မာတိကာကြည့်ရန်

အခန်း (၅) ကောင်းကင်ယံမှ ဆုတောင်းပတ္ထနာ — (င)

တတိယအသုတ် ဧည့်သည်များကို တံခါးဝသို့ ပို့ဆောင်ပြီးနောက်တွင် မာယာသည် ဟာရုမိကို ဝန်ထမ်းသုံး သန့်စင်ခန်းထဲသို့ ဆွဲခေါ်သွားလေသည်။ မာယာသည် သူ့ထက် ၄ နှစ်ခန့် အသက် ပိုကြီးသည်။

သန့်စင်ခန်းထဲသို့ ရောက်သည်နှင့် မာယာသည် ဟာရုမိ၏ ဆံပင်ကို ဖမ်းဆွဲလိုက်သည်။

“ဟဲ့ကောင်မ၊ အသက်ကလေး ငယ်တယ်ဆိုပြီး စည်းကျော်မယ်တော့ မကြံနဲ့နော်”

နာကျင်မှုကြောင့် ဟာရုမိ၏ မျက်နှာမှာ ရှုံ့မဲ့နေသည်။ “ဘာဖြစ်နေလို့လဲ”

“ဘာဖြစ်ရမှာလဲ။ ဟိုဘဲကြီးကို နင် မျက်စ ပစ်နေတာ ငါ မသိဘူးများ မှတ်နေသလား” နှင်းဆီနီရောင် ဆိုးထားသော သူ၏ နှုတ်ခမ်းကို မဲ့ကာရွဲ့ကာဖြင့် ပြောနေသည်။

“ဘယ်သူ့ကိုလဲ။ ကျွန်မလည်း ဘာမှ မလုပ်ရပါလား”

“ဗြောင်လိမ်မနေနဲ့။ နင် မစ္စတာဆာတိုကို ညုနေတာ ငါ မြင်တယ်။ သူ့ကို အရင်ဘားဆိုင်ကနေ ဒီကို ရောက်အောင် ငါ ဆွဲခေါ်လာခဲ့ရတာ”

‘မစ္စတာဆာတို? အဲဒီဖက်တီးကြီးကို မျက်စပစ်တယ်? ဘာလာကြောင်နေတာလဲ’ ဟာရုမိက တွေးမိသည်။

“သူက ကျွန်မကို စကားလာပြောနေလို့ ကျွန်မက ပြန်နှုတ်ဆက်ရတာပေါ့။ ဒါပါပဲ”

“ရွှီးမနေနဲ့ ကောင်မ။ နင့်အခွက်က ချွဲလွန်းလို့ အစေးတောင် ထွက်နေပြီ”

“အဲဒါ ကျွန်မတို့ အလုပ်ပဲလေ။ ဧည့်သည်ကို ရင်းရင်းနှီးနှီး ဆက်ဆံရမှာ ကိုယ့်တာဝန်ပဲ မဟုတ်ဘူးလား”

“စောက်ရှက်ကို မရှိဘူး” မာယာသည် ဖမ်းကိုင်ထားသော သူ့ဆံပင်ကို လွှတ်လိုက်ပြီး ဟာရုမိ၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်လေသည်။ ဟာရုမိ၏ ကျောပြင်သည် နံရံနှင့် ရိုက်မိသွားသည်။ “နောက်တစ်ခါဆိုရင် နင့်ကို ညှာနေမှာ မဟုတ်ဘူး။ နင် မြဲမြဲမှတ်ထား”

မာယာသည် လှောင်ပြုံးပြုံးပြီး သန့်စင်ခန်းထဲမှ ထွက်သွားလေသည်။

ဟာရုမိသည် မှန်ထဲတွင် သူ့ကိုယ်သူ အသေအချာ စိုက်ကြည့်နေမိသည်။ သူ့ဆံပင်များ ရှုပ်ပွနေသည်။ သူသည် လက်ချောင်းများဖြင့် ဆံပင်များကို သပ်ရပ်သွားအောင် ဖြီးသင်ပြီး မျက်နှာပေါ်မှ ကြွက်သားများကို ပြေလျော့သွားအောင် သတိထားလိုက်သည်။ ထိုမျှလောက်သော ကိစ္စလေးကို သူ မှု၍ မဖြစ်။ သူ့တက်လမ်းကို အပိတ်ခံမည် မဟုတ်ပေ။

သန့်စင်ခန်းမှ ထွက်လာသောအခါ သူ့ကို တခြား စားပွဲတစ်လုံးတွင် နေရာချပေးသည်။ ၎င်းစားပွဲတွင် တောက်ပြောင်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူသုံးဦး ထိုင်နေသည်။

“အိုးဟိုး … နောက်ထပ် စော်လေး တစ်ပွေပါလား” နဖူးပြောင်ပြောင်နှင့် ယောက်ျားတစ်ယောက်က သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ စပ်ဖြဲဖြဲ ပြုံးနေသည်။

“မင်္ဂလာပါရှင်၊ ကျွန်မနာမည် ဟာရုမိပါ” ဟာရုမိသည် ထိုလူကို စိုက်ကြည့်ပြီး နှုတ်ဆက်ကာ သူ့ဘေးနားတွင် ဝင်ထိုင်သည်။ ထိုဝိုင်းတွင် သူ့ထက် လုပ်သက်ရင့်သော တခြား ဘားမယ်တစ်ယောက်လည်း ရှိနေသည်။ ထိုသူ၏ မျက်နှာပေါ်တွင် နှုတ်ခမ်းကို ကွေးညွတ်နေအောင် ပြုံးထားသော်လည်း ဟာရုမိကို လှမ်းကြည့်သော အကြည့်က အေးစက်လွန်းလှသည်။ ထိုအမျိုးသမီးကလည်း သူ့ကို ယခင်က စားမာန်ခုတ်ခဲ့ဖူးသည်။ သူတစ်ပါး အာရုံစိုက်လာအောင် ပြုလုပ်နေခြင်းကို ရပ်တန်းမှ ရပ်ရန် သူ့အား တားမြစ်ခဲ့ဖူးသည်။ ဘာဂရုစိုက်စရာ လိုမည်နည်းဟု ဟာရုမိက တွေးသည်။ ဤအလုပ်မျိုး လုပ်နေရသူအဖို့ ဧည့်သည်၏ ဂရုစိုက်မှုကိုမျှ မခံရလျှင် ဘာအဓိပ္ပာယ် ရှိနိုင်ဦးတော့မည်နည်း။

တစ်ခဏမျှ ကြာသောအခါ တိုမိအိုကာ ရှင်ဂျိ တစ်ယောက်တည်း ဆိုင်ထဲသို့ ဝင်လာသည်။ သူသည် မီးခိုးရောင် ကုတ်အင်္ကျီနှင့် အနီရောင် လည်စည်းကို စည်းထားသည်။ ခန္ဓာကိုယ် ကျစ်လစ်တောင့်တင်းပြီး သူ၏ ဝမ်းဗိုက်မှာလည်း ချပ်ချပ်ရပ်ရပ် ရှိနေသောကြောင့် သူ့ကို အသက် ၄၆ နှစ် ရှိပြီဟု အမြင်အားဖြင့် ခွဲခြား၍ မသိနိုင်ပေ။

သူသည် ထုံးစံအတိုင်း ဟာရုမိ တစ်ယောက်တည်းကိုသာ နာမည်တပ်၍ ခေါ်လိုက်သည်။

“အာကာဆာကာမှာ ရိုမန်တစ်ဖြစ်တဲ့ ဘားဆိုင်တစ်ဆိုင် ရှိတယ်” တိုမိအိုကာသည် ရေရောထားသော ဝီစကီကို တစ်ကျိုက်တည်းဖြင့် အကုန်မော့သောက်ပြီး အသံကို နှိမ့်ကာ တီးတိုးပြောနေသည်။ “နေ့တိုင်း မနက် ၅ နာရီအထိ ဆိုင်ဖွင့်တယ်။ ကမ္ဘာပေါ်မှာ ထွက်သမျှ ဝိုင်အကုန်လုံး သူ့ဆီမှာ ရနိုင်တယ်။ သူတို့ တလောက ငါ့ဆီကို ဖုန်းဆက်လာတယ်။ အရည်အသွေး ကောင်းတဲ့ ဆားနယ်ငါးဥတွေ ပစ္စည်းရောက်လို့ သူတို့ဆီ လာသုံးဆောင်ဖို့ ငါ့ကို လှမ်းခေါ်နေတာ။ အဲဒါ မင်း လိုက်ခဲ့လို့ အဆင်ပြေတယ်မလား”

ဟာရုမိသည် အတူ လိုက်သွားလိုသော်လည်း လက်စုံမိုးကာ တောင်းပန်လိုက်သည်။ “ဆောရီးပါရှင်၊ ကျွန်မ မနက်ဖြန် အလုပ် နောက်ကျလို့ မဖြစ်ဘူး”

တိုမိအိုကာက ခပ်တိုးတိုး သက်ပြင်းချသည်။ “ဒါကြောင့် မင်းကို မြန်မြန် အလုပ် ထွက်ပစ်လိုက်ဖို့ ပြောနေတာပေါ့။ မင်း အခု ဘယ်မှာ အလုပ်ဝင်နေတာလဲ”

“စာရေးကိရိယာ ထုတ်တဲ့ ကုမ္ပဏီမှာပါ”

“အဲဒီမှာ ဘာလုပ်ရတာလဲ။ ရုံးအကူလား”

ဟာရုမိက ခေါင်းညိတ်ပြသည်။ တကယ်တော့ ရုံးအကူဟုပင် ခေါ်၍ မရ။ ကြမ်း မတိုက်ရရုံ တစ်မည်။

“ဘာဖြစ်လို့ လစာနည်းနည်းနဲ့ အဲဒီလို အချုပ်အနှောင် ခံနေရတာလဲ။ နုပျိုမှုဆိုတာ နောက်တစ်ကြိမ် ပြန်မရနိုင်ဘူး။ မင်းရဲ့ ဘဝရည်မှန်းချက်အတွက် အချိန်ကို အကျိုးရှိအောင် သုံးတတ်ဖို့ လိုလိမ့်မယ်”

ဟာရုမိက နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြန်သည်။ ထို့နောက် တိုမိအိုကာကို စိုက်ကြည့်လိုက်သည်။

“ရှင် ကျွန်မကို ရှင်ဂျုကုက စာသောက်ဆိုင်တစ်ဆိုင် လိုက်ပြပေးမယ်လို့ ပြောဖူးတာ ကျွန်မ အမှတ်ရမိတယ်။ အဲဒီစားသောက်ဆိုင်ကို ဖွင့်ဖို့ စီစဉ်ကြတုန်းက ရှင် အများကြီး ကူညီပေးခဲ့ဖူးတယ်ဆို”

“ဪ … အဲဒီဆိုင်လား။ ရတယ်လေ။ အချိန်မရွေး သွားလို့ ရတာပဲ။ မင်း ဘယ်အချိန်လောက် သွားချင်သလဲ” တိုမိအိုကာက အရှေ့သို့ တိုးလာပြီး မေးလေသည်။

“ဖြစ်နိုင်မယ်ဆိုရင် ဆိုင်ဖွင့်ချိန်ပြင်ပမှာ ကျွန်မ သွားချင်တယ်”

“ဆိုင်ဖွင့်ချိန် ပြင်ပ?”

“ဟုတ်တယ်။ ကျွန်မ ဆိုင်ထဲက ဝန်ထမ်းတွေနဲ့ စကား နည်းနည်း ပြောကြည့်ချင်တယ်။ ပြီးတော့ မီးဖိုချောင်ကိုလည်း လေ့လာချင်တယ်”

တိုမိအိုကာ၏ မျက်နှာမှာ ရုတ်တရက် ညိုမဲသွားသည်။ “အဲဒါကတော့ ….. ဘယ်လို ပြောရမလဲ ……”

“မရဘူးလား”

“ငါက အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို အမြဲတမ်း စည်းခြားထားတယ်။ သူတို့နဲ့ ဆက်ဆံရေး ရင်းနှီးတာကို ငါက အခွင့်ကောင်းယူပြီး သူစိမ်းတစ်ယောက်ကို မီးဖိုချောင်ထဲ ခေါ်သွားတာမျိုးကျတော့ ဆိုင်ဝန်ထမ်းတွေကလည်း ကြည်ဖြူကြမယ် မထင်ဘူး”

“ဪ …. အဲဒီလိုလား။ ကျွန်မ သဘောပေါက်ပါပြီ။ မတောင်းဆိုသင့်တာ တောင်းဆိုမိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်” ဟာရုမိက ဦးညွတ်လိုက်သည်။

“ကိစ္စ မရှိပါဘူး။ ဧည့်သည်တစ်ယောက် အနေနဲ့ သွားမယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ဘူးလေ။ ငါတို့ နောက်တစ်ရက် နှစ်ရက်နေရင် သွားကြတာပေါ့” တိုမိအိုကာ၏ အမူအရာက ပြန်လည် လန်းဆန်းလာသည်။

ထိုညက ကိုအန်ဂျိရှိ သူ၏ တိုက်ခန်းသို့ ဟာရုမိ ပြန်ရောက်ချိန်မှာ နံနက် ၃ နာရီ ကျော်ကျော်တွင် ဖြစ်သည်။ တိုမိအိုကာက သူ့ကို တက္ကစီတစ်စီးဖြင့် အိမ်သို့ လိုက်ပို့ပေးခဲ့သည်။

“မင်းရဲ့ အိမ်ပေါ်ကို ဖိတ်ခေါ်ဖို့ ငါ မတောင်းဆိုပါဘူး” ကားပေါ်တွင် တိုမိအိုကာသည် ထိုသို့ အမြဲတမ်း ပြောလေ့ရှိသည်။ “ဟိုကိစ္စကို မင်း သေချာ စဉ်းစားပါဦး”

သူ့ကို ချစ်သူအဖြစ် လက်သင့်ခံရန် ကိစ္စ ဖြစ်သည်။ ဟာရုမိက မချိပြုံးဖြင့်သာ အမြဲ အဖြေပေးတတ်သည်။

အခန်းထဲသို့ ပြန်ရောက်သည်နှင့် ဟာရုမိသည် ဖန်ခွက်ဖြင့် ရေတစ်ခွက်ကို သောက်လိုက်သည်။ သူသည် ဘားဆိုင်သို့ တစ်ပတ်လျှင် ၄ ရက် အလုပ်ဝင်ရသည်။ အမြဲတမ်း ယခုလို အချိန်မျိုး ကျမှသာ အိမ်ပြန်ရောက်လေ့ရှိသည်။ ကြွင်းကျန်သော ၃ ရက်တွင်မူ အချိန်ရှိပါက အများသုံး ရေချိုးကန်သို့ ရေသွားချိုးတတ်သည်။

မိတ်ကပ်များကို ဖျက်ကာ မျက်နှာသစ်ပြီးနောက် သူ၏ ဒိုင်ယာရီစာအုပ်ကို ဖွင့်ကြည့်သည်။ မနက်ဖြန် လုပ်ရမည့် အလုပ်တာဝန်များကို စစ်ဆေးကြည့်ခြင်း ဖြစ်သည်။ နံနက်တွင် ကုမ္ပဏီ၌ အစည်းအဝေးတစ်ခု ရှိသည်။ လက်ဘက်ရည်ကြမ်းများ ပြင်ဆင်ရန် အတွက် ကုမ္ပဏီသို့ ခါတိုင်းထက် နာရီဝက် စောရောက်ရမည်။ ထိုသို့ဆိုလျှင် ၄ နာရီခန့်သာ အိပ်ချိန် ရှိတော့မည်။

ဒိုင်ယာရီစာအုပ်ကို အိတ်ထဲ ပြန်ထည့်ပြီး စာတစ်စောင်ကို လှမ်းယူလိုက်သည်။ စာကို ဖြန့်ကြည့်ပြီး သက်ပြင်းချမိပြန်သည်။ ထိုစာကို အကြိမ်ပေါင်းများစွာ ဖတ်ထားပြီးပြီ ဖြစ်၍ အထဲမှ အကြောင်းအရာများကို အလွတ်ပင် ရွတ်ပြနိုင်သည်။ သို့ဖြစ်စေကာမူ ထိုစာကို တစ်နေ့တစ်ကြိမ်တော့ သူ ဖတ်ကြည့်စမြဲ။ နာမီယာကုန်စုံဆိုင်၏ တတိယမြောက် ပြန်စာ ဖြစ်သည်။

‘ချစ်သူအဖြစ် နေပေးဖို့ မင်းကို တောင်းဆိုထားတဲ့ လူက တကယ်ရော ယုံရလို့လား’

ထိုကိစ္စကို ဟာရုမိ ကိုယ်တိုင်ကလည်း သံသယ ဝင်နေခဲ့သည်။ သံသယ ရှိပင် ရှိငြားသော်လည်း သူ ထိုအကြောင်းကို မစဉ်းစားလိုပေ။ အကယ်၍ တိုမိအိုကာ၏ စကားများ အားလုံးသည် အလိမ်အညာများ ဖြစ်နေခဲ့ပါမူ သူ၏ ရည်မှန်းချက်သည် ပို၍ပင် အလှမ်းဝေးချေတော့မည်။

သို့သော် စိတ်အေးအေး ထားပြီး စဉ်းစားကြည့်လျှင် မစ္စတာနာမီယာ၏ သံသယမှာ အခြေအမြစ် ရှိသည်။ တိုမိအိုကာ၏ အပျော်မယားအဖြစ် နေထိုင်နေစဉ်အတွင်း ထိုကိစ္စကို သူ့ဇနီးက သိရှိသွားပြီဆိုလျှင် သူသည် ယခင် ကတိအတိုင်း မိမိကို ဆက်လက် ကူညီနိုင်ပါဦးမည်လော။ ဖြစ်နိုင်ခြေ အလွန် နည်းသည်။ မည်သူမဆို ဤသို့ ကောက်ချက်ချပေလိမ့်မည်။

ထို့အပြင် ယနေ့ည တိုမိအိုကာ၏ အပြုအမူက သံသယ ဝင်ချင်စရာ ကောင်းနေသည်။ လူတစ်ယောက်သည် အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာကို စည်းခြားထားတတ်သည်မှာ အထူးတဆန်း မဟုတ်ပေ။ သို့သော် တိုမိအိုကာသည် သူ၏ လုပ်ဆောင်ချက်များကို ဝင့်ကြွားလိုသောကြောင့် ၎င်းစားသောက်ဆိုင်သို့ သွားရောက်လည်ပတ်ရန် မိမိအား သူကိုယ်တိုင် ဖိတ်ကြားထားခဲ့သည် မဟုတ်ပါလော။

ထိုလူကို အမှန်တကယ်ပင် အားကိုးအားထား ပြု၍ မရနိုင်ကြောင်း ဟာရုမိ သတိထားမိလာသည်။ ထိုသို့ဆိုလျှင် ဆက်လက်ပြီး မည်သို့ လျှောက်လှမ်းရပါအံ့နည်း။

သူ၏ အကြည့်သည် စာရွက်ပေါ်သို့ ကျရောက်သွားပြန်သည်။ စာပေါ်တွင် ဤသို့ ရေးသားထားသည်။ “အရက်ဘားမှာ အလုပ် မလုပ်ရဘဲ ငွေကြေးတောင့်တင်းနိုင်စေမယ့် တခြား နည်းလမ်းကို ငါက သင်ပေးမယ် ဆိုရင်ရော ငါရဲ့ လမ်းညွှန်မှုတွေကို နားထောင်ချင်တဲ့ ဆန္ဒ မင်းမှာ အပြည့်အဝ ရှိရဲ့လား” ထို့နောက် “မင်းရဲ့ အဖြေပေါ် မူတည်ပြီး မင်းရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်အောင် ငါ ကူညီပေးပါ့မယ်”

ထိုစာကြောင်းများကို မည်သို့သော ရည်ရွယ်ချက်ဖြင့် ရေးခဲ့သနည်း။ သူ စဉ်းစားနေမိသည်။ ‘တစ်နှစ်အတွင်း သူဌေးဖြစ်နည်း’ စာအုပ်ကို ရေးသားသော တက်ကျမ်းဆရာများကဲ့သို့ ထိုသူ၏ လေသံက အပေါစား ဆန်နေသည်။ ပုံမှန်အချိန် ဆိုလျှင် ထိုသို့သော စကားမျိုးကို သူ အဖက်လုပ်လိမ့်မည် မဟုတ်။

သို့သော် ထိုစာကြောင်းများကို ရေးသားထားသောသူမှာ သူ၏ ဒုက္ခသုက္ခများကို ဖြေရှင်းပေးနေသော မစ္စတာနာမီယာ ဖြစ်နေသည်။ ပြဿနာများ မပြေလည်သေးစေကာမူ ဤမျှ အကြိမ်ပေါင်းများစွာ စာပေးစာယူ လုပ်ခဲ့ပြီးချိန်တွင် ဟာရုမိသည် သူ့ကို တဖြည်းဖြည်းနှင့် ယုံကြည်လာမိသည်။ သူသည် စကားကို ဘယ်တော့မှ ဝေ့လည်ကြောင်ပတ် မပြောတတ်။ တစ်ဘက်လူ၏ အလိုကို လိုက်၍ အကြိုက်ဆောင်ပြီးလည်း မရေး။ ပြောစရာ ရှိသည်ကို မကွယ်မဝှက် တဲ့တိုး ပြောတတ်သည်။ သူ့စကားလုံးများက တစ်ဘက်သားကို နှစ်သိမ့်ရာ မရောက်သော်လည်း သူ၏ ရိုးသား ဖြောင့်မတ်မှုကိုကား ကောင်းစွာ ခံစားရပေသည်။

စာထဲတွင် ရေးထားသကဲ့သို့ ဟာရုမိကို လိမ်ညာနေ၍လည်း သူ့အတွက် ဘာမျှ အကျိုးရှိမည် မဟုတ်ပေ။ ထိုသို့ ဆိုရသော်လည်း အပြည့်အဝ ယုံကြည်၍ မဖြစ်။ လောကတွင် ထိုကဲ့သို့သော အရှုံးမရှိသည့် လုပ်ငန်းမျိုး ရှိနေခဲ့ပါလျှင် မည်သူက ခက်ခက်ခဲခဲ အသက်မွေးနေပါတော့မည်နည်း။ မစ္စတာနာမီယာ ကိုယ်တိုင်လည်း သူကြွယ်ကြီးတစ်ယောက် ဖြစ်နေလောက်ပြီ။

တစ္ဆေကြီးပွဲတော် ပိတ်ရက် ကုန်ဆုံးသွားသောကြောင့် ဟာရုမိသည် စာမပြန်နိုင်ဘဲ တိုကျိုသို့ ပြန်လာခဲ့ရသည်။ လူတစ်ကိုယ် ဘဝနှစ်မျိုးဖြင့် နေ့ခင်းတွင် ကုမ္ပဏီဝန်ထမ်း ဖြစ်ပြီး ညပိုင်းတွင် အရက်ဘား၌ အလုပ်လုပ်နေသည်။ အမှန်ဆိုရသော် နေ့တိုင်း ဗုန်းဗုန်းလဲလုမတတ် ပင်ပန်းလှသည်။ ‘တော်ပြီကွာ၊ အလုပ်ထွက်လိုက်တော့မယ်’ ကုမ္ပဏီတွင် အလုပ်လုပ်နေရင်း တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်မျှ ဤသို့ တွေးမိလေ့ရှိသည်။

အကြောင်းအရာတစ်ခုက သူ့ကို တပ်လှန့်နေပြန်သည်။ ဟာရုမိသည် စားပွဲပေါ်မှ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။ ယနေ့ စက်တင်ဘာလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။

စက်တင်ဘာလ ၁၃ ရက်နေ့ လွန်သည်နှင့် စာအဆက်အသွယ် လုပ်၍ မရနိုင်တော့ကြောင်း နောက်ဆုံး စာထဲတွင် ရေးသားထားသည်။ ၁၃ ရက်နေ့သည် လာမည့် စနေနေ့ ဖြစ်သည်။ အဘယ်ကြောင့် ထိုနေ့ နောက်ပိုင်းတွင် ဆက်သွယ်၍ မရနိုင်တော့သနည်း။ အကြံဉာဏ် ပေးခြင်း အလုပ်များကို ထိုနေ့တွင် ရပ်တန့်တော့မည်ဟု ဆိုလိုခြင်းပေလော။

‘သူ့ ညွှန်ကြားချက်တွေကို နားထောင်လိုက်တာပဲ ကောင်းမယ် ထင်တယ်’ ဟာရုမိက တွေးသည်။ သူ၏ လမ်းညွှန်ချက် အသေးစိတ်ကို တောင်းခံပြီးမှ မီးစင်ကြည့် ကရန် ဆုံးဖြတ်လိုက်သည်။ သူ့စကားကို နားထောင်ပါမည်ဟု ကတိပေးထားသော်လည်း ထိုကတိကို ထိန်းသိမ်းရန်မှာ သူ့တာဝန်သာ ဖြစ်သည်။ အကယ်၍ ကတိကို ချိုးဖောက်ပြီး ဘားမယ်အလုပ်ကို ဆက်လုပ်နေမည် ဆိုလျှင်လည်း သူက မည်သို့ သိရှိနိုင်ပါအံ့နည်း။

အိပ်ရာဝင်ခါနီး မှန်ကို ကြည့်မိသောအခါ သူ့နှုတ်ခမ်းနားတွင် ဝက်ခြံဖုတစ်ဖုကို တွေ့ရလေသည်။ အိပ်ရေးကို ဝဝလင်လင် အိပ်စက်ခွင့် မရသည်မှာ ကြာခဲ့လေပြီ။ ကုမ္ပဏီအလုပ်ကို ထွက်လိုက်ပြီးသောအခါမှ သူ အားရပါးရ အိပ်ပစ်လိုက်မည်ဟု ကြုံးဝါးမိသည်။

၁၂ ရက်၊ သောကြာနေ့တွင် ကုမ္ပဏီမှ အလုပ်ဆင်းသည်နှင့် ဟာရုမိသည် တာမူရာအိမ်သို့ ပြန်လာခဲ့သည်။ ယနေ့ သူ ရှင်ဂျုကုသို့ သွားစရာ မလိုပေ။

တစ္ဆေကြီးပွဲတော် ပိတ်ရက် လွန်ပြီး၍မှ တစ်လပင် မပြည့်သေး။ အိမ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာသော ဟာရုမိကို တွေ့ကြရသောအခါ တာမူရာတို့ လင်မယားမှာ အံ့အား အသင့်ကြီး သင့်နေကြသည်။ ထို့အပြင်လည်း အလွန် ဝမ်းမြောက်နေကြသည်။ ရှေ့တစ်ခေါက် ပြန်လာခဲ့စဉ်က အဘိုးနှင့် အေးအေးဆေးဆေး စကား မပြောခဲ့ရပေ။ ယခုတစ်ခေါက်တွင်မှ ဟာရုမိသည် ညစာစားရင်း သူ၏ လတ်တလော အခြေအနေများကို အဘိုးအား ပြောပြနေလေသည်။ ဘားမယ်အလုပ်အကြောင်းကို ချန်လှပ်ထားမည်မှာ အထူး ပြောဖွယ်မလိုပေ။

“အခန်း စဘော်ငွေတို့၊ ရေခွန်တို့ ပေး …. ပေးဖို့ လုံလုံလောက်လောက် ရှိရဲ့လား။ မလောက် … လောက်ဘူးဆိုရင် အား … အားမနာနဲ့နော်။ ငါ … ငါတို့ကို ပြော” အဘိုးသည် သူ့လျှာကိုပင် ပင်ပန်းကြီးစွာ လှုပ်ရှားနေရသည်။ မိသားစု အသုံးစရိတ်များကို ဟိဒေအိုက စီမံအုပ်ချုပ်နေသောကြောင့် မိမိအိမ်၏ ဘဏ္ဍာရေး အခြေအနေကို သူ ကောင်းစွာ မသိပေ။

“စိတ်ချပါ။ ချွေတာသုံးရင် လောက်ပါတယ်။ ပြီးတော့ အလုပ်ကလည်း အားတာမဟုတ်တော့ ထွက်လည်ဖို့တောင် အချိန် မရှိပါဘူး။ ပိုက်ဆံ ဖြုန်းဖို့ အချိန်တောင် မရှိပါဘူး အဘိုးရယ်” ဟာရုမိက ခပ်သောသော ပြန်ဖြေသည်။ ထွက်လည်ရန် အချိန်မရှိ ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။

ညစာ ထမင်းစားပြီးနောက် ဟာရုမိ ရေဝင်ချိုးသည်။ ရေချိုးခန်း ပြတင်းပေါက်မှ ကောင်းကင်အထက်သို့ မော့ကြည့်လိုက်သောအခါ ဝိုင်းစက်နေသော လပြည့်ဝန်းကို တွေ့မြင်ရသည်။ မနက်ဖြန်လည်း နေသာရက် တစ်ရက်ပင် ဖြစ်ချေတော့မည်။

စာကို မည်သို့ ပြန်လာလိမ့်မည်နည်း။

တာမူရာအိမ်သို့ အပြန်လမ်းတွင် ဟာရုမိသည် နာမီယာကုန်စုံဆိုင်ဘက်သို့ ပတ်ဝင်ပြီး စာတစ်စောင် ထည့်ခဲ့သည်။ ပေးစာ၏ အနှစ်ချုပ်မှာ ဤသို့ ဖြစ်သည်။ သူသည် ဘားမယ်အလုပ်ကို လုပ်ချင်းလွန်းသောကြောင့် လုပ်နေခြင်း မဟုတ်။ အကယ်၍ သူ၏ ဘဝ ရည်မှန်းချက်ကို တခြားနည်းလမ်းဖြင့် အကောင်အထည် ဖော်နိုင်မည်ဆိုလျှင် ဘားမယ်အလုပ်ကို ထွက်ပစ်လိုက်မည်။ တခြားသူ၏ အပျော်မယားလည်း လုပ်တော့မည် မဟုတ်။ မစ္စတာနာမီယာကို အပြည့်အဝ ယုံကြည်ပါသည်။

မနက်ဖြန်ဆိုလျှင် စက်တင်ဘာလ ၁၃ ရက်နေ့ ရောက်ပြီ။ ပြန်စာ၏ အကြောင်းအရာသည် မည်သို့ပင် ဖြစ်စေ၊ မကြာခင် လက်ခံရရှိမည့် စာသည် နောက်ဆုံး တစ်စောင်ပင် ဖြစ်တော့သည်။ ၎င်းစာကို ဖတ်ပြီးခါမှ အနာဂတ်အတွက် စီမံရပေတော့မည်။

နောက်တစ်နေ့ ၇ နာရီ မထိုးသေးခင်မှာပင် ဟာရုမိ အိပ်ရာမှ နိုးလာသည်။ အတိအကျ ပြောရလျှင် တစ်ညလုံး အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် မှေးရုံသာ မှေးနေပြီး အချိန်တန်၍ အိပ်ရာမှ ထလာရခြင်း ဖြစ်သည်။

အဘွားလည်း နံနက်စာ ပြင်ဆင်နေလေပြီ။ အိပ်ခန်းအတွင်းမှ အနံ့ဆိုးတစ်ခု ပျံ့လွင့်လာသည်။ အဘိုး၏ ချေးဝတ်သေးဝတ်ကို မကြာသေးခင်ကမှ သုတ်သင်ပေးခဲ့ပုံ ရသည်။ သူ့ဘာသာသူ အိမ်သာသို့ သွားရန် မတတ်နိုင်တော့ပေ။

“သမီး လေကောင်းလေသန့် ထွက်ရှူလိုက်ဦးမယ်” ပြောပြီး ဟာရုမိ အိမ်မှ ထွက်ခဲ့သည်။ ထို့နောက် ယခုနှစ် နွေရာသီအတွင်း သူ ယဉ်ပါးနေခဲ့သော လမ်းကြောင်းအတိုင်း စက်ဘီးကို နင်းလာခဲ့လေသည်။

မကြာခင် နာမီယာကုန်စုံဆိုင် အရှေ့သို့ ရောက်လာသည်။ ခေတ်ဟောင်း၏ အငွေ့အသက်များ ပြည့်နှက်နေသည့် ကုန်စုံဆိုင်သည် ဟာရုမိ၏ ရောက်အလာကို တိတ်တဆိတ် စောင့်စားနေသည့်နှယ်။

ဆိုင်ဘေးရှိ လမ်းကြားထဲသို့ သူ လျှောက်ဝင်သွားသည်။ နောက်ဖေးတံခါး၏ ဘေးတွင် ချထားသော နွားနို့သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် စာတစ်စောင် ထည့်ထားသည်ကို တွေ့ရသည်။ မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်း၊ သံသယ၊ သိလိုမှု …. စသည့် ခံစားမှု အဖုံဖုံတို့ သူ့နှလုံးအိမ်တွင် စုဝေးရောက်လာကြသည်။ လှုပ်ခတ်နေသော ရင်အစုံကို ထိန်းချုပ်ရန်ကိုပင် သတိမရတော့ဘဲ စာအိတ်ကို ကောက်ယူလိုက်သည်။

အိမ်ရောက်သည်အထိ စောင့်မနေနိုင်တော့။ အနီးအနားရှိ ပန်းခြံသို့ ရောက်သောအခါ ဟာရုမိသည် စက်ဘီးကို ဘရိတ်အုပ်လိုက်သည်။ ဘေးဘီတွင် လူမရှိမှန်း သေချာသော အခါမှ သူသည် စက်ဘီးကို ခွလျက်နှင့် စာအိတ်ကို ဖောက်လိုက်လေသည်။

❝ သို့ – တွေဝေတဲ့ ပါပီ

ပေးစာကို ဖတ်ပြီးပါပြီ။ နာမီယာကုန်စုံဆိုင်ကို ယုံကြည်ပေးတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ပါတယ်။

အဲဒါ မင်းရဲ့ စိတ်ရင်းအမှန် ဟုတ်မဟုတ် ဆိုတာတော့ ငါလည်း မသိနိုင်ဘူး။ မင်း အခုလို ရေးရတာကလည်း အဖြေ သိချင်ရုံ သက်သက်ကြောင့် ဖြစ်ချင် ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒါက ငါ လုပ်နိုင်တဲ့ အပိုင်း မဟုတ်တော့ဘူး။ ဒီတော့ ငါ့ကို အမှန်တကယ် ယုံကြည်တာပါလို့ပဲ ငါ ယူဆလိုက်တော့မယ်။

ဒီတော့ မင်းရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် မင်း ဘာလုပ်သင့်သလဲ။

အဖြေက ၂ ခု။ သင်ယူပါ။ စုဆောင်းပါ။

နောက်ငါးနှစ် အတွင်းမှာ ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို ပိုင်နိုင်အောင် သင်ယူထားရမယ်။ အတိအကျ ပြောရမယ်ဆိုရင် စတော့ရှယ်ယာ အရောင်းအဝယ်၊ အိမ်ခြံမြေ အရောင်းအဝယ်တို့နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ စုဆောင်း ထားရမယ်။ အဲဒီပညာရပ်တွေကို သင်ယူနိုင်ဖို့အတွက် လိုအပ်လာရင် ကုမ္ပဏီအလုပ်ကို ထွက်ပစ်ဖို့လည်း ဝန်မလေးပါနဲ့။ အဲဒီကာလအတွင်းမှာ မင်း ဘားမယ်အလုပ်ကို ဆက်လုပ်ချင် လုပ်ပေါ့။

ပိုက်ဆံ စုခိုင်းရတဲ့ အကြောင်းက အိမ်ခြံမြေ ဝယ်နိုင်ဖို့ပဲ။ တတ်နိုင်သလောက် တိုကျို မြို့လယ်ခေါင်နဲ့ နီးတဲ့ မြေတွေ၊ တိုက်ခန်းတွေ၊ လုံးချင်းအိမ်တွေကို ဝယ်နိုင်အောင် ကြိုးစားပါ။ အဟောင်းတွေ ဖြစ်ဖြစ်၊ မြေနေရာ ကျဉ်းတာပဲ ဖြစ်ဖြစ် ဘာမဆို ရတယ်။ ရွေးနေစရာ မလိုဘူး။ အဲဒါတွေကို ၁၉၈၅ ခုနှစ် မတိုင်ခင်မှာ ဝယ်စုထားနိုင်အောင် ကြိုးစား။ နေဖို့ ဝယ်ခိုင်းတာ မဟုတ်ဘူးနော်။

၁၉၈၆ ခုနှစ် နောက်ပိုင်း ရောက်တာနဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ဒုံးပျံလို အတက်ချည်း တက်နေပြီး အိမ်ခြံမြေ ဈေးတွေကလည်း သူနဲ့အတူ လိုက်တက်လာလိမ့်မယ်။ ဒါဆို လက်ထဲ ကိုင်ထားတဲ့ဟာတွေကို အကုန် ရောင်းထုတ်ပစ်ပြီး ပိုဈေးကြီးတဲ့ဟာတွေ ထပ်ဝယ်။ ထပ်ဝယ်တဲ့ အိမ်ခြံတွေက ခဏလေးနဲ့ ဈေးထပ်တက်ဦးမှာပဲ။ အဲဒီလိုသာ အထပ်ထပ် အခါခါ ဝယ်ရောင်း လုပ်နေလိုက်။ အဲဒီက ရတဲ့ အမြတ်တွေကို စတော့ရှယ်ယာ ဝယ်စု။ အဲဒီမတိုင်ခင်က လေ့လာထားတဲ့ စတော့ရှယ်ယာနဲ့ ပတ်သက်တဲ့ ပညာတွေဟာ အဲဒီနေ့အတွက် ကြိုတင် ပြင်ဆင်ထားတာပဲ။ ၁၉၈၆ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ စတော့ရှယ်ယာတွေကို မျက်စိမှိတ်ပြီး ဝယ်တောင် ရှုံးမှာ မဟုတ်ဘူး။

ဂေါက်ကွင်း အစုရှယ်ယာတွေကလည်း နောက်ထပ် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်မျိုးပဲ။ မြန်မြန် ဝယ်နိုင်လေ ကောင်းလေပဲ။

အဲ … တစ်ခုတော့ သတိထားရမယ်။ အခုပြောခဲ့တဲ့ ရင်းနှီးမြှုပ်မှုတွေရဲ့ အကျိုးအမြတ် များတဲ့ ကာလအပိုင်းအခြားဟာ အလွန့်အလွန်ဆုံး ၁၉၈၈ ခု၊ ဒါမှမဟုတ် ၁၉၈၉ ခုထိပဲ။ ၁၉၉၀ ခုနှစ်ထဲ ဝင်တာနဲ့ အခြေအနေ အားလုံးဟာ အဆိုးဘက်ကို ဦးတည်ကုန်လိမ့်မယ်။ ဒါကြောင့် ဈေးနှုန်းတွေ တက်ရိပ် ပြနေသေးတယ် ဆိုရင်တောင် အဲဒီ မတိုင်ခင်မှာပဲ ရှိသမျှ ရင်းနှီးမြှုပ်နှံမှု အားလုံးကို ထုတ်ရောင်းပစ်လိုက်။ အဲဒီအခြေအနေက ဘာနဲ့ တူသလဲ ဆိုတော့ ဒိုးဆက် ကစားသလိုပဲ။ ကိုယ်လက်ထဲမှာ ရှိတဲ့ ဒိုးတွေ မြန်မြန်ကုန်အောင် လုပ်နိုင်တဲ့သူက နိုင်တာပဲ။ ဘယ်အချိန် ဘာလုပ်သင့်သလဲ ဆိုတဲ့ တိုင်မင်က အနိုင်အရှုံးကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်။ ငါ ပြောတဲ့ စကားတွေကို မယုံမရှိနဲ့။ ငါ ပြောတဲ့အတိုင်းသာ လိုက်လုပ်ပေတော့။

အဲဒီနောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ အကျဘက်မှာ ချည်းပဲ။ ဘယ်နေရာမှ ကောင်းတာ မရှိဘူး။ ဒါကြောင့် ရင်းနှီးမြှုပ်နှံတဲ့ အလုပ်ကို မျှော်လင့် မနေနဲ့တော့။ အဲဒီနောက်ကိုတော့ ကိုယ်ပိုင် လုပ်ငန်းတစ်ခုခုကို အခြေတကျ လုပ်ကိုင်သွားဖို့ပဲ ရှိတယ်။

အခုလောက်ဆို မင်းမှာ သံသယတွေ၊ မေးချင်တာတွေ အများကြီး ရှိနေလောက်ရောပေါ့။ ဒီလူက ဘာဖြစ်လို့ နောက်ဆယ်နှစ်လောက်မှာ ဖြစ်လာမယ့် ကိစ္စတွေကို အတိအကျ ပြောနေနိုင်ရတာလဲ။ ဒီလူက ဘယ်လိုလုပ်ပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေး လားရာကို သုံးသပ်နိုင်ရတာလဲ။

မင်း မေးချင်နေမယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ဆောရီးပဲကွာ။ ငါ ရှင်းမပြတတ်ဘူး။ ငါ ရှင်းပြရင်လည်း မင်းက ယုံနိုင်မယ် မထင်ဘူး။ ဒါကြောင့် ရှေ့ဖြစ်ဟောကိန်း ထုတ်နေတယ်လို့ပဲ သဘောထားလိုက်ပေါ့။

နောက် ဆယ်နှစ်မကဘူး။ သူ့ထက် နောက်နောင်တွေမှာ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ မင်းကို နည်းနည်း ပြောပြလိုက်ဦးမယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အဆက်မပြတ် အကျဘက်ကို ထိုးဆင်းနေမယ်လို့ ငါ ခုနက ပြောခဲ့တယ်နော်။ အဲဒီလိုပြောလို့ ဘာကိုမှ မျှော်လင့်စရာ မရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ၁၉၉၀ နောက်ပိုင်း ရောက်တဲ့အခါ စီးပွားရေး လောကမှာ အသွင်အသစ်၊ အခွင့်အလမ်းအသစ်တွေ ပေါ်ပေါက်လာလိမ့်မယ်။

တစ်ကမ္ဘာလုံးမှာ ကွန်ပျူတာတွေဟာ လူ့ဘဝရဲ့ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာလိမ့်မယ်။ မကြာခင်မှာပဲ အိမ်တိုင်း အိမ်တိုင်းမှာ၊ နောက်ပြီးတော့ လူတိုင်းမှာ ကွန်ပျူတာ တစ်လုံးစီ ပိုင်ဆိုင်လာကြလိမ့်မယ်။ အဲဒီ ကွန်ပျူတာတွေဟာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီး ကွန်ယက်ကြီးတစ်ခု အဖြစ်နဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေအချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်လာကြလိမ့်မယ်။ လူတိုင်း လူတိုင်းမှာလည်း အိတ်ဆောင် တယ်လီဖုန်းတွေ တစ်လုံးစီ ပိုင်ဆိုင်လာကြပြီး အဲဒီဖုန်းတွေကနေတဆင့် ကွန်ပျူတာတွေဆီ အပြန်အလှန် ချိတ်ဆက်လာနိုင်လိမ့်မယ်။

ဒါကြောင့် အောင်မြင်ချင်တယ် ဆိုရင် ကွန်ပျူတာ ကွန်ယက်နဲ့ စပ်ဆိုင်တဲ့ လုပ်ငန်းတွေမှာ လက်ဦးမှု ယူထားဖို့ပဲ။ ဥပမာ ပြောရရင် ကုမ္ပဏီတွေ၊ ကုန်ပစ္စည်း၊ ဆိုင်ခန်းတွေအတွက် ကွန်ယက်ကနေ တဆင့် ကြော်ငြာပေးတဲ့ လုပ်ငန်းတွေ၊ ဒါမှမဟုတ် အရောင်းအဝယ် လုပ်တဲ့ လုပ်ငန်းတွေဟာ အလားအလာ အကောင်းဆုံးပဲ။

မင်း ယုံချင်ယုံ မယုံချင်နေ၊ အဲဒါ မင်းရဲ့ လုပ်ပိုင်ခွင့်ပဲ။ ဒါပေမယ့် ငါ ပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ မင်း မမေ့ပါနဲ့။ မင်းကို ညာပြောလို့ ငါ့မှာ ဘာအကျိုးမှ ရှိသွားမှာ မဟုတ်ဘူး။ မင်းရဲ့ ဘဝခရီးအတွက် အသင့်တော်ဆုံး ဖြစ်မယ့် လမ်းကြောင်းကို ငါ လေးလေးနက်နက် စဉ်းစားပြီးမှ ဒီစာကို ချရေးထားတာပါ။

တကယ်တော့ မင်းအတွက် ငါ ဒီထက်ပိုပြီး ကူညီပေးချင်ပါသေးတယ်။ ဒါပေမယ့် ငါ့မှာ အချိန် မရှိတော့ဘူး။ ဒါက နောက်ဆုံး စာပဲ။ မင်းရဲ့ ပေးစာကိုလည်း ငါ လက်ခံနိုင်မှာ မဟုတ်တော့ဘူး။

ယုံတာ၊ မယုံတာက မင်းရဲ့ သဘောပါပဲ။ ဒါပေမယ့် ငါ့ကို ယုံကြည်စေချင်တယ်။ ငါ့ကို ယုံကြည်နိုင်ပါစေလို့ ရင်ထဲ အသည်းထဲက ဆုတောင်းလိုက်ပါတယ်။

နာမီယာကုန်စုံဆိုင် ❞

စာကို ဖတ်ပြီးသောအခါ ဟာရုမိ ဆွံ့အသွားမိသည်။ စာထဲမှ အကြောင်းအရာသည် သူ မျှော်လင့်ထားမိသည်ထက် များစွာ ပိုလွန်နေသည်။

၎င်းမှာ အနာဂတ် ဟောစာတမ်း တစ်စောင်လို ဖြစ်နေသည်။ ထို့အပြင် အံ့အားသင့်လောက်အောင် တိကျ ပြတ်သားလွန်းနေသည်။

ယခု ၁၉၈၀ ခုနှစ်တွင် ဂျပန်ပြည်၏ စီးပွားရေး အခြေအနေသည် ကောင်းလှသည်ဟု မဆိုနိုင်။ ရေနံအကျပ်အတည်း၏ နောက်ဆက်တွဲဂယက်က သက်ရောက်မှု ရှိနေဆဲ။ တက္ကသိုလ် ဘွဲ့ရ မောင်မယ်များအတွက် အလုပ်အကိုင်မှာလည်း ခက်ခဲနေကြဆဲ။

သို့သော် ဤစာအရ ဆိုလျှင် နှစ်အနည်းငယ်ကြာသောအခါ နိုင်ငံ၏ စီးပွားရေး ဦးမော့လာတော့မည်။

ဤအချက်ကို မည်သို့မျှ ယုံနိုင်ဖွယ်ရာ မရှိ။ ယုံတမ်းစကားသာ ဖြစ်ရမည်။

သို့သော် စာထဲ ရေးထားသည့်အတိုင်း သူ့အား ဤသို့ လိမ်ညာခြင်းဖြင့် မစ္စတာနာမီယာအတွက် မည်သို့မျှ အကျိုးအမြတ် ရှိလာနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် စာထဲမှ အကြောင်းအရာများသည် အမှန်ချည်းလော။ အကယ်၍ ဟုတ်မှန်သည် ဆိုလျှင် မစ္စတာနာမီယာသည် ဤအကြောင်းအရာများကို အဘယ်ကြောင့် ကြိုတင် သိရှိနေရသနည်း။

ဂျပန်ပြည်၏ စီးပွားရေး အခြေအနေတင် မကဘဲ အနာဂတ် နည်းပညာ ဖွံ့ဖြိုးမှု အလားအလာကိုပါ စာထဲတွင် ဖော်ပြထားသည်။ သူ ဖော်ပြနေပုံမှာ အနာဂတ် မျှော်မှန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုပြနေခြင်းမျိုး မဟုတ်ဘဲ ဖြစ်ပြီးသား အဖြစ်အပျက်များကို ပြန်ရေးပြနေသည်နှင့်သာ တူနေတော့သည်။

ကွန်ပျူတာ၊ ကွန်ယက်၊ အိတ်ဆောင် တယ်လီဖုန်း – အားလုံးမှာ သူနှင့် စိမ်းနေသော ဝေါဟာရများ ဖြစ်နေသည်။ ၂၁ ရာစုရောက်ရန် အနှစ် ၂၀ လိုသေးသည်မှာ မှန်သော်လည်း စိတ်ကူးယဉ်ဆန်သော ထိုနည်းပညာများသည် တစ်နေ့နေ့တွင် ပေါ်ပေါက်လာနိုင်သည်မှာ မြေကြီးလက်ခတ် မလွဲပေ။ သို့သော် စာထဲတွင် ရေးသားထားသော အရာများကို ကာတွန်းစာအုပ်များနှင့် သိပ္ပံခေတ်လွန် ဇာတ်ကားများတွင်သာ ဟာရုမိ တွေ့ဖူးခဲ့သည်။

ထိုနေ့ တစ်နေ့လုံး ဟာရုမိ ဦးနှောက်ခြောက်နေခဲ့သည်။ ညရောက်သောအခါ သူသည် စာရေးစားပွဲရှေ့တွင် ထိုင်ပြီး စာရွက်ဖြန့်ကာ စာ စရေးတော့သည်။ နာမီယာကုန်စုံဆိုင်သို့ စာရေးသည်ဟု ပြောရန်ပင် လိုမည် မထင်။ နောက်ဆုံး ပြန်စာဟု ဆိုထားသော်လည်း စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၂ နာရီ မလွန်သေးသောကြောင့် မျှော်လင့်ချက် ရှိသေးသည်ဟု ယူဆမိသည်။

အနာဂတ်တွင် ဖြစ်ပျက်လာမည့် အကြောင်းအရာများကို မည်သို့ သိရှိထားပါသနည်းဟု စာထဲတွင် မေးမြန်းထားသည်။ ယုံကြည်ရန် ခက်ခဲသည်ဟု ဆိုစေကာမူ သူ သိလိုကြောင်းနှင့် ထိုသို့ သိရှိမှသာ သူ ဘာဆက် လုပ်သင့်သည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း ထည့်ရေးထားလေသည်။

ည ၁၁ နာရီ ထိုးခါနီးအချိန်တွင် သူသည် အိမ်ထဲမှ ခြေဖျားထောက်၍ ထွက်လာခဲ့ပြီး ကုန်စုံဆိုင် ရှိရာသို့ စက်ဘီးကို နင်းလာခဲ့သည်။

ဆိုင်အနားသို့ ရောက်သောအခါ သူ နာရီကို ငုံ့ကြည့်လိုက်သည်။ ၁၁ နာရီ ၅ မိနစ်။ ကိစ္စ မရှိသေး။ အချိန်မီသေးသည်။ ထိုသို့ တွေးတောရင်း ဆိုင်အရှေ့သို့ လျှောက်လာခဲ့သည်။

သို့သော် တစ်ဒင်္ဂအတွင်းမှာပင် သူ့ခြေလှမ်းများကို တုံ့ရပ်လိုက်သည်။

နာမီယာကုန်စုံဆိုင်ကို ရှင်းရှင်းပြတ်ပြတ် မြင်လိုက်ရသည့် အချိန်မှာပင် အရာအားလုံးသည် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သူ နားလည်သွားသည်။

ယခင်က ဆိုင်အနှံ့တွင် ပျံ့နှံ့နေခဲ့သော ထူးခြားသည့် အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့လေပြီ။ ယခု မျက်စိရှေ့တွင် မြင်တွေ့နေရသည့် အရာသည် လုပ်ငန်း ရပ်ဆိုင်းထားသော သာမန် ဆိုင်ခန်းတစ်ခန်းမျှသာ ဖြစ်နေတော့သည်။ အဘယ်ကြောင့် ထိုသို့ ခံစားနေရသည်ကို သူ ရှင်းမပြတတ်။ သို့သော် သူ သိနေသည်။

ယခုအချိန်တွင် စာထည့်လိုက်လျှင်လည်း ဘာမျှ အကျိုးရှိတော့မည် မဟုတ်ပေ။ ဟာရုမိသည် စက်ဘီးပေါ်သို့ ပြန်တက်လိုက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။

နောက်လေးလ ကြာသောအခါ သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သိလာခဲ့ရသည်။ ထိုစဉ်က ဟာရုမိသည် နှစ်သစ်ကူးရန်အတွက် အိမ်သို့ ပြန်လာခဲ့သည်။ နှစ်သစ်ကူး ပွဲတော်နေ့တွင် သူနှင့် ရှီဇုကိုသည် အနီးအနားရှိ ဘုံကျောင်းသို့ ဘုရားဖူး သွားကြသည်။ ရှီဇုကိုသည် နာမည်ကျော် စူပါမားကတ်ကြီး တစ်ခု၏ မိခင်ကုမ္ပဏီတွင် ဤနွေဦးမှ စ၍ အလုပ်ဝင်ရမည်။ ထိုသို့ဆိုလျှင် ဓားသိုင်းသည်လည်း သူ့ဘဝထဲမှ နေရာဖယ်ပေးရတော့မည်။ ပြိုင်ပွဲများတွင်လည်း နောက်နောင် ပါဝင်တော့မည် မဟုတ်။

ဟာရုမိက သူ့အစား နှမြောနေမိသည်။ ရှီဇုကိုကတော့ ပြုံးလျက် ခေါင်းခါယမ်းနေသည်။

“ဓားသိုင်းနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာအနှောင်အဖွဲ့မှ မရှိတော့ဘူး။ ဒါကြောင့် ဒီလောက်နဲ့ လုံလောက်သွားပါပြီ။ မော်စကိုအိုလံပစ်မှာ ဝင်ပြိုင်နိုင်ဖို့အတွက် ငါ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီးပြီပဲ။ ကောင်းကင်မှာ ရှိတဲ့ သူလည်း ငါ့ကို ခွင့်လွှတ်နားလည် ပေးမှာပါ” ပြောရင်း သူ ကောင်းကင်ပေါ်သို့ မော့ကြည့်လေသည်။ “အခုက စပြီး ငါ့ဘဝရဲ့ နောင်ရေးအတွက် စီမံကိန်း ဆွဲရတော့မယ်။ အရင်ဆုံး အလုပ်ကြိုးစားပြီး လုပ်ရမယ်။ ပြီးရင် ဖူးစာဖက် ရှာရမယ်”

“ဖူးစာဖက်?”

“ဟုတ်တယ်။ ငါ မြန်မြန် အိမ်ထောင်ပြုပြီး ကျန်းမာသန်းစွမ်းတဲ့ ဘေဘီလေးတစ်ယောက် မွေးရမယ်” ရှီဇုကိုက စပ်ဖြဲဖြဲ မျက်နှာပေးဖြင့် ပြုံးလိုက်သောကြောင့် နှာခေါင်းပေါ်တွင် အရေးအကြောင်းတချို့ ထင်ပေါ်လာသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က အသည်းကွဲ၍ ရရှိခဲ့သော ဒဏ်ရာဒဏ်ချက်များကို သူ့မျက်နှာပေါ်တွင် ရှာမတွေ့နိုင်တော့ပေ။ ‘စိတ်ဓာတ် ခိုင်မာလိုက်တာ’ ဟာရုမိ စိတ်ထဲမှ ချီးကျူးနေမိသည်။

“ဪ … ဒါနဲ့” ဘုံကျောင်းမှ အပြန်လမ်းတွင် ရှီဇုကိုသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားစလာသည်။ “ပြီးခဲ့တဲ့ နွေရာသီတုန်းက နင့်ကို ပြောခဲ့တဲ့ အကြောင်း မှတ်မိသေးလား။ ကိုယ့်မှာရှိတဲ့ အခက်အခဲ ပြဿနာတွေကို ရင်ဖွင့်လို့ ရတယ်ဆိုတဲ့ ထူးဆန်းတဲ့ ကုန်စုံဆိုင်အကြောင်းလေ”

“မှတ်မိတယ်။ နာမီယာကုန်စုံဆိုင်ကို ပြောတာ မဟုတ်လား” ဟာရုမိက စိတ်တထင့်ထင့်ဖြင့် ပြန်ဖြေလိုက်သည်။ သူ နာမီယာကုန်စုံဆိုင်နှင့် စာပေးစာယူ လုပ်ခဲ့ကြောင်းကို ရှီဇုကိုအား ပြောပြမထားပေ။

“အဲဒီဆိုင်က အခုမှ လုံးဝ ရပ်နားသွားပြီ။ ဆိုင်ရှင် အဘိုးကြီး ကွယ်လွန်သွားပြီလို့ ကြားတယ်။ ဆိုင်ရှေ့မှာ ဓာတ်ပုံရိုက်နေတဲ့ လူတစ်ယောက်ကို တွေ့လို့ မေးကြည့်ဖြစ်တာ။ သူက ဆိုင်ရှင်ရဲ့ သားလို့ ပြောတာပဲ”

“ဪ … ဘယ်တုန်းက ဆုံးတာတဲ့လဲ”

“ငါ သူ့သားနဲ့ တွေ့တာတော့ ၁၀ လပိုင်းကပဲ။ အဲဒီတုန်းကတော့ သူ့အဖေ ပြီးခဲ့တဲ့ လကပဲ ဆုံးတယ်လို့ ပြောတယ်။”

အံ့ဩလွန်းသောကြောင့် ဟာရုမိ အသက်ရှူရန်ပင် မေ့သွားခဲ့သည်။ “ဒါဆို … ဆိုင်ရှင်အဘိုးကြီးက စက်တင်ဘာလထဲမှာ ဆုံးတာပေါ့”

“အဲဒီလို ဖြစ်မှာပေါ့”

“စက်တင်ဘာလ ဘယ်နှရက်နေ့လဲ”

“အဲဒါတော့ မမေးမိဘူး။ ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး။ မေးကြည့်ကြည့်တာ”

“ဆိုင်တံခါးကို အမြဲ ပိတ်ထားတာက ဆိုင်ရှင်အဘိုးကြီး ကျန်းမာရေး မကောင်းလို့ ဖြစ်မယ် ထင်တယ်။ ဒါပေမယ့် အကြံပေးတဲ့ အလုပ်ကတော့ ဆက်လုပ်နေတုန်းပဲ။ အဲဒီလိုသာဆိုရင် ငါက နောက်ဆုံး အကြံဉာဏ်တောင်းတဲ့ သူပဲ ဖြစ်လိမ့်မယ် ထင်တယ်။ အဲဒီလို တွေးမိတိုင်း စိတ်ထဲ တအုံ့နွေးနွေးနဲ့”

“မဟုတ်ဘူး။ ငါကမှ နောက်ဆုံးတစ်ယောက်” ဟာရုမိက ထိုသို့ ပြောလိုက်ချင်သော်လည်း မျိုသိပ်ထားလိုက်သည်။ ဆိုင်ရှင်အဘိုးအိုသည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အနိစ္စ ရောက်ခဲ့ခြင်းလော။ သူ ထိုသို့ မတွေးဘဲ မနေနိုင်။ စက်တင်ဘာလ ၁၃ ရက်ထက် လွန်၍ သူ အသက် ဆက်ရှင်နိုင်တော့မည် မဟုတ်ကြောင်းကို သူ ကြိုသိထား၍သာလျှင် စာထဲ၌ ထိုနေ့ကို နောက်ဆုံးထား ဆက်သွယ်ရန် ရေးခဲ့ခြင်း ဖြစ်ရပေမည်။

ထိုသို့သာ အမှန်ဖြစ်မည် ဆိုလျှင် ဆိုင်ရှင် အဘိုးအိုတွင် အနာဂတ်ကို ကြိုမြင်နိုင်သော အစွမ်းသတ္တိထူးများ ပိုင်ဆိုင်ထားသည်မှာ သေချာနေသည်။ မိမိ၏ နောက်ဆုံးရက်ကိုပင် အပိုင် တွက်ထားနိုင်ခဲ့သည် မဟုတ်ပါလော။

လွယ်လွယ်နှင့် မယုံကြည်ရန် ဆင်ခြင်တုံတရားက တစ်ဘက်မှ တားမြစ်နေသော်လည်း နောက်တစ်ဘက်တွင်မူ ထိုသို့ ဖြစ်နိုင်ခြေရှိကြောင်း အခိုင်အမာ သက်သေတည်နေလေသည်။

ထိုသို့ဆိုလျှင် ……

နောက်ဆုံး ပြန်စာထဲမှ အကြောင်းအရာများ အားလုံးသည် တကယ့် အမှန်တရားများသာ ဖြစ်ရပေတော့မည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *