လူကြိုက်နှစ်သက်မှု စစ်တမ်းအရ သူ့ဆိုင်သည် နောက်ဆုံးပိတ်တွင် ရှိနေသည်။ လက်ရှိ အခြေအနေအတိုင်း ဆက်သွားလျှင် တခြားသော ဆိုင်များကို ကျော်တက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ သနားညှာတာလိုခြင်း သက်သက်ဖြင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်၍ မဖြစ်။ ၎င်းသည်ပင် စီးပွားရေးလောက၏ အကျည်းတန်မှုဟု ဆိုရမည်လော မဆိုနိုင်။
“ဒါနဲ့ 3D ပုံတွေကရော၊ အခြေအနေ ဘယ်လိုရှိသလဲ” ဟာရုမိက မေးသည်။ “သုံးလို့ ရပြီလား”
မစ္စတာဆိုတိုဂျီမာက မျက်နှာကို ရှုံ့ပြသည်။ “နမူနာတော့ ကြည့်ပြီးသွားပြီ။ အဆင်ပြေလှတယ် မဟုတ်သေးဘူး။ ဖုန်းမျက်နှာပြင်က သေးလို့ ထင်တယ်။ ပုံကြည့်ရတာလည်း ဝါးတားတားနဲ့ ရှင်းမနေဘူး။ အခု သူတို့ ပြန်ပြင်လုပ်နေကြပြီ။ ပြီးသွားမှ ကျွန်တော် အစ်မကြီးကို ယူပြပါ့မယ်”
“အဆင်ပြေသလို လုပ်ထားပါ။ အရေးတော့ မကြီးပါဘူး။ ကျွန်မက အဲဒါကို နည်းနည်း စိတ်ဝင်စားလို့ မေးကြည့်တာ” ဟာရုမိက ပြုံးလျက် ပြောသည်။ “ကျေးဇူးပါပဲ။ ကျွန်မ ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ရှင့်မှာရော ပြောချင်တာ ရှိသေးလား”
“မရှိပါဘူး။ အရေးကြီးတဲ့ ကိစ္စတွေကို အစ်မကြီးဆီ အီးမေးလ် ပို့ထားပြီးပြီပဲ။ ဒါပေမယ့် … ကျွန်တော် မရှင်းတာ တစ်ခု ရှိတယ်” မစ္စတာဆိုတိုဂျီမာက လေးနက်သော အကြည့်ဖြင့် သူ့ကို လှမ်းကြည့်သည်။ “မိဘမဲ့ဂေဟာ ကိစ္စပါ”
“အဲဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ကုမ္ပဏီနဲ့ မပတ်သက်ပါဘူး”
“ဟုတ်၊ ကျွန်တော်က ကုမ္ပဏီအတွင်းလူ ဆိုတော့ အဲဒါကို သိပါတယ်။ ဒါပေမယ့် အပြင်လူတွေကတော့ အဲဒီလို နားလည်မယ် မထင်ဘူး”
“အပြင်မှာ ဘာတွေ ဖြစ်နေလို့လဲ”
မစ္စတာဆိုတိုဂျီမာသည် နှုတ်ခမ်းထောင့်ကို လျှာဖြင့် တို့လိုက်သည်။ “ကျွန်တော်တို့ဆီကို လူတချို့က တကူးတက လာပြီး စုံစမ်းနေကြတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဂေဟာရဲ့ အဆောက်အအုံကြီးကို ဘယ်လို လုပ်ပစ်ဖို့ စိတ်ကူးရှိသလဲလို့ လာမေးနေကြပါတယ်”
ဟာရုမိ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ ဆံပင်ကို ဆွဲနေမိသည်။ “တကယ့်လူတွေပဲ။ ဘာဖြစ်လို့ အဲဒီလို ပုံကြီး ချဲ့ချင်နေရတာလဲ”
“အစ်မကြီးက အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်နေတော့ အစ်မကြီးအတွက် သာမန် လှုပ်ရှားမှုတစ်ခု ဆိုပေမယ့်လည်း တခြားလူ အမြင်မှာတော့ ထူးခြားနေမှာပေါ့။ အစ်မကြီး အဲဒီအချက်ကို သတိထားမှ ဖြစ်မယ်”
“ရှင်ကပါ ကျွန်မကို ခလုတ်တိုက်ချင်နေတာလား”
“ခလုတ်တိုက်တာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောပြတာပါ”
“ကျွန်မ သဘောပေါက်ပါပြီ။ ရှင် လုပ်စရာရှိတာ သွားလုပ်တော့”
“ကျွန်တော့်ကို သွားခွင့်ပြုပါဦး” ပြောပြီးသည်နှင့် မစ္စတာဆိုတိုဂျီမာသည် ရုံးခန်းထဲမှ ထွက်ခွာသွားသည်။
ဟာရုမိသည် မတ်တတ်ထရပ်ပြီး ပြတင်းပေါက်အနားသို့ လျှောက်လာသည်။ ခြောက်လွှာဆိုသည်မှာ မြင့်လွန်းသည် မဟုတ်။ ထို့ထက်မြင့်သော အထက်လွှာများသို့ ပြောင်းရွှေ့နိုင်သော်လည်း သူ ခြောက်လွှာတွင်သာ ရုံးစိုက်ရန် ဆုံးဖြတ်ခဲ့သည်။ မိမိကိုယ်မိမိ အထင်ကြီးလွန်းနေမည်ကိုလည်း သူ စိုးရိမ်မိသည်။ ယခုအလွှာမှ နေ၍ မြို့မြင်ကွင်းကို လှမ်းကြည့်လိုက်လျှင် သူ မည်မျှ ရုန်းကန် လှုပ်ရှားခဲ့ရသည်ကို ပြန်လည် မြင်ယောင်နိုင်ဆဲပင် ရှိသေးသည်။
ဆယ်စုနှစ် နှစ်ခု၏ ပုံရိပ်များက သူ့ခေါင်းထဲသို့ တိုးဝင်လာကြသည်။ စီးပွားရေး လုပ်ငန်းတစ်ခုသည် ခေတ်ရေစီးကြောင်းနှင့် အလိုက်သင့် မျောပါနိုင်ရန် မည်မျှ အရေးကြီးကြောင်းကို သူ ပို၍ ပို၍ သိလာခဲ့ရသည်။ တစ်ခါတစ်ရံ၌ ကမ္ဘာမြေကြီးသည် ခေတ်စနစ်အရ ခေတ်တစ်ခေတ်မှ နောက်တစ်ခေတ်သို့ အကူးအပြောင်းတွင် နတ်ပြည်နှင့် ငရဲပြည်ပမာ ကွဲပြား ခြားနားသွားတတ်ပေသည်။
၁၉၉၀ ခုနှစ် မတ်လတွင် အိမ်ခြံမြေ ဈေးနှုန်းများကို ဆွဲချနိုင်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘဏ္ဍာရေး အဖွဲ့အစည်းများ အားလုံး၏ ချေးငွေများအပေါ် ကန့်သတ်မှုများ ပြုလုပ်ခဲ့လေသည်။ မြေဈေးသည် အလွန့်အလွန် မြင့်တက်နေခဲ့ရာ သာမန် မိသားစုအနေဖြင့် အိမ်တစ်လုံး ပိုင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော် ချေးငွေကန့်သက်ချက် သက်သက်ဖြင့် အိမ်ခြံမြေဈေးနှုန်းကို ထိန်းချုပ်နိုင်ပါမည်လော။ ထိုသို့ သံသယရှိသူများထဲတွင် ဟာရုမိလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ၎င်းမူဝါဒကို ‘မိုးကြိုးကို ထန်းလက်နှင့်ကာ’ ခြင်း ဖြစ်သည်ဟု မီဒီယာများကလည်း တစ်ညီတစ်ညွတ်တည်း သုံးသပ်ကြသည်။ တကယ့် လက်တွေ့တွင်လည်း အိမ်ခြံမြေဈေးမှာ များစွာ ကျဆင်းခဲ့ခြင်း မရှိပေ။
သို့သော် ၎င်းမူဝါဒသည် နိုင်ငံ့စီးပွားရေးကိုတော့ များစွာ ထိခိုက် နစ်နာစေခဲ့သည်။
ဂျပန်နိုင်ငံ၏ စတော့ရှယ်ယာ ဈေးကွက်မှာ ကမောက်ကမ ဖြစ်ပြီး ရှယ်ယာတန်ဖိုးများ ထိုးကျလာတော့သည်။ ထို့နောက် သြဂုတ်လတွင် အီရတ်၏ ကူဝိတ်စစ်ပွဲကြောင့် ရေနံဈေးများ ထိုးတက်သွားပြီး ကမ္ဘာ့စီးပွားပျက်ကပ်တစ်ခု အသွင်သို့ ပြောင်းလဲလာတော့သည်။
ထိုအချိန်မှ စ၍ အိမ်ခြံမြေဈေးမှာလည်း ထိုးဆင်းသွားလေသည်။
သို့သော် ဤသို့သော အခြေအနေဆိုးသည် ယာယီ အခိုက်အတန့်သာ ဖြစ်ပျက်နိုင်သော သဘောလက္ခဏာ ရှိသည်ဟု လူအများက ရူးရူးမိုက်မိုက် ယုံကြည်ထားကြဆဲ ဖြစ်သည်။ မူမှန် အနေအထားသို့ မကြာခင် ပြန်ရောက်လာမည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။ မြုပ်နေသော သင်္ဘောသည် ရေပေါ်သို့ မည်သည့် နည်းနှင့်မျှ ပြန်ပေါ်လာနိုင်တော့မည် မဟုတ်ကြောင်းကို ၁၉၉၂ ခုနှစ် ရောက်မှသာ အမှန်တကယ် ရိပ်စားမိလာကြသည်။
မစ္စတာနာမီယာ၏ အနာဂတ် ဟောစာတမ်းကို လက်ကိုင်ပြုထားသော ဟာရုမိကတော့ အစောဆုံး အမြင်မှန် ရခဲ့သူဟု ဆိုရပေမည်။ အိမ်ခြံမြေလုပ်ငန်းကို အားကိုးခြင်းဖြင့် ကြီးပွားနိုင်သော ခေတ်ကာလမှာ ကုန်လွန်သွားပြီ ဖြစ်ကြောင်း သူ စောစီးစွာ သဘောပေါက်ခဲ့သည်။ ၁၉၈၉ ခုနှစ် အစောပိုင်းကပင် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော အိမ်ခြံမြေများ၊ စတော့ရှယ်ယာများနှင့် ဂေါက်ကွင်း အစုရှယ်ယာများကို အပြီးအပြတ် ရောင်းထုတ်ပစ်ခဲ့သည်။ ဒိုးဆက်ကစားပွဲတွင် သူ အနိုင်ရခဲ့သည်။ နောက်ဆုံးတွင် ဤစီးပွားပျက်ကပ်ကြီး အတွင်း၌ သူသည် ယန်းငွေ သန်းရာပေါင်းများစွာ အဖတ်တင်ခဲ့လေသည်။
ကမ္ဘာလောကကြီးက အိပ်မက်မှ နိုးထလာခါစ အချိန်တွင် ဟာရုမိသည် စီးပွားကဏ္ဍ အသစ်တစ်ခုတွင် ခြေလှမ်းများ စတင်နေလေပြီ။ အချက်အလက် နည်းပညာ၏ တိုးတက်လာမှုကြောင့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာများနှင့် လက်ကိုင်တယ်လီဖုန်းများ ချိတ်ဆက် အသုံးပြုလာနိုင်မည်ဟု မစ္စတာနာမီယာက ဟောကိန်းထုတ်ခဲ့သည်။ လူတိုင်း၏ အိတ်ကပ်ထဲတွင် ဖုန်းတစ်လုံးစီ ရှိကြပြီး အိမ်တိုင်းတွင် ကွန်ပျူတာ တစ်လုံးစီ ပိုင်ဆိုင်ကြမည်ဟု နိမိတ်ဖတ်ခဲ့သည်။ ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကဲ့သို့ ဤဟောကိန်းသည်လည်း မှန်ကန်ခဲ့ပါမူ ဤအခွင့်အရေးကိုလည်း သူ လက်လွှတ်ခံ၍ မဖြစ်။
ကွန်ပျူတာအချင်းချင်း ချိတ်ဆက် ဆက်သွယ်နိုင်ခြင်း ဆိုသည်မှာ လက်ရှိ အနေအထားအရ စိတ်ကူးယဉ် အိပ်မက်သာသာ ဖြစ်နေသေးကြောင်း သူ လေ့လာ သိရှိရသောအခါ စိတ်ပျက် အားလျော့ခြင်း မရှိဘဲ ၎င်းနည်းပညာနှင့် ပတ်သက်သည့် နောက်ဆုံးပေါ် တိုးတက်မှု အခြေအနေများကို မျက်ခြည်ပြတ်မခံဘဲ စောင့်ကြည့်လေ့လာခဲ့သည်။
အင်တာနက်ကို စတင် အသုံးပြုလာသော ၁၉၉၅ ခုနှစ်သို့ ရောက်သောအခါ ဟာရုမိသည် အိုင်တီဘွဲ့ရ လူငယ် အမြောက်အမြားကို ငှားရမ်းခဲ့သည်။ တစ်ယောက်စီတိုင်းကို ကွန်ပျူတာတစ်လုံးစီ ပေးပြီး အင်တာနက်ကို မည်သို့ အကောင်းဆုံး အသုံးချနိုင်မည်နည်း ဆိုသည့် အချက်ကို သူတို့အား လေ့လာခိုင်းတော့သည်။ သူတို့လည်း ကွန်ပျူတာအရှေ့တွင် တစ်နေကုန် ထိုင်ပြီး အကြံထုတ်ကြရလေသည်။
နောက်တစ်နှစ်တွင် ပါပီကုမ္ပဏီသည် ပထမဆုံးသော အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှုကို စတင် လုပ်ဆောင်နိုင်ခဲ့သည်။ ကိုယ်ပိုင်ဝက်ဆိုဒ်များ ဖန်တီးပေးခြင်း ဖြစ်သည်။ အစပိုင်းတွင် စီးပွားရေး လုပ်ငန်းများအတွက် သူတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုကို ကြော်ငြာနိုင်ရန် ဝက်ဆိုဒ်တစ်ခု ဖန်တီးပေးခဲ့သည်။ သတင်းစာ၏ အထူးကဏ္ဍတွင် ဖော်ပြခံရပြီးသည့် အချိန်မှ စ၍ ကိုယ်ပိုင် ဝက်ဆိုဒ် လုပ်လိုသော အဖွဲ့အစည်းများနှင့် လူများသည် ပါပီကုမ္ပဏီသို့ အလုအယက် ဆက်သွယ် စုံစမ်းလာကြတော့သည်။ ထိုစဉ်က အင်တာနက် အသုံးပြုနိုင်မှုမှာ အကန့်အသတ် ရှိသေးသော်လည်း စီးပွားပျက်ကပ် ကာလအတွင်းတွင် သစ်ဆန်းသော နည်းပညာဖြင့် ကြော်ငြာခြင်းအပေါ်၌ လူတို့က များစွာ မျှော်လင့်ထားကြသည်။ သို့ဖြင့် ဝက်ဆိုဒ်အော်ဒါကလည်း ဝင်လာမစဲ တသဲသဲ ဖြစ်နေလေတော့သည်။
ထိုနောက်ပိုင်း နှစ်များတွင် ပါပီကုမ္ပဏီ၏ ဝင်ငွေ ရပေါက်ရလမ်းမှာလည်း သာယာဖြောင့်ဖြူးခဲ့သည်။ အင်တာနက်ကို အသုံးပြု၍ ကြော်ငြာလုပ်ငန်းများ၊ ကုန်ပစ္စည်းရောင်းဝယ်ခြင်းနှင့် ကွန်ပျူတာဂိမ်း ဖြန့်ချိခြင်း စသည့် လုပ်ငန်းများမှာ ငွေရွှင်သော လုပ်ငန်းများ ဖြစ်ခဲ့ကြသည်။
သက္ကရာဇ် ၂၀၀၀ သို့ ဝင်ရောက်လာသောအခါ ဟာရုမိသည် စီးပွားရေး လမ်းကြောင်းအသစ်သို့ လျှောက်လှမ်းရန် စတင် ကြံစည်လာတော့သည်။ သူသည် ကုမ္ပဏီတွင် အကြံပေးအဖွဲ့ အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်နေသော သူငယ်ချင်း တစ်ယောက်ထံမှ သတင်းတစ်ခုကို ရရှိပြီးနောက်တွင် ထိုသို့သော အကြံပေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း စိတ်ကူးရလာခဲ့သည်။ သူငယ်ချင်း၏ စားသောက်ဆိုင်သည် ယခုအခါ အမြတ်ရရန် ရုန်းကန်နေရသောကြောင့် ဆက်လက် လည်ပတ်ရန်ပင် အခက်အခဲ ရှိနေတော့သည်။
ဟာရုမိသည် အလတ်စားနှင့် အငယ်စား စီးပွားရေး လုပ်ငန်းများကို အကြံဉာဏ် ပေးနိုင်သော အစိုးရ အသိအမှတ်ပြု အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။ သို့ဖြင့် သူသည် တခြား သက်ဆိုင်ရာ ပညာရှင်များကို စုစည်းပြီး အဖွဲ့ဖွဲ့စည်းကာ အခြေအနေကို အသေးစိတ် လေ့လာသုံးသပ်ခဲ့သည်။ ပညာရှင်များ၏ သုံးသပ်ချက်မှာ ဤသို့။ ကြော်ငြာကိုချည်း အားကိုးနေ၍ မဖြစ်။ အဟောင်းအမြင်းများကို ဖယ်ရှားတန်သည် ဖယ်ရှားပြီး ပိုမို ခိုင်မာသော အခြေခံတစ်ခု ရအောင် ပြန်လည် တည်ဆောက်ယူရမည်။ ဆိုလိုသည်မှာ ဟင်းအမယ် အသစ်များ ဖန်တီးခြင်းနှင့် ဆိုင်တွင်း အပြင်အဆင်ကို လုံးဝ ပြောင်းလဲပစ်ရန်တို့ ဖြစ်လေသည်။
စားသောက်ဆိုင်ကို သူတို့၏ အကြံပေးချက်အတိုင်း ပြုပြင်ပြီး ပြန်လည် ဖွင့်လှစ်လိုက်သောအခါ များစွာ အောင်မြင်လာသည်ကို တွေ့ခဲ့ရသည်။ ဆိုင်ပြန်ဖွင့်ပြီး သုံးလ ကြာသောအခါတွင် စားပွဲတစ်နေရာ ကြိုတင်ဘွတ်ကင် ယူရန်ပင် ခဲယဉ်းသွားတော့သည်။
စီးပွားရေး အကြံပေးလုပ်ငန်းမှ ငွေ ကောင်းကောင်း ဝင်နိုင်ကြောင်းကို ဟာရုမိ နားလည်သည်။ သို့သော် ငွေလွယ်လွယ် ရရုံဖြင့် သူ မကျေနပ်နိုင်။ လုပ်ငန်းတစ်ခု မအောင်မြင်ရသည့် အကြောင်းအရင်းမှာ အရည်အချင်း ညံ့ဖျင်းသောကြောင့် ဖြစ်သည်ဟု သုံးသပ်ပြနိုင်ရုံဖြင့် မလောက်လုံသေးဟု သူ ယူဆသည်။ ၎င်းမှာ သူသူငါငါ လုပ်နိုင်သော အလုပ်မျိုး ဖြစ်သည်။ ပြဿနာ၏ ရေသောက်မြစ်ကို ရှာဖွေ ဖော်ထုတ်ပြီး အပုပ်အဆွေးများကို ဖယ်ရှားကာ အကောင်းဘက်သို့ ရောက်အောင် ဖော်ဆောင်နိုင်မှသာလျှင် လုပ်ငန်းတစ်ခု အဓွန့်ရှည် တည်တံ့နိုင်မည် ဖြစ်သည်။ ဟာရုမိသည် ကျွမ်းကျင် ပညာရှင်များကို စုစည်းထားပြီး တစ်ခါတစ်ရံ၌ ဖောက်သည်အတွက် ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်ရာတွင် အကြံဉာဏ်ပေးရပြီး တစ်ခါတစ်ရံ၌ ဝန်ထမ်းလျှော့ချခြင်း ကိစ္စများကို အကြင်အနာ ကင်းမဲ့စွာ အကြံပြုရလေသည်။
အိုင်တီဌာနခွဲနှင့် စီးပွားရေး အကြံပေးဌာနခွဲဟူသော ထောက်တိုင်နှစ်ခု၏ ထောက်မပေးမှုကြောင့် ပါပီကုမ္ပဏီလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ပြန်လည် ဆင်ခြင်ကြည့်လျှင် သူ၏ အောင်မြင်မှုများက ထင်သာမြင်သာ ရှိသည်။ လူများစွာတို့သည် ဟာရုမိကို ‘စီးပွားရေး လာဘ်မြင်သူ’ အဖြစ် ချီးကျူးကြသည်။ လူအများ၏ အမြင်တွင်လည်း ထိုသို့ ဖြစ်နေသည်။ သို့သော် မစ္စတာနာမီယာ၏ စာသာ မရခဲ့ပါမူ သူ၏ ခရီးလမ်းမှာ ဤမျှ ဖြောင့်ဖြူးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤကျေးဇူးတရားကို ပြန်ဆပ်နိုင်ရန် အမြဲ တွေးဆနေခဲ့သည်။ မိမိတစ်ဦးတည်း၏ အစွမ်းအစနှင့်သာ ဆိုလျှင် ဤမျှ ခရီးပေါက်လိမ့်မည် မဟုတ်။
ကျေးဇူးဆပ်မည် ဆိုလျှင် မာရူမစ်ဆူအန်ကိုလည်း မေ့ထားရန် မသင့်ချေ။
မာရူမစ်ဆူအန်၏ ဘဏ္ဍာရေး အခက်အခဲ ကြုံတွေ့နေရသော သတင်းကို ကြားသိရ၍ စုံစမ်းကြည့်သောအခါ စစ်မှန်နေကြောင်း တွေ့ခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် မစ္စတာမီနာဇုကိ ကွယ်လွန်ပြီးနောက် သူ၏ သားအကြီးဆုံးက မာရူမစ်ဆူအန်ကို ဆက်လက် အုပ်ချုပ်နေခဲ့သည်။ သို့သော် သူ၏ ကိုယ်ပိုင်လုပ်ငန်းက အရှုံးပြနေသောကြောင့် ဂေဟာကို ကောင်းစွာ စောင့်ရှောက်နိုင်ရန် အစွမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။
ဟာရုမိသည် မာရူမစ်ဆူအန်သို့ ချက်ချင်း ဆက်သွယ်ခဲ့သည်။ ယခုအခါ မစ္စတာမီနာဇုကိ၏ သားအကြီးသည် အုပ်ချုပ်ရေးမှူးဟု ဆိုရသော်လည်း ၎င်းမှာ နာမည်ခံသာ ဖြစ်ပြီး ဒု-တာဝန်ခံ မစ္စတာကာရိယကသာ အမှန်တကယ် စီမံအုပ်ချုပ်နေသည်။ ဟာရုမိသည် သူနှင့် တွေ့ဆုံပြီး တတ်နိုင်သမျှ အကူအညီ ပေးရန်နှင့် လိုအပ်ပါက အတိုင်းအတာ တစ်ခုထိ ရင်းနှီးမြှုပ်နှံပေးရန် ကမ်းလှမ်းခဲ့သည်။
သို့သော် သူက စိတ်ဝင်စားပုံ မရ။ ထို့အပြင် ‘တစ်ပါးသူအား မှီခိုနေရသည့် အဖြစ်မျိုး လုံးဝ အရောက်မခံနိုင်’ ဟူသည့် စကားမျိုးပင် ပြောထွက်ခဲ့သည်။
တာဝန်ခံနှင့် မည်သို့မျှ ညှိနှိုင်း၍ မရနိုင်တော့ကြောင်း ရိပ်စားမိသွားသောအခါ ဟာရုမိသည် မီနာဇုကိမိသားစုနှင့် တိုက်ရိုက် ဆက်သွယ်ကြည့်ခဲ့သည်။ မာရူမစ်ဆူအန်ကို အုပ်ချုပ်ရန် သူ့အား တာဝန်လွှဲပြောင်းပေးဖို့ တောင်းဆိုကြည့်သည့် အခါတွင်လည်း အကျိုးမထူးကြောင်း သိလာရပြန်သည်။ မာရူမစ်ဆူအန်၏ အုပ်ချုပ်ရေးပိုင်းကို တာဝန်ခံ အုပ်ချုပ်ရေးမှူးအား အပြီးအပိုင် လွှဲအပ်ထားပြီး ဖြစ်ကြောင်းသာ ဝိုးတဝါး ပြန်ဖြေခဲ့သည်။
ဟာရုမိသည် ဂေဟာနှင့် ပတ်သက်သည့် သတင်းပုလင်းများကို စုံစမ်းကြည့်သည်။ ယခုနှစ်ပိုင်းတွင် ဂေဟာ၏ အမြဲခန့် ဝန်ထမ်းများ တစ်ဝက်ထက်မက လျှော့ချထားသည်ကို တွေ့ရသည်။ မည်မည်ရရ ခေါင်းစဉ်မရှိသော အချိန်ပိုင်းဝန်ထမ်း၏ ဦးရေမှာကား နားလည်၍ မရနိုင်လောက်အောင် များပြားလျက် ရှိလေသည်။ ထို့အပြင် ထိုအချိန်ပိုင်း ဝန်ထမ်းများသည် ဂေဟာအတွင်း၌ မည်သည့်နေရာတွင် မည်သည့်အလုပ်ကို လုပ်နေကြသည် ဟူ၍ကား သက်သေ မပြနိုင်ပေ။
ထိုအကြောင်းအချက်များကို အားလုံး ပေါင်းစု ကြည့်ခြင်းအားဖြင့် လက်ရှိ အခြေအနေမှာ ရုပ်လုံးပေါ်လာသည်။ မစ္စတာမီနာဇုကိ ကွယ်လွန်သွားသည်ကို အခွင့်အရေး အဖြစ် အသုံးချပြီး လူတချို့သည် ဥပဒေနှင့် မကိုက်ညီသော စားပေါက်တစ်ခုခုကို လျှို့ဝှက်စွာ ဖန်တီးနေကြခြင်း ဖြစ်ပေမည်။ ဖြစ်နိုင်ခြေ အရှိဆုံးမှာ အစိုးရထံမှ ထောက်ပံ့ငွေများ တောင်းခံပြီး ဗုန်းနေကြခြင်းပင်။ အဓိက တရားခံမှာ ကာရိယ ဖြစ်ရမည်။ သူ၏ လုပ်ရပ်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့်သာလျှင် ဟာရုမိ၏ အကူအညီကို ပယ်ချခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဟာရုမိသည် ဂေဟာ၏ အခြေအနေများကို အတွင်းကျကျ သိလာလေလေ ဂေဟာကို ပစ်ထား၍ မရတော့ကြောင်း ခံစားရလေလေ ဖြစ်လာသည်။ တစ်နည်းမဟုတ် တစ်နည်းတော့ ရအောင် ကြံစည်ရမည်။ မာရူမစ်ဆူအန်ကို ကယ်တင်နိုင်သူမှာ မိမိ တစ်ဦးတည်းသာ ရှိသည်ဟု သူ တွေးမိလေသည်။