မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (စ)

၁၉၈၈ ခု၊ ဒီဇင်ဘာလ။

ဆီဆေး ပန်းချီကားများဖြင့် အလှဆင်ထားသော အခန်းတစ်ခန်းအတွင်း၌ ဟာရုမိသည် မြေအရောင်းအဝယ် သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်နေသည်။ ယခုနှစ်များအတွင်း ထိုသို့သော စာချုပ် အများအပြားကို သူ လက်မှတ်ရေးထိုးခဲ့သည်။ သိန်း ၁၀၀ တန်ဖိုးရှိသော အရောင်းအဝယ်များမှာ သူ့အတွက် ဘာမျှ မပြောပလောက်တော့ပေ။ ယခုစာချုပ်မှာ ထိုမျှပင် တန်ဖိုး မရှိ သော်လည်း ယခင်က သူ မကြုံတွေ့ခဲ့ရဖူးသော စိတ်လှုပ်ရှားမှုများက သူ့အား ထိုးနှက်နေကြသည်။ ဤစာချုပ်ပါ အဆောက်အအုံအပေါ်တွင် ထားရှိသော သူ၏ သံယောဇဉ်သည် ယခင်က သူ ဝယ်ရောင်းလုပ်ခဲ့သော အရာများနှင့် မည်သို့မျှ မနှိုင်းယှဉ်အပ်ပေ။

“တကယ်လို့ စာချုပ်ပါ အကြောင်းအရာတွေ အပေါ် အလိုမကျတာ မရှိဘူးဆိုရင် ကျေးဇူးပြုပြီး ဒီနေရာမှာ လက်မှတ်ထိုး၊ တံဆိပ်နှိပ်ပေးပါ ခင်ဗျာ” ဒွန်ဟီးလ် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသော အိမ်ရာအကျိုးဆောင် ကုမ္ပဏီ၏ ဝန်ထမ်းသည် ဟာရုမိဘက်သို့ လှည့်လာပြီး ပြောလိုက်သည်။ သူ၏ အမူအရာက ယန်း ၂ သိန်းဟူသော ပမာဏကို ဘာမျှ အလေးမထားသည့်နှယ်။ ဗျူတီပါလာသို့ မကြာခဏ သွားပြီး မျက်နှာ ပေါင်းတင်ထားသောကြောင့် ဖြစ်မည်။ သူ၏ အရေပြားမှာ နို့နှစ်ရောင် ပေါက်နေသည်။

ဟာရုမိ၏ ကုမ္ပဏီနှင့် စီးပွားလုပ်ဖက် ဖြစ်သော ဘဏ်ကြီးတစ်ခုက ရှင်ဂျုကုဘဏ်ခွဲပေါ်ရှိ အခန်းတစ်ခန်းကို အရောင်းအဝယ်ကိစ္စအတွက် အသုံးပြုရန် သူတို့အား ငှားပေးထားသည်။ ထိုအခန်းထဲတွင် အကျိုးဆောင်အဖြစ် ဆောင်ရွက်သော ဒွန်ဟီးလ်ဝတ်စုံနှင့် အမျိုးသားအပြင် ခြံမြေ၏ ပိုင်ရှင်များ ဖြစ်ကြသော တာမူရာ ဟိဒေအို၊ ကိုဇုကာ ခိုးကိုနှင့် ခိုးကို၏ အမျိုးသား ရှိဂေကာဇုတို့လည်း ရှိနေကြသည်။ ခိုးကိုသည် ယခုအခါ အသက် ၅၀ ကျော်ပြီ ဖြစ်၍ သူ့ခေါင်းပေါ်တွင် ဆံပင်ဖြူများ မင်းမူနေလေပြီ။

ဟာရုမိသည် မြေပိုင်ရှင်များကို စိုက်ကြည့်နေမိသည်။ ဟိဒေအိုနှင့် ခိုးကိုတို့က ခေါင်းငုံ့နေကြသည်။ ရှိဂေကာဇုကမူ သဘောမကျသည့် ဟန်ဖြင့် မျက်နှာလွှဲနေလေသည်။ ‘တော်တော် အသုံးမကျတဲ့ ယောက်ျားတစ်ယောက်ပဲ’ ဟာရုမိက တွေးမိသည်။ အကယ်၍ မကျေနပ်ချက်များ ရှိနေလျှင် တစ်ဘက်သား၏ မျက်လုံးများကို ရဲရဲ ရင်ဆိုင်နိုင်ဖို့တော့ လိုပေလိမ့်မည်။

ဟာရုမိသည် အိတ်ထဲမှ ဖောင်တိန်ကို ထုတ်လိုက်သည်။ “အဆင်ပြေပါတယ်” ဟု ဆိုကာ လက်မှတ်ထိုးပြီး တံဆိပ်နှိပ်လိုက်သည်။

“လူကြီးမင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်” ဒွန်ဟီးလ်နှင့်လူက ပြောသည်။ “အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့အတွက် ဝမ်းမြောက်မိပါတယ်ဗျာ” သူသည် စာချုပ်စာတမ်းများ အားလုံးကို ကောက်ယူ စုစည်းလိုက်သည်။ အောင်မြင်မှုအတွက် သူ့ကိုယ်သူ ကျေနပ်နေသည့်ပုံ။ အလုပ်ကြီး အကိုင်ကြီး မဟုတ်သော်လည်း ဝန်ဆောင်ခမှာ သူ့လက်မှ ပြေးမလွတ်နိုင်တော့ပြီ။ ထို့ကြောင့်လည်း ဝမ်းသာနေခြင်း ဖြစ်ပေမည်။

စာချုပ်စာတမ်းများကို နှစ်ဦးနှစ်ဘက် စလုံး၏ လက်ထဲသို့ အပ်နှံပြီးသောအခါ ရှိဂေကာဇုက ပထမဦးဆုံး မတ်တတ်ရပ်လိုက်သည်။ ခိုးကိုကတော့ ခေါင်းငုံ့လျက် ထိုင်နေဆဲပင်။ ဟာရုမိသည် သူ၏ ညာဘက်လက်ကို ခိုးကိုထံသို့ ကမ်းပေးလိုက်သော အခါမှ သူ ခေါင်းထောင်ကြည့်သည်။

“စာချုပ်လည်း ချုပ်ပြီးသွားပါပြီ။ ကျွန်မတို့ လက်ဆွဲနှုတ်ဆက်ကြရအောင်”

“အင်း … ကောင်းတာပေါ့” ခိုးကိုသည် ဟာရုမိ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ဟိုဟာလေ … ဆောရီးပါပဲ”

“ဘာဖြစ်လို့ တောင်းပန်ရတာလဲ” ဟာရုမိက ပြုံးနေသည်။ “ဒီအတိုင်းက ပိုမကောင်းဘူးလား။ ကျွန်မတို့ နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ရလဒ်တစ်ခုပဲလေ”

“ဒါလည်း ဟုတ်ပါတယ်” ခိုးကိုက သူ့ကို တည့်တည့် မကြည့်ရဲပေ။

“ဟေ့” ရှိဂေကာဇုက အော်ပြောလိုက်သည်။ “ဘာငိုင်နေတာလဲ။ သွားကြမယ်”

ခိုးကိုက ခေါင်းညိတ်ပြသည်။ အနားရှိ မိခင်ကို တစ်ချက် လှမ်းကြည့်သည်။ သူ့အကြည့်က ညှိုးနွမ်းလျက်။

“ကျွန်မ အန်တီကို ပြန်ပို့လိုက်ပါ့မယ်” ဟာရုမိက ပြောသည်။ ဟိဒေအိုသည် သူ၏ အဘွားဖြစ်သော်လည်း သူက အန်တီဟုသာ ခေါ်လေ့ရှိသည်။ “ကျွန်မ တာဝန်ထားပါ”

“အင်း၊ ဒါဆိုလည်း ကျေးဇူးပါပဲ။ အမေ၊ အဲဒီလို ဖြစ်တယ်မလား”

“ဘာဖြစ်ဖြစ် ရပါတယ်” ဟိဒေအိုက ခပ်တိုးတိုး ပြန်ဖြေသည်။

“ကောင်းပြီလေ။ ဟာရုမိ၊ နင်ပဲ ပို့ပေးလိုက်တော့”

ဟာရုမိ၏ အဖြေကိုပင် မစောင့်တော့ဘဲ ရှိဂေကာဇုသည် အခန်းထဲမှ ထွက်သွားလေသည်။ ခိုးကိုက တောင်းပန်သကဲ့သို့ ဦးညွှတ်နှုတ်ဆက်ပြီး အနောက်မှ အပြေးလိုက်သွားသည်။

ဟာရုမိသည် ဘဏ်မှ ထွက်လာပြီး အနီးရှိ ကားရပ်နားကွင်းတွင် ရပ်ထားသော BMW ကားဆီသို့ လျှောက်သွားသည်။ ထို့နောက် ဟိဒေအိုကို သူ့အိမ်သို့ လိုက်ပို့လေသည်။ သို့သော် အတိအကျ ဆိုရပါမူ အိမ်မှာ ဟိဒေအို၏ အိမ် မဟုတ်တော့ပေ။ တာမူရာမိသားစု ပိုင်ဆိုင်ခဲ့သော နေအိမ်သည် ယခုအခါ ဟာရုမိပိုင် ဖြစ်ခဲ့လေပြီ။ ယနေ့ သူတို့ လက်မှတ်ရေးထိုးခဲ့သော စာချုပ်က ၎င်းကို တရားဝင် ဖြစ်စေခဲ့သည်။

အဘိုးသည် ဇရာ၏ ထုထောင်းမှု ဒဏ်ဖြင့် ယခုနှစ် နွေဦးတွင် ကွယ်လွန်သွားခဲ့သည်။ ကျင်ငယ်များ ရွှဲစိုနေသော ခုတင်ပေါ်တွင် နှစ်ရှည်လများ ဝဋ်ခံခဲ့ရသော အစောင့်ရှောက်ခံ ဘဝကို စွန့်ခွာသွားခဲ့သည်။

သူ့အတွက် အချိန် သိပ်မကျန်တော့မှန်း သိလာရသည့် အခါတွင် ဟာရုမိအတွက် စိတ်အဝင်စားဆုံးသော အကြောင်းအရာမှာ အမွေကိစ္စ ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သူတို့၏ အိမ်ဖြစ်သည်။ ယခင်က များစွာ ချမ်းသာသော မိသားစု တစ်စုဟု ဆိုနိုင်သော်လည်း ယခုအခါတွင်မူ ပိုင်ဆိုင်မှုအဖြစ် ထည့်တွက်နိုင်သော အရာမှာ ဤအိမ်တစ်လုံးတည်းသာ ကျန်ရစ်တော့သည်။

ဤနှစ်နှစ် သုံးနှစ်အတွင်း အိမ်ခြံဈေးမှာ အဆက်မပြတ် တက်၍သာ နေလေသည်။ တာမူရာအိမ်မှာ တိုကျိုနှင့် နှစ်နာရီခရီးမျှ ကွာဝေးသော်လည်း တန်ကြေးအလွန် ရှိနေသည်။ ဟိဒေအို၏ သမီးနှင့် သားမက်တို့၊ အထူးသဖြင့် သားမက် ရှိဂေကာဇုသည် အစောကြီးကတည်းက ဤအိမ်ကို မျက်စပစ်နေမည်ဟု ဟာရုမိ တွက်ဆမိသည်။ ထိုလူကြီးသည် အားအားရှိတိုင်း အရေမရ အဖတ်မရ အလုပ်များကိုသာ လုပ်တတ်ပြီး အောင်မြင်ပေါက်မြောက်သည်ဟု တစ်ခါမျှ မကြားဖူးပေ။

သူ ထင်ထားသည့် အတိုင်းပင်။ အဘိုးအတွက် ၄၉ ရက် ရက်လည်အလှူ လုပ်ပြီးသည့် နောက်တစ်နေ့တွင် ခိုးကိုသည် ဟိဒေအိုထံသို့ ဆက်သွယ်လာပြီး အမွေခွဲဖို့ ကိစ္စကို တိုင်ပင်ရန် စကားကြောင်းလေတော့သည်။

ခိုးကိုက ဤသို့ တောင်းဆိုခဲ့သည်။ ပိုင်ဆိုင်မှုမှာ အိမ်တစ်လုံးသာ ကျန်တော့သောကြောင့် ၎င်းကို ဟိဒေအိုနှင့် ခိုးကိုတို့က တစ်ယောက်တစ်ဝက်စီ ခွဲယူကြရန် ဖြစ်သည်။ အိမ်ကို တစ်ဝက်ခွဲခြမ်းရန် မလွယ်ကူသောကြောင့် ယာယီအားဖြင့် အိမ်ကို ခိုးကို၏ နာမည်ဖြင့် အမည်ပေါက် လွှဲပေးထားရန် တောင်းဆိုခဲ့သည်။ ထို့နောက် အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများကို ဈေးနှုန်း သတ်မှတ်ခိုင်းပြီး ခိုးကိုက ဟိဒေအိုအား ငွေသားဖြင့် တစ်ဝက် ပေးချေမည်။ ဟိဒေအိုကို ဤအိမ်ပေါ်တွင် ဆက်လက် နေထိုင်ခွင့် ပြုမည် ဖြစ်သော်လည်း အခန်းငှားခကို ခိုးကိုအား ပုံမှန် ပေးဆောင်ရမည်။ ခိုးကိုသည် ၎င်းအခန်းငှားခအတွက် ပေးရန်ရှိသော အိမ်တန်ဖိုး တစ်ဝက်ထဲမှ လစဉ် ခုနှိမ်သွားမည်။

ဤတောင်းဆိုချက်သည် ဥပဒေလမ်းကြောင်းအရ ဘာမျှ ပြဿနာ မရှိပေ။ တရားမျှတသည်ဟု ဆိုနိုင်စရာ ရှိသည်။ သို့သော် ထိုအကြောင်းကို ဟိဒေအိုထံမှ ကြားရစဉ်ကပင် ဟာရုမိသည် သူတို့၏ အကြံဆိုးကို ရိပ်မိနေခဲ့သည်။ ခိုးကိုသည် ပိုင်ဆိုင်မှု အားလုံးကို မောင်ပိုင်စီးပြီး ဟိဒေအိုကိုလည်း တစ်ပြားမျှ ပေးနေစရာ လိုတော့မည် မဟုတ်ပေ။ ထို့အပြင် ခိုးကိုသည် အိမ်ကို အချိန်မရွေး ရောင်းထုတ်ပစ်နိုင်သည်။ အိမ်ထဲတွင် နေထိုင်နေသူ ရှိသည်ဟု ဆိုရသော်လည်း ထိုသူမှာ သူ့မိခင် ဖြစ်သောကြောင့် နှင်ထုတ်ပစ်ရန် ခက်ခဲလိမ့်မည် မဟုတ်။ အိမ်မှ နှင်ထုတ်ပစ်လိုက်လျှင် ခိုးကိုအနေဖြင့် ပေးရန် ကျန်ရှိသော အိမ်ဖိုးကို ဟိဒေအိုအား အကျေပေးရန် ဝတ္တရားရှိသည် မှန်သော်လည်း အချိန်ဆွဲ၍ တို့ကနန်း ဆိတ်ကနန်း ပေးနေနိုင်သေးသည်။ ထိုသို့ လုပ်လျှင်လည်း ဟိဒေအိုက တရားစွဲဆိုလိမ့်မည် မဟုတ်ကြောင်း သူ တွက်ဆထားပေလိမ့်မည်။

ထိုမျှ ရက်စက်ယုတ်မာသော အကြံအစည်မျိုးကို သမီးအရင်းတစ်ယောက်က ကြံစည် စိတ်ကူးထားသည်ဟု ဟာရုမိက မထင်ရက်ခဲ့ပေ။ နောက်ကွယ်တွင် ရှိဂေကာဇု ရှိရပေလိမ့်ဦးမည်။

သို့ဖြင့် ဟာရုမိသည် ဟိဒေအိုအား ဤသို့ အကြံပေးလိုက်သည်။ ဤအိမ်ကို ဟိဒေအိုနှင့် ခိုးကိုတို့၏ နှစ်ဦးပိုင် ပစ္စည်းအဖြစ် သတ်မှတ်ပြီး သူက ငွေထုတ်၍ ဤအိမ်ကို ဝယ်ယူလိုက်မည် ဖြစ်သည်။ ထို့နောက် အိမ်ရောင်းရငွေကို သူတို့ သားအမိနှစ်ယောက်က အချိုးကျ ခွဲယူရမည်။ ထို့သို့ ရောင်းချလိုက်သော်လည်း ဟိဒေအိုအနေဖြင့် ဤအိမ်မှ ပြောင်းရွှေ့သွားရန် မလိုအပ်ပေ။

ဟိဒေအိုက ခိုးကိုနှင့် ထိုကိစ္စကို ဆွေးနွေးကြသောအခါ ရှိဂေကာဇုက အနားမှနေ၍ စွက်ဖက်လာပြန်သည်။ “ကျွန်တော်တို့ရဲ့ အစီအစဉ်အတိုင်း ဘာဖြစ်လို့ မလုပ်ချင်ရတာလဲ”

ဟိဒေအိုက ဤသို့ ဖြေကြားခဲ့သည်။ “ဒီအိမ်ကို ဟာရုမိ ဝယ်လိုက်တာက အကောင်းဆုံးပဲလို့ ငါ ထင်တယ်။ တစ်ခါတလေတော့လည်း ငါ့စိတ်ကြိုက်လေး လုပ်ခွင့်ပြုကြပါဦး”

ထိုသို့သော စကားကြောင့် ရှိဂေကာဇုက ဘာမျှ ပြန်မပြောနိုင်တော့ပေ။ တကယ်တမ်းလည်း သူ့တွင် ဘာမျှ ပြောပိုင်ခွင့် မရှိ။

ဟိဒေအိုကို အိမ်သို့ ပြန်ပို့ပြီးနောက် ဟာရုမိလည်း ထိုအိမ်တွင် တစ်ညအိပ်လေသည်။ စနေနေ့တွင် ကုမ္ပဏီ ပိတ်သော်လည်း သူ မနက်ဖြန် မနက် စောစောထပြီး တိုကျိုသို့ ပြန်ရဦးမည်။ သူ့တွင် အရေးကြီးသော အလုပ်တစ်ခု လုပ်စရာ ရှိနေသည်။ တိုကျိုဘေး (Tokyo Bay) ရှိ အပျော်စီးသင်္ဘောပေါ်တွင် ပါတီပွဲတစ်ပွဲ ပြုလုပ်ရန် သူသွားရမည်။ မနက်ဖြန်သည် ခရစ္စမတ် အကြိုည ဖြစ်သောကြောင့် လက်မှတ် အစောင် ၂၀၀ မှာလည်း တစ်ခဏအတွင်း ဖြိုက်ခနဲ ရောင်းကုန်သွားခဲ့သည်။

ခုတင်ပေါ်တွင် လဲလျောင်းလျက် မျက်နှာကျက်ပေါ်မှ သူ ရင်းနှီးထားပြီးသား အရေးအကြောင်းများကို ကြည့်ရင်း အတွေးများထဲ နစ်မြုပ်နေခဲ့သည်။ ဤအိမ်သည် ယခုအခါ သူပိုင်အိမ် ဖြစ်လာခဲ့ပြီ ဆိုသည့်အချက်ကို သူ့ဟာသူ မယုံကြည်နိုင်ဘဲ ရှိနေသေးသည်။ တိုကျိုတွင် နေထိုင်ရန် တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော ခံစားမှုနှင့် တခြားစီ ဖြစ်နေသည်။

ဤအိမ်ကို မည်သည့် အကြောင်းနှင့်မျှ ပြန်လည် ရောင်းထုတ်တော့မည် မဟုတ်။ ဟိဒေအို လွန်သွားပြီး နောက်တွင်လည်း တစ်နည်းနည်းဖြင့် ဤအိမ်ကို ဆက်လက် ထိန်းသိမ်းထားမည်။ သူ၏ အပန်းဖြေရာ အိမ်အဖြစ်လည်း သုံးကောင်း သုံးပေမည်။

ဤနှစ်များအတွင်း သူ ဘာလုပ်လုပ် အဆင်ပြေပြေ အောင်မြင် အထမြောက်ခဲ့သည်ချည်းသာ။ အဆင်ပြေနေလွန်းသောကြောင့် လန့်၍ပင် လာလေသည်။ စွမ်းအားတစ်ခုခုက သူ့အား စောင့်ရှောက်နေသည်ဟု သူ ယူဆချင်လာသည်။

ထိုစာကို လက်ဝယ် ရရှိပြီးကတည်းက စတင်ခဲ့သည်ဟု ဆိုရပေမည်။

သူ့မျက်စိများကို မှိတ်ထားလိုက်သည်။ တစ်မူထူးသော လက်ရေးလက်သားနှင့် စကားလုံးများက သူ့အာရုံထဲ ထင်ဟပ်လာကြသည်။ နာမီယာကုန်စုံဆိုင်မှ ဆန်းပြားလှသည့် ပေးစာတစ်စောင်။

စာပေါ်မှ အကြောင်းအရာများကို ယုံကြည်ရခက်နေခဲ့ပြီး နေ့ဝက်မျှ ဦးနှောက်ခြောက်ခဲ့ရသော်လည်း ဟာရုမိသည် ထိုညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ တခြား နည်းလမ်းကောင်း တစ်ခုခုကို ရှာမတွေ့ခဲ့သောကြောင့်လည်း ဖြစ်ပေမည်။ စိတ်အေးလက်အေး စဉ်းစားကြည့်သောအခါ တိုမိအိုကာကို မှီခိုနေလျှင် အမှန်ပင် အန္တရာယ်ရှိကြောင်း ရိပ်စားမိလာသည်။ ထို့အပြင် စီးပွားရေး ပညာရပ်ကို သင်ကြားထားလျှင် နောင်တစ်ချိန်၌ အသုံးမဝင်တော့ဟု မဆိုနိုင်။

သူသည် နေ့ခင်း ကုမ္ပဏီအလုပ်ကို ထွက်ပစ်လိုက်ပြီး နည်းပညာကောလိပ်သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ အချိန်ပို ရသည့် အခါတိုင်းတွင် သူသည် စတော့ရှယ်ယာ၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဆိုင်သော သင်တန်းများကို တက်ရောက်ဖြေဆိုခဲ့ပြီး အောင်လက်မှတ်များ ရယူခဲ့သည်။

ညပိုင်းတွင်လည်း ဘားမယ်အလုပ်ကို ယခင်ကထက် ပို၍ ကြိုးစားလုပ်ခဲ့သည်။ ထိုသို့ပင် လုပ်သော်ငြားလည်း အလွန်ဆုံး ၇ နှစ်သာ လုပ်မည်ဖြစ်ကြောင်း သူ ဆုံးဖြတ်ထားသည်။ ထိုသို့ အချိန် ကန့်သတ်ထားသောကြောင့်လည်း ပို၍ အားသွန်ခွန်စိုက် လုပ်နိုင်ခဲ့လေသည်။ ဘားမယ်အလုပ်၏ နှစ်သက်စရာ ကောင်းသော အားသာချက်မှာ အားစိုက်ထုတ်မှု ပိုများလေလေ အကျိုးခံစားခွင့် ပိုရလေလေ ဖြစ်သည်။ သူ့ကို အားပေးသော ပုံမှန် ဖောက်သည်များလည်း များသည်ထက် များလာပြီး ဆိုင်တွင် ရေပန်းအစားဆုံးနှင့် ဝင်ငွေအကောင်းဆုံး ဘားမယ်တစ်ယောက် ဖြစ်လာလေသည်။ ချစ်သူအဖြစ် နေထိုင်ရန် ငြင်းဆန်လိုက်သောကြောင့် တိုမီအိုကာနှင့် မိတ်ပျက်ခဲ့ရသော်လည်း ထိုသို့သော နစ်နာမှုမျိုးကို မကြာခင်မှာပင် ဖာထေးလိုက်နိုင်ခဲ့သည်။ စားသောက်ဆိုင်ပေါင်း များစွာကို ကူညီပေးခဲ့ဖူးသည် ဆိုသော တိုမီအိုကာ၏ စကားများမှာ လေလုံးထွားခြင်း သက်သက်မျှသာ ဖြစ်ကြောင်း နောက်မှ သိလာခဲ့ရသည်။

၁၉၈၅ ခု၊ ဇူလိုင်လတွင် ဟာရုမိသည် သူ၏ ပထမဆုံး ခြေလှမ်းကို စတင်လိုက်သည်။ သူ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ငွေမှာ သိန်း ၃၀၀ ကျော် ရှိခဲ့ပြီ။ ထိုငွေများဖြင့် ယိုဇုယာရှိ တိုက်ခန်းဟောင်းတစ်ခန်းကို စတင် ဝယ်ယူလိုက်သည်။ ဈေးကွက်အခြေအနေ မည်သို့ပင် ပြောင်းလဲသွားစေကာမူ ၎င်းတိုက်ခန်း၏ ဈေးနှုန်းမှာ ထို့ထက် ကျသွားစရာ အကြောင်း မရှိတော့မှန်း သူ လေ့လာသိရှိထားသည်။

နောက်နှစ်လခန့် ကြာသောအခါ ကမ္ဘာ့စီးပွားရေး အခြေအနေသည် ငလျင်ကြီးတစ်ခုသဖွယ် အကြီးအကျယ် လှုပ်ခတ်လာလေသည်။ Plaza Accord သဘောတူညီချက်ကြောင့် ဂျပန်ယန်းငွေမှာ တန်ဖိုးတက်လာပြီး ဒေါ်လာတန်ဖိုးမှာ ထိုးကျသွားသည်။ ထိုအခြေအနေကြောင့် ဟာရုမိ အထိတ်တလန့် ဖြစ်သွားခဲ့သည်။ ဂျပန်နိုင်ငံသည် ပို့ကုန်ဦးစားပေး နိုင်ငံဖြစ်သောကြောင့် ယန်းငွေက အတက်ချည်း ဆက်တက်နေခဲ့လျှင် တိုင်းပြည် စီးပွားရေးကို များစွာ ထိခိုက်လာနိုင်သည်။

ထိုအချိန်တွင် ဟာရုမိသည် စတော့ရှယ်ယာ လောကတွင် ဝင်ရောက် ကစားနေလေပြီ။ ဈေးကွက် မငြိမ်မသက် ဖြစ်လာသည်နှင့်အမျှ ရှယ်ယာဈေးနှုန်းမှာလည်း အကျဘက်သို့သာ ဦးတည်နေတော့မည်။

မည်သို့ ပြုလုပ်ရပါအံ့နည်း။ ဟာရုမိ အတွေးရ ကျပ်နေသည်။ ယခုအခြေအနေမှာ မစ္စတာနာမီယာ၏ ဟောကိန်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

သို့သော် တိုင်းပြည်မှာ အဆိုးဆုံး အခြေအနေသို့ ရောက်မသွားခဲ့ပေ။ ယိုင်နဲ့နေသော စီးပွားရေးကို ကယ်တင်နိုင်ရန်အတွက် ဂျပန်အစိုးရသည် အတိုးနှုန်း လျှော့ချရေး မူဝါဒကို ကျင့်သုံးပြီး အများပိုင် ကုမ္ပဏီများတွင် အစုလိုက် အပြုံလိုက် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

၁၉၈၆ နှစ် နွေရာသီတွင် ဟာရုမိထံသို့ ဖုန်းတစ်ကော ဝင်လာသည်။ တစ်ပတ်ရစ် တိုက်ခန်း ဝယ်ခဲ့သော အိမ်ခြံမြေကုမ္ပဏီထံမှ ခေါ်လာခြင်း ဖြစ်သည်။ ထိုသူက ဟာရုမိအား မေးခဲ့သည်။ “ခင်ဗျား အဲဒီကို ပြောင်းနေဖို့ စိတ်ကူး မရှိသေးဘူး ထင်တယ်။ အဲဒါကို ဘယ်လိုလုပ်မယ် စိတ်ကူးထားသလဲ သိပါရစေ ခင်ဗျာ” ဟာရုမိက တိကျသော အဖြေကို မပေးခဲ့။ အကယ်၍ ပြန်ရောင်းရန် ဆန္ဒဖြစ်ပေါ်လာလျှင် သူတို့ကို ဆက်သွယ်ပါမည် ဟုသာ ပြန်ဖြေခဲ့သည်။

အိမ်ခြံမြေဈေးများ မိုးမျှော်လာကြလေပြီ။

သူက စိတ်မဝင်စားသေးပါဟု ပြောပြီး ဖုန်းချလိုက်သော်လည်း တကယ်တမ်းတွင်မူ သူ ဘဏ်သို့ ချက်ချင်း ထွက်လာခဲ့သည်။ ယိုဇုယာမှ တိုက်ခန်းကို အပေါင်ထားလျှင် ဘဏ်မှ ငွေ မည်မျှ ချေးယူနိုင်မည်နည်း ဆိုသည်ကို သူ သိလိုသည်။ ရက်အနည်းငယ် အကြာတွင် ဘဏ်က သူ့ထံ ပြန်၍ ဆက်သွယ်လာခဲ့သည်။ ဘဏ်မှ ချေးယူနိုင်မည့် ငွေပမာဏကို ကြားသိရသောအခါ သူ အထိတ်တလန့် ဖြစ်ခဲ့ရပြန်သည်။ သူ ဝယ်ယူခဲ့စဉ်က တိုက်ခန်းတန်ဖိုး၏ တစ်ဆခွဲ ဖြစ်သည်။

သူ ဘဏ်တွင် ငွေချေးရန် လျှောက်ထားလိုက်ပြီး တစ်ချိန်တည်းမှာပင် အိမ်ခြံများ၏ ဈေးကွက်အခြေအနေကို လေ့လာတော့သည်။ ဝါဆေဒါတွင် သင့်လျော်သည့် တိုက်ခန်းကို ရှာတွေ့သောအခါ ဘဏ်ချေးငွေဖြင့် ၎င်းကို ဝယ်ယူလိုက်သည်။ တစ်ခဏအတွင်းမှာပင် အိမ်ဈေးများ တက်သွားပြန်သည်။ အိမ်ဈေးများသည် အလျင်အမြန် ထိုးတက်နေသောကြောင့် ဘဏ်အတိုးနှုန်းလည်း လိုက်မမီနိုင်အောင် ဖြစ်နေတော့သည်။

ယခုအခါ သူသည် ဒုတိယတိုက်ခန်းကို အပေါင်ထားပြီး ဘဏ်မှ ငွေထပ်ချေးပြန်သည်။ ထိုအခါတွင် ချေးငွေဌာနမှ အရာရှိသည် သူ့ကို ကုမ္ပဏီထောင်ရန် အကြံပြုလေသည်။ ကုမ္ပဏီနှင့် ဆိုလျှင် သူ၏ ဘဏ္ဍာရေး ကိစ္စများကို ပိုမို လွယ်ကူစွာ စီမံနိုင်ပေမည်။ ထိုသို့ဖြင့် ‘ပါပီကုမ္ပဏီ’ စတင် မွေးဖွားလာခဲ့သည်။

မစ္စတာနာမီယာ၏ အနာဂတ်ဟောကိန်းများမှာ အမှန်ပင် ဖြစ်ကြောင်း ဟာရုမိအနေဖြင့် သံသယ မဝင်တော့ပြီ။

၁၉၈၇ ခု ဆောင်းကုန်သည်အထိ ဟာရုမိသည် တိုက်ခန်းများကို ဝယ်လိုက် ရောင်းလိုက် လုပ်နေခဲ့သည်။ တိုတောင်းသော တစ်နှစ်တာ ကာလအတွင်းမှာပင် တိုက်ခန်းတို့၏ ဈေးနှုန်းများမှာ သုံးဆခန့်အထိ တက်သွားခဲ့လေသည်။ ထို့အတူပင် စတော့ရှယ်ယာ၏ ဈေးနှုန်းများကလည်း တက်ရိပ်သာ ပြနေခဲ့သည်။ သူ၏ ရင်းနှီးမြှုပ်နှံ ငွေမှာလည်း နှင်းဘောလုံးကဲ့သို့ လှိမ့်လေကြီးလေ ဖြစ်လာခဲ့သည်။ သူသည် ဘားမယ်အလုပ်ကို နှုတ်ဆက်ထွက်ခွာ လာခဲ့သော်လည်း ဘားမယ်လုပ်စဉ်က သိရှိလာခဲ့ရသော အပေါင်းအသင်းများကိုကား အဆက်အသွယ် မဖြတ်ခဲ့ပေ။ ထိုအပေါင်းအသင်းများ၏ အဆက်အသွယ်ကို အသုံးချပြီး ပျော်ပွဲရွှင်ပွဲများ စီစဉ်ခြင်း၊ ပါတီပွဲများ ကျင်းပခြင်း၊ ဧည့်ခံပွဲများ စီမံပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ထိုအချိန်သည် စီးပွားရေး စန်းပွင့်သော အချိန်အခါကောင်း ဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြသည် ဖြစ်၍ သူ့အတွက် လုပ်စရာ အလုပ်မှာ ပုံထနေတော့သည်။

၁၉၈၈ ခုနှစ် အရောက်တွင် သူ၏ လက်ဝယ်ရှိ ပစ္စည်းများကို ပြန်လည်သုံးသပ်ရန် အချိန်ကျလာသည်။ သူ့တွင် အိမ်ခြံများ၊ စတော့ရှယ်ယာများနှင့် မြေယာအစုစပ် ရှယ်ယာများ ပိုင်ဆိုင်ထားသည်။ ဈေးနှုန်းများမှာ တက်ရိပ် ပြနေသော်လည်း ဂိတ်ဆုံးသို့ ရောက်လုရောက်ခင် ဖြစ်နေပြီဟု ယူဆရသည်။ အခြေအနေများမှာ အကောင်းဘက် ရှိနေသေးသည်ဟု ဆိုရသော်လည်း အနိုင်နှင့် ပိုင်းရန် ဆုံးဖြတ်လိုက်သည်။ မစ္စတာနာမီယာ၏ စကားကို သူ ယုံကြည်သည်။ ရင်းနှီးမြှုပ်မှုကို ဒိုးဆက်ကစားခြင်းနှင့် နှိုင်းယှဉ်ပြီး ပြောပြခဲ့သော မစ္စတာ နာမီယာ၏ စကားကို ကြားယောင်လာသည်။ အသေအချာ စဉ်းစားကြည့်လျှင် လောက၌ ဘယ်အရာမှ ထာဝရ မမြဲပေ။ စီးပွားရေးသည်လည်း အစဉ်အမြဲ ကောင်းနေနိုင်မည် မဟုတ်။

မကြာခင်တွင် ၁၉၈၈ ခုလည်း ကုန်လွန်သွားတော့မည်။ နောက်တစ်နှစ်သည် မည်သို့သော နှစ်တစ်နှစ် ဖြစ်လာဦးမည်နည်း။ ဟာရုမိသည် တစိမ့်စိမ့် တွေးရင်း အိပ်မက်ကမ္ဘာထဲသို့ တိုးဝင်သွားလေတော့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *