“ဟေ့ကောင်၊ ရှိုတာ” အဆုယာက ပြောသည်။ “ဒီအိမ်အိုကြီးကို မင်း ဘယ်လို လုပ်ပြီး ရှာတွေ့ခဲ့တာလဲ။ မတော်တဆ တွေ့တာလို့ မင်း ပြောခဲ့ပေမယ့် ဒီလို နေရာမျိုးကိုတော့ တော်တန်ရုံ ဘယ်သူမှ လမ်းကြုံလိမ့်မယ် မထင်ဘူး”
“အင်း၊ အမှန်အတိုင်း ပြောရရင် မတော်တဆ တွေ့ခဲ့တာတော့ မဟုတ်ဘူး”
“ဟုတ်လား။ ဒါဆို ဘယ်လိုလုပ်ပြီး တွေ့ခဲ့တာလဲ”
“အဲဒီလိုကြီး ပြူးပြဲ ကြည့်မနေစမ်းပါနဲ့။ တကယ်တော့လည်း ဘာမှ မဟုတ်ပါဘူးကွာ။ မင်းတို့ကို ပြောဖူးတယ် မဟုတ်လား။ ဟိုဘွားတော်ကို နောက်ယောင်ခံလိုက်ရင်း သူ့အိမ်ကို တွေ့ခဲ့ရတယ် ဆိုတာလေ။ ဘွားတော်က သူ့အိမ်မရောက်ခင် ဒီဆိုင်အရှေ့မှာ ခဏ ရပ်နေခဲ့သေးတယ်”
“ရပ်ပြီး သူက ဘာလုပ်တာလဲ”
“ဒါတော့ ငါလည်း မသိဘူး။ အကြောင်းအရင်းကို မသိဘူး ဆိုပေမယ့် သူက ဒီဆိုင်ရဲ့ ဆိုင်းဘုတ်ကို အချိန်ကြာကြာ စိုက်ကြည့်နေခဲ့တာ။ မျက်တောင် မခတ်ဘဲကို စိုက်ကြည့်နေတာ။ သူရဲ့ အမူအရာက ထူးဆန်းနေလို့ သူ့အိမ်ကို လိုက်သွားပြီးတဲ့နောက်မှာ ငါ ဒီကို ပြန်လာကြည့်သေးတယ်။ တစ်ချိန်မဟုတ် တစ်ချိန် အသုံးတည့်လာနိုင်တယ်လို့ ငါ တွေးမိတာနဲ့ ဒီနေရာကို မှတ်ထားလိုက်တာပဲ”
“နောက်တော့ မင်းရှာထားတဲ့ အိမ်အိုကြီးက ထူးခြားဆန်းကျယ်တဲ့ ကာလယန္တရားကြီး ဖြစ်နေပါရောလား”
ရှိုတာက ပခုံးကို တွန့်လိုက်သည်။ “အဲဒီလို ပြောလို့ ရမယ် ထင်တယ်”
အဆုယာသည် လက်နှစ်ဘက်ကို ပိုက်ထားကာ နံရံထောင့်မှ လက်ဆွဲအိတ်ကို ငေးကြည့်နေပြီး ခပ်တိုးတိုး လှမ်းပြောသည်။ “အဲဒီဘွားတော်က ဘာလဲ။ သူ့နာမည်က ဘယ်လို ခေါ်တာလဲ”
“မူတို … ဘာတဲ့။ ဟာရုကိုလားပဲ။ မူတို ဟာရုကိုလို့ ထင်တယ်” ရှိုတာက ခေါင်းကို ငဲ့စောင်းကာ စဉ်းစားခန်း ဝင်နေသည်။
အဆုယာသည် လက်ဆွဲအိတ်ကို အနားသို့ လှမ်းဆွဲပြီး ဇစ်ဖွင့်ကာ အထဲမှ ဟန်းဘတ်အိတ်ကို ထုတ်လိုက်သည်။ အကယ်၍သာ ဝင်ပေါက်နားရှိ ဖိနပ်စင်ပေါ်မှ ကားသော့ကို သတိမထားမိလျှင် ဤဟန်းဘတ်အိတ်ကို သူတို့ တွေ့ရတော့မည် မဟုတ်။ ထိုစဉ်က သူတို့သည် လမ်းဘေးရှိ ကားတံခါးကို ဖွင့်လိုက်သည်နှင့် ဘေးခုံပေါ်တွင် ချထားသော ဟန်းဘတ်အိတ်ကို ချက်ချင်း သတိထားမိသွားသည်။ သို့ဖြင့် ဘာမျှ စဉ်းစားမနေတော့ဘဲ လက်ဆွဲအိတ်ထဲသို့ ထိုးထည့်လာခဲ့သည်။
ဟန်းဘတ်အိတ်ကို ဖွင့်လိုက်သည်နှင့် အလျားရှည်သော နက်ပြာရောင် ပိုက်ဆံအိတ်က အပြင်သို့ ပြူထွက်လာသည်။ အဆုယာသည် ပိုက်ဆံအိတ်ကို ကောက်ယူပြီး အထဲမှ ပိုက်ဆံများကို ရေတွက်ကြည့်သည်။ အနည်းဆုံး နှစ်သိန်းခန့် ရှိမည်။ ဤပိုက်ဆံအိတ် တစ်လုံးတည်းနှင့်ပင် ယနေ့အတွက် တွက်ခြေကိုက်လေပြီ။ အထဲမှ အကြွေးဝယ်ကတ်နှင့် ငွေစုကတ်များကို နည်းနည်းမျှ စိတ်မဝင်စားပေ။
ဟန်းဘတ်အိတ်ထဲတွင် ယာဉ်မောင်းလိုင်စင်ကိုလည်း တွေ့ရသည်။ ကတ်ပေါ်တွင် ရေးထားသော နာမည်မှာ မူတို ဟာရုမိ ဖြစ်သည်။ ကတ်ပေါ်မှ ဓာတ်ပုံအရဆိုလျှင် မိန်းမချောတစ်ယောက်ဟု ဆိုရပေမည်။ သူ၏ အသက်မှာ ၅၀ ကျော်ပြီဟု ရှိုတာက ပြောဖူးသော်လည်း မည်သို့မျှ ထင်ရက်စရာ မရှိ။
ရှိုတာသည် အဆုယာကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းမှာ စိုးစဉ်းမျှ နီရဲနေသည်။ အိပ်ရေးမဝသောကြောင့် ဖြစ်နိုင်သည်။
“ဘာဖြစ်လို့လဲ”
“ဒီဟာ …. အိတ်ထဲမှာ ဒါကို တွေ့တယ်” ရှိုတာသည် စာတစ်စောင် ကမ်းပေးလိုက်သည်။
ရှိုတာ ပြသော စာအိတ်ကို လှမ်းကြည့်လိုက်ရာ အဆုယာ၏ နှလုံးမှာ ရင်မှ ကန်ထွက်လုမတတ် တုန်ခါလာတော့သည်။ စာအိတ်ပေါ်တွင် ရေးထားသည်မှာ ‘သို့ – နာမီယာကုန်စုံဆိုင်’ ဟူ၍။
❝ သို့ – နာမီယာကုန်စုံဆိုင်
ကျွန်မ အင်တနက်ပေါ်မှာ ‘တစ်ညတာ ပြန်လည် အသက်ဝင်ခြင်း’ ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတော့ ဟုတ်ရော ဟုတ်ပါ့မလားလို့ ကျွန်မ မြင်မြင်ချင်း သံသယ ဝင်ခဲ့မိတယ်။ ဒါပေမယ့် အဲဒီသတင်းဟာ အမှန်အကန်ပဲလို့ ယုံကြည်တာကြောင့် ကျွန်မ ဒီစာကို ရေးလိုက်ပါတယ်။
ကျွန်မကို မှတ်မိသေးလား။ ၁၉၈၀ ခုနှစ် နွေရာသီတုန်းက ဘဘဆီ စာရေးခဲ့တဲ့ ‘တွေဝေတဲ့ ပါပီ’ ပါ။ အဲဒီတုန်းက ကျွန်မဟာ အထက်တန်းကျောင်း ဆင်းပြီးခါစ ဆိုတော့ မနူးမနပ် ကောင်မလေးတစ်ယောက်ပေါ့ရှင်။ ကျွန်မဟာ ဘားမယ်အလုပ်ကို ဝင်လုပ်ပြီး သူငယ်ချင်းတွေနဲ့ မိသားစုကို ဘယ်လို ရှင်းပြရမှန်း မသိတာနဲ့ ဘဘဆီမှာ အကြံဉာဏ် တောင်းခဲ့တာလေ။
ဘဘနာမီယာက ကျွန်မကို ဆူလိုက် ဆဲလိုက်တာ ရစရာကို မရှိဘူး။
ဒါပေမယ့် ကျွန်မက ငယ်သေးတော့ လွယ်လွယ်နဲ့ လက်သင့် မခံခဲ့ဘူးလေ။ ဒါနဲ့ ကျွန်မရဲ့ နောက်ကြောင်းရာဇဝင်တွေနဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြပြီး ကျေးဇူးရှင်တွေကို ကျေးဇူးပြန်ဆပ်နိုင်ဖို့ ဒီတစ်နည်းတည်းသာ ရှိကြောင်း ပြန်ငြင်းခဲ့တာပေါ့။ ဘဘက ကျွန်မကို သိပ်ခေါင်းမာတဲ့ ကောင်မလေးပဲ ဆိုပြီး စိတ်ပျက်ခဲ့မလားတောင် မသိဘူး။
ဒါပေမယ့် ဘဘက ကျွန်မကို ‘မိုက်လုံးကြီးတဲ့ ဟာမ ဖြစ်ချင်ရာ ဖြစ်ပေတော့’ လို့ ဆိုပြီး ပစ်မထားခဲ့ပါဘူး။ ကျွန်မကို အကြံဉာဏ်တွေ ပေးခဲ့တဲ့အပြင် နောက်နောင်မှာ ဘယ်လို ရှင်သန်ရုန်းကန်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကိုပါ သင်ကြား ပြသပေးခဲ့တယ်။ ပြီးတော့ အဲဒါတွေက သာမန်ကာ လျှံကာ ပေးခဲ့တဲ့ ဆေးမြီးတိုတွေ မဟုတ်ဘဲ တကယ့်ကို စေ့စပ်သေချာပြီး အကျိုးများတဲ့ အသက်ကယ်ဆေးတွေပါ။ ဘယ်အချိန်မှာ ဘာကို သင်ရမယ်၊ ဘာကို လုပ်ဆောင်ရမယ်၊ ဘာကို စွန့်လွှတ်ရမယ်၊ ဘာကို ဖမ်းဆုပ်ထားရမယ်၊ အိုရှင် … ပြောမယ်ဆိုရင် အကြံဉာဏ်နဲ့တောင် မတူပါဘူး။ အနာဂတ်ဟောစာတမ်းကို ချပြနေသလိုပဲ။
ဘဘ ပေးခဲ့တဲ့ လမ်းညွှန်မှုတိုင်းကို ကျွန်မ တစ်သဝေမတိမ်း နားထောင်ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစပိုင်းတုန်းကတော့ မယုံတစ်ဝက်၊ ယုံတစ်ဝက်ပါပဲ။ ဒါပေမယ့် မကြာပါဘူး။ တိုင်းပြည် စီးပွားရေးရဲ့ လားရာဟာ ဘဘ ခန့်မှန်းပေးထားသလို ဖြစ်လာရမှာပဲလို့ ကျွန်မ ယုံကြည်လာခဲ့တယ်။ အဲဒီ အချိန်ကစပြီး ကျွန်မ သံသယ လုံးဝ မဝင်မိတော့ဘူး။
တကယ့်ကို အံ့ဩစရာကြီးပဲရှင်။ ဘဘ ဘာဖြစ်လို့ ကုန်ဈေးနှုန်း ဖောင်းပွမှုနဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကို ကြိုတင်ပြီး မှန်းဆနိုင်ရတာလဲ။ ဘာဖြစ်လို့ အင်တာနက်ခေတ် ရောက်လာလိမ့်မယ် ဆိုတာကို ကြိုပြီး တွက်ကိန်း ထုတ်နိုင်ရတာလဲ။ ဒါပေမယ့် အခုလိုအချိန်မှာ အဲဒီလို မေးခွန်းတွေ မေးနေလို့လည်း အဓိပ္ပာယ် မရှိတော့ပါဘူးလေ။ အဖြေတွေ သိလာရင်တောင် ဘာမှ ပြင်ဆင်လို့ ရတော့တာမှ မဟုတ်ဘဲ။
ဒါကြောင့် ကျွန်မ ဘဘကို အမှန်တကယ် ပြောပြချင်တာကတော့ ဒီ့အောက်က စကားတွေပါ။
ကျွန်မကို ကူညီခဲ့တဲ့အတွက် ဘဘကို အရမ်း ကျေးဇူးတင်ပါတယ်။
အဲဒါ ကျွန်မရဲ့ ရင်ထဲကလာတဲ့ စကားပါ။ တကယ်လို့သာ ဘဘရဲ့ အကြံဉာဏ်တွေ မရခဲ့ဘူး ဆိုရင် ကျွန်မ ဘာဖြစ်နေမလဲ ဆိုတာ မတွေးဝံ့စရာပဲ။ ကံမကောင်း အကြောင်းမလှရင်တော့ လူတွေရဲ့ တံတွေးကွက်ထဲ ပက်လက် မျောနေရလောက်တယ်။ ဘဘက ကျွန်မရဲ့ ထာဝရ ကျေးဇူးရှင်ပါ။ ဘဘကို ကျေးဇူးဆပ်ခွင့် မရတဲ့အတွက် ကျွန်မ အင်မတန်မှ စိတ်မကောင်း ဖြစ်ခဲ့မိတယ်။ ကျေးဇူးဆပ်ခွင့် မရခဲ့ပေမယ့် အနည်းဆုံး ဒီကျေးဇူးတင်လွှာကိုတော့ လက်ခံပေးပါ။ ဘဘကို အားကျပြီး နောက်နောင် ဒီ့ထက်ဒီ လူတွေကို ကူညီသွားနိုင်အောင် ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်။
ဝက်ဆိုဒ်ပေါ်မှာ ရေးထားတဲ့ စာအရဆိုရင် ဒီနေ့ညဟာ ဘဘရဲ့ ၃၃ နှစ်မြောက် နှစ်ပတ်လည် နေ့ပဲ။ ကျွန်မ ဘဘကို စာရေးပြီး အကြံဉာဏ် တောင်းခဲ့တာကလည်း လွန်ခဲ့တဲ့ ၃၂ နှစ်က ဒီလို အချိန်မျိုးပဲ။ ဒီလိုဆိုရင် ကျွန်မဟာ နောက်ဆုံး တစ်ယောက်ပေါ့နော်။ ဒါလည်း ပဋ္ဌာန်းဆက်ပဲ ဖြစ်မယ် ထင်တယ်။ အဲဒီအတွက် ကျွန်မ အင်မတန်လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။
ဘဘ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းသာယာနိုင်ပါစေ။
အရင်က တွေဝေတဲ့ပါပီ ❞
စာဖတ်ပြီးနောက်တွင် အဆုယာသည် သူ့ဦးခေါင်းကို လက်နှစ်ဘက်ဖြင့် သိုင်းဖက်ထားလိုက်သည်။ ဦးနှောက် ပွင့်ထွက် မသွားစေရန် အကာအကွယ် ပြုထားသည့်နှယ်။ လက်ရှိ ခံစားနေရသော သူ၏ ခံစားချက်ကို ဖွင့်အန်ချလိုက်ချင်သော်လည်း သင့်လျော်သည့် စကားလုံးကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေလေသည်။
ကျန်လူနှစ်ဦးလည်း သူ့လိုပင် ခံစားနေရပေလိမ့်မည်။ နှစ်ဦးစလုံး ဒူးကို ပိုက်လျက် မလှုပ်မယှက် ထိုင်နေကြသည်။ ရှိုတာ၏ အကြည့်က လေထုထဲတွင် လွင့်မျောနေလေသည်။
အဘယ်ကြောင့် ထိုသို့ ဖြစ်လာခဲ့ရသနည်း။ ဘားမယ်တစ်ယောက်အဖြစ် ဘဝကို နှစ်မြှုပ်ပစ်ရန် ဆုံးဖြတ်ထားသော မိန်းမပျိုလေးတစ်ဦးကို သူတို့ ကြိုးစားပမ်းစား ဖျောင်းဖျခဲ့ရသည်။ ထို့နောက် အနာဂတ်တွင် ကြုံတွေ့လာနိုင်မည့် ကိစ္စအဖုံဖုံကို သူ့အား ပြောပြခဲ့သည်။ ထိုကိစ္စများ အားလုံးသည် စောစောကမှ သူတို့ လုပ်ဆောင်ခဲ့သော ကိစ္စများ ဖြစ်ကြသည်။ ကြည့်ရသည်မှာ သူ၏ ရည်မှန်းချက်များကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော် ၃၂ နှစ် ကြာပြီးနောက်တွင် အဆုယာတို့ လူတစ်သိုက်သည် သူ့အိမ်ကို ဝင်ရောက် ဖောက်ထွင်းခဲ့ကြသည်။
“တစ်ခုခုတော့ …….” အဆုယာက ရေရွတ်လိုက်မိသည်။
ရှိုတာက သူ့ဘက်သို့ လှည့်လာသည်။ “ဘာတစ်ခုခုလဲ”
“ဟိုဟာလေကွာ …. ငါလည်း မပြောပြတတ်ဘူး။ နာမီယာကုန်စုံဆိုင်နဲ့ မာရူမစ်ဆူအန်ကို ချိတ်ဆက်ပေးထားတဲ့ အရာ တစ်ခုခုတော့ ရှိရမယ်။ မမြင်ရတဲ့ ကြိုးလေးတစ်မျှင်လို့ ပြောရမလားပဲ။ ကောင်းကင်ဘုံပေါ်က တစ်ယောက်ယောက်က အဲဒီ ကြိုးကို ကိုင်ပြီး ကစားနေသလိုပဲ”
ရှိုတာသည် မျက်နှာကျက်ကို မော့ကြည့်နေသည်။ “ဟုတ်လောက်တယ်”
ကိုဟိုင်ထံမှ “အား” ဟူသော အသံထွက်ပေါ်လာပြီး နောက်ဖေးတံခါးကို စိုက်ကြည့်နေလေသည်။
နောက်ဖေးတံခါးက အနည်းငယ် ပွင့်ဟနေသည်။ နံနက်ခင်း နေရောင်ခြည်တို့သည် တံခါးကြားမှ ဖြာကျနေကြသည်။ နေထွက်လေပြီ။
“ဒီစာကို ဟိုဘက်က နာမီယာကုန်စုံဆိုင်ဆီ အချိန်မီ မပို့နိုင်တော့ဘူး” ကိုဟိုင်က ပြောသည်။
“ကိစ္စ မရှိပါဘူးကွာ။ ဒီစာက ငါတို့ကို ပေးတဲ့ စာပဲဟာ။ ဟုတ်တယ်မလား၊ အဆုယာ” ရှိုတာက ပြောသည်။ “သူ ကျေးဇူးတင်ချင်တာက ငါတို့ကိုလေ။ သူက ငါတို့ဆီ စာရေးပြီး ကျေးဇူးတင်စကား ပြောတယ်တဲ့။ ငါတို့လို အကောင်မျိုးကို … ငါတို့လို သူခိုးကြမ်းပိုးတွေကို …….”
အဆုယာသည် ရှိုတာ၏ မျက်လုံးများကို စိုက်ကြည့်နေမိသည်။ သွေးရောင် သန်းနေသော မျက်လုံးများ။ မျက်ရည် လွှမ်းနေသော မျက်လုံးများ။
“ငါ သူ့ကို ယုံတယ်။ မာရူမစ်ဆူအန်ကို ဖျက်ချပြီး ဇိမ်ဟော်တယ် ပြောင်းဆောက်မလို့လားလို့ ငါ သူ့ကို မေးခဲ့တယ်လေ။ သူက အဲဒီလို အစီအစဉ် မရှိကြောင်း ပြောခဲ့တယ် မဟုတ်လား။ အဲဒီစကားက မုသားစကား လုံးဝ မဖြစ်နိုင်ဘူး။ တွေဝေတဲ့ ပါပီက အဲဒီလို မုသားမျိုး ပြောမှာ မဟုတ်ဘူး”
အဆုယာက ခေါင်းညိတ်ပြသည်။ သူလည်း ထိုသို့ ယုံကြည်မိသည်။
“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ” ကိုဟိုင်က မေးသည်။
“ပြောနေဖို့ လိုသေးသလားကွာ” အဆုယာက မတ်တတ်ရပ်လိုက်သည်။ “စောနက အိမ်ကို ပြန်သွားပြီး ငါတို့ မ,လာသမျှ ပစ္စည်းတွေ အားလုံးကို ပြန်ပေးရမှာပေါ့”
“ပြီးတော့ ကြိုးလည်း ဖြေပေးရဦးမယ်” ရှိုတာက ပြောသည်။ “မျက်စိကို အုပ်ထားတဲ့ တဘက်ကိုရော၊ ပါးစပ်ပေါ် ကပ်ထားတဲ့ တိတ်ကိုရော ဖယ်ပေးရမယ်”
“ဟုတ်တယ်”
“ပြီးတော့ရော။ ထွက်ပြေးကြမှာလား”
ကိုဟိုင်၏ အမေးကို တုံ့ပြန်သည့် အနေဖြင့် အဆုယာက ခေါင်းခါပြသည်။ “မပြေးပါဘူး။ ရဲအလာကို စောင့်ကြတာပေါ့”
ရှိုတာနှင့် ကိုဟိုင်ကလည်း ကန့်ကွက်ခြင်း မပြုကြ။ “ငါတို့ ထောင်နန်း စံရတော့မှာပေါ့” ကိုဟိုင်က ရေရွတ်လိုက်ပြီး သူ၏ ပခုံးနှစ်ဘက်မှာ အောက်သို့ လျောကျသွားသည်။
“ငါတို့က အဖမ်းခံတာ ဆိုတော့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးကြမှာပါကွာ” ပြောပြီး ရှိုတာသည် အဆုယာကို လှမ်းကြည့်သည်။ “အဓိက ပြဿနာက နောင်ရေးပဲကွ။ အလုပ်ရှာရတာ ပိုခက်တော့မှာပဲ။ အဲဒီအချိန်ကျရင် ဘယ်လို လုပ်ရပါ့မလဲ”
အဆုယာက ခေါင်းခါပြသည်။ “ငါလည်း မသိဘူး။ ဒါပေမယ့် ငါ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ။ နောက်နောင် ဘယ်တော့မှ သူများ ပစ္စည်းကို မတရားယူဖို့ မကြိုးစားတော့ဘူး”
ရှိုတာနှင့် ကိုဟိုင်တို့ကလည်း ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ကြသည်။
ပစ္စည်းများ သိမ်းဆည်းပြီးသောအခါ သူတို့ နောက်ဖေးပေါက်မှ ထွက်လာကြသည်။ နေရောင်က တောက်ပနေသည်။ တစ်နေရာမှ စာကလေးများ၏ ကျည်ကျည်ကျာကျာ အသံများ ပျံ့လွင့်လာကြသည်။
အဆုယာက နွားနို့သေတ္တာကို လှမ်းကြည့်လိုက်သည်။ တစ်ညတာအတွင်း ဤသစ်သားသေတ္တာကလေးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အဖွင့်အပိတ် လုပ်ခဲ့ကြသည်။ နောက် ဘယ်တော့မှ သူ့ကို ဖွင့်တော့မည် မဟုတ်ဟု တွေးလိုက်သောအခါ သူ့စိတ်ထဲ လှိုက်ခနဲ ဖြစ်သွားမိသည်။
သေတ္တာကို နောက်ဆုံး အကြိမ်အဖြစ် ဖွင့်ကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ နွားနို့သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် စာတစ်စောင်ကို တွေ့လိုက်ရလေသည်။
ရှိုတာနှင့် ကိုဟိုင်တို့က သူ့ကို လွန်၍ သွားကြပြီ။ “ဟေ့ကောင်တွေ” အဆုယာက အော်ခေါ်လိုက်သည်။ “ဒီမှာ ကြည့်စမ်းပါဦး” စာအိတ်ကိုင်ထားသော လက်ကို သူတို့အား ယမ်းပြလိုက်သည်။
စာအိတ်ပေါ်တွင် ဖောင်တိန်ပင်ဖြင့် ‘သို့ – အမည်မသိသော မိတ်ဆွေ’ ဟု သေသပ်လှပစွာ ရေးသားထားသည်။
အဆုယာသည် စာအိတ်ကို ဖောက်ပြီး အထဲမှ စာရွက်ကို ဆွဲထုတ်လိုက်သည်။
❝ ဒီစာက ဗလာစာရွက် တစ်ရွက် ပို့လာတဲ့ မိတ်ဆွေကို ပြန်ကြားထားတဲ့ စာပါ။ တကယ်လို့ သင်ဟာ အဲဒီ စာပို့သူ မဟုတ်ဘူးဆိုရင် စာကို မူလနေရာမှာ ပြန်ထားပေးပါ။ ❞
အဆုယာသည် အသက်ရှူရန်ပင် မေ့လျော့သွားသည်။ သူသည် စောစောက ဘာမျှ ရေးမထားသော ဗလာစာရွက်တစ်ရွက်ကို စာထည့်ပေါက်မှ ထည့်ခဲ့သည် မဟုတ်ပါလော။ ယခုစာသည် သူ့အတွက် ပြန်စာ ဖြစ်နေသည်။ ပြန်စာကို ရေးသားသူမှာ နာမီယာဘိုးဘိုး အစစ်မှ လွဲ၍ တခြားသူ မဖြစ်နိုင်။
ပြန်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
❝ ခင်ဗျား ဘာဖြစ်လို့ ဗလာစာရွက် တစ်ရွက်ကို ပို့လာရသလဲ ဆိုတဲ့ အကြောင်းအရင်းကို ကျွန်တော်ရဲ့ ဦးနှောက်နဲ့ ဖျစ်ညှစ်ပြီး အတော်လေး စဉ်းစားလိုက်ရတယ်။ ဒီကိစ္စကို အင်မတန် အရေးပါတဲ့ ကိစ္စပဲလို့ ယူဆတာကြောင့် ကျွန်တော် သာမန်ကာ လျှံကာ ဖြေလို့ မဖြစ်ဘူး။ ကျွန်တော်ရဲ့ ခန်းခြောက်လုနီးနီး ဖြစ်နေတဲ့ ဦးနှောက်ကို အစွမ်းကုန် အသုံးချပြီး စဉ်းစားလိုက်တော့ အကြောင်းအရင်းကို ကျွန်တော် ဒီလို နားလည်လာမိတယ်။ စာရွက် ဗလာဖြစ်နေခြင်း ဆိုတာက မြေပုံ မရှိခြင်းကို ကိုယ်စားပြုတယ်လေ။
ကျွန်တော်ဆီ အကြံဉာဏ် တောင်းခဲ့ကြတဲ့ လူတွေကို လမ်းပျောက်နေတဲ့ လူနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုကြပါစို့။ အဲဒီလူတွေရဲ့ လက်ထဲမှာ မြေပုံတစ်ပုံကတော့ ပုံမှန်အားဖြင့် ရှိနေကြတယ်။ ဒါပေမယ့် အဲဒီမြေပုံကို သူတို့ မကြည့်ကြဘူး။ ဒါမှမဟုတ် သူတို့ လက်ရှိ ဘယ်နေရာမှာ ရောက်နေသလဲ ဆိုတာကို မသိကြတာလည်း ဖြစ်ချင် ဖြစ်မယ်။
ခင်ဗျားဟာ အဲဒီလို အခြေအနေ နှစ်မျိုးလုံးနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော် ယူဆတယ်။ ခင်ဗျားရဲ့ မြေပုံက လုံးဝ မဆွဲရသေးဘူး။ ဒါကြောင့် ခင်ဗျားဟာ ဘယ်ကို သွားရမလဲ ဆိုတာ ဆုံးဖြတ်လို့ မရနိုင်တဲ့အပြင် ဘယ်နေရာ ရောက်နေသလဲ ဆိုတာကိုလည်း သိဖို့ မဖြစ်နိုင်ဘူး။
ဗလာမြေပုံ ကိုင်ထားတဲ့ လူတစ်ယောက် အနေနဲ့ လမ်းမပျောက်တဲ့သူ ဘယ်သူ ရှိနိုင်ပါ့မလဲဗျာ။ ဘယ်သူ မဆို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြမှာပဲ။
ဒါပေမယ့် နောက်တစ်မျိုးလည်း လှည့်တွေးကြည့်လို့ ရနိုင်သေးတယ်။ ဗလာစာရွက် တစ်ရွက် ဖြစ်နေမှသာလျှင် ကိုယ့်စိတ်ကြိုက် မြေပုံတစ်ပုံကို စိတ်တိုင်းကျ ရေးဆွဲနိုင်တော့မှာပေါ့။ အရာအားလုံးဟာ ခင်ဗျားအပေါ်မှာပဲ တည်မှီနေတယ်။ လမ်းအားလုံးဟာ ဟင်းလင်း ပွင့်နေပြီး ဖြစ်နိုင်ခြေတွေကလည်း အကန့်အသတ် မဲ့နေတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့ အခွင့်အလမ်း တစ်ခုပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ထားပြီး လမ်းမှန်တစ်ခုကို ရှာဖွေနိုင်ပါစေလို့ ကျွန်တော် ဆုတောင်း ပေးလိုက်ပါတယ်။ နောင်တကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းနိုင်မယ့် လမ်းမျိုးပေါ့။
တခြားစာတွေကို နောက်ထပ် ဘယ်တော့မှ ဖြေကြားနိုင်တော့မယ် မထင်ဘူး။ အခုလို အင်မတန်မှ တန်ဖိုးရှိတဲ့ မေးခွန်းမျိုးကို နောက်ဆုံးအနေနဲ့ မေးမြန်းခဲ့တဲ့အတွက် ခင်ဗျားကို အထူး ကျေးဇူးတင်ပါတယ်။
နာမီယာကုန်စုံဆိုင် ❞
အဆုယာသည် စာရွက်ကို ကြည့်နေရာမှ ခေါင်းထောင်လိုက်သောအခါ တခြားသူနှစ်ဦးနှင့် အခန့်သင့်ပင် မျက်လုံးချင်း ဆုံမိကြသည်။ သူတို့၏ မျက်လုံးများတွင် အရောင်အဝါများ လင်းလက်နေကြသည်။
မိမိ၏ မျက်လုံးများသည်လည်း သူတို့နည်းတူ လင်းလက်နေကြမည်ဟု သူ ယုံကြည်နေမိတော့သည်။
ဖြိုးကျော်
၂ ရက် ဩဂုတ်လ ၂၀၂၂ ခု၊ အင်္ဂါနေ့။
ည ၉ နာရီ ၁၂ မိနစ်။