မြို့နယ်ခန်းမသည် သာမန် ဂျပန်အိမ်ပုံစံမျိုး အတိုင်းသာ ဆောက်လုပ်ထားသော တစ်ထပ်တိုက်ကလေး ဖြစ်သည်။ နာရေးဝတ်စုံများ ဝတ်ဆင်ထားသော ယောက်ျားမိန်းမများ ဝင်ချည်ထွက်ချည်ဖြင့် အလုပ်ရှုပ်နေကြသည်။
မိခင်ဖြစ်သူ ကာနာကိုသည် ဧည့်ကြိုဆောင်တွင် ရပ်လျက် ပိန်လှီသော အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်။ ကတ်ဆူရိုက ဖြည်းဖြည်းချင်း လှမ်းဝင်သွားသည်။
ကာနာကိုက သူ့ကို တွေ့မြင်သွားပြီး ပါးစပ်ဟလျက် အံ့အားသင့်နေသည်။ သူက “ကျွန်တော် ပြန်ရောက်ပြီ” ဟု ပြောဆိုရန် ဟန်ပြင်စဉ် မိခင်ဘေးနားတွင် ရပ်နေသော အမျိုးသားကို မြင်လိုက်ရ၍ ဘာမျှ မပြောနိုင်ဘဲ ဆွံ့အသွားလေသည်။
ဖခင် တာကေအို ဖြစ်သည်။ ကတ်ဆူရို မမှတ်မိနိုင်လောက်အောင် ပိန်လှီသွားလေပြီ။
တာကေအိုသည် ကတ်ဆူရိုကို အကြာကြီး စိုက်ကြည့်နေပြီးမှ အာစေးကပ်နေသော သူ့နှုတ်ခမ်းများ ပွင့်ဟလာသည်။
“မင်း ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။ ဘယ်သူက မင်းကို အကြောင်းကြားလိုက်တာလဲ” သူက စိတ်ဆိုးမာန်ဆိုးဖြင့် မေးသည်။
“အေမီကိုက ကျွန်တော့်ကို ပြောတာ”
“ဟုတ်လား” တာကေအိုသည် အေမီကိုကို တစ်ချက် လှမ်းကြည့်သည်။ ထို့နောက် ကတ်ဆူရိုဘက် ပြန်လှည့်လာသည်။ “ဒီကို ပြန်လာနိုင်လောက်အောင် အားနေတယ်ပေါ့”
‘မင်းရဲ့ ရည်မှန်းချက်တွေ မအောင်မြင် မချင်း ငါတို့နဲ့ မတွေ့ဘူးဆို’ တကယ်တော့ သူ ပြောချင်သည့် စကားမှာ ထိုစကားသာ ဖြစ်ရမည်ဟု ကတ်ဆူရိုက ယူဆမိသည်။
“တကယ်လို့ အဖေက ကျွန်တော့်ကို တိုကျို ပြန်စေချင်တယ် ဆိုရင် ကျွန်တော် အခုပဲ ပြန်သွားပါ့မယ်”
“ကတ်ဆူရို” ကာနာကိုက အပြစ်တင်သည့် လေသံဖြင့် သူ့ကို ဟန့်လိုက်သည်။
တာကေအိုက ဂရုမစိုက်သည့် ဟန်ဖြင့် လက်ခါယမ်းနေသည်။
“ငါ အဲဒီလို ပြောမိလို့လား။ ငါ သိပ်အလုပ်များနေတယ်။ မင်းနဲ့ လေကြော ရှည်မနေနိုင်ဘူး” ပြောပြီး ခပ်သုတ်သုတ် ထွက်ခွာသွားသည်။
ကတ်ဆူရိုသည် သူ၏ ကျောပြင်ကို ငေးကြည့်နေမိသည်။ ကာနာကိုက စကားစလာသည်။ “သား အခုတော့ ပြန်လာပြီနော်။ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ အမေက ထင်နေတာ”
ကြည့်ရသည်မှာ ဖုန်းဆက်ရန်အတွက် ကာနာကိုက အေမီကိုကို မှာကြားထားပုံ ရသည်။
“အေမီကို ပွစိပွစိ လုပ်နေတာကို မခံနိုင်တော့လို့ပါဗျာ။ ဒါနဲ့ အဖေ အတော်လေး ပိန်သွားတယ်နော်။ တလောတုန်းကလည်း ဆေးရုံတင်လိုက်ရသေးတယ်ဆို။ စိုးရိမ်ရသလား”
ကတ်ဆူရို၏ အမေးကြောင့် ကာနာကို၏ ခါးမှာ အနည်းငယ် ကိုင်းကျသွားသည်။
“သူ့ဟာသူတော့ တောင့်ခံနေတာပဲ။ ဒါပေမယ့် အမေ့အထင်တော့ သူလည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။ အေးလေ … အသက်တောင် ၆၀ ကျော်နေပြီပဲဟာ”
“ဪ …..”
တာကေအိုနှင့် ကာနာကိုတို့ အိမ်ထောင်ပြုကြစဉ်က တာကေအို၏ အသက်မှာ ၃၆ နှစ်ပင် ရှိနေခဲ့ပြီ။ ကတ်ဆူရို ငယ်စဉ်က သူ အမြဲ ပြောပြလေ့ရှိသော စကားတစ်ခွန်း ရှိသည်။ သူသည် ငါးဆိုင်လုပ်ငန်းကို ပြန်လည် လည်ပတ်နိုင်ရန် စိတ်နှစ်ပြီး ကြိုးစားနေရသောကြောင့် အိမ်ထောင်ပြုရန် အချိန်မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
သရဏဂုံ တင်ခြင်း အခမ်းအနား ကျင်းပရန် စီစဉ်ထားသော ညနေ ၆ နာရီသို့ နီးကပ်လာသည် နှင့်အမျှ ဆွေမျိုးနီးစပ်တော်သည့် မိသားစုဝင်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။ တာကေအိုတွင် တစ်အူထုံ့ဆင်း ညီရင်းမောင်နှမ အတော်များသည်။ သူ့တစ်ဘက်တည်းနှင့်ပင် ဆွေမျိုးသားချင်းမှာ အယောက် ၂၀ မကပေ။ သူတို့နှင့် နောက်ဆုံးအကြိမ် ဆုံဖြစ်ကြသည်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ဖြစ်သည်။
အဖေအောက် သုံးနှစ်ငယ်သော ဦးလေးက သူ့ကို ဝမ်းသာအယ်လဲ လက်ဆွဲနှုတ်ဆက်နေသည်။
“ဟေ့ ကတ်ဆူရို၊ မင်း ကြည့်ရတာ အားမာန်အပြည့်နဲ့ပါလား။ မင်း တိုကျိုမှာ နေနေတာဆို။ အဲဒီမှာ ဘာလုပ်နေတာလဲ”
“ဗျာ … အဲ … ဘာဖြစ်ဖြစ် လုပ်တာပဲ”
အတိအကျ အဖြေမပေးနိုင်သောကြောင့် ကတ်ဆူရိုကိုယ်တိုင်ပင် အနေရအထိုင်ရ ခက်နေသည်။
“ဘာတုန်းဟ မင်းဟာက။ တက္ကသိုလ် ဘွဲ့မယူသေးဘဲ အချိန်ဆွဲနေတာက အလေလိုက်နေလို့တော့ မဟုတ်ပါဘူးနော်”
ကတ်ဆူရိုက အံ့အားသင့်နေမိသည်။ ကြည့်ရသည်မှာ သူ့မိဘများသည် သူ ကျောင်းထွက်လိုက်သည့် ကိစ္စကို ဆွေမျိုးများအား ပြောကြားထားခြင်း မရှိသေးပေ။ သူတို့ အနီးနားတွင် ရှိနေသော ကာနာကိုသည် ထိုစကားကို ကြားလိုက်မည်မှာ သေချာသည်။ သို့သော် ဘာမျှ ပြန်မပြောဘဲ မသိချင်ယောင်ဆောင်ကာ တစ်ဘက်သို့ လှည့်သွားသည်။
ရှက်ရွံ့စိတ်များ သူ့ရင်ထဲ တိုးဝင်လာသည်။ သူတို့၏ သားသည် ဖက်ခွက်စားတစ်ယောက် လုပ်ရန် လုံးပမ်းနေကြောင်းကို တာကေအိုနှင့် ကာနာကိုတို့သည် သူတစ်ပါးအား ပြောပြရန် ရှက်ရွံ့နေကြသည်မှာ သေချာသည်။ သူကိုယ်တိုင်ကလည်း ပြောပြရန် မဝံ့မရဲ ဖြစ်နေပြန်သည်။ သို့သော် ထိုသို့ ရှောင်ဖယ်နေ၍လည်း အလုပ်ဖြစ်မည် မဟုတ်။
ကတ်ဆူရိုသည် နှုတ်ခမ်းကို သပ်လိုက်ပြီး ဦးလေးကို စိုက်ကြည့်လိုက်သည်။ “ကျွန်တော် ကျောင်းထွက်လိုက်ပြီ”
“ဘယ်လို” ဦးလေးက သူ့နားသူပင် မယုံကြည်နိုင်သည့် မျက်နှာပေးဖြင့် ကြည့်နေသည်။
“ကျွန်တော် တက္ကသိုလ် ဆက်မတက်တော့ဘူး။ ကျောင်းထွက်လိုက်ပြီ” သူက ဆက်ပြောပြနေစဉ် အနီးတွင် တောင့်တောင့်ကြီး ရပ်နေသော မိခင်ကို မျက်စိထောင့်စွန်းမှ လှမ်းမြင်နေရသည်။ “ကျွန်တော် ဂီတနဲ့ အသက်မွေးဖို့ စိတ်ကူးထားတယ်”
“ဂီ … တ?” ဦးလေးက ထိုဝေါဟာရကို တစ်ခါမျှ မကြားဖူးသည့်အလား ရေရွတ်နေသည်။
ထိုစဉ် အခမ်းအနား စတင်၍ သူတို့လည်း စကားပြော ရပ်လိုက်ကြသည်။ ဦးလေး၏ မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ တခြား ဆွေးမျိုးသားချင်းများကို လက်တို့၍ ပြောမဆုံးနိုင်အောင် ဖြစ်နေလေသည်။ ကတ်ဆူရို ပြောခဲ့သည့် စကားများကို မှန်၏ မမှန်၏ သိရှိနိုင်ရန် တခြားသူများ အထံတွင် စုံစမ်းနေသည့်အလား။
ပရိတ်တရားတော် ရွတ်ဖတ်သည်မှ စ၍ အခမ်းအနားကို ရိုးရာထုံးစံအတိုင်း အစီအစဉ်တကျ ကျင်းပခဲ့သည်။ ကတ်ဆူရိုသည် အမွေးတိုင်တစ်ချောင်း ပူဇော်လိုက်သည်။ ဓာတ်ပုံထဲမှ အဘွား၏ အပြုံးက ငြိမ်းချမ်းလှပေသည်။ အဘွားသည် ငယ်စဉ်က သူ့အား မည်မျှ ယုယချစ်ခင်ခဲ့သည်ကို ကတ်ဆူရို အမှတ်ရနေမိသည်။ အကယ်၍ အဘွားသာ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုလျှင် သူ၏ ရည်မှန်းချက်ကို အပြည့်အဝ ထောက်ခံ အားပေးမည်သာ။
အခမ်းအနား ပြီးဆုံးသောအခါ သူတို့အားလုံး တခြား အခန်းတစ်ခန်းဆီသို့ ရွှေ့လိုက်ကြသည်။ ၎င်းနေရာတွင် ဆူရှီနှင့် ဘီယာများ အဆင်သင့် ပြင်ဆင်ထားသည်။ ကတ်ဆူရိုက အခန်းတွင်းသို့ အကဲခတ် ကြည့်လိုက်သည်။ ဆွေမျိုးသားချင်းများသာ ကျန်ရစ်တော့သည်။ ကွယ်လွန်သွားသော အဘွားသည် အသက် ၉၀ နီးပါးအထိ နေထိုင်သွားခဲ့သည်။ ထို့ကြောင့် ဆွေမျိုးများ၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲသော အရိပ်အရောင်ကို များစွာ မတွေ့ရချေ။ ဆွေမျိုးသားချင်းများ ထိုသို့ တစ်စုတစ်စည်းတည်း ဆုံတွေ့ခွင့် မရခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် နာရေး အခမ်းအနားနှင့် မတူဘဲ မိတ်ဆုံစားပွဲနှင့်သာ တူနေပေတော့သည်။
ထိုသို့ ကြည်နူးပျော်ရွှင်နေကြသော အခြေအနေမျိုးတွင် လူကြီးတစ်ယောက်၏ အော်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ “လျှာမရှည်နဲ့။ သူများအိမ်ကိစ္စမှာ မင်း ဝင်ပါစရာလား” ကတ်ဆူရိုအနေဖြင့် အသံလာရာသို့ လှမ်းကြည့်စရာပင် မလိုချေ။ ဖခင်၏ အသံဖြစ်မှန်း သူ သိနေသည်။
“အဲဒါ သူများအိမ်က ကိစ္စ မဟုတ်ဘူး။ ဒီကို ပြောင်းမလာခင်က အဲဒီဆိုင်ဟာ ငါတို့အဖေရဲ့ ဆိုင်လေ။ ငါလည်း အဲဒီနေရာမှာ နေခဲ့ဖူးတယ်” တာကေအိုနှင့် အချင်းများနေသူမှာ စောစောက သူနှင့် စကားပြောခဲ့သော ဦးလေးပင် ဖြစ်သည်။ အရက်၏ အစွမ်းကြောင့် ဖြစ်မည် ထင်တယ်။ နှစ်ယောက်စလုံး၏ မျက်နှာများ နီရဲနေကြသည်။
“အဖေ ဖွင့်ခဲ့တဲ့ဆိုင်က စစ်ကြီးနဲ့အတူ မီးလောင်လို့ ပြာကျသွားပြီကွ။ အခု ဒီဆိုင်က ငါဖွင့်ထားတာ။ မင်းမှာ ဘာပြောပိုင်ခွင့်မှ မရှိဘူး”
“မင်းက ဘာစကားပြောတာလဲ။ ‘ယူအိုမတ်ဆု’ နာမည်ကို အားကိုးပြီး ဆိုင်အသစ်ကို ပြန်ဖွင့်ခဲ့ရတာပဲ မဟုတ်လား။ အဲဒီနာမည်ကို အဖေ့ဆီကနေ အမွေရထားတာလေ။ ငါတို့နဲ့ နည်းနည်းလေးမှ မတိုင်ပင်ဘဲ အဲဒီလောက် အရေးပါတဲ့ဆိုင်ကို ပိတ်ပစ်မယ်ဆိုတော့ မင်းက ဘာသဘောလဲ”
“ဘယ်သူက ပိတ်ပစ်မယ် ပြောလို့လဲ။ ငါ ဆက်လုပ်နေတာကို မင်း မတွေ့ဘူးလား”
“မင်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ မင်း ဘယ်လောက်အထိ ဆက်လုပ်နိုင်မှာမို့လို့လဲ။ ငါးထည့်တဲ့ သေတ္တာတောင် မ,နိုင်တော့တာ မဟုတ်ဘဲနဲ့။ နဂိုကတည်းကမှ မင့်းသားကို တိုကျိုပို့ပြီး တက္ကသိုလ်ထားတာ ရယ်ချင်စရာကြီး ဖြစ်နေခဲ့တာ။ ငါးဆိုင်ဖွင့်ဖို့ ဘာဘွဲ့ထူးဂုဏ်ထူးမှ မလိုပါဘူးကွ”
“မင်း ဘာစကားပြောတာလဲ။ ငါတို့ကို ငါးစိမ်းသည်တွေ ဆိုပြီး အထင်သေးတာလား” တာကေအိုက စိတ်ဆိုးမာန်ဆိုး ထရပ်လိုက်သည်။
“တော်ပါတော့” သူတို့နှစ်ဦးသား ခြေတွေ လက်တွေ ပါလာတော့မည်ကို ရိပ်စားမိနေကြသော အနီးနားရှိ လူများက ဝင်ရောက် ဖျန်ဖြေကြသည်။ တာကေအို ပြန်ထိုင်ချလိုက်သည်။
“…… တကယ်ပဲ။ နားကို မလည်နိုင်တော့ဘူး။ ဘာတွေများ တွေးနေသလဲ မသိဘူး” အခြေအနေများ ပြေလျော့သွားပြီးနောက် ဦးလေးက အရက်သောက်ရင်း တတွတ်တွတ် ရေရွတ်နေသည်။ “တက္ကသိုလ်ကို ပစ်ပြီး အဆိုတော် လုပ်မလို့တဲ့ကွာ။ ဒီလို အချိုးမပြေတဲ့ လုပ်ရပ်မျိုးကို မင်းမို့လို့ ခွင့်ပြုနိုင်တယ်”
“ပါးစပ်ပိတ်ထားစမ်းကွာ။ မင်း အပူ တစ်ပြားသားမှ မပါဘူး”
အခြေအနေက ပြန်လည် တင်းမာလာနိုင်သောကြောင့် ဒေါ်လေးက ဦးလေးကို အဝေးတစ်နေရာရှိ စားပွဲဆီသို့ ဆွဲခေါ်သွားလေသည်။
သူတို့နှစ်ဦး၏ ရန်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျန်သူများ အားလုံးသည် မျက်နှာမထားတတ်အောင် ဖြစ်နေကြသည်။ “ကဲ … ပြန်ဖို့ အချိန်တန်ပြီ” လူတစ်ဦးက ဦးဆောင်ပြီး မတ်တတ်ထရပ်လိုက်သောအခါ ကျန်သူများအားလုံး အသီးသီး ထပြန်ကုန်ကြလေသည်။
“မင်းတို့လည်း ပြန်လိုက်ကြတော့” တာကေအိုက ကာနာကိုနှင့် ကတ်ဆူရိုတို့ကို ပြောသည်။ “အမွေးတိုင်မီးကို ငါပဲ ကြည့်ထားလိုက်မယ်”
“ရှင် တစ်ယောက်တည်း ဖြစ်ပါ့မလား။ သိပ်လည်း အပင်ပန်း ခံမနေပါနဲ့”
“အားအားရှိ ငါကို ဂိလာနလို့ပဲ ထင်မနေနဲ့ဦး” ကာနာကို စိုးရိမ်နေမှန်း သိပါလျက် တာကေအိုသည် မကြည်လင်သော မျက်နှာထားဖြင့် ပြန်ဟောက်နေသည်။
ကတ်ဆူရိုသည် ကာနာကို၊ အေမီကိုတို့နှင့်အတူ မြို့နယ်ခန်းမမှ အတူတကွ ထွက်ခွာလာကြသည်။ သို့သော် အနည်းငယ် လျှောက်ပြီးသောအခါ သူသည် ခြေလှမ်းများကို တုံ့ရပ်လိုက်သည်။
“အမေတို့ အရင် ပြန်နှင့်ကြပါလား” သူက သူတို့နှစ်ဦးကို ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ။ ပစ္စည်း မေ့ကျန်နေလို့လား” ကာနာကိုက မေးသည်။
“မ … မဟုတ်ပါဘူး”
“အစ်ကို အဖေနဲ့ စကားပြောမလို့ မဟုတ်လား” အေမီကိုက မေးလိုက်သည်။
“အင်း” သူက ခေါင်းညိတ်ပြသည်။ “သူနဲ့ အေးအေးဆေးဆေး ပြောကြည့်တာ ပိုကောင်းလိမ့်မယ် ထင်တယ်”
“ဒီလိုလား။ ကောင်းပြီလေ။ အမေ၊ သမီးတို့ သွားရအောင်”
သို့သော် ကာနာကိုက မလှုပ်သေး။ သူသည် ခေါင်းငုံ့လျက် တစ်ဒင်္ဂမျှ တွေးတောနေပြီး ကတ်ဆူရိုကို ခေါင်းမော့ကြည့်သည်။
“သားအဖေက သားကို စိတ်ဆိုးနေတာ မဟုတ်ဘူး။ သား ကိုယ်တိုင် သဘောကျတဲ့ အလုပ်ကို သား လုပ်နေရရင် ပြီးတာပဲလို့ သူက သဘောထားတာ”
“……. ဟုတ်လား”
“ဒါကြောင့်လည်း စောစောက မင်းဦးလေးနဲ့ ရန်ဖြစ်နေကြတာပေါ့”
“အင်း ………..”
ထိုအချက်ကို ကတ်ဆူရိုလည်း သတိထားမိသည်။ “ပါးစပ်ပိတ်ထားစမ်းကွာ။ မင်း အပူ တစ်ပြားသားမှ မပါဘူး” ဖခင်က ဦးလေးကို အော်ပြောလိုက်သော ထိုစကားသည် အနက်အဓိပ္ပာယ်အရ ဤသို့ နားလည် သဘောပေါက်နိုင်ပေသည်။ “ငါသား လုပ်ချင်တာ လုပ်ပါစေ။ ငါတို့ ဘာမှ ကန့်ကွက်စရာ အကြောင်းမရှိဘူး” ဟူ၍။ ထို့ကြောင့် ကတ်ဆူရိုက ဖခင်ကို တိုက်ရိုက် မေးကြည့်ချင်သည်။ ထိုစကား၏ ဆိုလိုရင်းမှာ အဘယ်ပါနည်း။
“သားရဲ့ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ သားအဖေကလည်း မျှော်လင့်နေတာ” ကာနာကိုက ဆက်ပြောသည်။ “သူက သားကို ဆွဲမထားချင်ဘူး။ သူ နေမကောင်းဖြစ်တာကြောင့် သားရဲ့ အိပ်မက်တွေ ပျက်စီးသွားမှာကို သူ မလိုလားဘူး။ သူနဲ့ စကားပြောတော့မယ် ဆိုရင် အဲဒီအချက်ကို သား မမေ့ပါနဲ့”
“ဟုတ်၊ ကျွန်တော် သဘောပေါက်ပါပြီ”
သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို တစ်ခဏမျှ ရပ်ကြည့်နေပြီး ကတ်ဆူရို နောက်ပြန်လှည့်လာသည်။
ယခု ဖြစ်ပျက်ပြီးခဲ့သော အကြောင်းအရာများသည် သူ တိုကျိုဘူတာတွင် ရှိစဉ်က တွေးထင်ထားခဲ့သည်နှင့် တခြားစီ ဖြစ်နေလေသည်။ မိဘတို့၏ ပြစ်တင်မောင်းမဲမှုကို ခံယူရန် သူ ပြင်ဆင်ထားခဲ့သည်။ ဆွေမျိုးသားချင်းတို့၏ ကဲ့ရဲ့မှုအတွက် စိတ်ထားတတ်အောင် ပြင်ဆင်ထားခဲ့သည်။ မိဘများက သူ့အရှေ့မှ ဒိုင်းသဖွယ် နေ၍ ကဲ့ရဲ့သင်္ဂြိုဟ်မှုများကို ကာကွယ်ပေးနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့။ လွန်ခဲ့သော သုံးနှစ်က သူနေသည့် တိုက်ခန်းမှ ထွက်ခွာသွားကြသော မိဘနှစ်ပါး၏ ပုံရိပ်များကို ပြန်မြင်ယောင်လာမိသည်။ မိမိ၏ သားကို မဖျောင်းဖျနိုင်ခဲ့သော သူတို့သည် သူတို့၏ စိတ်သဘောထားကို မည်သို့မည်ပုံ ပြောင်းလဲပစ်ခဲ့ကြသနည်း။
မြို့နယ်ခန်းမ၏ မီးရောင်တို့ကို အားလုံးနီးပါး ငြှိမ်းသတ်လိုက်ကြပြီ။ အနောက်ဘက် ပြတင်းပေါက်မှသာလျှင် မီးရောင် မှုန်ပျပျ လင်းနေတော့သည်။
ကတ်ဆူရိုသည် တံခါးမကြီးမှ အထဲသို့ မဝင်သေးဘဲ ခြေဖျားထောက်ကာ ထိုပြတင်းပေါက်အနားသို့ ကပ်သွားသည်။ ပြတင်းပေါက်၏ အတွင်းဘက်တွင် နဂိုက လိုက်ကာ ချထားသော်လည်း ယခုအခါ လိုက်ကာကို အနည်းငယ် ဆွဲတင်ထားသောကြောင့် အတွင်းဘက်သို့ ကောင်းမွန်စွာ လှမ်းမြင်နေရသည်။
ထိုအခန်းသည် ညနေက အခမ်းအနား ကျင်းပခဲ့သော အခန်းမဟုတ်ဘဲ အခေါင်းထားရာ ခန်းမကျယ် ဖြစ်သည်။ ပန်းအိုးများ တင်ထားသည့် စင်ပေါ်တွင် အမွှေးတိုင်များ မွှန်နေအောင် ထွန်းထားသည်။ ထိုင်ခုံတန်းများ အစီအရီ ချခင်းထားပြီး အရှေ့ဆုံးတန်းတွင် တာကေအို ထိုင်နေသည်။
ကတ်ဆူရိုသည် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေစဉ် တာကေအိုက မတ်တတ်ထရပ်လိုက်သည်။ သူသည် ဘေးတွင် ချထားသော အိတ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်နေသည်။ ၎င်းအရာကို ပိတ်ဖြူစဖြင့် ပတ်ထားသည်။
တာကေအိုသည် အခေါင်းနားသို့ ရောက်လာပြီး ပိတ်ဖြူစကို ဖြည်းဖြည်းချင်း ဖွင့်နေသည်။ အထဲရှိ ပစ္စည်းထံမှ အရောင်တလက်လက် ပေါ်ထွက်လာသည်။ ၎င်းမှာ မည်သည့်အရာ ဖြစ်သည်ကို ကတ်ဆူရို ချက်ချင်း သိရှိသွားသည်။
သားလှီးဓားတစ်လက်။ ရာဇဝင်ရှိသော ဓားတစ်လက်။ ၎င်း၏ ရာဇဝင်ကို ကတ်ဆူရိုသည် ငယ်စဉ်ကတည်းက ရိုးအီနေအောင် ကြားဖူးခဲ့သည်။
သူ့အဘိုးသည် ထိုဓားကို ‘ယူအိုမတ်ဆု’ စဖွင့်သည့် နေ့မှ စ၍ စတင် အသုံးပြုခဲ့သည်။ တာကေအိုက မိဘလုပ်ငန်းကို ဆက်ခံတော့မည်ဟု ဆုံးဖြတ်ပြီးသွားသော အခါတွင် အဘိုးသည် ၎င်းဓားကို ဖခင်၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးခဲ့သည်။ တာကေအိုသည် ငယ်ရွယ်စဉ်ကတည်းက ထိုဓားကို အသုံးပြု၍ ငါးများ လှီးဖြတ်ခုတ်ထစ်ပုံကို လေ့ကျင့်ခဲ့ဖူးသည်။
တာကေအိုသည် ပိတ်ဖြူစကို အခေါင်းပေါ်တွင် ဖြန့်ခင်းပြီး ဓားကို ၎င်းအပေါ်တွင် တင်လိုက်သည်။ သူ့မိခင်၏ ဓာတ်ပုံကို မော့ကြည့်ပြီး လက်ဆယ်ဖြာမိုးကာ ရှိခိုးနေတော့သည်။
ထိုမြင်ကွင်းက ကတ်ဆူရို၏ ရင်ကို တဆစ်ဆစ် နာကျင်ကိုက်ခဲစေသည်။ တာကေအိုသည် လက်အုပ်ချီလျက် အဘွားကို စိတ်ထဲမှ မည်သို့ ပြောဆိုနေမည်ကို သူ ကောင်းကောင်း ရိပ်စားမိသည်။
တောင်းပန်နေခြင်း ဖြစ်ပေလိမ့်မည်။ ဖခင်ထံမှ ဆက်ခံခဲ့သော ဤလုပ်ငန်းသည် မိမိလက်ထက်၌မှာပင် မဖြစ်မနေ ပိတ်သိမ်းရပေတော့မည်။ ဘိုးဘွားအမွေဖြစ်သော ဤဓားကိုလည်း မိမိ၏ တစ်ဦးတည်းသော သားလက်ထဲသို့ မည်သည့်နည်းနှင့်မျှ လက်ဆင့်ကမ်းနိုင်တော့မည် မဟုတ်ချေ။
ကတ်ဆူရိုသည် ပြတင်းပေါက်အနားမှ ခွာလာခဲ့သည်။ သူသည် တံခါးမကြီးမှ ဝင်ရောက်ခြင်း မပြုတော့ဘဲ မြို့နယ်ခန်းမမှ ဝေးရာသို့ ထွက်ခွာသွားလေတော့သည်။